၂၀၂၄ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အုပ်စုဟာ တရားမဝင်အာဏာရယူထားတာဖြစ်လို့ ရွေးကောက်ပွဲကို ဦးစီးကျင်းပပိုင်ခွင့်မရှိဘူးလို့ NUG နဲ့ NUCC ပူးတွဲ ထုတ်ပြန်
📌 ၂။ အကြမ်းဖက်စစ်အုပ်စုအပါအဝင် ပြင်ပအင်အားစုတခုခုက မြန်မာနိုင်ငံရေးကံကြမ္မာကို ဝင်ရောက်ချယ်လှယ် ဆုံးဖြတ် တာကို လက်မခံဘူးလို့ NUG နဲ့ NUCC ပြော
📌 ၃။ တရုတ်နိုင်ငံတွင် အလုပ်လုပ်မည့် အလုပ်သမား ၅၀၀ ကျော် မူဆယ်မှာ ပိတ်လှောင်ထားခံရ
📌 ၄။ တီးတိန်မြို့နယ် စီယင်းဒေသမှာရှိတဲ့ ဘိန်းစိုက်ခင်း ၃ ဧကခန့်ကို CDF CDM SIYIN တပ်ဖွဲ့ ဖျက်ဆီး
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ချောင်းဦးမြို့တွင်းကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မုံရွာ -မန္တလေးလမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားတဦး သေဆုံး
🚩 ၂။ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီသတင်းပေးတဦးကို ပစ်ခတ်ရှင်းလင်း
🚩 ၃။ မိုးကုတ်မြို့နယ် ၇ မိုင်ကျေးရွာက အိမ်တလုံး ဓားပြတိုက်ခံရ
🚩 ၄။ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် စစ်ဖက်ရေးရာလုံခြုံရေးတပ်က စစ်သား၂ ဦး လက်နက်နဲ့တကွ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အုပ်စုဟာ တရားမဝင်အာဏာရယူထားတာဖြစ်လို့ ရွေးကောက်ပွဲကို ဦးစီးကျင်းပပိုင်ခွင့်မရှိဘူးလို့ NUG နဲ့ NUCC ပူးတွဲ ထုတ်ပြန်
ဒီဇင်ဘာလ ၂၅ရက်။
အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင်အာဏာရယူထားတာဖြစ်လို့ ရွေးကောက်ပွဲကို ဦးစီးကျင်းပပိုင်ခွင့်မရှိဘူးလို့ NUG နဲ့ NUCC တို့က ပူးတွဲထုတ်ပြန်ကြေညာလိုက်ပါတယ်။
စစ်အုပ်စုအနေနဲ့ နိုင်ငံတော်အာဏာကို ဆက်လက်ရယူနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်မယ့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့က ပူးတွဲ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ပြည်သူလူထုအသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့တဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဟာ ယနေ့ကာလအထိ တရားဝင်ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို ဥပဒေမဲ့ အဓမ္မဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကို တရားမဝင်ရယူဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲတရပ်ကို ဦးစီးကျင်းပပိုင်ခွင့် မရှိကြောင်းနဲ့ ပြုလုပ်ခဲ့မယ်ဆိုရင်လည်း ဒီရွေးကောက်ပွဲဟာ မြန်မာစစ်တပ်က အာဏာဆက်လက်ရယူနိုင်ရေးအတွက် ဟန်ပြပြုလုပ်မယ့် တရားဝင်မှုမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ NUG နဲ့ NUCC က ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာကတည်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပါ ပြဌာန်းချက် တွေကို ချိုးဖောက်ခဲ့ပြီးဖြစ်တာကြောင့် ဒီအခြေခံဥပဒေဟာလည်း ပျက်ပြယ်ခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကလည်း ပြည်သူလူထုလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ်ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့အတွက် ပြည်သူလူထုထောက်ခံတဲ့ နိုင်ငံရေးပါတီတွေဟာ ယခုအချိန်ထိ နည်းလမ်းပေါင်းစုံနဲ့ မတရားဖိနှိပ်ခံနေရတာမျိုးတွေ ကြုံတွေ့နေရတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုအပါအဝင် ပြင်ပအင်အားစုတခုခုက မြန်မာနိုင်ငံရေးကံကြမ္မာကို ဝင်ရောက်ချယ်လှယ် ဆုံးဖြတ် တာကို လက်မခံဘူးလို့ NUG နဲ့ NUCC ပြော
ဒီဇင်ဘာလ ၂၅ရက်။
အကြမ်းဖက်စစ်အုပ်စုအပါအဝင် ပြင်ပအင်အားစုတစ်ခုခုက မြန်မာနိုင်ငံရေးကံကြမ္မာကို ဝင်ရောက်ချယ်လှယ်တာနဲ့ အဆုံးအဖြတ်ပေးတာကို လက်ခံမှာမဟုတ်သလို မြန်မာနိုင်ငံရဲ့ ခေတ်ပြောင်း စနစ်ပြောင်းတော်လှန်ရေးကို မြန်မာပြည်သူ လူထု လိုလားလက်ခံတဲ့ပုံစံနဲ့သာ မြန်မာတွေကိုယ်တိုင် ကမကထပြု ဆောင်ရွက်သွားမယ်လို့ NUG နဲ့ NUCC က အတည် အလင်း ပြောဆိုလိုက်ပါတယ်။
စစ်အုပ်စုအနေနဲ့ နိုင်ငံတော်အာဏာကို ဆက်လက်ရယူနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်မယ့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့က ပူးတွဲ ကြောညာချက်တစောင်ထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနှံ့ဖြစ်ပေါ်နေတဲ့ ခုခံတွန်းလှန်စစ်နဲ့ ထိုးစစ်တွေကြောင့် စစ်ဘေးရှောင်ဦးရေ တိုးပွားနေသလို မြို့ရွာအသီးသီး မှာလည်း အသက် ၁၈ ကနေ ၃၅ အတွင်းမှာရှိတဲ့ လူငယ်တွေကို အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးပြီး အဓမ္မ စစ်မှု ထမ်းခိုင်းနေတာတွေကြောင့် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ဆိုပါတယ်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေက မြို့နယ်ပေါင်း ၉၀ ကျော် သိမ်းပိုက်ထားပြီး ဧရိယာအားဖြင့် တနိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီလို့လည်း အသိပေးထားပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်ခဲ့တဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာလည်း မြို့နယ် ၈၀ ခန့်ကိုသာ ဆောင်ရွက်နိုင်ခဲ့တာကိုတွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုကို လက်နက်အားကိုးနဲ့ခြိမ်းခြောက်ပြီး အဓမ္မမဲထည့်ခိုင်းမယ့်အပြင် မသမာတဲ့ နည်းလမ်းပေါင်းစုံနဲ့ မဲစာရင်းနဲ့မဲရလဒ်တွေ လိမ်လည်လုပ်ဆောင်နိုင်မယ့်အခြေအနေ၊ ဂုဏ်သိက္ခာရှိပြီး လွတ်လပ်တဲ့ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်ရေးလုပ်ငန်းစဉ်တွေ မဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးမှာ အဓမ္မ ကျင်းပ မယ့် ရွေးကောက်ပွဲဟာ ဟန်ပြရွေးကောက်ပွဲသာ ဖြစ်လာလိမ့်မယ်လို့ NUG နဲ့ NUCC က ထောက်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုထိန်းချုပ်ထားတဲ့ အဖွဲ့အစည်းတခုခုက အတုအယောင်ရွေးကောက်ပွဲတခု ကျင်းပလိုက်ရုံနဲ့ မြန်မာ့ နွေဦးတော်လှန်ရေးဟာ ရပ်တန့်သွားမည်မဟုတ်သလို ဒီနည်းလမ်းဟာ မြန်မာ့ပြဿနာရဲ့ ထွက်ပေါက်လည်းမဟုတ်ဘူးလို့ ဆိုပါတယ်။
စစ်တပ်က နိုင်ငံရေးမှာပါဝင်နေသမျှ ပြည်သူလူထုလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပန်းတိုင်နဲ့ အလှမ်းဝေးနေ ဦးမှာဖြစ်ပြီး ပြည်သူ့တော်လှန်ရေးကလည်း အရှိန်အဟုန်နဲ့ ဆက်လက်တည်ရှိနေမယ်လို့ ထပ်ပြီး အသိပေးထားပါတယ်။
ဒါကြောင့် နွေဦးတော်လှန်ရေးက ပြဌာန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်နဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုဖော်ဆောင်နိုင်ရေးအတွက် မြန်မာပြည်သူလူထုကိုယ်တိုင် ရွေးချယ်တဲ့နည်းလမ်းတွေအတိုင်း အောင်မြင်တဲ့အထိ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ တရုတ်နိုင်ငံတွင် အလုပ်လုပ်မည့် အလုပ်သမား ၅၀၀ ကျော် မူဆယ်မှာ ပိတ်လှောင်ထားခံရ
ဒီဇင်ဘာလ ၂၅ရက်။
တရုတ်နိုင်ငံမှာ အလုပ်သွားလုပ်မယ့် အလုပ်သမား ၅၀၀ ကျော်ဟာ မြန်မာ-တရုတ်နယ်စပ်က စစ်ကောင်စီကထိန်းချုပ်ရာ မူဆယ်မြို့မှာ ပိတ်လှောင်ထားခံရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ်လုပ်ရမယ်ဆိုပြီး ပွဲစားတွေခေါ်ယူထားတဲ့ အလုပ်သမားတွေ အလုပ်မရဘဲ တအာင်းပြည် တပ်မဟာ-၁ နယ်မြေမှာပါတဲ့ မူဆယ်မြို့တွင်းမှာ ပိတ်မိနေပြီး အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်းစျေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာပြည် အောက်ပိုင်းက ပြည်သူတွေကို တရုတ်နိုင်ငံမှာ အလုပ်ကောင်းကောင်းနဲ့ လစာကောင်းကောင်းရမယ်ဆိုပြီး ပွဲစားတွေက တဆင့် မက်လုံးပေးအယုံသွင်းပြီး ခေါ်ယူထားတဲ့သူတွေလို့ အသိပေးထားပါတယ်။
ပွဲစားတွေခေါ်ဆောင်ထားတဲ့သူတွေထဲမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတွေ အများဆုံးပါဝင်နေပြီး မူဆယ်မြို့တွင်း မှာရှိတဲ့ သိန်းသန်းချီ ကားကြီးကွင်းဂိုဒေါင်မှာ ပိတ်လှောင်ခံထားရတဲ့အပြင် ရပ်ကွက်အချို့မှာရှိတဲ့ ဂိုဒေါင်တွေမှာလည်း ပိတ်လှောင်ခံထားရတယ်လို့ သိရပါတယ်။
ပိတ်လှောင်ခံထားရသူတွေဟာ ၃ လကျော်ကြာရှိနေပြီး အလုပ်ပွဲစားက အစားအသောက်ပုံမှန်မကျွေးတဲ့အပြင် နေရပ်ပြန်မယ့်သူတွေကို လျော်ကြေးအနေနဲ့ ကျပ်သိန်း ၆၀ တောင်းနေတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က အသိပေးထားပါတယ်။
အခုလို ပိတ်လှောင်ခံထားရသူတွေထဲမှာ ထွက်ပြေးလွတ်မြောက်လာသူအချို့ရှိပြီး ကျန်ရစ်နေသူတွေဟာ လွတ်မြောက်ဖို့ အကူအညီမဲ့နေတယ်လို့လည်း သိရပါတယ်။
ဒီလိုအဖြစ်မျိုးတွေမကြုံရအောင် လူငယ်လူလတ်ပိုင်းတွေအနေနဲ့ သတိထားဖို့လိုအပ်ပြီး တရုတ်နိုင်ငံကို အလုပ်သွားလုပ် မယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ဆွေမျိုး ဒါမှမဟုတ် မိတ်ဆွေတွေရှိမှသာ သွားသင့်တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အကြံပြုထားပါတယ်။
========================
📌📌 ၄။ တီးတိန်မြို့နယ် စီယင်းဒေသမှာရှိတဲ့ ဘိန်းစိုက်ခင်း ၃ ဧကခန့်ကို CDF CDM SIYIN တပ်ဖွဲ့ ဖျက်ဆီး
ဒီဇင်ဘာလ ၂၅ရက်။
ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်းက စီယင်းဒေသမှာ စိုက်ပျိုးထားတဲ့ ဘိန်းစိုက်ခင်း ၃ ဧကခန့်ကို ဖျက်ဆီးခဲ့တယ်လို့ CDF CDM SIYIN က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့ကလုပ်တဲ့ ချင်းပြည် စီယင်းဒေသ CDF CDM SIYIN ရဲ့ အစည်းအဝေးဆုံးဖျက်ချက်အရ ဒေသတွင်းရှိ ဘိန်းခင်း ၃ ဧကခန့်ကို CDF CDM SIYIN ရဲဘော်တွေ ဖျက်ဆီးခဲ့တာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဘိန်းခင်းတွေကိုလည်း ဆက်လက်ဖျက်ဆီးသွားမယ်လို့ ဆိုပါတယ်။
ဘိန်းခင်းပိုင်ရှင်တွေဟာ အရပ်သားပြည်သူတွေဖြစ်ပြီး နိုင်ငံရေးအခြေအနေအရ စားဝတ်နေရေး ခက်ခဲလွန်းတာကြောင့် စိုက်ပျိုးရတာပါလို့ ပြောဆိုကြပေမယ့် နိုင်ငံရေးမတည်မငြိမ်မှုကို အခွင့်ကောင်းယူပြီး စားဝတ်နေရေးအတွက်မဟုတ်ဘဲ ကိုယ့်ကျိုးကြည့် စီးပွားရေးသမားအချို့ရဲ့ သွေးထိုးအားပေးမှုကြောင့်ဖြစ်တာကို တွေ့ရှိရတဲ့အတွက် ဖျက်ဆီးရတာလို့ အသိပေးထားပါတယ်။
တိုင်းပြည်နဲ့လူမျိုးအတွက်တင်မဟုတ်ဘဲ ရပ်ရွာအနာဂတ်လှပဖွင့်ဖြိုးသာယာအေးချမ်းစေရေးအတွက် တော်လှန်ရေးမှာ ပါဝင်နေတဲ့ CDF CDM SIYIN အနေနဲ့ လက်မခံနိုင်ဘူးလို့လည်း ဆိုပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားရကနေ ပိုက်ဆံတွေအလွယ်တကူရတဲ့နည်းလမ်းဟာ နောင်လာနောက်သားများရဲ့ အနာဂတ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေသာရမှာဖြစ်တဲ့အတွက် ဖျက်ဆီးရ တာလို့လည်း CDF CDM SIYIN တာဝန်ရှိသူတွေတွေက ပြောပါတယ်။
ဒါကြောင့် ဘိန်းခင်းများ တိုးချဲ့စိုက်ပျိုးတာကို လုံးဝတားမြစ်ထားပြီး ဘိန်းခွန်လည်းကောက်ခံမည်မဟုတ်တဲ့အတွက် CDF CDM Siyin ထိန်းချုပ်နယ်မြေဒေသတခုလုံး ဘိန်းစိုက်ပျိုးခြင်း ကင်းစင်ရေးစီမံကိန်းချထားတဲ့အတိုင်း ဆက်လက် ဖျက်ဆီး သွားမယ်လို့ ထုတ်ပြန်ကြောထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ချောင်းဦးမြို့တွင်းကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မုံရွာ -မန္တလေးလမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားတဦး သေဆုံး
ဒီဇင်ဘာလ ၂၅ရက်။
စစ်ကိုင်းတိုင်း ချောင်းဦးမြို့ပေါ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ မုံရွာ -မန္တလေးလမ်းပိုင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သားတဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ် လို့ ရှိနိုင်ကြောင်း ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် - CHU PDF တပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၂၅ မှာထုတ်ပြန်ပါတယ်။
မုံရွာမြို့နယ်အပိုင် မုံရွာ-မန္တလေးလမ်းမပေါ် က မုံရွေးတိုးဂိတ်အနီးမှာ ကင်းပုန်းဝပ်နေတဲ့ အကြမ်းဖက်စစ်သား ၂ ဦးကို ဒီနေ့ ဒီဇင်ဘာ ၂၅ ရက် မနက် ၁ဝ နာရီခန့်အချိန်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။
ထို့အတူ မနေ့ ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီ ၄၈ မိနစ်အချိန်ကလည်း ချောင်းဦးမြို့မ ရဲစခန်းကနေ ချောင်းဦးမြို့တွင်းကို ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်သား ၁၀ ဦးကို ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ပြင်းထန်ဒဏ်ရာရရှိကာ လဲကျသွားတာကြောင့် အများစုဟာ သေဆုံးနိုင်ချေရှိတယ်လို့ အသိပေးပါတယ်။
ချောင်းဦးမြို့မရဲစခန်းက စစ်ကောင်းကောင်စီတပ်ဖွဲ့ဟာ မြို့တွင်းမှာ ပုံမှန်ကင်းပတ်လေ့ရှိတာကြောင့် မြို့တွင်းတနေရာမှာ မိုင်းဆွဲခဲ့တာလို့ သိရပါတယ်။
ဒီစစ်ဆင်ရေး ၂ ခုစလုံးအတွက် မှတ်တမ်းဗီဒိယိုဖိုင်ရရှိထားပြီးဖြစ်တာကြောင့် နောက်ဆက်တွဲအဆခြအနေကို ဆက်လက် ထုတ်ပြန်ပေးမယ်လို့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် - CHU PDF တပ်ဖွဲ့က ပြောပါတယ်။
ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF အနေနဲ့ အရပ်သားပြည်သူတွေနဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေ ထိခိုက်မှု နည်းအောင် အတတ်နိုင်ဆုံးချိန်ဆပြီး စစ်ရေးဖော်ဆောင်လေ့ရှိတဲ့ တော်လှန်ရေးအင်အားစုလို့ သိရပါတယ်။
ချောင်းဦးမြို့နယ် ပ.က.ဖ တိုက်ခိုက်ရေးတပ် CHU PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၁၇ ရက်နေ့တုန်းကလည်း စစ်ကောင်စီလက်အောက်ခံပျူစောထီးတွေ ကာကင်းယူလေ့ရှိတဲ့ မုံရွာ - မန္တလေးလမ်းပိုင်းတနေရာက ၃ ထပ်အဆောက်အုံ ကို မိုင်းထောင်ဖောက်ခွဲခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရရသွားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။
========================
🚩🚩 ၂။ ပေါက်ခေါင်းမြို့နယ်က စစ်ကောင်စီသတင်းပေးတဦးကို ပစ်ခတ်ရှင်းလင်း
ဒီဇင်ဘာလ ၂၅ရက်။
ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်မှာနေပြီး စစ်ကောင်စီတပ်တွေကို သတင်းတွေပေးနေသူတဦးကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။
ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု နတ္တလင်းကျေးရွာမှာနေတဲ့ စစ်တပ်သတင်းပေး ခင်စိုးဆိုသူကို ပြည်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော် PPDF ၃၆၀၁ တပ်ရင်း တပ်ခွဲ ၃ ကရဲဘော်တွေ ဒီဇင်ဘာ ၂၄ ရက် ညနေ ၄ နာရီခွဲအချိန်မှာ သွားရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။
ခင်စိုးဆိုသူဟာ ဖက်စစ်ကောင်စီတပ်ဖွဲဝင်တွေနဲ့ပူးပေါင်းပြီး စစ်သားသစ်စုဆောင်းတာ လူငယ်တွေကို အတင်းအဓ္မ ပေါ်တာ ဆွဲရာမှာ အားတက်သရောလိုက်ပါဆောင်ရွက်တာ ပေါ်တာဆွဲပြီးသူတွေထဲက အသက်မပြည့်သေးသူတွေကို ငွေနဲ့ ရွေးခိုင်း တာ စစ်ကောင်စီကို အားပေးထောက်ခံပြီး တော်လှန်ရေးထောက်ပို့ရဲဘော်များရဲ့ သတင်းအချက်လက်တွေ လိုက်လံစုံစမ်း တာတွေ ပြုလုပ်နေသူဖြစ်တဲ့အတွက် ရှင်းလင်းရတာလို့ PPDF ၃၆၀၁ တပ်ရင်းက အသိပေးထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲဝင်များ၊ ထွေအုပ်စာရေးများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများနဲ့ သတင်းပေးလမ်းပြတွေကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်နေပြီဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ သူတို့ရှိတဲ့နေရာတွေမှာ သွားလာနေထိုင်တာ အားပေးကူညီတာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ကြဖို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်းက သတိပေးထားပါတယ်။
========================
🚩🚩 ၃။ မိုးကုတ်မြို့နယ် ၇ မိုင်ကျေးရွာက အိမ်တလုံး ဓားပြတိုက်ခံရ
ဒီဇင်ဘာလ ၂၅ရက်။
တအာင်းပြည် တပ်မဟာ-၂ နယ်မြေ မိုးကုတ်မြို့နယ် ၇ မိုင်ကျေးရွာက အိမ်တလုံး ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
ပစ္စတိုသေနတ်တွေကိုင်ထားတဲ့ လူ၂ ဦးက ၇ မိုင်ကျေးရွာက အိမ်တလုံးကို ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဓားပြတိုက်ခဲ့တာဖြစ်ပြီး အိမ်မှာရှိတဲ့ စိန်၊ရွေရတနာများ ယူဆောင်းသွားတယ်လို့ PSLF/TNLAသတင်းနှင့်ပြန်ကြားရေးဌာနကလည်း ဒီဇင်ဘာ ၂၄ မှာ ထုတ်ပြန်ထားပါတယ်။
ဓားပြတိုက်သွားတဲ့ အမျိုးသား ၂ ဦးမှာ တယောက်က စစ်ဝတ်စုံနဲ့တူတဲ့ အဝတ်အစားဝတ်ဆင်ထားပြီး နောက်တဦးက အရပ်ဝတ် ဝတ်ဆင်ထားတဲ့အတွက် စစ်ဝတ်စုံဟာ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာသိရအောင် PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က စုံစမ်းနေတယ်လို့ အသိပေးထားပါတယ်။
ဓားပြတိုက်ခံရတဲ့အိမ်ဟာ ဦးဂျဲတ်ဂတ်ဗဟာဒူးဆိုသူရဲ့ အိမ်ဖြစ်ပြီး ရွှေ ၂၀ ကျပ်သား၊ စိန်လက်စွပ် ၅ ကွင်း၊ ကျောက်စိမ်း ၂ လုံး၊ ချယ်အပွင့်နားကပ်တခု၊ ရံရွှေနားကပ်တခု၊ ကျောက်နှစ်လိုင်းပါလက်စွပ်တကွင်း၊ ကျောက်တထုပ်၊ ဖုန်းတလုံးနဲ့ ဆိုင်ကယ်တစီး ပါသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA မိုးကုတ်မြို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဓားပြတိုက်မှုနဲ့ပတ်သတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့ စုံစမ်းနေတယ်လို့ PSLF/TNLAသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ အနောက်ပိုင်းတိုင်စစ်ဌာနချုပ် စစ်ဖက်ရေးရာလုံခြုံရေးတပ်က စစ်သား၂ ဦး လက်နက်နဲ့တကွ အလင်းဝင်
ဒီဇင်ဘာလ ၂၅ရက်။
ရခိုင်ပြည် အမ်းမြို့နယ်မှာအခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်- နပခ လက်အောက်ခံ စစ်ဖက်ရေးရာလုံခြုံရေး တပ်က စစ်သား ၂ ဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် - ၁ စစ်ဒေသ မကွေးတိုင်း သရက်ခရိုင်အမှတ် - ၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
စစ်ဖက်ရေးရာလုံခြုံရေးတပ် နပခ က စစ်ကောင်စီ တပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတဦးနဲ့ တပ်သားတဦးတို့ဟာ ဒီဇင်ဘာ ၂၃ ရက် နေ့မှာ MA3 တလက်၊ ပစ္စတိုတလက် ၊ အီနာဂါဗုံးသီးတလုံး ကျည်များနဲ့အတူ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းထံ အလင်း ဝင်လာတာလို့ သိရပါတယ်။
သူတို့ ၂ ဦးဟာ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းမှာ အလင်းဝင်လိုတဲ့အကြောင်း အဆင့်ဆင့်ဆက်သွယ်လာတဲ့အတွက် သွားရောက်ခေါ်ယူခဲ့ရပြီး ကျန်းမာရေးစောက်ရှောက်မှုပေးကာ ကောင်းမွန်စွာလက်ခံထားတဲ့အပြင် ထိုက်သင့်တဲ့ ဆုကြေး ငွေ ချီးမြှင့်တာတွေ ဆက်လုပ်သွားမယ်လို့ အသိပေးထားပါတယ်။
တနိုင်ငံလုံးအနှံ့ စစ်ရှုံးနေပြီး မကြာခင်မှာ ICC က ဖမ်းဝရမ်းထုတ်တာခံရတော့မယ့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်အောက်မှာ တာဝန်မထမ်းလိုတော့ဘဲ ပြည်သူ့ရင်ခွင်ခိုလုံပြီး အလင်းဝင်လိုတဲ့ တပ်မတော်သား အားလုံးကို ကြိုဆိုနေမယ်လို့ သရက်ခရိုင်အမှတ် - ၄ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment