၂၀၂၄ သြဂုတ်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စကစဟာ ဟင်္သာကိုးသောင်း ပျက်ကိန်းကြုံနေပြီး အချင်းချင်းကြားထဲ ယုံကြည်မှုမရှိတော့တဲ့အထိ ဖြစ်နေပြီလို့ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်ဦးမောင်မောင်ဆွေ ပြောကြားလိုက်
📌 ၂။ “May I help you” အတုအယောင်ဆောင်ပုဒ်အစား “let build our society with rule of laws” လို့ ပြည်သူများနှင့်အတူ ရဲများ ကြွေးကြော်ကြရအောင်ဟု ခွန်းဘီထူး ပြောဆို
📌 ၃။ မုံရွာမှာ တစ်ရက်အတွင်း လူငယ်အများအပြား စစ်မှုထမ်းဖို့ အတင်းအဓမ္မ ပေါ်တာဆွဲခံရ
📌 ၄။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ၇ နှစ်ပြည့်နှစ်ပတ်လည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်ထဲက ဒုက္ခသည် စခန်းတွေထဲမှာ ပြုလုပ်
📌 ၅။ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေ ညနေခင်းစျေးပွဲတော် ကျင်းပ
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ MNDAA တပ်မတော်တွင် ပါဝင်ရန် ကတိသစ္စာပြုခဲ့သည့် ဗမာရဲဘော် ၁၃ ဦးအတွက် တပ်သားသစ် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်
🚩 ၂။ ပျံချီတက်ရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်
🚩 ၃။ ကျောက်ပန်းတောင်းတွင် ပျူစောထီး အဖွဲ့ဝင် အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ရှင်းလင်းခံရ
🚩 ၄။ လီလုနှင့် နမ့်ဆန်ကြားရှိ ကားလမ်းမပေါ် မြေပြိုကျ လမ်းပိတ်နေပြီး PSLF/TNLA မှ ပြန်လည်ရှင်းလင်းပေး
🚩 ၅။ အကြမ်းဖက်စစ်ရှုံးကောင်စီမှ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုရဲ့ မွေးရပ်ဇာတိရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
🚩 ၆။ အကြမ်းဖက်စစ်တပ်မှ သိန္နီခရိုင် လျင်ဟော်ဒေသ သံလွင်ရွာရှိ လူနေအိမ်များကို ဗုံးကျဲတိုက်ခိုက်
🚩 ၇။ ဟားခါးမြို့မှ ရဲတပ်သားတဦး CDF-Hakha ထံ လက်နက်နဲ့တကွ အလင်းဝင်
🚩 ၈။ စစ်ကောင်စီ ရဲ ဒုတပ်ကြပ်တဦး ကလေးခရိုင် အမှတ် ၁၁ တပ်ရင်းထံ လက်နက်နဲ့တကွ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စကစဟာ ဟင်္သာကိုးသောင်း ပျက်ကိန်းကြုံနေပြီး အချင်းချင်းကြားထဲ ယုံကြည်မှုမရှိတော့တဲ့အထိ ဖြစ်နေပြီလို့ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်ဦးမောင်မောင်ဆွေ ပြောကြားလိုက်
သြဂုတ်လ၂၅ရက်။
Radio NUG
အကြမ်းဖက်စကစဟာ ဟင်္သာကိုးသောင်းပျက်ကိန်း ကြုံနေပြီး အချင်းချင်းကြားထဲ ယုံကြည်မှုမရှိတော့တဲ့အထိ ဖြစ်နေပြီလို့ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်ဦးမောင်မောင်ဆွေ ပြောကြားလိုက်ပါတယ်။
သြဂုတ်လ၂၅ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်ဦးမောင်မောင်ဆွေက Radio NUGကိုပြောကြားပါတယ်။
"နိုင်ငံအနှံ့မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတော်လှန်ရေးအင်းအားစုတွေရဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေ စတင်လာပြီးနောက်မှာတော့ စခန်းသိမ်း နယ်မြေသိမ်း မြို့သိမ်းတိုက်ပွဲတွေကို အောင်အောင်မြင်မြင်နဲ့ကို ဆင်နွှဲလာနိုင်ခဲ့ပါတယ်။
တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း စစ်တိုင်းကြီးတွေကို အောင်အောင်မြင်မြင်နဲ့ သိမ်းပိုက်နိုင်ခဲ့ပြီး ဆိုတာကိုလည်းအားလုံးအသိပဲဖြစ်ပါတယ်။ နိုင်ငံတကာက စစ်ရေးနိုင်ငံရေး သုံးသပ်သူတွေ စကစကို ထောက်ခံတဲ့ စကစဘက်တော်သားတွေ စကစတွေကိုယ်တိုင်ကိုက ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး အောင်ပွဲအပေါ်မှာ မှားယွင်းပြီးတော့ သုံးသပ်ခဲ့တယ်။ အထင်သေးသုံးသပ်ခဲ့တယ်ဆိုတာကို တိုင်းသိပြည်သိ ကမ္ဘာသိအခုချိန်မှာတော့ ဝန်ခံနေရပြီဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့သမိုင်းမှာ ထူးခြားတဲ့ အောင်ပွဲတွေကို ရရှိဖို့အခြေခံအချက်တွေကတော့စောစောက ကျွန်တော်ပြောခဲ့တဲ့ တိကျခိုင်မာတဲ့သန္နိဌာန်နဲ့ ပြင်းပြတဲ့အောင်စိတ်ကြောင့် ရခဲ့တယ်ဆိုတာကို ထပ်လောင်းပြီးတော့ ပြောချင်တယ်။ တဖက်မှာ အကြမ်းဖက်စစ်ကောင်စီမှာတော့ စိတ်ဓာတ်ရေးရာအရ လုံးဝပျက်သုဉ်းကုန်တယ်။ အချင်းချင်းကြားထဲမှာလည်း ယုံကြည်မှုမရှိတော့ပဲနဲ့ ဟင်္သာကိုးသောင်း ပျက်ကိန်းကြုံနေပြီ ဆိုတာကို ဖြုတ်ထုတ်သတ် လမ်းစဉ်က ပြနေပါတယ်။ မြေပြင်ရင်ဆိုင်တိုက်ပွဲတွေမှာ ဗိုလ်ချုပ်အဆင့်လောက်ကိုဖမ်းမိတယ် ဗိုလ်ချုပ်အဆင့်လောက်က အလံဖြူထောင်တယ်ဆိုတာ ခုချိန်မှာ သာမာန်လုပ်ငန်းစဉ်တရပ်လို့တောင် ပြောလို့ရနေပြီ။ " လို့ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စကစတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနိူင်တဲ့အထိ အောင်မြင်မှုတွေရရှိနေပြီလို့သိရပါတယ်။
"ကျွန်တော်တို့အနေနဲ့လည်း သိမ်းပြီးမြို့တွေကို ထိန်းသိမ်းရတဲ့နေရာမှာတော့ ဘဏ္ဍာရေးအရင်းအမြစ် အခက်အခဲ လက်နက်ခဲယမ်းမီးကျောက် အရင်းအမြစ်အခက်အခဲတွေရှိတာကြောင့် အခက်အခဲတွေကတော့ ရှိပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာ ရန်သူ့လက်နက် ကိုယ့်လက်နက်ဗျူဟာကို အကောင်အထည် ဖော်နိုင်နေပြီဖြစ်တဲ့အတွက်အခက်အခဲတချို့ကို ဖာထေးနိုင်နေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာမှမရှိတဲ့ဘဝကတောင် စခဲ့ရတဲ့တော်လှန်ရေးဟာ အခုချိန်မှာ ဒီလောက်အောင်မြင်နေပြီဆိုမှတော့ကျွန်တော်တို့ရဲ့ အောင်စိတ်ကို ဘယ်သူမှ မတားဆီးနိုင်တော့ပါဘူး။ နွေဦးတော်လှန်ရေးအောင်ပွဲက ရကို ရပါလိမ့်မယ်။"
"ပြည်သူလူထုရဲ့အောင်ပွဲက လုံးဝမဝေးတော့ဘူးဆိုတာကို ထပ်လောင်းပြီးတော့ ပြောချင်ပါတယ်။ ဆိုတော့ ဒီတော်လှန်ရေးမှာ တောက်လျှောက် ပူးပေါင်းတော်လှန်ခဲ့တဲ့ ပြည်သူလူထုကို ကျေးဇူးတင်သလိုပဲနွေဦးတော်လှန်ရေးက ငါတို့နဲ့ မဆိုင်ဘူးဆိုပြီးတော့ နေသာသလို နေခဲ့တဲ့ လူထုကိုလည်း ပန်ကြားချင်တာရှိပါတယ်။ အခုချိန်မှာတော့ အကြမ်းဖက် စစ်ရှုံးကောင်စီဟာ စစ်ရှုံးလာတဲ့အတွက် ပြည်သူတွေ အားလုံးကို စစ်ကျွန်ဘဝကို ဆွဲသွင်းနေပါပြီ။
အဲ့တာကြောင့် မိမိတို့ရဲ့ဘဝရော မိမိတို့ အနာဂတ် သားသမီး မြေးမြစ်တွေရဲ့ ဘဝရော လုံခြုံမှုရှိစေဖို့ စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ဆိုရင် ဒီနွေဦးတော်လှန်ရေးမှာ အားလုံးပူးပေါင်းပါဝင်ပေးဖို့ လိုပါတယ်။ ဒါကြောင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံးအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။
========================
📌📌 ၂။ “May I help you” အတုအယောင်ဆောင်ပုဒ်အစား “let build our society with rule of laws” လို့ ပြည်သူများနှင့်အတူ ရဲများ ကြွေးကြော်ကြရအောင်ဟု ခွန်းဘီထူး ပြောဆို
ဩဂုတ်လ ၂၅ရက်။
RadioNUG
“May I help you” အတုအယောင်ဆောင်ပုဒ်အစား “let build our society with rule of laws” လို့ ပြည်သူများနှင့်အတူ ရဲများ ကြွေးကြော်ကြရအောင်ဟု ဩဂုတ်လ ၂၅ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီပြည်ရဲ(KSP)တည်ထောင်ခြင်း (၃)နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်းမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဒုတိယ-ဥက္ကဋ္ဌ ခွန်းဘီထူး ပြောဆိုထားပါတယ်။
မိန့်ခွန်းမှာ-
ကရင်နီပြည်သူများ သာမက မြန်မာတနိုင်ငံလုံးရှိ ပြည်သူများဟာ တရားဥပဒေကို လေးစားလိုက်နာပြီး ပြည်သူများအတွက် အကာအကွယ်ပေးတဲ့ ပြည်သူ့ရဲများ အလွန်လိုအပ်တဲ့အချိန်မှာ ကရင်နီပြည်နယ်ရဲ (Karenni State Police)ဟာ(၃)နှစ်တိုင်တိုင်ရပ်တည်ပြီး ရဲအင်အား (၁၀၀၀)အထိ ရည်မှန်းချက်ချထားတယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတည်ဆောက်ရေးဖြစ်စေ၊ တော်လှန်ရေးကာလမှာဖြစ်စေ အနာဂတ် လူ့အသိုင်းအဝန်းဟာ တရားဥပဒေရဲ့ အကာအကွယ်ကို တန်းတူရယူခံစားပိုင်ခွင့် ရရှိဖို့၊ တရားဥပဒေအကူအညီပေးနိုင်ဖို့ဟာ ရဲများရဲ့ တာဝန်ဖြစ်ပြီး တပ်များရဲ့တာဝန်၊ အုပ်ချုပ်ရေးတာဝန်များနှင့် ခြားနားတယ်လို့ ဆိုထားပါတယ်။
လွတ်လပ်ပွင့်လင်းမှု၊ အပြန်အလှန်ထိန်းညှိမှု၊ လူ့အခွင့်အရေးနှင့် လူထုကိုယ်စားပြုတဲ့ အစိုးရစနစ်များဟာ ဒီမိုကရေစီရဲ့ စံတန်ဖိုး အခြေခံများဖြစ်ပြီး ရဲလုပ်ငန်းများမှာလည်း အရပ်သားအစိုးရနှင့် လူထုများတန်ဖိုးထားတဲ့ မူများကို ကိုင်စွဲကာ တရားဥပဒေစိုးမိုးရေးကို ကူညီဖို့ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
တော်လှန်ရေးကာလထဲမှာ မူးယစ်ဆေးဝါးပြဿနာ၊ အမျိုးသမီးများကို ဖိနှိပ်မှု အကြမ်းဖက်မှု ပြဿနာတွေဟာ စိန်ခေါ်မှုများဖြစ်ပြီး KSP ဖွဲ့စည်းခြင်း (၃)နှစ်အတွင်း အထူးသတိပြု လုပ်ဆောင်ရမည့် အရာများဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကစိန်ခေါ်မှုက အာဏာရှင်စနစ်ဖြစ်ပေမယ့် ဒုတိယအကြီးဆုံး စိန်ခေါ်မူက တရားဥပဒေစိုးမိုးမှု ကင်းမဲ့တာဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့က အရေးကြီးတဲ့ တာဝန်ဝတ္တရားကို လုပ်ဆောင်နေသလို ရဲများဟာ ဒုတိယအရေးကြီးတဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ဝတ္တရားကို လုပ်ဆောင်နေတာဖြစ်ပြီး တစ်နိုင်ငံလုံးကလည်း အရေးတော်ပုံ ပြီးသွားချိန် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု တပြိုင်နဲ့တည်း ရယူကြဖို့ တိုက်တွန်းထားပါတယ်။
