၂၀၂၄ သြဂုတ်လ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ်ပြိုလဲချိန်ထိ ဝိုင်းဝန်းကြိုးစားကြဖို့ယာယီသမ္မတသတင်းစကားပါးဆို
📌 ၂။ ရေဘေးသင့်နေရာများမှာ ကူးစက်ရောဂါများမဖြစ်ပွားစေရေးNUGအစိုးရအနေနဲ့အသိပညာပေးကူညီစောင့်ရှောက်မှုများရှိနေ
📌 ၃။ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးဇွန်လနဲ့ဇူလိုင်လအတွင်းမြေပြင်သို့ကွင်းဆင်း၍နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ ကလေးများအတွက် အာဟာရကျွေးမွေးခြင်း၊နှင့်ရပ်ရွာလူထူများနှင့် တွေ့ဆုံပွဲကိုလုပ်ဆောင်ခဲ့
📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်
📌 ၅။ မြောက်ဦးမြို့ ပေါ်က ရပ်ကွက် ၁ဝ ခုထက်မနည်း ရေမြုပ်
📌 ၆။ မြန်မာနိူင်ငံ ဂုတ်ပေါ် ခွစီးဖိဆီး နှိပ်စက်နေ တဲ့စစ်အာဏာရှင် စနစ် ကို ဖြိုချမှသာ အနာဂါတ် တောက်ပ မှာ ဖြစ်တယ်လို့ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို
📌 ၇။ ထိုင်းနိူင်ငံမှာ ရက်ပေါင်း၅၀ အတွင်း မြန်မာအလုပ်သမား တသိန်းတသောင်းကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး
၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA သိမ်းပိုက်ထိန်းချုပ်
🚩 ၂။ မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခမရ ၄၃၇ တပ်ရင်းကို သိမ်းနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေ
🚩 ၃။ ရှမ်းမြောက်ဒေသက ပြည်သူတွေကို လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပြင်းပြင်း ထန်ထန် အရေးယူပေးဖို့ MNDAA တောင်းဆို
🚩 ၄။ နောင်ချို၊မိုးကုတ်နဲ့ မိုးမိတ်မြို့ခံတွေ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် သတိထားဖို့ TNLA တိုက်တွန်း
🚩 ၅။ မြစ်သားမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ၂ ဦးသေဆုံး
🚩 ၆။ ကန့်ဘလူနယ်က ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်စီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တဦးကျဆုံး
🚩 ၇။ ပြည်သူလူထု လှုဒါန်းသော အဝတ်အထည်များကို YPDFရဲဘော်များအား ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ်ပြိုလဲချိန်ထိ ဝိုင်းဝန်းကြိုးစားကြဖို့ယာယီသမ္မတသတင်းစကားပါးဆို
သြဂုတ်လ၃ရက်
တော်လှန်ရေးအင်အားစုအားလုံးဟာ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ်ပြိုလဲချိန်ထိ ဝိုင်းဝန်းကြိုးစားကြဖို့ယာယီသမ္မတ ဒူဝါလရှီးလကသတင်းစကားပါးဆိုပါတယ်။
သြဂုတ်လ၃ရက်မှာ ယာယီသမ္မတ ဒူဝါလရှီးလကလူမှုကွန်ရက်ကတဆင့် ထုတ်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။
“စစ်ကောင်စီရဲ့ ယိုယွင်းပြိုလဲမှုကို ယခုချိန်မှာ မျက်ဝါးထင်ထင်မြင်လာရတာ တွေ့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ ပြည်သူလူထုနဲ့ သက်ဆိုင်ရာတော်လှန်ရေးအင်အားစုအားလုံးဟာ အညီညွတ်ဆုံးသော လူထုတပ်ပေါင်းစုကြီးအဖြစ် ရုန်းထပါဝင်လာစေဖို့ လိုအပ်ပါတယ်။တော်လှန်ရေးအင်အားစုအားလုံးဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့ လူထုမျက်နှာကို ငဲ့ပြီးတော့ အကြမ်းဖက်စစ်ကောင်စီ အဆုံးသတ်ပြိုလဲချိန်ထိ တစ်ညီတစ်ညွတ်တည်း ဝိုင်းဝန်းကြိုးစားကြဖို့ လိုပါတယ်”လို့ယာယီသမ္မတဒူဝါလရှီးလကဆိုပါတယ်။
လက်ရှိမှာမဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များဟာ ဘုံရန်သူစစ်ကောင်စီကိုတိုက်ထုတ်လျက်ရှိပါတယ်။
========================
📌📌 ၂။ ရေဘေးသင့်နေရာများမှာ ကူးစက်ရောဂါများမဖြစ်ပွားစေရေးNUGအစိုးရအနေနဲ့အသိပညာပေးကူညီစောင့်ရှောက်မှုများရှိနေ
သြဂုတ်လ
ရေဘေးသင့်နေရာများမှာ ကူးစက်ရောဂါများမဖြစ်ပွားစေရေးNUGအစိုးရအနေနဲ့အသိပညာပေးကူညီစောင့်ရှောက်မှုများရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။
သြဂုတ်လ၂ရက်PVTVသတင်းဌာနနှင့်မေးမြန်းခန်းမှာလူသားစာနာဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။
"အခုလို ရေဘေးဒုက္ခကြုံတဲ့အခါမှာ စိုးမိုးဒေသကရော မစိုးတဲ့ဒေသကပြည်သူတွေရောဘာမှမခွဲခြားဘဲနဲ့အမိုးအကာတွေကူညီတယ်။အရေးပေါ်စားနပ်ရိက္ခာတွေကူညီတယ်။ဒီကာလမှာကူးစက်ရောဂါတွေကလည်းရေနဲ့အတူတူဖြစ်တက်တဲ့အတွက်ဒါနဲ့ပတ်သက်တဲ့ ပညာပေးတာတွေ၊စောင့်ရှောက်တာတွေကိုလည်းအခြားဝန်ကြီးဌာနနဲ့ ညှိနှိုင်းအသိပညာပေးပြီးလိုအပ်တဲ့အကူအညီတွေကိုပေါင်းစပ်၊ချိတ်ဆက်တဲ့ ဆောင်ရွက်တာတွေရှိတယ်။NUGအနေနဲ့အရေးပေါ်လာတဲ့အရာတွေကိုစောင့်ရှောက်ကူညီဖို့ကျနော်တို့မှာယန္တရားရှိပြီးသားဖြစ်တယ်။"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာဇူလိုင်လအတွင်း ရေဘေးသင့်ပြည်သူလူဦးရေငါးသိန်းနီးပါးကို NUGအစိုးရက ကူညီမှုများပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးဇွန်လနဲ့ဇူလိုင်လအတွင်းမြေပြင်သို့ကွင်းဆင်း၍နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ ကလေးများအတွက် အာဟာရကျွေးမွေးခြင်း၊နှင့်ရပ်ရွာလူထူများနှင့် တွေ့ဆုံပွဲကိုလုပ်ဆောင်ခဲ့
သြဂုတ်လ၃ရက်
ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးသည် ဇွန်လနဲ့ဇူလိုင်လအတွင်းမြေပြင်သို့ကွင်းဆင်း၍ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ ကလေးများအတွက် အာဟာရကျွေးမွေးခြင်းနှင့် ရပ်ရွာလူထူများနှင့်တွေ့ဆုံပွဲကို လုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
သြဂုတ်လ၃ရက်အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ပါတယ်။
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သည် ၂၀၂၄ ခုနှစ်၊ ဇွန်နှင့် ဇူလိုင်လ အတွင်း အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များ နှင့် ကလေးသူငယ်များအားတွေ့ဆုံရန်အတွက် ရပ်ရွာပြည်သူများဆီသို့ ခရီးပြုခဲ့တယ်လို့ဖော်ပြပါတယ်။
ပြည်ထောင်စုဝန်ကြီး၏ခရီးစဉ်အတွင်း အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များ နှင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်း၊ ကလေးများအတွက် အာဟာရကျွေးမွေးခြင်း၊ ရပ်ရွာလူထူများနှင့် တွေ့ဆုံပွဲများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
တွေ့ဆုံပွဲများတွင် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းစဉ်များ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏ရည်ရွယ်ချက်နှင့်မူဝါဒများ၊ ဒီမိုကရေစီ စကားဝိုင်း၊ အမျိုးသမီးနှင့်နိုင်ငံရေး၊ ဖက်ဒရယ် နှင့်လူငယ် စသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီးဝန်ကြီးဌာန၏ အသိပညာပေးပန်းဖလက်များ၊ စာစောင်များ၊ ၁၆ ရက်တာလှုပ်ရှားမှု မှတ်တမ်းစာအုပ်များအားလည်း ဖြန့်ဝေပေးအပ်ခဲ့တယ်လို့သိရပါတယ်။
ထို့အပြင် ဒါဏ်ရာရ လူငယ်ရဲဘော်များအားတွေ့ဆုံ၍စိတ်ခွန်အားပေးခြင်း၊ ၎င်းတို့ လိုအပ်ချက်များကို နားထောင် အကြံပေး ဆောင်ရွက်ပေးခြင်းတို့ကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်
သြဂုတ်လ၃ရက်
အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း နှင့် ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
သြဂုတ်လ၂ရက်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့၊ ည (၁၁း၃၀) နာရီအချိန်ခန့်တွင် စစ်မြေပြင်မဟုတ်သော လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို လေကြောင်းဖြင့် Heavy weight ဗုံးသီး (၄) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၎င်းဗုံးသီး (၄) လုံးအနက် (၂) လုံးမှာ အထူးဒေသ (၁)၊ အမှတ် (၂) ပြည်သူ့ဆေးရုံနှင့် ဘေးရှိ အဆောက်အအုံများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် (၂) လုံးမှာ Fully Light ဟိုတယ်အနီးရှိ အရပ်သားနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဇူလိုင်လ (၁၀) ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်း၊ ထနောင်ကုန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနာများကို ဆေးကုသမှုပေးနေသည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) ပြုလုပ်ထားသူ သားဖွားဆရာမ (၁) ဦး၊ လူနာနှင့် PDF ရဲဘော် (၆) ဦး၊ စုစုပေါင်း (၇) ဦး ကျဆုံးခဲ့ရပြီး ပြည်သူ (၇) ဦးနှင့် PDF ရဲဘော် (၉) ဦး၊ စုစုပေါင်း (၁၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံမှာလည်း များစွာထိခိုက်ပျက်စီးခဲ့ရပါတယ်။
NUGကျန်းမာရေးဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တော်လှန်ရေးရဲဘော်များအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက် သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။
========================
📌📌 ၅။ မြောက်ဦးမြို့ ပေါ်က ရပ်ကွက် ၁ဝ ခုထက်မနည်း ရေမြုပ်
ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် လေးမြို့မြစ်ရေတက်နေရာ ဒီနေ့ ဩဂုတ်လ ၃ ရက် မနက်က စပြီး မြောက်ဦးမြို့ ပေါ် က ရပ်ကွက် ၁ဝ ခုထက်မနည်း ရေမြုပ်နေပြီလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ ညကနေစပြီး ရေကြီးရေလျံမှုတွေဖြစ်နေတဲ့ မြောက်ဦးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှာတော့ မြို့ပေါ် ရပ်ကွက်တွေထဲ ရေဝင်လာတာကြောင့် အနိမ့်ပိုင်းရပ်ကွက် ၁၀ ခုထက်မနည်း ရေမြုပ်သွားပြီလို့ ဒေသခံတွေရဲ့ ပြောဆိုချက် ကို ကိုးကားပြီး Western News က ဖော်ပြပါတယ်။
ရေစီးအားကောင်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေအားလုံး ရေနစ်နေပြီဖြစ်ရာ မြို့လယ်မှာရှိတဲ့ တောင်ရပ် ရပ်ကွက် ထဲကို ဝင်နေတဲ့ရေဟာ ခါးလောက်ထိရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မြောက်ဦးမြို့ပေါ်က ဆင်ချဆိပ်၊ ကြက်ဈေး၊ ညောင်ပင်ဈေး၊ အလယ်ဈေး၊ ကြက်လျှာကျွန်း၊ ဗန္ဒုလ၊ ဝါဈေး၊ လော်ကမူ၊ ကျောက်ရာဇ်ကေ၊ အောင်မင်္ဂလာ၊ ဝါးသဲ၊ မြို့သစ် စတဲ့ရပ်ကွက်တွေ ရေနစ်မြုပ်နေတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က မြောက်ဦးမြို့အပါအဝင် မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့ မြို့နယ်တွေမှာလည်း ရေကြီးရေလျံမှုတွေဖြစ်နေတာကြောင့် လယ်ယာမြေတွေ များစွာ ပျက်စီးသွားတယ်လို့ သိရပါတယ်။
========================
📌📌 ၆။ မြန်မာနိူင်ငံ ဂုတ်ပေါ် ခွစီးဖိဆီး နှိပ်စက်နေ တဲ့စစ်အာဏာရှင် စနစ် ကို ဖြိုချမှသာ အနာဂါတ် တောက်ပ မှာ ဖြစ်တယ်လို့ဒုဝန်ကြီး ဦးမော်ထွန်းအောင်ဆို
သြဂုတ်လ၃ရက်
မြန်မာနိူင်ငံ ဂုတ်ပေါ် ခွစီးဖိဆီး နှိပ်စက်နေ တဲ့စစ်အာဏာရှင် စနစ် ကို ဖြိုချမှသာ အနာဂါတ် တောက်ပ မှာ ဖြစ်တယ်လို့ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကဆိုလိုက်ပါတယ်။
သြဂုတ်လအတွင်းဆိုရှယ်မီဒီယာမှာ ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကဆိုပါတယ်။
"အိုလံပစ် ကို စိတ်ဝင်စား ရင် နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ ဆင်းရဲ ချမ်းသာ ကွာဟမှု၊ စတာ တွေနဲ့ ချိတ်ဆက်နေတာ မြင်ရမှာပါ။ပြောရရင် အိုလံပစ် ဆိုတာ နိုင်ငံ တနိုင်ငံ တကယ်ချမ်းသာလာသလား၊ အင်အားကြီးလာသလား၊ လူနေမှုအဆင့်အတန်း မြင့်လာသလား စတာတွေ မှန်းဆ လို့ရတဲ့ နေရာ ဖြစ်ပါတယ်။အာဟာရ မပြည့်တဲ့ တိုင်းပြည် မှာ ချံပီယံ တွေ မထွက်လာနိုင်ပါ။နိုင်ငံက မဆင်းရဲသလို၊ စိုက်ပျိုးမြေ များလှပါတယ်။ဂုတ်ပေါ် ခွစီးဖိဆီး နှိပ်စက် တဲ့ မိစ္ဆာနဲ့ တူတဲ့ စစ်အာဏာရှင် စနစ် ကို ဖြိုချမှ အနာဂါတ် တောက်ပ မှာ ဖြစ်လို့၊ တယောက် တလက် နိုင်ရာကနေ ဝိုင်းနှက်နေရမှာပါ"လို့ဆိုပါတယ်။
ပြင်သစ်နိူင်ငံတွင်ကျင်းပသော အိုလံပစ်အားကစားပြိုင်ပွဲတွင်မြန်မာနိူင်ငံက ရေကူးကစားနည်းနှင့် ကြက်တောင်ရိုက်ကစားနည်းတို့တွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သော်လည်းရှုံးနိမ့်ခဲ့ရပါတယ်။
========================
📌📌 ၇။ ထိုင်းနိူင်ငံမှာ ရက်ပေါင်း၅၀ အတွင်း မြန်မာအလုပ်သမား တသိန်းတသောင်းကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး
သြဂုတ်လ၃ရက်
ထိုင်းနိူင်ငံမှာ ရက်ပေါင်း၅၀ အတွင်း တရားမဝင် မြန်မာအလုပ်သမား တသိန်းတသောင်းကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိူင်ငံသတင်းဌာနတွေကဖော်ပြပါတယ်။
ဇွန်လ ၅ရက်မှ ဇူလိုင်၂၅ ရက်နေ့ထိ ရက်ပေါင်း ၅၀ အတွင်းစီမံချက်ချဖမ်းဆီးရာမှာ မြန်မာနိူင်ငံသား ရွှေ့ပြောင်းလုပ်သားများကဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ဖမ်းဆီးရာမှာ မြန်မာ
အလုပ်သမား ၁၁၀,၁၃၀ ဦး ၊ ကမ္ဘောဒီးယားအလုပ်သမား ၂၂,၉၉၉ ဦး ၊ လာအိုအလုပ်သမား၉,၆၇၅ ဦး ၊ ဗီယက်နမ်အလုပ်သမား၁၀၄ ဦး နှင့် အခြားနိုင်ငံသားအလုပ်သမား၄,၈၁၈ ဦးတို့ပါဝင်တယ်လို့ဖော်ပြပါတယ်။
ထိုင်းနိူင်ငံတွင်တရားဝင်အလုပ်လုပ်ကိုင်ခွင့်နှင့်နေထိုင်ခွင့်ရရှိရန်ပန်းရောင်ကတ်ခေါ်အလုပ်သမားကတ်ပြုလုပ်ရန်နှင့်အလုပ်လုပ်ကိုင်ခွင့်အထောက်အထားဝေါပါမစ်၊မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြထားသည်CIခေါ်အစိမ်းရောင်စာအုပ်တို့လိုအပ်မှာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA သိမ်းပိုက်ထိန်းချုပ်
တိုက်ပွဲတွေပြင်းထန်နေတဲ့ လားရှိုးမြို့မှာအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် - ရမခ ကို ကိုးကန့်တပ် MNDAA က ဒီနေ့ ဩဂုတ်လ ၃ ရက်မနက်ပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသတွင်း သတင်း ရင်းမြစ်တွေက ပြောပါတယ်။
လားရှိုးမြို့မှာတိုက်ပွဲဖြစ်တာ တလပြည့်တဲ့နေ့မှာပဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ CDM ဗိုလ်ကြီးဇင်ယော်က ရမခ ကျတာ အတည်ဖြစ်ကြောင်းနဲ့ အသေးစိတ်အခြေအနေကို ထပ်မံဖော်ပြသွားမယ်လို့ သူ့ရဲ့ လူမှုကွန်ယက်စမျက်နှာကနေ အသိပေးထားပါတယ်။
လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် - ရမခဟာ ကိုးကန့်တပ် -MNDAA လက်ထဲ ကျရောက်သွားပြီလို့ သတင်းရင်းမြစ်တွေက ပြောတဲ့အကြောင်း ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေကလည်း ပထမဦးဆုံး ဖော်ပြခဲ့ပါတယ်။
ဒီနေ့မနက် ၂ နာရီခွဲဝန်းကျင်မှာ သိမ်းပိုက်ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။
ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေငြိမ်သက်နေတာကြောင့် လက်နက်ချတာသို့မဟုတ် ဆွေးနွေးညှိနှိုင်းနေတာ မျိုးဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်နေပါတယ်။
မနေ့ ဩဂုတ်လ ၁ ရက်နေ့ကလည်း လားရှိုးမှာရှိတဲ့ စစ်ဆေးရုံက စစ်သားတွေနဲ့ မိသားစုဝင်တွေအပါအဝင် လူနာတွေ စုစုပေါင်း ၂၀၀ ကျော်ဟာ ကိုးကန့်တပ်ထံ လက်နက်ချအညံ့ခံခဲ့ပါသေးတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိးမြို့ဟာ စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါတဲ့ မြို့တမြို့ဖြစ်ပြီး ဒီမြို့မှာ အခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက အပြီးသတ်သိမ်းပိုက်နိုင် လိုက်တာဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တခုကို တော်လှန်ရေးတပ်တွေက ချေမှုန်း သိမ်းပိုက်နိုင်ခဲ့တာဆိုတဲ့ မှတ်တမ်းလည်းဖြစ်ပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ ဟာ စစ်ကောင်စီလက်အောက်ခံ တိုင်းစစ်ဌာနချုပ်များအနက် စစ်အင်အား၊ လက်နက် အင်အား အများဆုံးထားရှိတဲ့ အခိုင်မာဆုံးသော စစ်ဌာနချုပ်ဖြစ်ပေမယ့် ဒီတိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက တလအတွင်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခမရ ၄၃၇ တပ်ရင်းကို သိမ်းနိုင်ဖို့ ဆက်လက်တိုက်ခိုက်နေ
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မြစ်ဆုံအထက်ပိုင်းက တီယန်ဇွပ်နဲ့ အင်ဆွပ်ဇွပ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA ဦးဆောင်တဲ့ ပူးပေါင်း တပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်ရင်းဖြစ်တဲ့ ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
တီယန်ဇွပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဩဂုတ် ၁ ရက်နေ့ကစပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာ မရှိပေမယ့် စစ်တပ်ဘက်က သေဆုံးသူများပြီး လက်နက်ခဲယမ်းတွေ အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်တို့မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး မိုးမောက်မြို့နယ်က နောက်ဆုံးကျန်နေတဲ့ ခမရ ၄၃၇ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ KIA၊ AA၊ KPDF ပူးပေါင်းတပ်တွေ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက် နေ တယ်လို့လည်း သိရပါတယ်။
မိုးမောက်မြို့အနီးရှိမှာရှိတဲ့ ခမရ ၄၃၇ တပ်စခန်းကို သိမ်းပိုက်နိုင်မယ်ဆိုရင် မိုးမောက်မြို့နယ်တခုလုံး စစ်ကောင်စီတပ် ကင်းစင်သွားမှာဖြစ်တယ် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
KIA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်တွေဟာ မတ်လ ၇ ရက်နေ့ကစပြီး ကချင်ပြည်နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
========================
🚩🚩 ၃။ ရှမ်းမြောက်ဒေသက ပြည်သူတွေကို လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပြင်းပြင်း ထန်ထန် အရေးယူပေးဖို့ MNDAA တောင်းဆို
ရှမ်းပြည်မြောက်ပိုင်းက အရပ်သားပြည်သူတွေကို လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြင်းပြင်းထန်ထန်အရေးယူပေးဖို့ MNDAA က ဩဂုတ်လ ၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
တိုက်ပွဲရှုံးတိုင်း အပြစ်မဲ့ပြည်သူတွေကိုဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်တဲ့ လုပ်ရပ်တွေကို အကြမ်းဖက်စစ်ကောင်စီက ၃ နှစ် တာကာလအတွင်း ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နောင်ချိုတိုက်ပွဲတွေမှာ အထိနာပြီး ရှုံးနိမ့်နေတာကြောင့် အကြမ်းဖက်စစ်ကောင်စီဟာ လောက်ကိုင်နဲ့ သိန္နီခရိုင်အတွင်းက အရပ်သားပြည်သူတွေ နေထိုင်ရာဒေသတွေကို လေယာဉ်တွေနဲ့ အကြိမ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က ဆိုပါတယ်။
ဒါ့အပြင် စာသင်ကျောင်း၊ ဆေးရုံ၊ မြို့မဈေးနဲ့ ဟိုတယ် စတဲ့ လူစုလူဝေးများတဲ့နေရာတွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် တလအတွင်း ဒေသခံ အရပ်သား ပြည်သူ အနည်းဆုံး ၁၄ ဦးသေဆုံးခဲ့ရပြီး ၂၃ ဦး ဒဏ်ရာရရှိကာ နေအိမ် အဆောက်အုံတွေ ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
အခုလို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအနေနဲ့ စာသင်ကျောင်းများ၊ ဆေးရုံများနဲ့ အရပ်သားနေအိမ်များကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုနဲ့လူအခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေခြင်းဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
ဒါကြောင့် မင်းအောင်လှိုင်ကိုဗဟိုပြုတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်းအနေ ပြင်းပြင်းထန်ထန် အရေးယူဖို့ MNDAA က တောင်းဆိုထားပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့ လူနေအိမ်များ၊ ဆေးရုံများနဲ့ စာသင်ကျောင်းများကို ပစ်မှတ်ထားတဲ့စစ်ဆင်ရေးတွေ လုံးဝဖော်ဆောင်မှာမဟုတ်ဘူးလို့လည်း MNDAA က ထုတ်ပြန်ကြေညာထားပါတယ်။
========================
🚩🚩 ၄။ နောင်ချို၊မိုးကုတ်နဲ့ မိုးမိတ်မြို့ခံတွေ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် သတိထားဖို့ TNLA တိုက်တွန်း
စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်သွားပြီဖြစ်ပေမယ့် လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို သတိထား ကြဖို့ တအာင်းတပ်မတော်-TNLA က နောင်ချို၊မိုးကုတ်နဲ့ မိုးမိတ်မြို့ခံတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း-၂ မှာ တအာင်းတပ်မတော်-TNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့၊ မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး တွေနဲ့ပစ်ခတ်တာတွေ လုပ်လာနိုင်တဲ့အတွက် TNLA က သတိပေးလိုက်တာဖြစ်ပါတယ်။
TNLA သတင်းပြန်ကြားရေးဌာနကထုတ်ဝေတဲ့ ဇူလိုင်လထုတ်စာစောင်ကို ဩဂုတ် ၂ ရက်ကဖော်ပြရာမှာ အခုလို သတိပေး လိုက်တာလည်းဖြစ်ပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီးရန်အပြင် တပ်စခန်းအနီးတဝိုက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြေမြှုပ်မိုင်းတွေ၊ မိုင်းတွေနဲ့ ပေါက်ကွဲစေတက်တဲ့ စစ်အသုံးအဆောင်တွေ မြှုပ်နှံထားတာကြောင့် မိုင်းတွေတွေ့ရင် သက်ဆိုင်ရာမြို့နယ်တွေက တာဝန်ရှိ သူတွေကို အသိပေးဖို့ တိုက်တွန်းထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာ စစ်ဥပဒေစည်းမျဉ်းတွေလိုက်နာခြင်းမရှိဘဲ စစ်ဆင်ရေးစတင်ခဲ့တဲ့ ဇွန်လ ၂၅ ရက်ကစပြီး တိုက်ပွဲကာလ တလကျော်အတွင်း အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာ အရပ်သားတွေရှိတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ လေကြောင်းကနေတိုက်ခိုက်တာ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို တားဆီးပိတ်ပင်နှောက်ယှက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီက လေကြောင်းကနေ ၂၇၆ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု အကြိမ်တထောင်ကျော် အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၃၃ ဦးသေဆုံးပြီး ၁၇၀ ဦး ဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနဲ့ အရပ်သားနေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ မြစ်သားမြို့နယ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ၂ ဦးသေဆုံး
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်း ကင်းလှည့်နေတဲ့ ပျူစောထီးတွေကို စမာတံတားအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂ ဦး သေဆုံးသွားတယ်လို့ Tiger Brother မြစ်သားPDF က ပြောပါတယ်။
မြစ်သားမြို့နယ်ထဲက စျေးကျောက်ဆောက်ကျေးရွာက ပျူစောထီးတွေ ညကင်းလှည့်ချိန် ဩဂုတ်လ ၂ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပျူစောထီး ၂ ဦး မိုင်းကွင်းထဲဝင်လာချိန်မှာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တာကြောင့် သေဆုံးသွားခဲ့တာလို့ အသိပေးထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Tiger Brother မြစ်သား PDF နဲ့ မြင်းခြံမြို့နယ် ပ.က ဖ မြင်းခြံခရိုင်တပ်ရင်း ၂၇ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။
========================
🚩🚩 ၆။ ကန့်ဘလူနယ်က ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်စီးနေတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး PDF ရဲဘော်တဦးကျဆုံး
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်းက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၁ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့တယ်လို့ ဒေသ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
ကန့်ဘလူမြို့နယ်မှာရှိတဲ့ တင့်ကားတပ်ရင်း ၆၀၀၆ ၊ ခမရ ၃၆၁ ၊ ခမရ ၃၀၇ တပ်ရင်းတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ ဇူလိုင်လ ၂၅ ရက်နေ့ကစပြီး ထန်းကုန်းတိုက်နယ်အတွင်းကကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် သရက်ခေါင်းကျေးရွာက အရပ်သား ၂ ဦးသေဆုံးကာ တဦးဒဏ်ရာရရှိခဲ့ပြီး ဇူလိုင် ၂၆ မှာ အဲဒီရွာက အိမ် ၇၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် သရက်ခေါင်းရွာ အရှေ့ဘက်မှာရှိတဲ့ စစ်ဘေးရှောင်တဲတွေမှာနေထိုင်တဲ့ ကျောင်းသားကလေးငယ် ၅ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာ ရှမ်းတပ်ရွာက နေအိမ် ၁၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဇူလိုင် ၂၈ ရက်နေ့ မှာ ပေလယ်ကျေးရွာက နေအိမ် အလုံး ၆၀ ၊ သပြေသာရွာက အိမ်ခြေ ၄၅ လုံး၊ ဘိုကုန်းရွာက နေအိမ် ၆၄ လုံးကို မီးရှို့ပြီး မဲဇယ်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
မဲဇယ်ကျေးရွာဘက်ကို သွားတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထောင်းထားတဲ့ မိုင်းကြောင့် စစ်သား ၅ ဦး သေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိခဲ့တာကို မကျေနပ်တာကြောင့် အကြမ်းဖက်စစ်သားတွေဟာ မဲဇယ်ကျေးရွာက နေအိမ် ၆၅ လုံးကို ထပ်မံမီးရှို့ဖျက်ဆီးသွားတယ်လို့လည်း သိရပါတယ်။
နောက်တနေ့မှာ ဆူးပုတ်ကုန်းရွာက နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ကန့်ဘလူမြို့နယ် ပကဖ တာဝန်ရှိသူက အသိပေးထားပါတယ်။
ဆူးပုတ်ကုန်းရွာကို မီးရှို့ဖို့ ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထောင်ထားတဲ့ မိုင်းမိပြီး စစ်သား ၃ ဦး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မင်းကုန်းကျေးရွာရောက်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူ အင်အား ၆၀ ခန့်ဟာ ဇူလိုင် ၃၁ ရက်က ညောင်ဇင်ကြီးဘက်ကို ထွက်လာချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ကလည်း မင်းကုန်းတံတားမှာ ရှိနေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုဘက်က ၃ ဦး ဒဏ်ရာရသွားတယ်လို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ၎င်းတို့ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ပြန်လည်ရယူလိုတာကြောင့် စစ်ကြောင်းထိုးနေတာဖြစ်ပြီး မင်းကုန်းနဲ့ ညောင်ဇင်ကြီးမှာတပ်စွဲကာ ဘန်ကာတွေ ဆောက်နေကြတယ်လို့လည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေ က ပြောပါတယ်။
ဒီအကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကန့်ဘလူခရိုင် တပ်ရင်း ၄ ၊ ကန့်ဘလူခရိုင်တပ်ရင်း ၃ ၊ PLA နဲ့ ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကန့်ဘလူခရိုင် တပ်ရင်း ၄ က ရဲဘော်တဦး ကျဆုံး ကာ ရဲဘော်တဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ပြည်သူလူထု လှုဒါန်းသော အဝတ်အထည်များကို YPDFရဲဘော်များအား ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကျင်းပ
သြဂုတ်လ၃ရက်
ပြည်သူလူထု လှုဒါန်းသော အဝတ်အထည်များကို YPDFရဲဘော်များအား ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကျင်းပခဲ့ပါတယ်။
ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ရှိ ရဲဘော်များ ဝတ်ဆင်နိုင်ရန်အတွက် ပြည်သူလူထုမှ တပ်ဖွဲ့သို့ လှုဒါန်းသော အဝတ်အထည်များကို ဇူလိုင်လအတွင်းက ပြန်လည် ခွဲဝေပေးအပ်ခဲ့တယ်လို့သြဂုတ်လ၃ရက်နေ့YPDFကဖော်ပြပါတယ်။
တပ်ဖွဲ့ဝင်ရဲဘော်များတွင် ယူနီဖောင်းအပြင် ပုဆိုး၊ ထမီ၊ င်္အကျီတွေပါ လိုအပ်နေတာကြောင့် တပ်ဖွဲ့တာဝန်ရှိသူများမှ နီးစပ်ရာများတွင် အလှုခံခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။
တပ်ဖွဲ့ဝင်ရဲဘော်များကို ရင်ဝယ်သားကဲ့သို့ သဘောထားကာ လှုဒါန်းပေးခဲ့ကြသော ပြည်သူလူထုအပေါင်းအား တပ်ဖွဲ့မှ ကျေးဇူးအထူးတင်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment