(သတင်းဆောင်းပါး)
ရွှေညာမောင် ( Radio NUG ) နိုဝင်ဘာ ၁၃၊ ၂၀၂၄
တိုးရစ်ဇင်ကနေ တောင်သူပြန်ဖြစ်
ပုဂံမြို့ဟောင်းက ထီးလိုမင်းလိုဘုရားအနီးက ယာခင်းမှာ ပိုးသတ်ဆေးဖျန်းဖို့ ပြင်ဆင်နေတဲ့ တောင်သူ မိသားစုကို ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက တွေ့မြင်ခဲ့ရပါတယ်။ မြို့ဟောင်းထဲက နှမ်းခင်းတွေ၊ ဘူးခင်းတွေ၊ ပဲခင်းတွေအပြင် ဘုရားကြိုဘုရားကြားက မြေကြီးလမ်းတွေပေါ်မှာ နွားကျောင်းနေတဲ့ တောင်သူတွေကို တွေ့ မြင်ရလေ့ရှိပေမယ့် ပိုးသတ်ဆေးဖျန်းဖို့ ပြင်နေတဲ့ တောင်သူကတော့ အခြားတောင်သူတွေနဲ့မတူဘဲ အသွင်အပြင် ထူးခြားနေပါတယ်။ သူကတော့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကို ဆယ်စုနှစ်မက ခြေစုံပစ်ဝင် သွားတဲ့ တောင်သူဟောင်းတစ်ဦး ဖြစ်ပြီး အခုချိန်မှာ တောင်သူလုပ်ငန်းကို ပြန်လည်လုပ်ကိုင်လာသူ ဖြစ်ပါတယ်။ ယာမြေကို ဆယ်စုနှစ်ကျော် ခြေမဆင်းခဲ့တဲ့ တောင်သူဟောင်းက ဘာကြောင့် ယာခင်းထဲ ပြန်လာရတယ်ဆိုတာ အခုလို ပြောပါတယ်။
“တိုးတက်မှုကတော့ မရှိပါဘူး။ ပုဂံကတော့ Tourism မှီစားနေရတာဆိုတော့ Tourism မရှိတဲ့အတွက်က ကျွန်တော်တို့ဆိုရင် ဒီလုပ်ငန်းတွေဆိုရင်(စိုက်ပျိုးရေး) ၁၀ နှစ်၊ ၁၅ နှစ်လောက်က ကျွန်တော် တို့ မလုပ်ဘဲ ထားထားတာ၊ အခုက နိုင်ငံရေးအခြေနေကြောင့် နောက် Tourism အသွားအလာမရှိတော့ ကိုယ့်တောင်သူအလုပ်ကို ပြန်လုပ်ရတာဆိုတော့ သိပ်ပြီးတော့ ကျေနပ်အားရမှု မရှိဘူးပေါ့ဗျာ။ ဘာလို့ တုံးဆိုတော့ ဝင်ငွေမှာကျတော့ ကျွန်တော်တို့က အခုက ဒါဆိုရင် ဝမ်းစာလောက်ပဲ မှီခိုအားထားရတာ။ အဲဒီလိုပဲ ရှိတာပေါ့။ ကျွန်တော်တို့ ၂ ရာသီပေါ့၊ ၂၀၂၃ - ၂၀၂၄ မှာပြန်လုပ်။ ၂၀၂၁ - ၂၀၂၂ မှာတော့ နိုင်ငံရေးပြန်ကောင်းမလားဆိုပြီး ရှိတာလေး ထိုင်စားတာပေါ့။ နောက်ပိုင်းကျတော့ သိပ်အဆင်မပြေတော့ကျ ကိုယ် ဒီလုပ်ငန်းကလည်း မျှော်ကိုးလို့ မရတော့ ရှိတာလေး တောင်သူလုပ်ငန်းကို လုပ်ကိုင် စားသောက်ရတာပေါ့”
လုပ်စားပြန်တော့လဲ မိုးတွေကခေါင်
ယာထဲ ဆင်းသလောက် မပင်ပန်းဘဲ အရိပ်ထဲမှာ သပ်သပ်ရပ်ရပ် စီမံခန့်ခွဲ လုပ်ကိုင်ရတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကနေ ယာထဲ ပြန်ဆင်းကြရတဲ့အခါ ဆည်မြောင်း၊ ကန်ချောင်း မရှိကြတဲ့ ပုဂံတောင်သူဟောင်းတွေမှာ မိုးခေါင်တာ၊ မိုးလွန်တာ စတဲ့ စိုက်ပျိုးရေးပြဿနာကို အကြီးအကျယ် ရင်ဆိုင်လာရပါတယ်။ လက်ရှိ ၂၀၂၄ စိုက်ပျိုးရာသီမှာ ရှေးယခင်ကထက် မိုးရွာဖို့ ၃ လ နောက်ကျခဲ့ရတဲ့အတွက် ပထမ စိုက်ပျိုးထားတဲ့ သီးနှံတွေ ပျက်စီးပြီး အသစ်ပြန်စိုက်ရတာ၊ အဓိက အားထားစိုက်ပျိုးတဲ့ ပဲစင်းငုံတွေက သက်တမ်းရှည်ပေမယ့်လည်း မိုးခေါင်ရာကနေ အချိန်ခါမီ ရေမရလို့ အပင်တွေ ကြီးမလာတော့ဘဲ ပွင့်နိုင် သီးနိုင်ဖို့ အခက်အခဲ ဖြစ်လာပါတယ်။ မိုးမရလို့ အပင်မဖြစ်ထွန်းတော့တဲ့ အခက်အခဲကို ယာထဲ ပြန်ဆင်းလာတဲ့ အဆိုပါ တောင်သူက ဖြည့်စွက်ပြောပါတယ်။
“မိုးခေါင်တယ်ဆိုတာ များသောအားဖြင့် ကျွန်တော်တို့ ဒီ ပဲစင်းငုံဆိုတာ ဇူလိုင်လမှာ စိုက်ရတာ၊ ဇူလိုင်ဆိုတော့ ဩဂုတ်၊ စက်တင်ဘာမှာ မိုးက လုံးလုံးမရွာဘူး။ ဇွန်၊ ဇူလိုင် ဆိုတာ၊ ဇွန်လလယ် ဆိုရင်ကို ပဲ စင်းငုံတွေက စကြဲပြီ။ မိုးက ဇွန်လဆိုရင် မိုးဦးရာသီလို့ ခေါ်တယ်လေ။ ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ဆိုတာ မိုးလယ်ကို ခေါ်တာကိုး။ အဲဒီမှာ ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်၊ ဩဂုတ်မှာ မိုးက လုံးလုံးမရွာဘူး။ အခြားနေရာတွေမှာ ရွာတယ်။ ကျွန်တော်တို့က ခါးဝတ် တစ်စိုလောက် ကျွန်တော်တို့က ရွာတယ်ဆိုရင် ဒီပဲစင်းငုံက သေချာပေါက် မသေဘူး။ ဒီပဲစင်းငုံတွေက အပူဒဏ် တော်တန်ခံနိုင်တယ်။ မိုးကို လုံးလုံးမရွာလို့ ဒီပဲစင်းငုံတွေက ပျက်စီးရတာ”
စစ်ပြေးနေရပြီဖြစ်တဲ့ ဧည့်ခရီးသည်တွေ ပြန်မလာနိုင်တော့ပါ
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့လူဦးရေ ၆ သန်းဟာ စစ်ပြေးဒုက္ခသည်တွေ ဖြစ် လာတဲ့အခါ ကမ္ဘာ့အမွေအနှစ်ဒေသဖြစ်တဲ့ ပုဂံဒေသမှာ ပြည်ပခရီးသွားတွေ မလာရောက်နိုင်တော့ပါဘူး။ ခရီးသွားလုပ်ငန်းကို မှီခိုနေကြရတဲ့ ပုဂံဒေသခံတွေဟာ ခရီးသွားလုပ်ငန်းကို အမှီပြုထားတဲ့ ဈေးရောင်းဈေးဝယ် ဝန်ဆောင်မှုလုပ်ငန်းတွေ၊ အငှားယာဥ်ဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ကျပန်း အလုပ်အကိုင် အတော်များများလည်း ရပ်ဆိုင်းကုန်ပါတယ်။ ဒါကြောင့် ငွေအရင်းအနှီး သိန်း လေး ငါးဆယ်မျိုး ကျန်တဲ့သူတွေက ယာထဲ ပြန်ဆင်းနိုင်ပေမယ့် အရင်းအနှီးမရှိသလောက် နည်းပါးသူတွေက အိမ်တွေ၊ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ မလွတ်တဲ့ ထနောင်းပင်တွေကို လိုက်လံခုတ်ယူပြီး ထင်းပေါက် ရောင်းရတဲ့အထိ ဖြစ်လာပါတယ်။ မင်းအိုချမ်းသာဘုရားအနီးမှာ ထင်းပေါက်ရောင်းနေသူ အမျိုးသားတစ်ဦးကို မိသားစုစီးပွားရေး အဆင်ပြေရဲ့လား မေးတဲ့အခါ အခုလို ပြန်ပြောပါတယ်။
“ဘယ်အဆင်ပြေပါ့မလဲဗျာ။ အခုက အလုပ်သာလုပ်နေရတာ ကိုယ့်ထမင်း စားဝတ်နေရေး လုပ်နေရပေမယ့် ဘယ်လို ပြောမရဘူး။ ကိုယ့်နောက်ကျောကိုယ် မလုံဘူးပေါ့ဗျာ။ သွားရလာရတာရော၊ နေရ ထိုင်ရတာရော။ လုပ်ငန်းကိုင်ငန်းကလည်း အရင်လို မပေါများဘူးပေါ့။ အရင်ဆို ပန်းရန်၊ ဧည့်သည်အများကြီး ပေါများတာပေါ့။ မြင်းလှည်း။ ခုကျတော့ ဘာမှမရှိဘူးလေ။ ပန်းရန်သမားတွေဆို နားနေရတဲ့လူတွေ များတယ်။ ကျန်တာ မကြည့်နဲ့၊ ကျုပ်တို့ စားသောက်ဆိုင်တို့ ဘာတို့ အလုပ်လုပ်တယ်။ အခု ပင်ပင်ပန်းပန်း ထင်းလုပ်နေရတာလေ။ အဲ့လို ကွာသေးတာကိုး”
ခရီးသွားလုပ်ငန်းတွေ ကျဆင်းလာတာနဲ့အမျှ အလုပ်အကိုင် ရှားပါးလာတဲ့ ပုဂံသားတွေမှာ မိသားစု စားဝတ်နေရေးက တစ်ဖက်၊ အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့်လည်း မိမိတို့ရဲ့ တူ သား မြေး မြစ်တွေအတွက် စိုးရိမ်ကြောင့်ကြနေရသလို သွားလာရေးတွေမှာလည်း စိုးရိမ်စိတ်နဲ့အတူ အကန့်အသတ်တွေ ဖြစ်လာပါတယ်။ ဒီအခြေအနေကို အိမ်မှာ ပိတ်ပန်းချီဆွဲရင်း တစ်နေ့ကို ဝင်ငွေ နှစ်သောင်းလောက် ပုံမှန် ရရှိခဲ့သူက အခုဆိုရင် ပုဂံမြို့ဟောင်းကို ဖြတ်သန်းသွားတဲ့ ညောင်ဦး-ချောက် ကားလမ်းနံဘေးမှာ တစ်နေ့ကို ဝင်ငွေ သုံး၊ လေးထောင် ပုံမှန် မရရှိတော့တဲ့ ပိတ်ပန်းချီဆရာတစ်ဦးက စိုးရိမ်စိတ်တွေ ဖြစ်နေရပုံကို အခုလို ပြောပါတယ်။
“ဖြစ်တာပေါ့။ ဖြစ်တာပေါ့ ဆိုတာ ကိုယ့်အိမ်မှာ တူတွေ၊ ညီတွေ ရှိနေတာက အမြဲတမ်း စိတ်ပူပင် ပင်ပန်းနေရတာပဲ။ ကျောင်းတက်တဲ့အရွယ်နဲ့ ဟိုဟာနဲ့ လုပ်နေရတာနဲ့ ကျွန်တော်တို့ထက် စိတ်ညစ်တာကတော့ မိဘတွေပေါ့။ ဖြစ်လည်း ဘယ်လိုပြောရမှာလဲ၊ ငှားရမ်းဖို့ ပိုက်ဆံဆိုတာလည်း မလွယ်ဘူးလေ။ ကိုယ့်အိမ်မှာ မဲပေါက်လို့ လိုက်ရမယ် ဆိုရင်တောင်မှ ပိုက်ဆံရှိတဲ့သူက ပြန်ငှားပြီးတော့ ထည့်လို့ ရတယ်။ ကိုယ်က အဲဒီလိုမျိုးလည်း ငှားနိုင်တဲ့ အတန်းထဲလည်း မပါတော့ ဖြစ်တဲ့အလျောက်ပဲ ဖြစ်သလိုပဲ။ အဲဒီလိုချည်းတော့ စိတ်ထဲတော့ တွေးတော့မထားဘူးပေါ့။ သူများတွေလိုလည်း နိုင်ငံခြားမပို့နိုင်ဘူး”
အမွေအနှစ်တွေကိုယ်တိုင် စောင့်ရှောက်ရာမဲ့
မြန်မာတို့ရဲ့ ရှေးအမွေအနှစ်ဟောင်းဖြစ်တဲ့ ပုဂံမှာရှိတဲ့ ၃၈၀၀ သော ဘုရားအဆူဆူမှာ အမွေအနှစ်တွေ ရှိကြောင်း ဖော်ပြပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ်ကော်မတီမှာ လျှောက်ထားခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကထဲက ပုဂံကို မှီခိုနေတဲ့ ဒေသခံတွေရဲ့ အဓိကအသက်မွေးလုပ်ငန်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းအပြင် အခြားသက်မွေးလုပ်ငန်းကို ပြင်ဆင်ထားဖို့ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။ ရှေးအစဥ်ကတည်းက ရှိခဲ့တဲ့ မိရိုးဖလာလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အမွေအနှစ်တွေကို မထိခိုက်ဘဲ ဆက်လက်လုပ်ကိုင် နိုင်အောင် ပုဂံအတွက် သီးသန့်ရည်ရွယ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာတွေ ထုတ်ပြန်ဖို့ အကြံပေးခဲ့ကြပေမယ့် အခုချိန်ထိ ထွက်ရှိလာတာ မရှိသေးပါဘူး။ ဒီအခြေနေနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသနပညာ ကျွမ်းကျင်သူ ပညာရှင်တစ်ဦးက အခုလို ပြောပါတယ်။
“ပုဂံက ကျွန်မတို့ ကမ္ဘာ့အမွေအနှစ် ပြင်ဆင်ကာလကတည်းက ပြောဆိုဆွေးနွေးခဲ့တာ ရှိပါတယ်။ အဲဒါ ဘာလဲဆိုတော့ ခရီးသွားလာရေးနဲ့ပတ်သက်ပြီးတော့ ဝင်ငွေအများဆုံး ရှာနိုင်တယ်ပေါ့နော်။ အဲဒီတော့ ဒေသခံတွေရော၊ ဆက်စပ်ပတ်သက်နေတဲ့ လူတွေအားလုံးက ပုဂံရဲ့ ခရီးသွားလုပ်ငန်းပေါ်မှာ တည်မှီနေတာ များတယ်။ သို့သော်လည်းပဲ အကြောင်းအခြေအနေအရပ်ရပ်ကြောင့် ခရီးသွားလုပ်ငန်း ဆိုတာသည် တစ်ခါ တလေကျရင် ရပ်ဆိုင်းသွားတာ၊ တုံ့နှေးသွားတာတွေ ရှိနိုင်ပါတယ်။ အဲဒီလိုအခါမျိုးမှာ နောက်ခံအစီအစဥ် Backup အစီစဥ်တစ်ခုက ရှိဖို့ လိုအပ်ပါတယ်။ အဲဒီလို လိုအပ်တဲ့အတွက်ကြောင့်မို့လို့ ပုဂံဆိုလို့ရှိရင် အစကတည်းက ယာစိုက်တယ်။ ခရီးသွားလုပ်ငန်းတွေ မဖွံ့ဖြိုးခင်ကတည်းက ယာစိုက်တယ်။ ပုဂံရဲ့ မြေပဲဆိုရင် အခြားဒေသနဲ့ မတူတဲ့ ထူးခြားထင်ရှားတဲ့ အရသာနဲ့ ပိုကောင်းမွန်မှုတွေလည်း ရှိပါတယ်။ နိုင်ငံခြားသားတွေလည်း အများကြီး ကြိုက်ကြပါတယ်။ အဲဒီလိုမျိုး ကိုယ်က မြေပဲတို့၊ နှမ်းတို့၊ ဆီထွက်သီးနှံတွေကို စိုက်နိုင်တယ် ဆိုရင်လည်း ဒါတွေကိုလည်း သေသေချာချာ စိုက်ပြီးတော့မှ မြန်မာနိုင်ငံမှာလည်း ဆီသုံးစွဲမှုက အမြဲတမ်း လိုအပ်နေတာပဲဖြစ်တဲ့အတွက်ကြောင့် ဆီထွက်သီးနှံတွေကို သေသေချာချာ စိုက်ပြီးတော့ ကိုယ့်ရဲ့ စီးပွားရေးကို မြှင့်တင်ဖို့လိုတယ်”
စျေးကိုတောင် မဲနှိုက်ပြီး ရောင်းနေရပြီ
ပုဂံဘုရားက ဈေးသည်တွေကတော့ ကျဆင်းလာတဲ့ ခရီးသွားလုပ်ငန်းကြား မိမိတို့ စားဝတ်နေရေး ပြေလည်ဖို့အတွက် နေ့စဥ် လာရောက်တဲ့ ဘုရားဖူးအရေတွက်အလိုက် တစ်ဦးချင်းစီ မဲနှိုက်ပြီး အလှည့်ကျ ရောင်းချကြဖို့ အချင်းချင်း အထိအခိုက်မရှိဘဲ စားဝတ်နေရေးပြဿနာကို ဖြေရှင်းဖို့ သဘောတူထားကြပါတယ်။ အကျပ်အတည်းကြားမှာ ကြံ့ကြံ့ခံ ရင်ဆိုင်လာတဲ့ ပုဂံသူ၊ ပုဂံသားတွေဟာ ရှေ့ဆက်ပြီးတော့လည်း ရင်ဆိုင်ရမှာဖြစ်တယ်လို့ စိုးမင်းကြီးဘုရားမှာ ဈေးထွက်ရောင်းတဲ့ ပုဂံသူတစ်ဦးက ဆိုပါတယ်။
“ရှေ့လျှောက်ကတော့ ဒီလိုပါပဲ ကိုယ့်ဟာကိုယ် ဈေးရောင်းရရင် ရောင်းရတာနဲ့စားရမှာပေါ့။ မရောင်းရရင် ကိုယ့်ရှိတဲ့ဟာလေး ဖြုတ်စားရမှာပေါ့။ ဒါပဲရှိတယ်။ စိုးရိမ်တာတေ့ာ ဘယ်လိုပြောရပါ့မလဲ။ ဖြစ်သမျှ အကြောင်းခံရမှာပဲ။ ရင်ဆိုင်ရမှာပေါ့။ အဲ့လိုပဲ ပြောရမယ်။ ကိုယ်တွေ့တဲ့ဟာ ရင်ဆိုင်ရမှာပေါ့”
စစ်ကောင်စီလက်အောက်မှာ ပုဂံခေတ်ပျက်နေပြီလား
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ခေတ်သစ်ပုဂံသားတွေဟာ ဘယ်တုန်းကနဲ့မှ မတူတဲ့ အတိဒုက္ခမျိုးစုံကို ရင်ဆိုင်နေကြရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က နိုင်ငံတကာ ခရီးသွားတွေအတွက် ထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်နိုင်တဲ့ ဒေသတွေကို အကြမ်းဖက်စစ်တပ်က ဖော်ပြရာမှာ ပုဂံဒေသလည်း ပါဝင်ခဲ့ပေမယ့်် ပြည်ပခရီးသွားတွေ မျှော်မှန်းသလို ရောက်မလာခဲ့ပါဘူး။
အကြမ်းဖက်စစ်တပ်အနေနဲ့ ခရီးသွားလုပ်ငန်းအပေါ်မှာ အလုံးစုံမှီခိုထားပြီး ပုဂံကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ပုဂံသားတွေအတွက် အခုလို ခရီးသွားလုပ်ငန်း ပျက်စီးချိန်မှာ အစားထိုး အသက်မွေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ တစ်စုံတစ်ရာ စီစဥ်ဆောင်ရွက်တာမျိုးကိုလည်း မတွေ့ ရှိရပါဘူး။ မြန်မာ့နယ်နိမိတ်ကို ကျော်လွန်ပြီး ကမ္ဘာကတောင် ရှေးအမွေအနှစ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတော့်မျက်နှာလို့လည်း တင်စားလို့ရတဲ့ ပုဂံဒေသဟာ နှောင်းလူတွေကြောင့် အခုထက်ပိုပြီး ထိခိုက်တာတွေ မဖြစ်ရအောင်နဲ့ နောက်လာမယ့် မျိုးဆက်တွေအတွက်လည်း ပုဂံအမွေအနှစ်ကို ဆက်လက် လက်ဆင့်ကမ်းနိုင်ဖို့ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
(ဓာတ်ပုံ - ပုဂံမြိုဟောင်းတောင်ဘက်စွန်းရှိ လောကနန္ဒာစွယ်တော်ဘုရားအနီး မြစ်ငါးလှည့်လည်ရောင်းချနေသူ အဖွားအိုအား ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလဆန်းတွင် တွေ့ရစဥ်)
No comments:
Post a Comment