ကရင်နီပြည်နယ်ရဲများအတွက် အသုံးစာရိတ်နဲ့ စားစရာတွေကို ပြည်သူများက ဝေမျှကြပြီး ရဲများအားလုံး လစာမရှိ အသုံးအဆောင်အကာအကွယ် နည်းပါးတဲ့ကြားက ကြိုးစားရပ်တည်နေကြတာတွေဟာ ကောင်းမွန် အခြေခံကျတဲ့ ရဲတည်ဆောက်မှုကို တွေ့ရတဲ့အတွက် အလွန်ဝမ်းသာ ဖြစ်ရပါတယ်လို့ ဆိုထားပါတယ်။
CDM ပြုလုပ်ခဲ့တဲ့ ရဲများကို ကျေးဇူးတင်သလို ဆက်လက်ကြိုးစားပြီး စံပြရဲများအဖြစ် ရပ်တည်ပေးစေလိုပြီး ပြည်သူ့ရဲများ၏ သမိုင်းသစ်ကို CDM ရဲများနှင့် KSP ခေါင်းဆောင်များ ဆက်လက်ရေးသွင်းကြရန် ပြည်သူများကိုယ်စား တောင်းဆိုထားပါတယ်။
========================
📌📌 ၃။ မုံရွာမှာ တစ်ရက်အတွင်း လူငယ်အများအပြား စစ်မှုထမ်းဖို့ အတင်းအဓမ္မ ပေါ်တာဆွဲခံရ
သြဂုတ်လ ၂၅ရက်။
RadioNUG
သြဂုတ်လ ၂၅ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တစ်ရက်တည်းမှာပဲ မြို့နေလူငယ် အများအပြားကို စစ်မှုထမ်းအတွက် ပေါ်တာဆွဲသွားတယ်လို့ ဒေသသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မနက်ပိုင်းကစလို့ မုံရွာမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြဝတီရပ်ကွက်၊ နန္ဒဝန်ရပ်ကွက်၊ သိင်္ဂီရပ်ကွက်၊ မြို့တောင်ပိုင်းကျေးရွာတွေက လမ်းသွားလမ်းလာနဲ့ အိမ်ထဲနေတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားတွေ၊ ဆိုင်ကယ်တွေပေါ် အတင်းတွန်းတင်ပြီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။
အချုပ်ကားအပါ ကား၅စီးနဲ့ မနက် ၁၁နာရီလောက်ကစပြီး နန္ဒဝန် အင်ကြင်းလမ်းပေါ်ရှိနေတဲ့ လူငယ်၂ယောက်နဲ့ နေ့လယ် ၁၂နာရီတွင် အဏ္ဏဝါသောက်ရေသန့်နားက လူတွေကို ဆိုင်ကယ်ပေါ်တင် ဖမ်းသွားပြီး သိင်္ဂီရပ်ကွက် ရွှေကုန်ထဲက တွေ့သမျှလူငယ်တွေ ကားအပြည့်တင်ပြီး စစ်သားတွေက ဆိုင်ကယ်တွေစီးပြီး နောက်က လိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ မုံရွာမြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာတွေမှာလည်း အရပ်သားနေအိမ်တွေထဲအထိ ပေါ်တာဆွဲတာမျိုးတွေရှိတယ်လို့ သိရပါတယ်။
မုံရွာကို လူအယောက် ၅၀၀ တောင်းထားတယ်ဆိုပြီး သတင်းများ ထွက်ပေါ်နေကာ လှည့်လည် ဖမ်းဆီးမှုများတွင် တာရိုးဘက်မှ မောင်းလာသော ဆိုင်ကယ် ကလစ်ဘီးနှင့် လူတစ်ဦးအား ဆိုင်ကယ်နှင့် လူကိုပါ ဖမ်းဆီးသွားခဲ့ကာ ဆိုင်ကယ်အတွင်းမှ ပါလာသော သိန်း ရာဂဏန်းခန့်ရှိသော ငွေများကို စစ်သားများက မျှဝေယူနေခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ၇ နှစ်ပြည့်နှစ်ပတ်လည်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်ထဲက ဒုက္ခသည် စခန်းတွေထဲမှာ ပြုလုပ်
ဩဂုတ်လ ၂၅ရက်။
RadioNUG
ရိုဟင်ဂျာသိန်းချီ အိုးအိမ်မဲ့ ထွက်ပြေးရတာအပြင် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု ခေါင်းစဥ်အောက်မှာ သေဆုံးခဲ့ကြရတဲ့ ရိုဟင်ဂျာတွေအတွက်လည်း ဝမ်းနည်းအောက်မေ့ဖွယ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ၇ နှစ်ပြည့်နှစ်ပတ်လည်ကို ဒုက္ခသည် စခန်း အမှတ် ၄၊ ၁၀ နဲ့ ၁၃ တို့မှာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
‘‘ရိုဟင်ဂျာတွေ သတ်ဖြတ်ခံခဲ့ရတာအတွက် တရားမျှတမှု လိုအပ်တယ်။ နှိမ်နင်းမှုတွေ လုပ်ခဲ့တဲ့ စစ်တပ်အနေနဲ့ ပြစ်ဒဏ်ကျခံရေးနဲ့ ကျွန်တော်တို့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ပြီး အခွင့်အရေး ပြည့်ပြည့်ဝဝရဖို့ တောင်းဆိုခဲ့တယ်’’လို့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးက ဘီဘီစီကို ပြောဆိုထားပါတယ်။
ကုလသမဂ္ဂကတော့ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာထောင်နဲ့ချီကို သတ်ဖြတ်မှုဟာ “လူမျိုးတုံးသတ်ဖြတ်မှု ပြဋ္ဌာန်းစာအုပ် စံပြဥပမာ”လို့ ရည်ညွှန်းသုံးနှုန်းထားပါတယ်။
========================
📌📌 ၅။ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေ ညနေခင်းစျေးပွဲတော် ကျင်းပ
ဩဂုတ်လ ၂၅ရက်။
RadioNUG
သြဂုတ်လ ၂၅ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် “အိမ်အပြန်ခရီးတွေလှဖို့ ငါတို့အတူရုန်းကြစို့” ဆိုသည့် ခေါင်းစဉ်ဖြင့် ၁၈ ကြိမ်မြောက် မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေ ညနေခင်းစျေးပွဲတော်ကို ကျင်းပခဲ့ကြောင်း Free Burma Action Committee - Northern California က သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ မြန်မာ့နွေဦးတော်လှန်ရေး ရန်ပုံငွေ ညနေခင်းစျေးပွဲတော်ကို ထောက်ပို့ပြည်သူများ၊ ကျောင်းသားလူငယ်များက ဝိုင်းဝန်းရောင်းချခြင်းဖြစ်ပြီး ရရှိသော ရောင်းရငွေ၊ အလှူငွေများကို မြေပြင်သို့ တိုက်ရိုက်လှူဒါန်းမည်ဖြစ်ကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ MNDAA တပ်မတော်တွင် ပါဝင်ရန် ကတိသစ္စာပြုခဲ့သည့် ဗမာရဲဘော် ၁၃ ဦးအတွက် တပ်သားသစ် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်
ဩဂုတ်လ ၂၅ရက်။
RadioNUG
သြဂုတ်လ ၂၃ ရက်နေ့တွင် MNDAA တပ်မတော်တွင် ပါဝင်ရန် ကတိသစ္စာပြုခဲ့သည့် ဗမာရဲဘော် ၁၃ ဦးအတွက် တပ်သားသစ် ကြိုဆိုပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် ကိုမိုးထွန်း ဦးဆောင်သော ဗမာရဲဘော် ၁၃ ဦးသည် အသစ်စက်စက် စစ်ယူနီဖောင်းများ ၀တ်ဆင်ကာ ညာလက်သီးများကို ဆုပ်ကိုင်ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တွင် တရားဝင်ပါဝင်ရန် MNDAA တပ်မတော်အလံရှေ့တွင် လေးနက်စွာ ကတိသစ္စာပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တပ်သားသစ် ကြိုဆိုပွဲ အခမ်းအနားကို စခန်းတစ်ခုတွင် ကျင်းပပြုလုပ်ခဲ့ပြီး ကွတ်ခိုင်ခရိုင် အုပ်ချုပ်ရေးကော်မတီ၏ ဒုတိယအတွင်းရေးမှူး Mr.Li Xinhai နှင့် ဒေသခံ စစ်ဘက်နှင့် နိုင်ငံရေးဌာနမှ တာဝန်ခံပုဂ္ဂိုလ်များ အခမ်းအနားသို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အခမ်းအနားသို့ တက်ရောက်လာသော ဒုတိယအတွင်းရေးမှူး Mr. Li Xinhai မှ တပ်သားသစ် ဗမာရဲဘော် ၁၃ ဦးနှင့် ရင်းရင်းနှီးနှီး အမှာစကား ပြောကြားခဲ့ပြီး ကတိသစ္စာပြုပွဲ ပြီးဆုံးသွားခြင်းသည် စစ်မှန်သော MNDAAစစ်သည်တစ်ဦး ဖြစ်လာခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။
တပ်သားသစ်များအား စစ်မှုထမ်းခြင်းဆိုင်ရာ စံနှုန်းများကို အချိန်တိုင်း တင်းကြပ်စွာ ဆုပ်ကိုင်ထားရန်နှင့် စစ်မှုထမ်း ကတိသစ္စာစကားကို အမြဲသတိရရန် တောင်းဆိုခဲ့ပြီး မတူညီသော တာဝန်များနှင့် ဘာသာစကား ကွဲပြားသော်လည်း MNDAA မိသားစုကြီး၏ အဖွဲ့ဝင်များ ဖြစ်နေဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့တယ်လို့ သိရပါတယ်။
တစ်ယောက်နဲ့ တစ်ယောက် နှလုံးသားချင်း နီးနီးကပ်ကပ် ဆက်စပ်နေပြီးတော့ အနာဂတ် တော်လှန်ရေးမှာ လူတိုင်းသည် တစ်ယောက်နှင့် တစ်ယောက် အားသာချက်တွေကနေ သင်ယူပြီး အတူတကွ တိုးတက်အောင်လုပ်ရမယ်လို့ ဆိုထားပါတယ်။
၂၀၁၅ ခုနှစ်အစောပိုင်းတွင် ဗမာစစ်သုံ့ပန်းများနှင့် လက်နက်ချအလင်းဝင်သူများသည် MNDAAသို့ တရားဝင် ဝင်ရောက်ခဲ့ပြီး ဗမာရဲဘော်အချို့သည် ကိုးကန့်စကားကို ကျွမ်းကျင်၍ ပြောဆိုနေတတ်ကြောင်း သိရပါတယ်။
ဗမာစစ်သုံ့ပန်း၊ တိုင်းရင်းသားလူငယ်တွေက ဒီမိုကရေစီ တော်လှန်ရေးအတွက် MNDAAထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့ကြောင်း၊ လူတိုင်းတွင် မတူညီသော ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘာသာရေးယုံကြည်ချက်ရှိသော်လည်း တူညီသော ပန်းတိုင်အတွက် ကြိုးစားအားထုတ်ကြကြောင်း၊ ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ်များ ပူးပေါင်းပါဝင်မှုသည် ရောင်စုံရိုးရာယဉ်ကျေးမှုကို စစ်တပ်စခန်းသို့ သယ်ဆောင်လာကာ မတူညီသော လူမျိုးစုများကြား စည်းလုံးညီညွတ်မှု စိတ်ဓာတ်နှင့် စစ်အစိုးရ၏ အာဏာရှင်စနစ် အုပ်ချုပ်မှုကို တွန်းလှန်ရန် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ပြသခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ပျံချီတက်ရွာကို မီးရှို့သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်
ဩဂုတ်လ ၂၅ ရက်။
Radio NUG
ပဲခူးတိုင်း ပြည်ခရိုင် ပေါင်တည်မြို့ သစ်ပုတ်အုပ်စုက ပျံချီတက်ရွာကို မီးရှို့ဖျက်စီးသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF (၃၆၀၁) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
အင်အား ၇၀ ခန့်ရှိတဲ့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ပျံချီတက်နဲ့ သစ်ပုတ်ရွာကြားမှာ ဩဂုတ်လ ၂၄ ရက်နေ့ မနက် ၉ နာရီ ၂၀ မိနစ်ခန့်မှာ PPDF (၃၆၀၁)တပ်ရင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ /မရှိကို ဆက်လက်စုံစမ်း ထောက်လှမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
