ချင်းပြည်နယ်မှာလည်း မြေပြို မိုးကြီးလို တောင်ယာသီးနှံပျက်စီးပြီး ဒေသခံတွေ ငွေကြေးပြတ်လပ်လာ

 



ချင်းပြည်နယ်မှာလည်း မြေပြို မိုးကြီးလို တောင်ယာသီးနှံပျက်စီးပြီး ဒေသခံတွေ ငွေကြေးပြတ်လပ်လာ
မကြေးမုံ Radio NUG စက်တင်ဘာ ၃၀၊ ၂၀၂၄

ယာဂီမုန်တိုင်း နောက်ဆက်တွဲ အခြေအနေတွေကြောင့် မြန်မာတနိုင်ငံလုံးမှာ ရေကြီး မြေပြိုခဲ့တဲ့ မြို့နယ်ပေါင်း ၇၀ ကျော်မှာ ချင်းပြည်နယ်လည်း ပါဝင်ခဲ့ပါတယ်။ စိုက်ပျိုးရေ ရှားပါးတဲ့ တောင်ပေါ်ဒေသဖြစ်တဲ့အတွက် မိုးရာသီမှာပဲ တောင်ယာကို အားထားစိုက်ပျိုးကြရတာဖြစ်ပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဆပ်နီ၊ ပိန်းဥ စတဲ့ သီးနှံမျိုးစုံကို ရောနှောစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ မင်းတပ်မြို့နယ်မှာ မြေပြိုခဲ့လို တောင်ယာစိုက်ခင်းတွေ ပျက်စီးခဲ့ပုံကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“အဲဒီမုန်တိုင်းက ဒီဘက်မှာ နည်းနည်းလေး ရောက်လာတယ်။ နည်းနည်းလေး ရောက်လာတဲ့အထဲမှာ တောင်ယာခင်းတွေ အခင်းမြေပြိုတာတွေ စပါး‌တွေ အခုမှ အဆံထွက်ဖို့ ပြုခါစ အပွင့်လို့ ပြောရမလား၊ ဗမာလို မသိဘူး ဖြစ်နေတယ်။ အဲ့ဟာကို လေတိုက်တဲ့အထဲမှာ အပွင့်တွေလို့ ပြောရမှာပေါ့ ကြွေတာမျိုးတွေ၊ အဆံမရှိတော့ဘဲ ထောင်မတ်နေတာပေါ့လေ။ အဲဒီလိုဟာတွေ အကုန်လုံး ဖြစ်နေတာဆိုတော့ အဲဒီအခက်အခဲလေးတော့ ရှိတယ်။ တောင်သူတွေအတွက်ကလည်း ဒီတစ်နှစ်လုံး လုပ်လာတဲ့ဟာပေါ့။ အခုမှ အသီးခံစားဖို့က ဒီတစ်နှစ်မှာ မလွယ်မယ့် အိမ်ထောင်စုတွေ တော်တော်လေးများတယ်။”

မြန်မာ့နွေဦးတော်လှန်ရေးမှာ သားကောင်ကို ပစ်ခတ်ခဲ့တဲ့ ချင်းပြည်နယ်က တူမီးလက်နက် ပိုင်ရှင်တွေက အကြမ်းဖက်စစ်တပ်ကို အကြီးကျယ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချင်းတောင်ခြေက အညာသူ၊ အညာသားတွေကိုလည်း ယမ်းနဲ့ဆက်စပ်တဲ့ပညာတွေကို သင်ပေးနိုင်ခဲ့ပြီး လက်နက်တပ်ဆင်နိုင်ဖိုအတွက် မျက်စိဖွင့်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်က ချင်းပြည်နယ်ကို အငြိုးထား ပိတ်ဆို့ပြီး မြို့ကြီး၊ မြို့ကလေး၊ ကျေးရွာများပါမကျန် တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ တော်လှန်ရေးမတိုင်ခင်ကာလတွေကတည်းက ချင်းပြည်နယ်ဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို မြန်မာတနိုင်ငံလုံးမှာ အာဟာရ အချိုတဲ့ဆုံးပြည်နယ် ဖြစ်တယ်လို့ နိုင်ငံတကာကျွမ်းကျင်သူ အာဟာရပညာရှင်‌တွေက သုံးသပ်ထားပါတယ်။

လတ်တလောမှာ အကြမ်းဖက်စစ်တပ်ရဲ့ ပိတ်ဆို့မှုကြောင့် ပြည်နယ်ရဲ့ အဓိက ထွက်ကုန် ဖြစ်တဲ့ ဝဥ၊ ထောပတ်၊ ကော်ဖီ စတဲ့ သီးနှံစိုက်ပျိုး ထုတ်လုပ် ရောင်းချတဲ့ ကွင်းဆက် တစ်ခုလုံးက ဟန်ချက်ပျက်လာပြီး ပုံမှန်ရောင်းချနိုင်တာ မရှိတဲ့အတွက် ဒေသခံတွေမှာ ဝင်ငွေ ပြတ်လပ်လာတဲ့အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ ဒီအခြေနေကို အဆိုပါ မင်းတပ်ဒေသခံတစ်ဦးက ဖြည့်စွက်ပြောပါတယ်။

“စစ်နဲ့ နည်းနည်းအလှမ်းဝေးတဲ့ ကျေးရွာတွေမှာ တောင်ယာစိုက်ခင်းတွေနဲ့ စပါးစိုက် အဲဒီလိုမျိုး အသက်မွေးဝမ်းကျောင်း လုပ်ကြတာရယ်၊ ပြီးတော့ အနည်းစုပေါ့။ အနည်းစုကိုတော့ နိုင်ငံရပ်ခြား သွားရောက်နေတဲ့ သူတို့ရဲ့ သားသမီး ညီအစ်ကိုတွေက ပိုက်ဆံတွေ ပို့ပေးပြီးတော့မှ ကြည့်ရှုပေးတာတွေ ရှိတယ်။ အဲဒီလိုလေးနဲ့ပဲ ဒီ ၃နှစ်တာကာလကိုတော့ ဖြတ်သန်းခဲ့ကြတယ်ပြောရမယ်။ ကျေးရွာအတွင်းမှာ ဝဥဈေးကွက်ကလည်း အဆင်မပြေတဲ့အခါကျတော့ လမ်းကြောင်းအခြေအနေကြောင့် ရသင့်ရထိုက်တဲ့ တန်ဖိုးတွေ မရတာပေါ့။ ဥပမာ ဝဥ ဆိုရင်ပဲ တစ်ပိသာ လမ်းကြောင်းအခြေအနေအရ လမ်းဂိတ်ကြေးတွေ ဘာညာ ထုတ်ပြီးမှပဲ တောင်သူတွေဆီမှာ ဝယ်ပေးတာ။ ဥပမာဆိုရင် ငါးထောင်လောက်နဲ့ ဝယ်တာမျိုး၊ လေးထောင်လောက်နဲ့ ဝယ်တာမျိုး။ ပိုပြီးတော့ အစွန်ကျတဲ့ဘက်တွေမှာဆိုရင် ၁၅၀၀ လောက်နဲ့ဝယ်တာကိုး။ Transportation Cost မှာ တော်တော်လေးဝင်သွားတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ၊ ဂိတ်ကြေးတွေ၊ အဲဒီလိုဟာမျိုးဖြစ်တော့ ကျေးရွာ တော်တော်များများမှာလည်း ဝင်ငွေမရှိ ဖြစ်နေကြတယ်။”

သန်ဘက်ခါ အောက်တိုဘာလ ၁ ရက်နေ့မှာ ထပ်မံရွာသွန်းမယ့် မိုးရေချိန်ကြောင့်လည်း တွန်းဇံမြို့မှာ လျှပ်တပြက် ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အရပ်ဘက် မိုးလေဝသ စောင့်ကြည့်လေ့လာသူက ထပ်မံသတိပေးထားပြီး ဒေသခံတွေအတွက် ငွေကြေး၊ အစားအစာ၊ ဆေးဝါးနဲ့ လူသုံးကုန်အကူအညီတွေလည်း လိုအပ်နေတာ ဖြစ်ပါ တယ်။

Photo - ဘေးဒုက္ခခံစားနေရသော ချင်းဒေသခံများအားတွေ့ရစဥ်...

Share:

No comments:

Post a Comment