ရေဘေးကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ အနေကြာ၊ နေကြာအိပ်မက် ပျက်ပြယ်



ရေဘေးကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ အနေကြာ၊ နေကြာအိပ်မက် ပျက်ပြယ်
ကိုမြင့်သူ (Radio NUG) စက်တင်ဘာ ၁၄၊ ၂၀၂၄


ဆီထွက်သီးနှံ ဖူလုံဖို့ထက် အာဏာတည်မြဲဖို့ အနေကြာအောင် နေကြာ စိုက်ခိုင်းခဲ့တဲ့အကြမ်းဖက်စစ်ခေါင်းဆောင်ရဲ့ အိမ်မက်တွေက ဒီတရာသီမှာလည်း ပျက်စီးသွားဖို့ရှိပါတယ်။

အရှေ့ဘက်ကုန်းမြင့်နဲ့ အလယ်ရိုးမကြားကဒေသတွေမှာ မကြုံစဖူး ရေကြီးနစ်မြုပ်ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရသလို ရေကြောက်တဲ့နေကြာသီးနှံတွေလည်း ရေမြုပ်ပျက်စီးနေပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကို ရမည်းသင်းမြို့နယ်မှာ နေကြာသီးနှံ စိုက်ပျိုးသူတစ်ဦးက အခုလို ပြောပါတယ်။

“သူက ဆက်ဖြစ်နိုင်တာကတော့ သူက ဥပမာ နေကြာက အရပ်မြင့်တော့ ၃ ပေလောက် မြင့်တော့ လုံးလုံး ရေအောက်ရောက်မသွားဘူးဆိုတော့ ဒါပေမဲ့ သူတို့ပြောပုံအရတော့ မရတော့ဘူးလို့ ပြောလိုက်ရင် ဒီဘက်က ကလေးတွေရဲ့အတွေ့ကြုံအရ ပြောမယ်ဆိုရင်တော့ နေကြာက ရေဝပ်မခံဘူးလေ။ ပုံမှန်အားဖြင့်က ဥပမာအားဖြင့် ၃ ရက်လောက်၊ ၄ ရက်လောက် မိုးက ရေက လုံးဝ ကျမသွားဘူး ဆိုရင်တော့ သွားမှာသေမှာ ခြောက်သွားမှာ”

လက်ရှိမှာ ရေဘေးဒဏ် ခံစားရတဲ့ မြို့ပေါင်း ၃၀ ကျော်ရှိပြီး အဲဒီဒေသမှာရှိတဲ့ နေကြာစိုက်ခင်းတွေ အပါအဝင် အခြား သီးနှံစိုက်ခင်းတွေလည်း ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပေါ်နေပါတယ်။

ဒီလို ပျက်စီးဆုံးရှုံးတာတွေကြောင့် နေကြာ အပါအဝင် အခြားသီးနှံတွေ ပြန်လည်စိုက်ပျိုးဖို့အချိန်မမီတော့တဲ့အတွက် ပျက်စီးဆုံးရှုံးမှုက ပိုပြီးကြီးမားလာမှာ ဖြစ်ပါ တယ်။ နေကြာစီမံကိန်းဒေသတစ်ခု ဖြစ်တဲ့ကျောက်ဆည်မြို့နယ်မှာလည်း နေကြာနဲ့အတူ စပါးနဲ့ ငှက်ပျောခင်းတွေ၊ နနွင်းခင်းတွေလည်း ရေဘေးကြောင့် ပျက်စီးဆုံးရှုံးတဲ့ အခြေနေကို ဒေသခံ တောင်သူက အခုလို ပြောပါတယ်။

“ဒီအခြေနေနဲ့ဆိုရင်တော့ ကျွန်တော်တို့တောင်သူတွေအနေနဲ့ကတော့ လက်ရှိ စိုက်ပျိုးထားတဲ့ သီးနှံက အားလုံး ဆုံးရှုံးသွားတာပေါ့။ ကျွန်တော်တို့ အရင်မိုးကြီးလို့ စပါးခင်းထဲ ရေတအား များနေတာတို့၊ ငှက်ပျောခင်းထဲ များနေတာတို့၊ နနွင်းခင်းထဲ ရေတအား များနေတာတို့ကျ ရေစုပ်စက်နဲ့ စုပ်ထုတ်လို့ ရတယ်လေ။ ရေက အခုချိန်ထိ ဆက်စီးနေတုန်းပဲ ဆို‌တော့ စိုက်ပျိုးထားတဲ့ သီးနှံက လုံးဝပြန်မရတော့ဘူး။ စိုက်ပျိုး ရင်းနှီးထားတာတွေ အားလုံး ဆုံးရှုံးသွားတာပေါ့”

လက်ရှိ ၂၀၂၄ - ၂၀၂၅ ခုနှစ် စိုက်ပျိုးရာသီအတွက် နေကြာစိုက်ဧက တစ်သန်း စိုက်ပျိုးထွက်ရှိဖို့ အကြမ်းဖက်စစ်တပ်က မျှော်လင့်ထားပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဆောင်းရာသီမှာ ချမှတ်ခဲ့တဲ့ ဆီဖူလုံရေးအိပ်မက် ပြည့်စုံလာတာ မရှိသလို နေကြာ စီမံကိန်းကလည်း သီးနှံရာသီချိန် ၃ ရာသီအထိ ဖြတ်သန်းပြီးပေမယ့် အောင်မြင်လာတာ မရှိသေးပါဘူး။

နေကြာ မအောင်မြင်ပေမယ့်လည်း လာမယ့် ၂၀၂၇ - ၂၀၂၈ခုနှစ်မှာ နေကြာစိုက်ဧက ၄ သန်းနီးပါး တိုးလာဖို့အထိလည်း အကြမ်းဖက်စစ်တပ်က မျှော်လင့်ထားပါတယ်။

Photo - ရေမြှုပ်ပျက်စီးသွားသည့်နေကြာစိုက်ခင်းတစ်ခုအား ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကတွေ့မြင်ရစဥ်...
Share:

No comments:

Post a Comment