၎င်းစစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့က ပျံချီတက်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မီးတင်ရှို့ခဲ့တာကြောင့် နေအိမ် ၂၁ လုံး၊ ကုန်တင်ကား ၁ စီး၊ နွား ၄ ကောင်နဲ့ ဝက် ၉ ကောင်တို့ မီးလောင် ပြာကျ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ကျောက်ပန်းတောင်းတွင် ပျူစောထီး အဖွဲ့ဝင် အုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ရှင်းလင်းခံရ
ဩဂုတ်လ ၂၅ ရက်။
Radio NUG
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါး (မြောက်)ကျေးရွာမှ ပျူစောထီး အဖွဲ့ဝင် အုပ်ချုပ်ရေးမှူး ဝင်းအောင် ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အညာမြေ ပြည်သူ့ကာကွယ်ရေးတပ် (ကျောက် ပန်းတောင်း) က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၃ ရက် ညနေ ၃ နာရီ အချိန်ခန့်မှာ ပြည်သူများကို အနိုင်ကျင့်၊ ခြိမ်းခြောက်၊ ဒုက္ခပေးနေတဲ့ ပျူစောထီး အဖွဲ့ဝင် အုပ်ကြီး ဝင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ အုပ်ချုပ်ရေးမှူးထံမှ ကျည်ကာအင်္ကျီ ၁ ထည်၊ စစ်သုံးရေဗူး ၁ ဗူးနဲ့ ဓား ၁ ချောင်းကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ လီလုနှင့် နမ့်ဆန်ကြားရှိ ကားလမ်းမပေါ် မြေပြိုကျ လမ်းပိတ်နေပြီး PSLF/TNLA မှ ပြန်လည်ရှင်းလင်းပေး
သြဂုတ်လ ၂၅ရက်။
RadioNUG
သြဂုတ်လ(၂၄)ရက် နံနက်(၁၀)နာရီအချိန်တွင် မိုးသည်ထန်စွာရွာသွန်းမူကြောင့် တအာင်းပြည် တပ်မဟာ(၂)နယ်မြေ လီလုနှင့် နမ့်ဆန်ကြားရှိ ကားလမ်းမ (၁၀)နေရာတွင် မြေပြိုကျ ကားလမ်းပိတ်နေပြီး ကားများဖြတ်သန်းသွားလာ၍ မရတာကြောင့် ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ကားလမ်းအား ကားသမားများ အမြန်ဆုံး ဖြတ်သန်းသွားစေရန်အတွက် PSLF/TNLA မှ သွားရောက် လမ်းရှင်းပေးခဲ့ကာ ကားသေးများ ဖြတ်သန်းသွားရနေပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ အကြမ်းဖက်စစ်ရှုံးကောင်စီမှ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုရဲ့ မွေးရပ်ဇာတိရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်
သြဂုတ်လ ၂၅ရက်။
RadioNUG
ဩဂုတ်လ ၂၅ရက်နေ့ ည ၈နာရီခန့်တွင် အကြမ်းဖက်စစ်ရှုံးကောင်စီမှ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုရဲ့ မွေးရပ်ဇာတိရွာဖြစ်သည့် ခင်ဦးနယ်အနောက်မြောက်ဘက်ခြမ်း မုံလှကျေးရွာအနီး တံတားဦးတက် YAK-130 JetFighter (1)စီးဖြင့် ဗုံး(2)လုံးကြဲချ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း People's Defense Comrade မှ သတင်းထုတ်ပြန်ပါတယ်။
မုံလှကျေးရွာသည် ကက်သလစ် ခရစ်ယာန်ဘာသာဝင်များ နေထိုင်သည့် ကျေးရွာတရွာဖြစ်ပြီး မည်သည့်တိုက်ပွဲမှ ဖြစ်ထားခြင်းမရှိဘဲ အကြမ်းဖက်စစ်ရှုံးကောင်စီမှ ပြည်သူတွေကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခြင်းဖြစ်ကာ ထိခိုက် ပျက်စီးမှု အခြေအနေ မသိရှိရသေးဘူးလို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ အကြမ်းဖက်စစ်တပ်မှ သိန္နီခရိုင် လျင်ဟော်ဒေသ သံလွင်ရွာရှိ လူနေအိမ်များကို ဗုံးကျဲတိုက်ခိုက်
ဩဂုတ်လ ၂၅ရက်။
RadioNUG
သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲမရှိဘဲ တိုက်လေယာဉ်များဖြင့် သိန္နီခရိုင် လျင်ဟော်ဒေသ သံလွင်ရွာရှိ လူနေအိမ်များကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်ပါတယ်။
စုစုပေါင်း ဗုံး၂ လုံး ကျဲချခဲ့ပြီး နေအိမ် ၃ လုံး ထိမှန်ခဲ့၍ နေအိမ်တစ်လုံး ပြင်းထန်စွာ ပျက်စီးခဲ့သော်လည်း ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ဟားခါးမြို့မှ ရဲတပ်သားတဦး CDF-Hakha ထံ လက်နက်နဲ့တကွ အလင်းဝင်
ဩဂုတ်လ ၂၅ ရက်။
Radio NUG
ချင်းပြည်နယ်၊ ဟားခါးမြို့၊ ခြောက်လမ်းစုံမှာ နေရာယူ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့မှ ရဲတပ်သား တဦးဟာ လက်နက်ခဲယမ်းနဲ့တကွ အလင်းဝင်ရောက်လာတယ်လို့ CDF - Hakha က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့က အဆိုပါ ရဲတပ်သားဟာ လက်နက်၊ ခဲယမ်းများ ယူဆောင်လာပြီး ချင်းလဲန်း ကာကွယ်ရေးတပ်ဖွဲ့ - ဟားခါးထံကို ဆက်သွယ်အလင်းဝင်ခဲ့တာလို့ ဆိုပါတယ်။
လက်နက်နဲ့တကွ CDM ပြုလုပ်ပြီး နွေဦး တော်လှန်ရေးမှာ ပူးပေါင်း ပါဝင်လာတဲ့ အဆိုပါ ရဲတပ်သားကို ကြိုဆိုလက်ခံခဲ့တဲ့အပြင် ဆုငွေချီးမြှင့်ပြီး လုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အကြမ်းဖက် စစ်ကောင်စီလက်အောက်မှ အလင်းဝင်လာမယ့် မည်သူ့ကိုမဆို CDF - Hakha အနေဖြင့် အမြဲတမ်း တံခါးဖွင့်ပေးထားပြီး လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူ ပေးသွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၈။ စစ်ကောင်စီ ရဲ ဒုတပ်ကြပ်တဦး ကလေးခရိုင် အမှတ် ၁၁ တပ်ရင်းထံ လက်နက်နဲ့တကွ အလင်းဝင်
ဩဂုတ်လ ၂၅ ရက်။
Radio NUG
မကွေးတိုင်း၊ ကလေးခရိုင်၊ တန့်ဆည်မြို့၊ မြို့မရဲစခန်းမှ ရဲ ဒုတပ်ကြပ် တစ်ဦး လက်နက်ခဲယမ်း နှင့်တကွ အလင်းဝင်ရောက် လာတယ်လို့ ကလေးခရိုင်၊ အမှတ် ၁၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ရဲ ဒုတပ်ကြပ်ဟာ ၎င်းနဲ့အတူ G 3 ၁လက် ၊ ကျည်ဘောက် ၂ခု ၊ လက်ထိပ် ၁ခု ၊ လက်ပစ်ဗုံး ၁လုံး ၊ ၅.၅၆ ကျည် ၁ တောင့် ၊ ၄.၈ ကျည် ၁ တောင့် ၊ ၉ မမ ကျည် ၇ တောင့်နဲ့ ၇.၆၂ ကျည် ၁၇၃ တောင့် တို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
၎င်းအား လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့ပြီး အခက်အခဲများကြားမှ ကူညီခေါ်ထုတ်ပေးခဲ့တဲ့ Freedom Revolution Force (FRF), Taze PDF (တန့်ဆည်)နဲ့ နယ်မြေခံ ပကဖ အဖွဲ့များကိုလည်း ကျေးဇူးတင်ကြောင်း ကလေးခရိုင် အမှတ် (၁၁)တပ်ရင်းက ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment