အကြမ်းဖက်စစ်တပ် ဈေးကွက်ထိန်းချုပ်လို့ လှေထိုးစပါးစိုက်ပျိုးသူ လယ်သမားတွေ နစ်နာ …




အကြမ်းဖက်စစ်တပ် ဈေးကွက်ထိန်းချုပ်လို့ လှေထိုးစပါးစိုက်ပျိုးသူ လယ်သမားတွေ နစ်နာ …

မကြေးမုံ (Radio NUG) ဩဂုတ် ၁၄၊ ၂၀၂၄

အကြမ်းဖက်စစ်တပ်က ဆန်ဈေးကွက်ကို ထိန်းချုပ်လိုက်တဲ့နောက်ပိုင်း စပါးဈေးတွေဆက်တိုက်ကျဆင်းလာပြီး လတ်တလောဘရန်ကုန်နဲ့ ဧရာဝတီဒေသအချို့မှာ စိုက်ပျိုးထားကြတဲ့ လှေထိုးစပါးလို့ ခေါ်တဲ့ ဝါဆိုစပါးတွေ မိုးကြီးပြီး ရေမြုပ်လို့ စပါးပျက်စီးတဲ့အပြင် စပါးဈေးတွေပါ ကျဆင်းလာလို့ တောင်သူတွေ အရှုံးကို ပြန်လည်ခံစားလာရပါတယ်။

ဒီအခြေအနေကို ကျိုက်လတ်မြို့နယ်က စပါးစိုက်တောင်သူတစ်ဦးက အခုလို ပြောပါတယ်။

“ဟာ အကျိုးအမြတ်ကတော့ ဘယ်ရှိမတုံး။ ဒီဈေးနဲ့က အကျိုးအမြတ်က တွက်လို့မရဘူး။ ဒီဆယ်သိန်းဈေးနဲ့က ကုန်ကျစရိတ်က ဘယ်လိုလုပ် တွက်လို့ရမှာလဲ။ စောစောက ပြောသလို အလုပ်သမားခတွေက တအား များနေတာကိုး။ ခါတိုင်းနှစ်နဲ့ မတူဘူး။ မနှစ်က ရိတ်ထည့်ဆိုရင် ၈ သောင်းကျော်ပဲ ရှိတယ်။ အခုက ရိတ်ထည့်ဆိုရင် တစ်သိန်းသုံးသောင်း။ ခြွေခနဲ့ဆိုရင် ၂ သိန်းလောက် ဖြစ်သွားပြီ။ အလုပ်သမားခတွေကအရမ်းမြင့်တော့ မကိုက်တော့ဘူး။ မနှစ်ကဆိုရင် ၁၃ ခွဲ၊ ၁၄၊ ၁၅ သိန်း ရောင်းရတယ်။ ကျွန်တော်တို့ လှေထိုးစပါးကို။ ဒီနှစ်က ၈ သိန်း၊ ၉ သိန်း၊ ၁၀ သိန်း ဆိုတော့ ဘယ်လိုမှ တွက်လို့မရဘူးပေါ့နော်။ ကွာခြားမှု ရှိတာပေါ့နော်။ ကုန်ကျစရိတ်ကလည်း မြင့်လာတယ်။ အလုပ်သမားခကလည်း မြင့်လာတယ် ”

လှေထိုးစပါးလို့ ခေါ်ကြတဲ့ ဝါဆိုစပါးကို တပေါင်းလဆုတ်နဲ့ တန်ခူးလဆန်းကြား ကာလမှာ ကြဲပက်စိုက်ပျိုးကြပြီး အခုလို ဝါဆို၊ ဝါခေါင်လက စပါးပေါ်ချိန် ဖြစ်ပါတယ်။ အဲဒီနောက် လယ်ကြီးစပါးလို့ ခေါ်ကြတဲ့ မိုးစပါးကိုမစိုက်ပျိုးတော့ဘဲ တန်ဆောင်မုန်းလ ရောက်တဲ့အခါကျမှ စပါးတစ်သီးကို ထပ်မံစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ 

ဝါဆိုစပါးက လယ်ကြီးစပါးထက် အကုန်အကျ ပိုပြီးသက်သာတဲ့အပြင် စပါးနောက်တစ်သီးကို အလျင်စလို စိုက်စရာမလိုတဲ့အတွက် မြေဆီလွှာနဲ့ လူတွေ အနားပေးချိန် ပိုရတဲ့အတွက် တောင်သူတွေက စိုက်ချိန်ပြောင်းလဲစိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် စပါးပင် ရိတ်သိမ်းချိန်က မိုးကောင်းကောင်း ရွာချိန် ဖြစ်ပေမယ့် အနှံရေမြုပ်တာ မရှိခဲ့ဘဲ အခုနှစ်မှာတော့ မိုးကြီးတဲ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ စပါးဈေးချဖို့အတွက် ဆန်ရည်ညွှန်းဈေး သတ်မှတ်လိုက်တာက လယ်သမားတွေအတွက် အထိနာစေတာပဲ ဖြစ်ပါတယ်။ 

ဆန်ရည်ညွှန်းဈေးကို သတ်မှတ်လိုက်လို့ စပါးကို ဈေးနှိမ်ဝယ်ယူလိုက်ပေမယ့် တောင်သူတွေ မဖြစ်မနေ အသုံးပြုရတဲ့ စက်သုံးဆီ၊ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတာတွေကိုတော့ ရည်ညွှန်းဈေးသတ်မှတ်နိုင်တာ မရှိတဲ့အပြင် အဲဒီသွင်းအားစုတွေရဲ့ အရည်အသွေး ပြည့်မီခြင်းရှိ၊ မရှိကိုလည်း စမ်းသပ်စစ်ဆေးပေးနိုင်တာ မရှိပါဘူး။ ဒီလို အခြေအနေတွေက တောင်သူတွေအတွက် အကျိုးအမြတ်ရှိတဲ့ အခြေအနေတော့ မဟုတ်ဘူး”လို့ ဘိုကလေးမြို့နယ်က လယ်သမားကြီးတစ်ဦးက အခုလို ပြောပါတယ်။

“ဒီလို နောက်နောင် မဖြစ်လာရင်တော့ လယ်သမားတွေ ဖြေလို့ရတာပေါ့။ ဒီကုန်ကျစရိတ်တွေ နည်းသွားရင်တော့ ကိုယ့်အကျိုးအမြတ် ရှိရင်ရှိမယ်။ အခု ဒီအတိုင်း ဆက်သွားရင်တော့ အကျိုးမြတ်ကတော့ ထည့်စဥ်းစားလို့ မရတော့ဘူး”

မိုးကြီးလို့ ဝါဆိုစပါးတွေ နစ်မြုပ်သွားတဲ့အတွက် အပျက်အစီး အလေလွင့်တွေ များလာပြီး တစ်ဧကကို တင်း ၉၀ အထိ ထွက်ရှိတဲ့ အဲဒီစပါးတွေက မိုးကြီးလို့ စပါးပင်တွေ ယိုင်လဲကုန်ပြီး အထွက်နှုန်းက တင်း ၄၀ ကနေ ၆၀ အထိ ကျဆင်းလာတာ ဖြစ်ပါတယ်။ ရေစိုစပါးတွေကိုခြွေရာမှာလည်း အချိန်ပိုကြာပြီး ကုန်ကျစရိတ်လည်း ပိုမြင့်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေစိုစပါးတွေ အညှောင့်ထွက်ပြီး မပျက်စီးစေဖို့ စပါးလှမ်းကွင်းတွေ တည်ဆောက်ရတဲ့ အတွက်လည်း ကုန်ကျစရိတ်တွေက ပိုပြီးမြင့်တက်လာပါတယ။ 
မနှစ်က စပါးဈေးက တင်း၁၀၀ ကို ကျပ် ၁၅ သိန်းအထိ ရခဲ့ပေမယ့်အခုအခါမှာ ကျပ် ၇ သိန်းအထိ ကျဆင်းသွားတဲ့အပြင် ရာသီဥတု ဖျက်ဆီးလို့ စပါးအထွက်နှုန်းကလည်း ကျဆင်းလာတာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က ဆန်ဈေးကို ချထားပေမယ့် စပါးဈေးကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူတွေအတွက် တစုံတရာ ကူညီဆောင်ရွက်ပေးတာ မရှိပါဘူး။ ဒါကြောင့် တိုင်းပြည်အတွက် အဓိက စားရေရိက္ခာဖြစ်တဲ့အပြင် သွင်းကုန်အပေါ် အားထားနေရတဲ့ မြန်မာပြည်သူလူထုအတွက် နိုင်ငံခြားဝင်ငွေရှာဖွေပေးနေတဲ့ မြန်မာ့ဆန် ပြည်ပတင်ပို့တဲ့လုပ်ငန်းကိုလည်း အဘက်ဘက်က ကျဆင်းလာအောင် အကြမ်းဖက်စစ်တပ်က ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း ကမ္ဘာ့ဆန်ဈေးကွက် ကောင်းမွန်လာလို့ စပါးဈေးတွေ မြင့်လာပြီး လယ်သမားတွေ အတန်သင့်အကျိုးအမြတ် ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ဝမ်းစာထားနိုင်ဖို့တောင် ခက်ခဲတဲ့အကျိုးအမြတ်မရှိတဲ့ ရာသီတွေကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။

(ကျိုက်လတ်မြိုနယ်တွင်လှေထိုးစပါးရိတ်သိမ်းနေသူတဦးအား ပြီးခဲ့တဲ့ဩဂုတ်လ ၁၀ရက်နေ့မှာတွေ့မြင်ရစဥ်...)
Share:

No comments:

Post a Comment