၂၀၂၄ သြဂုတ်လ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရေဘေးသင့်ပြည်သူလူဦးရေ ငါးသိန်းနီးပါးကို NUGအစိုးရက ကူညီခဲ့
📌 ၂။ "စကစ ဖက်ယိမ်းတဲ့သူတွေက စကစ အထိနာလာတာကိုစိုးရိမ်နေကြတယ်"လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြော
📌 ၃။ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်တွေကိုဖျက်ဆီးတဲ့စကစကို သတိပေးအရေးယူနိူင်တဲ့အထိလုပ်ဆောင်နေတယ်လို့ဆို
📌 ၄။ ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ ၂နှစ်ပြည့်အထိမ်းအမှတ် လိုင်စင်လျှောက်ထားလာသူများအနက်မှ အချက်အလက်ပြည့်စုံသော ၂၂ ဦးအား လိုင်စင်ကြေးမကောက်ခံဘဲ မေတ္တာဖြင့် အခမဲ့ဆောင်ရွက်ပေးသွားမည်
📌 ၅။ ငွေတိုက်စာချုပ်များကို တော်လှန်ရေးကာလမပြီးပြတ်သေးခင်မှာ အလိုအလျောက် ထပ်မံသက်တမ်း ၁ နှစ်တိုးပေးထား၍ စိတ်ပူစရာမလို
📌 ၆။ တအာင်းထီ၏ (၁၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား နမ့်ဆန်မြို့မှ ဆွတ်ခူးရရှိ
📌 ၇။ သထုံမြို့တောင်ပိုင်းက ကျေးရွာတချို့မှာ စစ်မှုထမ်း ဥပဒေအတွက် နာမည်စာရင်းထွက်နေပြီဖြစ်၍ လူငယ်များသတိပြုရန်အသိပေး
📌 ၈။ အကြမ်းဖက် စစ်အုပ်စုကနှစ်ပတ်အတွင်းလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၈၈ ကြိမ် ရှိခဲ့
၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးမိတ်မြို့သည် စစ်ဆင်ရေးများအနက် စတုတ္ထမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သည်ဟု မန္တလေးPDF ထုတ်ပြန်
🚩 ၂။ တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ ပြည်သူလူထုများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေသော အာဏာသိမ်းစစ်ကောင်စီအား ပြင်းထန်စွာ ရှုတ်ချ
🚩 ၃။ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးတင်လတ်နှင့် လေယာဉ်မှူး ၂ စုစုပေါင်း ၃ ဦး ရဟတ်ယာဉ်တက်စဉ် ပျက်သဖြင့် သေဆုံး
🚩 ၄။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ချောင်းဦးမြို့နယ် နတ်ရေကန်အထိုင် စကစ အကြမ်းဖက် စခန်းအား ဗုံးသီး 2kg(20)လုံးကျဲချ၍ စကစသုံးဦးသေဆုံး
🚩 ၅။ မုံရွာမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောအပါ သင်္ဘော ၁၇ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်
🚩 ၆။ လားရှိုး ရမခဌာနချုပ်နယ်မြေမှ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၂၀၀ ဝန်းကျင်လက်နက်ချ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရေဘေးသင့်ပြည်သူလူဦးရေ ငါးသိန်းနီးပါးကို NUGအစိုးရက ကူညီခဲ့
သြဂုတ်လ ၂ရက်။
Radio NUG
ရေဘေးသင့်ပြည်သူလူဦးရေငါးသိန်းနီးပါးကို NUGအစိုးရက ကူညီခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကအတည်ပြုပြောပါတယ်။
သြဂုတ်လ၂ရက်PVTVသတင်းဌာနနှင့် မေးမြန်းခန်းမှာ လူသားစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။
"လတ်တလောမှာတော့ စစ်ရှောင်တွေအပြင်ကို ရေဘေးဒဏ်ခံရတဲ့ပြည်သူတွေပေါ့။ အားလုံးပေါင်းလက်လှမ်းမီသလောက် ဇူလိုင်လကုန်ကနေသြဂုတ်လဆန်းအထိ ရေဘေးသင့်ပြည်သူတွေပေါ့။ စစ်ရှောင်တွေလည်းပါတယ်။ လူဦးရေငါးသိန်းနီးပါးကို ဒီတလအတွင်းမှာ ကျွန်တော်တို့ဝန်ကြီးဌာနက ကူညီခဲ့ပြီးဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။
လူသားစာနာဝန်ကြီးဌာနအနေနှင့် စိုးမိုးဒေသများအပြင် စိုးမိုးမှုမရှိသည့်နယ်မြေများမှ ရေဘေးဒဏ်သင့်ပြည်သူများကို ကူညီခဲ့ကြောင်း၊ စိုးမိုးနယ်မြေများတွင် အုပ်ချုပ်ရေးအဖွဲ့များအပါအဝင် ကာကွယ်ရေး၊ ကယ်ဆယ်ရေးအဖွဲ့များက ပူးပေါင်း၍ ရေဘေးသင့်သက်ကြီးရွယ်အိုနှင့် မသန်စွမ်း၊ ကလေးသူငယ်များကိုကူညီကယ်ဆယ်ခဲ့ပါတယ်။
========================
📌📌 ၂။ "စကစ ဖက်ယိမ်းတဲ့သူတွေက စကစ အထိနာလာတာကိုစိုးရိမ်နေကြတယ်"လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြော
သြဂုတ်လ ၂ရက်။
Radio NUG
"စကစ ဖက်ယိမ်းတဲ့သူတွေက စကစ အထိနာလာတာကိုစိုးရိမ်နေကြတယ်"လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကပြောပါတယ်။
သြဂုတ်လ၂ရက် ဆိုရှယ်မီဒီယာမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကပြောပါတယ်။
"စကစဖက်ယိမ်းတဲ့ ပညာတတ်လိုလို နိုင်ငံရေး ဂုရုလိုလိုဟာတွေက စကစ အထိနာလာတာကို တိုင်းပြည်ပဲ ပျက်တော့မလိုလို၊ နိုင်ငံပဲ အစိပ်စိပ် အမွှာမွှာဖြစ်တော့မလိုလို စိုးရိမ်နေကြတာ မြင်မကောင်းဘူး။ တကယ်တော့ သူတို့ရဲ့ အိပ်မက်ကမ္ဘာ (comfort zone) ပျက်နေတာကို စိုးရိမ်လွန်နေကြတာ"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စကစတပ်များဟာ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအပါဝင်မြို့ကြီးများမှာပါ အထိနာကျရှုံးလျက်ရှိပါတယ်။
========================
📌📌 ၃။ ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်တွေကိုဖျက်ဆီးတဲ့စကစကို သတိပေးအရေးယူနိူင်တဲ့အထိလုပ်ဆောင်နေတယ်လို့ဆို
သြဂုတ်လ ၂ရက်။
Radio NUG
ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်တွေကိုဖျက်ဆီးတဲ့စကစကို သတိပေးအရေးယူနိုင်တဲ့အထိ လုပ်ဆောင်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကပြောပါတယ်။
သြဂုတ်လ၂ရက်အမွေအနှစ်ဆိုင်ရာကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့၏ အလုပ်အမှုဆောင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ကradio NUGကိုဖြေကြားပါတယ်။
"ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့လုပ်နိုင်တာက တစ်အချက်သတင်း အချက်အလက်နဲ့ ပြည်သူ ပိုသတိထားမိအောင် လုပ်နိုင်တယ်။ မြေပြင်က တို့ရဲ့ အုပ်ချုပ်ရေး ကာကွယ်ရေး အဖွဲ့တွေကနေ တိုက်ရိုက် သတိပေးမှုတွေ လုပ်နိုင်တယ်။ တစ်အချက်ကြောင့် Local PDF နဲ့ UG တွေကလည်း သတိပေးမှုတွေ လုပ်နိုင်ပါမယ်။ ခုလည်း တိုင်ပင်ဆွေးနွေးနေတယ်။ ဆက်လည်း လုပ်နေပါတယ်"လို့ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာအကြမ်းဖက်စကစက မယ်နုအုတ်ကျောင်းအား ဆေးသုတ်ခြင်းကို ပြည်သူလူထုမှ အပြင်းအထန်ကန့်ကွက်ပြောဆိုခဲ့ပြီး ရှေးဟောင်းအမွေအနှစ်နဲ့ပတ်သက်လို့ ထိန်းသိမ်းမှု လိုအပ်ကြောင်းကိုလည်း ထောက်ပြခဲ့ကြပါတယ်။
========================
📌📌 ၄။ ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ ၂နှစ်ပြည့်အထိမ်းအမှတ် လိုင်စင်လျှောက်ထားလာသူများအနက်မှ အချက်အလက်ပြည့်စုံသော ၂၂ ဦးအား လိုင်စင်ကြေးမကောက်ခံဘဲ မေတ္တာဖြင့် အခမဲ့ဆောင်ရွက်ပေးသွားမည်
သြဂုတ်လ ၂ရက်။
Radio NUG
ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီ ၂နှစ် ပြည့်အထိမ်းအမှတ် လိုင်စင်လျှောက်ထားလာသူများအနက်မှ အချက်အလက်ပြည့်စုံသော ၂၂ ဦးအား လိုင်စင်ကြေးမကောက်ခံဘဲ မေတ္တာဖြင့် အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။
သြဂုတ်လ ၂ရက် ကြားကာလဖက်ဒရယ်သူနာပြုနှင့် သားဖွားကောင်စီကအသိပေးကြေညာပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်က ၈ ရက်နေ့တွင် IFNMC ဖွဲ့စည်းခဲ့သည်မှာ ၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သြဂုတ်လ၂ရက် မှ ၈ရက်နေ့အထိ သူနာပြုနှင့်သားဖွားလိုင်စင်၊ သားဖွားလိုင်စင် လျှောက်ထားလာသူများအနက်မှ အချက်အလက်ပြည့်စုံသော ၂၂ ဦးအား လိုင်စင်ကြေးမကောက်ခံဘဲ မေတ္တာဖြင့် အခမဲ့ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
သို့ဖြစ်ပါ၍ လိုင်စင်လျှောက်ထားလိုပါက IFNMC telegram account - https://t.me/fnmcmyanmar သို့ ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံထားပါတယ်။
========================
📌📌 ၅။ ငွေတိုက်စာချုပ်များကို တော်လှန်ရေးကာလမပြီးပြတ်သေးခင်မှာ အလိုအလျောက် ထပ်မံသက်တမ်း ၁ နှစ်တိုးပေးထား၍ စိတ်ပူစရာမလို
သြဂုတ်လ ၂ရက်။
Radio NUG
ငွေတိုက်စာချုပ်များကို တော်လှန်ရေးကာလမပြီးပြတ်သေးခင်မှာ အလိုအလျောက် ထပ်မံသက်တမ်း ၁ နှစ်တိုးပေးထား၍ စိတ်ပူစရာမလိုဘူးလို့ဆိုပါတယ်။
သြဂုတ်လ ၂ရက်မှာ United Bondကတရားဝင်အသိပေးဖော်ပြပါတယ်။
"စစ်အာဏာရှင်ပြုတ်ကျရေးလှုပ်ရှားမှုတွေအတွက် အထူးအထောက်အကူပြုနေဆဲဖြစ်တဲ့ ငွေတိုက်စာချုပ်များရဲ့သက်တမ်းက ၂ နှစ်ဖြစ်လို့ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပြီလို့ အများက ယူဆထားကြပါတယ်။ ဒီအတွက် တချို့က ငွေတိုက်စာချုပ်တွေကို အချိန်မီမထုတ်ရင် ဆုံးရှုံးသွားမယ်ထင်ပြီး ပြန်လည်ထုတ်ယူဖို့ ကြိုးပမ်းကြတာကိုလည်း တွေ့ရပါတယ်။ ငွေတိုက်စာချုပ်များကို တော်လှန်ရေးကာလမပြီးပြတ်သေးခင်မှာ အလိုအလျောက် ထပ်မံသက်တမ်း ၁ နှစ်တိုးပေးထားတာဖြစ်လို့ အခုချိန်မှာမထုတ်ရင် ဆုံးရှုံးမှာကို စိတ်ပူစရာမလိုကြောင်း အာမခံလိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အရှိန်အဟုန်နဲ့ အောင်ပွဲဆင်နေချိန်မှာ တော်လှန်ရေးခါးဆက်မပြတ်စေဖို့ EOD ရှယ်ယာများကို ထပ်မံဝယ်ယူအားဖြည့်ပြီးကူညီခြင်းကလည်း စစ်ဖိနပ်အောက်မှ ပြည်သူများလွတ်မြောက်ရေးကို ပိုပြီးမြန်ဆန်စေမှာဖြစ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၆။ တအာင်းထီ၏ (၁၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း (၅၀၀)ဆုအား နမ့်ဆန်မြို့မှ ဆွတ်ခူးရရှိ
ဩဂုတ်လ ၂ရက်။
RadioNUG
တအာင်းပြည် ပညာရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်နေသည့် တအာင်းထီ၏ (၁၄)ကြိမ်မြောက် အမြင့်ဆုံး သိန်း ၅၀၀ ဆုအား တအာင်းပြည် နမ့်ဆန်မြို့၊ ဇယန်းမြောက် ရပ်ကွက်(၁၁)တွင် နေထိုင်သည့် ယာဒါင်းဦးဆိုသူ ဆွတ်ခူးရရှိသွားကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
(၁၄)ကြိမ်မြောက် ထီဖွင့်ပွဲအား သြဂုတ်လ(၁)ရက်နေ့ နံနက်ပိုင်းတွင် တအာင်းပြည်ပညာရေးကောင်စီ - TLECမှ ဖွင့်လှစ်ခဲ့ပြီး (၁၄)ကြိမ်မြောက် သိန်း(၅၀၀)၏ ဂဏန်းသည် အက္ခရာ A - 62627 ဖြစ်ကာ သိန်း (၅၀၀) ဆုအပြင် သိန်း(၁၀၀)ဆု (၁)ဆု၊ သိန်း(၅၀)ဆု (၃)ဆု၊ သိန်း (၃၀)ဆု (၅) ဆု၊ (၁၀)သိန်းဆု (၁၀) ဆု၊ (၅)သိန်းဆု (၁၀) ဆုနဲ့ (၂)သိန်းဆု (၃၀)ဆု စုစုပေါင်း (၅၅)ဆုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ(၁၃)ကြိမ်မြောက် သိန်း ၅၀၀ ဆုအား ကွတ်ခိုင်မြို့နယ် ဟိုမောရွာမှ အက္ခရာ C-76643 ဖြင့် ဆွတ်ခူးရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။
တအာင်းထီသည် တအာင်းပြည်မှ စာသင်ကျောင်းများအတွက် ပညာရေးရန်ပုံငွေ ရှာဖွေထောက်ပံ့ပေးခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လတွင် စတင် ဖွင့်လှစ်ခဲ့ကာ ဇူလိုင်လအတွင်း ထီရောင်းရငွေမှ ပညာရေးရန်ပုံငွေအတွက် ကျပ်သိန်း (၇၀၀)သာ ပေးအပ်ထောက်ပံ့နိုင်ရာ ပြီးခဲ့သည့် ယခင်လများထက် ထီရောင်းအား ကျဆင်းလာတယ်လို့ သိရပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တအာင်းပြည်အတွင်း စာသင်ကျောင်း ဖွင့်လှစ်နိုင်ခြင်းမရှိသည့် မြို့နယ်(၁၀)မြို့နယ်ထက်မနည်း ရှိနေခဲ့ရာ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် တအာင်းပြည် ပညာရေးကောင်စီမှ ကျောင်းပေါင်း (၅၀၀)ဝန်းကျင် ဖွင့်လှစ်ပေးထားပြီး စာသင်ကျောင်းများအတွက် လိုအပ်သည့် ရန်ပုံငွေနှင့် ဆရာ/ဆရာမ (၂၅၀၀)ကျော်အတွက် လိုအပ်သည့် လစာငွေများအား တအာင်းထီ ရောင်းရသည့် ငွေမှ လစဥ်ထောက်ပံ့ပေးနေခြင်းဖြစ်ရာ အနယ်အနယ်အရပ်ရပ်မှ မိဘပြည်သူများအနေဖြင့် တအာင်းပြည်မှ ကလေးငယ်များ၏ ပညာရေးအား ကူညီလိုလျှင် တအာင်းထီအား ထိုးပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းထားပါတယ်။
========================
📌📌 ၇။ သထုံမြို့တောင်ပိုင်းက ကျေးရွာတချို့မှာ စစ်မှုထမ်း ဥပဒေအတွက် နာမည်စာရင်းထွက်နေပြီဖြစ်၍ လူငယ်များသတိပြုရန်အသိပေး
သြဂုတ်လ ၂ရက်။
Radio NUG
သထုံမြို့တောင်ပိုင်းက ကျေးရွာတချို့မှာ စစ်မှုထမ်း ဥပဒေအတွက် နာမည်စာရင်းထွက်နေပြီဖြစ်၍ လူငယ်များသတိပြုရန်အသိပေးဆိုပါတယ်။
သြဂုတ်လ၂ရက်မှာ thaton gz teamကအသိပေးဆိုပါတယ်။
"သထုံမြို့တောင်ပိုင်းက ကျေးရွာတချို့မှာ စစ်မှုထမ်း ဥပဒေအတွက် နာမည်စာရင်းထွက်နေပြီးလို့ သိရပါတယ်။ အသက် ၁၇-၁၈ အရွယ်ကနေ စပြီး ၃၅ နှစ်အရွယ်ကြား လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ လူငယ်တွေအနေနဲ့ရှောင်ရှားကြဖို့ အသိပေးတင်ပြလိုက်ပါတယ်"လို့ဆိုပါတယ်။
နာမည် စာရင်းမှာ မပါသော်လည်း ကြုံသလိုဖမ်းဆီးမှုတွေ ရှိလာနိုင်ခြင်းကြောင့် လူငယ်တွေအနေနဲ့ည အချိန်မတော် အပြင်မထွက်ကြဖို့ကိုလည်း အကြံပြုထားပါတယ်။
========================
📌📌 ၈။ အကြမ်းဖက် စစ်အုပ်စုကနှစ်ပတ်အတွင်းလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၈၈ ကြိမ် ရှိခဲ့
သြဂုတ်လ ၂ရက်။
RadioNUG
အကြမ်းဖက် စစ်အုပ်စုကနှစ်ပတ်အတွင်းလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၈၈ ကြိမ် ရှိခဲ့ပါတယ်။
သြဂုတ်လ၂ရက် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ကအသိပေးဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုသည် ဇူလိုင်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၂ပတ်အတွင်း)ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်၊ ချင်းပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၈၈ ကြိမ် ပြုလုပ်ခဲ့ကြောင်းတွေ့ရတယ်လို့ဖော်ပြပါတယ်။
ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်တို့သည် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှု အများဆုံး ခံခဲ့ရကြောင်းတွ့ရပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အတွင်း ရှမ်းပြည် မြောက်ပိုင်းအား ၄၂ ကြိမ်နှင့် ရခိုင်ပြည်နယ်အား ကြိမ် ၂၁ ကြိမ် တိုင်အောင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရတယ်လို့ဖော်ပြပါတယ်။
ထိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရွယ်မရောက်သေးသော ကလေးငယ် ၄ ဦးအပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၂၅ ဦး သေဆုံးခဲ့ပြီး ၆၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးမိတ်မြို့သည် စစ်ဆင်ရေးများအနက် စတုတ္ထမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သည်ဟု မန္တလေးPDF ထုတ်ပြန်
ဩဂုတ်လ ၂ရက်။
RadioNUG
မိုးမိတ်မြို့သည် စစ်ဆင်ရေးများအနက် စတုတ္ထမြောက် သိမ်းယူနိုင်ခဲ့သော မြို့ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ဦးဆောင်သော ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များသည် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၃၁)ရက်နေ့တွင် မိုးမိတ်မြို့အား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး မိုးမိတ်စစ်ဆင်ရေးများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ဒရုန်းတပ်ဖွဲ့သည် မဟာမိတ်များနှင့် ဟန်ချက်ညီညီ ပူးပေါင်း၍ စစ်ဆင်ရေးများကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ ပြည်သူလူထုများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေသော အာဏာသိမ်းစစ်ကောင်စီအား ပြင်းထန်စွာ ရှုတ်ချ
ဩဂုတ်လ ၂ရက်။
RadioNUG
တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ ပြည်သူလူထုများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေသော အာဏာသိမ်းစစ်ကောင်စီအား ပြင်းထန်စွာ ရှုတ်ချကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ပြည်သူများကိုဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်သည်မှာ အာဏာသိမ်းစစ်ကောင်စီတို့မှ ဒီ(၃)နှစ်တာကာလအတွင်း၌ လုပ်လေ့လုပ်ထရှိတဲ့လုပ်ရပ်တစ်ရပ် ဖြစ်ပြီး ၂၀၂၄ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး၊ နောင်ချိုတိုက်ပွဲများတွင် အထိနာကာ တိုက်ပွဲများ တောက်လျှောက် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စစ်ကောင်စီတို့သည် လောက်ကိုင်မြို့တော်နှင့် သိန္နီခရိုင်အတွင်းရှိ အရပ်သားနေထိုင်ရာဒေသများကို လေယာဉ်များဖြင့် ထပ်ခါတလဲလဲ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် ၎င်းတို့သည် စာသင်ကျောင်း၊ ဆေးရုံ၊ မြို့မဈေး နှင့် ဟိုတယ်စသည့် လူစုလူဝေးများသည့် နေရာများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တစ်လအတွင်း၌ ဒေသခံအရပ်သား အနည်းဆုံး(၁၄) ဦးသေဆုံးခဲ့ရပြီး (၂၃)ဦးဒဏ်ရာရရှိကာ နေအိမ်အဆောက်အဦးများလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုထားပါတယ်။
၂၀၂၄ခုနှစ် ဩဂုတ်လ(၁)ရက်နေ့ ည(၁၁:၃၀)နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီတို့သည် စစ်မြေပြင်မဟုတ်တဲ့ လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို Heavy weight ဗုံးသီး(၄)လုံးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၎င်းဗုံးသီး (၄)လုံးအနက်(၂)လုံးမှာ အထူးဒေသ(၁)၊ အမှတ်(၂)ပြည်သူ့ဆေးရုံ နှင့် ဘေးရှိအဆောက်အဦးများသို့ကျရောက်ပေါက်ကွဲခဲ့ကာ ကျန် (၂)လုံးမှာ Fully Light ဟိုတယ်အနီးရှိ အရပ်သားနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့နောက် ၂၀၂၄ခုနှစ် ဩဂုတ်လ(၂)ရက်နေ့ နံနက်(ဝ၁:၃၀)နာရီခန့်တွင် စစ်ကောင်စီတို့သည် ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက်နယ်၊ ရှီးယွမ်ကျည်ရွာသို့ ဗုံးသီး (၁၇) လုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ်အမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ရကာ အထူးဒေသ(၁)၊ အမှတ် (၂)ပြည်သူ့ဆေးရုံ၏ လုံခြုံရေးဝန်ထမ်း (၁) ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဆေးရုံတက်နေသောလူနာ (၂)ဦးပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သလို အသေးစားဒဏ်ရာ ရရှိသူများလည်း အမြောက်အများအပြင် အရပ်သားနေအိမ်များ၊ ဟိုတယ်များနှင့် မော်တော်ကားများလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အရပ်သားနေအိမ်များကို ဦးတည်ပြီး ရည်ရွယ် ချက်ရှိရှိဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှု နှင့် လူအခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေခြင်း ဖြစ်သောကြောင့် မင်းအောင်လှိုင်ကိုဗဟိုပြုတဲ့ စစ်ကောင်စီတို့၏ ရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်မဲ့ပြည်သူများကို ဗုံးကြဲ တိုက်ခိုက်သတ်ဖြတ်နေသော အပြုအမူကို ပြင်းထန်စွာရှုတ်ချပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း စစ်ရာဇဝတ်မှုနှင့် လူအခွင့်အရေးကို ချိုးဖောက်နေသော အာဏာသိမ်းစစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူပေးပါရန် တိုက်တွန်းထားပါတယ်။
ထို့အတူ MNDAAအနေဖြင့် လူနေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများအား ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးကို လုံးဝဖော်ဆောင်မည်မဟုတ်ကြောင်း၊ လားရှိုးမြို့အတွင်းရှိ လူနေအိမ်များ၊ ဆေးရုံများ၊ ဘုရားကျောင်းများနှင့် စာသင်ကျောင်းများကို စစ်ကောင်စီတို့က တိုက်ခိုက်ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း အလေးအနက် ထုတ်ပြန်ကြေညာထားပါတယ်။
========================
🚩🚩 ၃။ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ် စိုးတင်လတ်နှင့် လေယာဉ်မှူး ၂ စုစုပေါင်း ၃ ဦး ရဟတ်ယာဉ်တက်စဉ် ပျက်သဖြင့် သေဆုံး
ဩဂုတ်လ ၂ရက်။
RadioNUG
ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး၊ အမျိုးသမီးလေယာဥ်မှူးတို့ စုစုပေါင်း ၃ ဦး ရဟတ်ယာဉ်ပျက်သဖြင့် သေဆုံးသွားကြောင်း လေတပ်သတင်းရင်းမြစ်တွေက သိရပါတယ်။
ယူရိုကော့ပတာ ရဟတ်ယာဉ်သည် ရှေ့တန်း စစ်မြေပြင်သို့ သွားရန် ပျံတက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
သေဆုံးသူ ဗိုလ်ချုပ်စိုးတင်လတ်သည် မကွေး လေတပ်စခန်း ဌာနချုပ်မှူးအဖြစ်မှ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ် မကြာသေးမီကမှ ရာထူးတိုးထားသူလည်း ဖြစ်ပြီး ပျက်ကျသွားသည့် ရဟတ်ယာဉ်သည် Eurocopter 365 အမျိုးအစားဖြစ်ကာ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၉ သန်းတန်ဖိုးရှိကြောင်း၊ ဘက်စုံသုံးရဟတ်ယာဉ်ဖြစ်ကြောင်း သိရပါတယ်။
========================
🚩🚩 ၄။ စစ်ကိုင်းတိုင်းဒေသကြီး ၊ ချောင်းဦးမြို့နယ် နတ်ရေကန်အထိုင် စကစ အကြမ်းဖက် စခန်းအား ဗုံးသီး 2kg(20)လုံးကျဲချ၍ စကစသုံးဦးသေဆုံး
သြဂုတ်လ ၂ရက်။
RadioNUG
စစ်ကိုင်းတိုင်းဒေသကြီး ၊ ချောင်းဦးမြို့နယ် နတ်ရေကန်အထိုင် စကစ အကြမ်းဖက် စခန်းအား ဗုံးသီး 2kg(20)လုံးကျဲချ၍ စကစသုံးဦးသေဆုံးခဲ့ပါတယ်။
သြဂုတ်လ၂ရက်မှာ မုံရွာခရိုင်အမှတ်(၈)တပ်ရင်းကအသိပေးဖော်ပြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ ချောင်းဦးမြို့နယ် နတ်ရေကန်အထိုင် စကစ အကြမ်းဖက် စခန်းအား သြဂုတ်လ ၁ရက်နေ့ ညနေ ၄နာရီ ၃၀အချိန် ဗုံးသီး 2kg(20)လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့်စကစအကြမ်းဖက် (၃)ဦးသေဆုံးပြီး စကစနောက်လိုက်ပျုများ ထိခိုက်ဒဏ်ရာအများအပြားရရှိသွားခဲ့ပါတယ်။
၎င်းစစ်ဆင်ရေးကို - မုံရွာခရိုင်အမှတ်(၈)တပ်ရင်းနှင့် Black Eagle Defence Force-MMU၊ TGYR-YouthGueerrillaCounterRevolution-(ငါန်းဇွန်) -မြင်းမူမြို့နယ် ပ.က.ဖ ၊ ရေနဂါးပြည်သူ့ကာကွယ်ရေး အဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။
========================
🚩🚩 ၅။ မုံရွာမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောအပါ သင်္ဘော ၁၇ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိနိုင်
ဩဂုတ်လ ၂ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့် ဆိပ်ကမ်းမှ ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောများ အပါအဝင် သင်္ဘော ၁၇ စီးပါ အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိနိုင်တယ်လို့ ဗျူဟာ (၄၅) KLG PDF က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁ ရက် ညနေ ၃ နာရီ အချိန်က ချင်းတွင်းမြစ်ဘေး တနေရာမှာ အဆိုပါ စစ်ကောင်စီရဲ့ သင်္ဘောအုပ်စုကို ဗျူဟာ(၄၅) KLG PDF (ကျောက်လုံးကြီး)အဖွဲ့က RPG 7 ၊ စနိုက်ဘာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထို့အပြင် အဆိုပါ စစ်ကောင်စီ သင်္ဘောများ ကနီမြို့မှာ ကမ်းကပ်နေချိန်တွင်လည်း ဗျူဟာ(၄၅) KLG PDF (ကျောက်လုံးကြီး)အဖွဲ့နဲ့ Chindwin Rocket Brother -CRB အဖွဲ့တို့ ပူးပေါင်းပြီး ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် မြစ်တွင်းသွား စစ်သင်္ဘောများနဲ့ စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၄ နဲ့ နမခ လက်အောက်ခံ ထပရ ၉၂၉ မှ စစ်သားများ ထိခိုက်သေဆုံးမှုများ ရှိနိုင်တယ်လို့ KLG PDF အဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ လားရှိုး ရမခဌာနချုပ်နယ်မြေမှ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၂၀၀ ဝန်းကျင်လက်နက်ချ
ဩဂုတ်လ ၂ရက်။
RadioNUG
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ လက်ကျန်စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝန်းရှိ တပ်များကို MNDAA တပ်များက ဆက်လက်ထိုးစစ်ဆင်နေရာ (၈)တပ်ဝန်းကျင်သာ ကျန်ရှိတော့ပြီး ဩဂုတ်လ ၁ရက်နေ့တွင် ရမခနယ်မြေရှိ စစ်ဆေးရုံမှ စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားကာ ၂ရက်နေ့တွင်မူ အဆိုပါ စစ်ဆေးရုံမှ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်(၂၀၀)ဝန်းကျင် လက်နက်ချအညံ့ခံသည့် video လူမှုကွန်ယက်မှာ ပျံ့နှံနေပါတယ်။
”လားရှိုး စစ်ဆေးရုံပေါ့နော် ၉/၁၀၀ ကနေလက်နက်ချတဲ့ဟာ မှန်ပါတယ်။ တပ်ကတော့ ဘယ်တပ်တွေဖြစ်မလဲဆိုတာတော့ မပြောတတ်သေးဘူးပေါ့နော်။ ရမခ တိုင်းစစ်ဌာနချုပ်ထဲက စုပေါင်းစပ်ပေါင်း ညွန့်ပေါင်းတပ်တွေထဲက မိသားစုအပါအဝင် အင်အား(၂၀၀)ပါခင်ဗျ။”ဟု CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောဆိုထားတာ တွေ့ရပါတယ်။
စစ်တပ်ဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်တွေနဲ့ စစ်တပ်ဝါဒဖြန့်မီဒီယာတွေက လားရှိုးစစ်ဆေးရုံမှာ ကလေးသူငယ်၊ လူနာ၊ ဆရာဝန်၊ သူနာပြု ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ဝါဒဖြန့်မှုတွေရှိလာပြီးနောက်မှာ အခုလို ကယ်ထုတ်နေတဲ့ ဗီဒီယိုထွက်ပေါ်လာတာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment