အကြမ်းဖက်စစ်တပ်က ဆန်စပါးကုန်သည်တွေနှင့်ပေါင်းပြီး စပါး တင်းတစ်ရာကို ကျပ်ကိုးသိန်းခွဲနဲ့ ဝယ်ယူသွားဖို့ စျေးနှိမ် သတ်မှတ်ထုတ်ပြန်



အကြမ်းဖက်စစ်တပ်က ဆန်စပါးကုန်သည်တွေနှင့်ပေါင်းပြီး စပါး တင်းတစ်ရာကို ကျပ်ကိုးသိန်းခွဲနဲ့ ဝယ်ယူသွားဖို့ စျေးနှိမ် သတ်မှတ်ထုတ်ပြန်

Radio NUG အောက်တိုဘာ ၂၄၊ ၂၀၂၄

စပါးစိုက်တောင်သူတွေ မိုးကြီး၊ ရေလျှံ၊ မြေပြို စတဲ့ အဆိုးရွားဆုံး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံနေရပေမယ့် တစ်ဧကကို တင်း ၄၀ ကနေ ဆယ်တင်းလောက်ထွက်တဲ့ လယ်တစ်ဧကကို ကျပ် ၆ သိန်းမှ ၈ သိန်းကျော်အထိ ရင်းနှီးစိုက်ပျိုးထားရပါတယ်။ အဲဒီလို ကုန်ကျစရိတ်တွေ ရှိပေမယ့်လည်း စပါးဈေးတွေ ကျလာရင် လယ်သမားအရင်းရှုံးတဲ့ ဈေးနဲ့ ဝယ်ဖို့ စပါးတင်းတစ်ရာကို အနိမ့်ဆုံး ကြမ်းခင်းဈေးအဖြစ် အကြမ်းဖက်စစ်တပ်က ကျပ် ၉ သိန်းခွဲဈေး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာ့ဆန်စပါးဟာ နိုင်ငံခြားဈေးကွက်ကို ပုံမှန် တင်ပို့နေပေမယ့်လည်း ဈေးကွက်ပေါက်ဈေးအတိုင်း ခံစားခွင့် မရှိဘဲ ဆန်စပါးဈေးကိုထိန်းချုပ်ကန့်သတ်ထားတဲ့အတွက် လယ်သမားကြီးတွေမှာ နစ်နာနေကြရတာပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို သန်လျင်မြို့နယ်က စပါးစိုက်တောင်သူတစ်ဦးက အခုလို ပြောပါတယ်။

“ဒီမှာ သီးနှံပေါ်ချိန်ဆိုရင် ကုန်သည်ကြီးတွေက နင်းထားတာ။ အခု စပါးရိတ်ပြီဆိုရင် ကွင်းပေါက် ဈေးမပေးဘူး။ ပထမဆုံးပေါက်တာ ၁၄ ခွဲပဲ ပေါက်တယ်။ ၁၄ ခွဲကနေ စပါးနည်းနည်းရှားလာတယ်၊ ထွက်လည်း မထွက်ရော နှစ်ဆယ်၊ ၂၁၊ ၁၉ ဖြစ်လာတယ်။ တကယ်ခေါ်ရောင်းကြည့် အဲဒီဈေးမရဘူး။ ပေါင်ပိုက ဆယ်ပေါင်ပိုပေးရတယ်။ အားလုံး ရိတ်ပြီးသွားပြီ လက်ထဲလည်း မကျန်တော့ဘူးဆိုရင် ၃၀ လောက်လည်း ဖြစ်လာတာ။ အခုဆိုရင် ကျွန်တော်တို့က ဆန်ဈေးနဲ့ဆိုရင် စပါးဈေးက သိန်း ၃၀ လောက်ဖြစ်ရမှာ”

မြန်မာ့ဆန်စပါးဟာ နိုင်ငံရဲ့အဓိကစားရေရိက္ခာဖြစ်သလို၊ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေတဲ့ သီးနှံလည်း ဖြစ်ပါတယ်။ တစ်နှစ်မှာ စပါးစိုက်ဧက ၁၇.၄ သန်းရှိပြီး စိုက်ပျိုးသမျှ သီးနှံတွေထဲမှာ စိုက်ဧကလည်း အများဆုံး ဖြစ်ပါတယ်။ ကိုလိုနီခေတ်ကတည်းက မြန်မာ့ဆန်စပါး ပြည်ပရောင်းချခဲ့တဲ့ လုပ်ငန်းဟာ လက်ရှိကာလအထိ ရှိနေပေမယ့်လည်း မြန်မာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုမှာ အဓိကကျတဲ့တောင်သူလယ်သမားများအတွက် မြေယာပြုပြင်ရေးလုပ်ငန်းဖြစ်တဲ့ အဆင့်မြင့်လယ်ယာဖော်ထုတ်တဲ့ လုပ်ငန်းတွေကို တစိုက်မတ်မတ်ဆောင်ရွက်ပေးတာ မရှိပါဘူး။ ဒါ့အပြင် စပါးအထွက်တိုးရေးနဲ့ အရည်အသွေးကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်ရရှိရေးနဲ့ မဖြစ်မနေဝယ်ယူအသုံးပြုရတဲ့ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးတွေမှာလည်း အရည်အသွေး ပြည့်ဝတာကို မရရှိတဲ့အပြင် စပါးဈေးကို ကန့်သတ်ထိန်းချုပ်သလို ထိန်းချုပ်နိုင်တာ မရှိတဲ့ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးဖိုးတွေ ပေးချေရင်း အကြွေးပေါ် အကြွေးဆင့်လာကြရပါတယ်။ ဒါ့အပြင် စိုက်ဧကတွေ တဖြည်းဖြည်း တိုးလာတဲ့ မြန်မာ့လယ်ယာလုပ်ငန်းမှာ စက်ကိရိယာတွေကို အစားထိုး သုံးစွဲလာပေမယ့်လည်း စက်သုံးဆီ အခက်အခဲနဲ့ရင်ဆိုင်နေရပုံကို ရန်ကုန်မြို့စွန်က လယ်သမားတစ်ဦးက အခုလို ပြောပါတယ်။

“စက်သုံးဆီ ဝယ်ရတာ လယ်သမားတွေအတွက် တော်တော်ကိုဒုက္ခရောက်တယ်။ အခုအစိုးရက ပန့်ဆိုင်တွေမှာ ဝယ်မယ်ဆိုရင် ၆ သိန်းကျော်ကျော်လောက်ပဲ ရှိတယ်။ အခု ကျွန်တော်တို့ ဝယ်သုံးနေရတာ အောက်ဆိုက်နဲ့ပဲ ဝယ်သုံးလို့ ရတယ်လေ။ ၇ သိန်းကျော် ဝယ်ရတယ်။ ကျွန်တော် ပထမပိုင်း ဝယ်ရတာဆိုရင် ၉၅ ထိတောင် ပါတယ်။ တစ်ပေပါကို ဆိုရင် အပြင်ဈေးနဲ့က တစ်သိန်းကျော်လောက်က အနည်းဆုံး ဟတယ်။ သူတို့ လုပ်နေတဲ့ သတ်မှတ်ဈေးတွေ လုပ်နေတာ ကျွန်တော်တို့ လယ်သမားတွေအတွက် မှောင်ခိုဈေးကွက်လိုပဲ။ သူတို့ သတ်မှတ်လိုက်တာနဲ့ မှောင်ခိုဈေးကွက်တစ်ခုရယ်လို့ ဖြစ်ပေါ်လာတာပဲ”

ဆိုးရွားတဲ့ ရာသီဥတုကြားမှာ အချိန်ခါမီ စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ကုန်ထုတ်လမ်းတွေ၊ ရေနုတ်မြောင်းတွေမရှိတဲ့ သမားရိုးကျ လယ်ယာမြေတွေမှာ မိုးအခါမှာ ရေကြီး နစ်မြုပ်သလို မိုးမရွာတဲ့အခါမှာလည်း အောင်ရေ သွင်းစရာ စိုက်ပျိုးရေမရတဲ့ အခက်အခဲတွေ ဖြစ်လာပါတယ်။

ဒါ့အပြင် လုပ်သား ရှားပါးပြီး ကြဲပက်စိုက်ပျိုးရတဲ့အတွက် ပိုးမွှားနဲ့ ရောဂါတွေ အပြင် ပေါင်းပင်တွေကလည်း စပါးနဲ့အပြိုင်ပေါက်ရောက်လာပြီး အဲဒါတွေကို နှိမ်နင်းကာကွယ်ဖို့အတွက် ကုန်ကျစရိတ်တွေလည်း ပိုများလာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းက ဆန်စပါးဈေးကို ကန့်သတ်ထိန်းချုပ်လိုက်ပြီး ဆန်စပါးလုပ်ငန်းရှင် ၁၁ ဦးကို အရေးယူ ထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်လိုက်ပေမယ့်လည်း မြို့ကြီး‌တွေမှာ ဆန်ဈေးက ကန့်သတ်ဈေးနဲ့မဟုတ်ဘဲ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ ရောင်းဝယ်နေကြပေမယ့် စပါးဈေး ကတော့ ဈေးကွက်ပေါက်ဈေး မဟုတ်ဘဲ ကန့်သတ်ရည်ညွှန်းဈေးနဲ့ သိပ်မကွာဘဲ ဝယ်ယူလာကြတာ ဖြစ်ပါတယ်။

ဒါကြောင့် စပါးပေါ်ချိန်မှာ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်မရှိဘဲ စပါးဈေးကို ကန့်သတ်ထားတဲ့အတွက် စပါးစိုက်ရတာ စိတ်နာစရာကောင်းတယ်လို့ လယ်သမားတွေက ဆိုပါတယ်။

“ကောင်းတာပေါ့။ ကောင်းတာပေါ့။ မရှောင်နိုင်လို့သာ။ တကယ်လို့သာ လယ်အားလုံးကို ဝယ် မယ့်လူ ရှိတယ်။ လယ်တစ်ဧက ဒီဘက်ပေါက်ဈေး သိန်း ငါးဆယ် ထား၊ လယ် ဆယ်ဧက ရှိတဲ့လူက သိန်းငါးရာ ယူသွားမယ်။ သိန်းငါးရာကို ဒီပြင်နေရာမှာ ရင်းလို့ရရင် ရင်းမှာ။ ဒါမယ့် ဒီပြင်စီးပွားရေးက ဘာလုပ်ရမလဲ မသိဘူး။ အဲဒီလို”

(လက်ရှိ ၂၀၂၄ မိုးစပါးရာသီအတွင်းပျက်စီးသွားသော စပါးစိုက်ခင်းတစ်ခုအား တွေ့ရစဥ်)
Share:

No comments:

Post a Comment