27th Dec 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨၁။⁨⁨၂၀၂၅ နှစ်သစ်မှာ တော်လှန်ရေးအောင်မြင်မှုတွေ ပိုရလာမှာသေချာတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြော

📌 ⁨⁨⁨⁨⁨၂။ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက"သတင်းစာရှင်းလင်းပွဲကျင်းပမည်

📌 ⁨⁨⁨⁨⁨⁩၃။ လူသတ်ပြီး ကားလုသွားသူတွေကို မုံရွာပလဖက ၁၂ နာရီအတွင်း ဖမ်းမိ

📌 ⁨⁨⁨⁨⁨၄။ စစ်တပ်ထုတ် ယမကာများကို ရောင်းချလျက်ရှိသေးသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် စစ်တပ်ထုတ် ယမကာများ ဆက်လက်ရောင်းချနေမှုကို အမြန်ဆုံးရပ်တန့်ရန် ထားဝယ်သပိတ်ကော်မတီတိုက်တွန်း

📌 ⁨⁨⁨⁨⁨၅။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၈၅) ဦး ရှိခဲ့ပြီဖြစ်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨ရခိုင်မှာ စစ်ရှုံးနေပြီဆိုတာလက်ခံဖို့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်များကို သတင်းစကားပါး

🚩 ၂။မောင်တောမြို့နယ်မှာ ခရီးသည်တင်ယာဉ်ကို ARSA အဖွဲ့က တိုက်ခိုက်တဲ့အတွက် အမျိုးသမီးတဦးသေဆုံးပြီး များစွာဒဏ်ရာရသွားတယ်လို့ AA ထုတ်ပြန်

🚩၃။မြိုင်နယ် သရက်ကွပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာစစ်တပ်ဘက်က အရာရှိအပါ ၁၄ ဦးသေဆုံး 

🚩 ၄။ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ်- YDF ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ⁨⁨⁨⁨⁨၁။⁨⁨၂၀၂၅ နှစ်သစ်မှာ တော်လှန်ရေးအောင်မြင်မှုတွေ ပိုရလာမှာသေချာတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြော


ဒီဇင်ဘာ၂၇ရက်


၂၀၂၅ နှစ်သစ်မှာ တော်လှန်ရေးအောင်မြင်မှုတွေ ပိုရလာမှာသေချာတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်က ဒီဇင်ဘာ၂၇ရက်မှာ ဆိုရှယ်မီဒီယာမှတဆင့် ပြောကြားလိုက်ပါတယ်။

"မကြာခင် နှစ်ဟောင်းကြွေလို့နှစ်သစ်ကူးတော့မယ် ဆိုတော့ ၂၀၂၄ ခုနှစ်ဟာ စစ်ပွဲအရ အောင်မြင်မှုတော်တော်များများရရှိခဲ့တဲ့နှစ် လို့ ပြောလို့ရသလို နှစ်သစ်မှာလဲ အောင်မြင်မှုတွေပိုရလာမှာသေချာနေပါတယ်။ သို့သော် အောင်မြင်မှုနဲ့အတူ ကပ်ပါလာမဲ့ ဆင်ခြင်စရာလေးအနည်းငယ် တင်ပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ တကယ်တော့ မလိုအပ်တဲ့ စစ်ပွဲတွေရှိနေရတာသည် နိုင်ငံရေးပြဿနာကြောင့်ဖြစ်တယ် ဆိုတာ အထူးရှင်းနေစရာမလိုဘူးထင်ပါတယ်။ နိုင်ငံရေးလို့ပြောရာမှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ဆိုတာရှိပြီးသားဖြစ်တယ်၊ အဲ့ဒီ အခွင့်အရေးကို အသိအမှတ်ပြုဖို့ ပြည်မနိုင်ငံရေး မျက်နှာစာမှာ ပျက်ကွက်ခဲ့မှုရဲ့ နောက်ဆက်တွဲပြဿနာတွေပဲ ဖြစ်ပါတယ်"လို့ဝန်ကြီးကပြောပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ကချင်လူမျိုးတွေရဲ့ အသက်သွေးချွေးများစွာဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေးဒေသတွေမှာ ပေးဆပ်ခဲ့ရပြီး ပေးဆပ်နေဆဲလည်းဖြစ်တယ်လို့ဝန်ကြီးကပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၂။ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက"သတင်းစာရှင်းလင်းပွဲကျင်းပမည်


ဒီဇင်ဘာ၂၇ရက်


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက"သတင်းစာရှင်းလင်းပွဲကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

လူ့အခွင့်အရေး၊ တရားမျှတမှုနှင့်ပက်သက်၍ နိုင်ငံတကာတွင်ကြိုးပမ်းဆောင်ရွက်ချက်များနှင့် စိန်ခေါ်မှုများခေါင်းစဥ်နဲ့ရှင်းလင်းသွားလို့ သိရပါတယ်။

မြန်မာပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် စဥ်ဆက်မပြတ် မှတ်တမ်းတင်လျက် ကျူးလွန်သူများအား နိုင်ငံတကာတရားဥပဒေများအလျောက်အရေးယူနိုင်ရေး ကြိုးစားလျက်ရှိရာ အဆိုပါအခြေအနေများအား သတင်းစာရှင်းလင်းပွဲပြုလုပ်တင်ပြသွားမယ်လို့ ဆိုပါတယ်။အဆိုပါသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ၃ရက် မြန်မာစံတော်ချိန် နံနက် (၁၀) နာရီမှာကျင်းပသွားမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁩၃။ လူသတ်ပြီး ကားလုသွားသူတွေကို မုံရွာပလဖက ၁၂ နာရီအတွင်း ဖမ်းမိ


ဒီဇင်ဘာ၂၇ရက်

ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ လူသတ်ပြီး ကားလုယူပြေးသူတွေကို မုံရွာမြို့နယ်ပလဖ တာဝန်ခံ ကိုအာကူး ဦးဆောင်တဲ့အဖွဲ့က ၁၂ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာလို့  မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ က ထုတ်ပြန်ထားပါတယ်။

လူသတ်ပြီး ကားလုသွားတဲ့သူတွေကို မုံရွာပလဖနဲ့အဟာမိတ်များက လိုက်လံဖမ်းဆီးခဲ့ရာ ကားလုသွးတဲ့သူတွေဟာ ကားကို အက်တောရပ်ကွက်မှာထားခဲ့ပြီး ထွက်ပြေးသွားပေမယ့် ကျူးလွန်သူတွေကို ညပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ကျူးလွန်သူတွေဟာ အက်တောရပ်ကွက် ကန်သာဘုန်းကြီးကျောင်းအရှေ့ဘက် ကွန်ကရစ်လမ်းပေါ်မှာ ကားကိုထားခဲ့ပြီး ထွက်ပြေးသွားတယ်လို့ သိရတဲ့အတွက် ပိတ်ဆိုရှာဖွေရာမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။လက်ရှိမှာ ကျူးလွန်သူတွေကိုစစ်ဆေးနေဆဲဖြစ်ပြီး ကျူးလွန်သူတွေရဲ့ သက်‌သေခံထွက်ဆိုချက်များနဲ့ နောက်ဆက်တွဲ အရေးယူမှုအခြေအနေကို ကျူးလွန်သူများရဲ့ဓာတ်ပုံနဲ့တကွ ဆက်လက်ထုတ်ပြန်သွားမယ်လို့ မုံရွာပလဖက အသိပေးထား ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၄။ စစ်တပ်ထုတ် ယမကာများကို ရောင်းချလျက်ရှိသေးသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် စစ်တပ်ထုတ် ယမကာများ ဆက်လက်ရောင်းချနေမှုကို အမြန်ဆုံးရပ်တန့်ရန် ထားဝယ်သပိတ်ကော်မတီတိုက်တွန်း


ဒီဇင်ဘာ၂၇ရက်


စစ်တပ်ထုတ် ယမကာများကို ရောင်းချလျက်ရှိသေးသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် စစ်တပ်ထုတ် ယမကာများ ဆက်လက်ရောင်းချနေမှုကို အမြန်ဆုံးရပ်တန့်ရန် ဒီဇင်ဘာ၂၇ရက် ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီက အသိပေးဆိုထားပါတယ်။

"ထားဝယ်မြို့ပေါ်ရှိ စတား(ဗိုလ်ချုပ်လမ်း)  စူပါအိုင်း(အာဇာနည်လမ်း)နှင့် LOYAL(ဆန်းချီလမ်းဆုံ) Joker(ဗိုလ်ချုပ်လမ်း)စားသောက်ဆိုင်များတွင် တော်လှန်ရေးအင်အားစုများက သပိတ်မှောက်ဖို့ ကြေညာထားသည့် စစ်တပ်ထုတ် ယမကာများ ဆက်လက်ရောင်းချနေသည်ကို ကျွန်တော်တို့ DDMSC မှ စုံစမ်းတွေ့ရှိရပါတယ်။သို့ဖြစ်ပါ၍ စစ်တပ်ထုတ် ယမကာများကို ရောင်းချလျက်ရှိသေးသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် စစ်တပ်ထုတ် ယမကာများ ဆက်လက်ရောင်းချနေမှုကို အမြန်ဆုံးရပ်တန့်ခြင်းအားဖြင့် ဖိနှိပ်ခံပြည်သူလူထုနှင့်အတူ တသားတည်းရပ်တည်ပေးကြဖို့ ကျွန်တော်တို့ ကော်မတီအနေဖြင့် တိုက်တွန်းအပ်ပါတယ်"လို့ဆိုပါတယ်။


ထို့အပြင် စစ်တပ်ထုတ် ယမကာများ ဆက်လက်ရောင်းချနေသည့် တခြားစားသောက်ဆိုင်များနှင့် အရောင်းဆိုင်များကိုလည်း  DDMSC မှ စာရင်းကောက်ယူထားပြီးဖြစ်ပြီး ဓာတ်ပုံမှတ်တမ်းနှင့်တကွ ဆိုင်နာမည်စာရင်းကို ပြည်သူလူထုသိရှိအောင် အသုတ်လိုက် တင်ပြသွားမယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၅။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၈၅) ဦး ရှိခဲ့ပြီဖြစ်


ဒီဇင်ဘာ၂၇ရက်


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၈၅) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPPကဖော်ပြပါတယ်။

ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၀၄၆) ဦးရှိပြီး ထိုအထဲမှ (၂၁၄၇၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၁၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




========================

========================



🚩🚩 ⁨⁨ရခိုင်မှာ စစ်ရှုံးနေပြီဆိုတာလက်ခံဖို့ မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်များကို သတင်းစကားပါး


ဒီဇင်ဘာ၂၇ရက်

ရခိုင်ပြည်မှာ စစ်ရှုံးနေတယ်ဆိုတာကို လက်ခံဖို့ စစ်သုံပမ်းဖြစ်နေတဲ့ နပခ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း က အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်တွေကို ပြောကြားလိုက်ပါတယ်။

စစ်သုံပမ်း ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကို AA က တွေ့ဆုံမေးမြန်းရာမှာ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက အခုလိုပြောဆို လိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည် အမ်းမြို့နယ်မှာအခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်-နပခကို ရခိုင့်တပ်တော် - AA က ဒီဇင်ဘာ ၂ဝ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် အမ်းမြို့နယ်တခုလုံးကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေပြီဆိုတာကို ပွဲတက်မင်းသားကြီးမင်းအောင်လှိုင်နဲ့ သူနောက်လိုက် စစ်ခေါင်းဆောင်တွေ လက်ခံဖို့နဲ့ လက်အောက်ငယ်သားတွေရဲ့ ဘ၀နဲ့အသက်ကို ငဲ့ကွက်ဖို့လည်း စစ်သုံပမ်းဖြစ်နေတဲ့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုကို ဗုံးကြဲနေတာတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့တိုက်တွန်းထားပြီး ဆက်လုပ်နေမယ် ဆိုရင် ပြည်သူလူထုရဲ့ အမုန်းတရားနဲ့ နာကြည်းမှုတွေကို မျိုးဆက်အလိုက် ခံစားရမယ်လို့ သတိပေးထားပါသေးတယ်။ 

ဒါ့အပြင် ရခိုင်ပြည်ရဲ့ ပထဝီဝင်အနေအထားအရ စစ်ကူတွေ အလွယ်တကူရောက်ဖို့ ခက်ခဲတယ်ဆိုတာ တိုက်ပွဲတွေကနေ သိရှိပြီးဖြစ်တဲ့အတွက် ခေါင်းဆောင်မှုမပီသသူတွေလက်အောက်မှာ အသေခံပြီး တာဝန်မထမ်းဆောင်ကြဖို့၊ ရခိုင့်တပ်တော် နဲ့ အမြန်ဆုံးဆက်သွယ်‌ပြီး လက်နက်ချအလင်းဝင်ကြဖို့၊ တိုက်ပွဲဖြစ်ချိန်မှာ အမြန်ဆုံး အလံဖြူထောင်ပြီး လက်နက်ချကြဖို့ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံပမ်းဖြစ်နေသူ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောကြားလိုက်ပါတယ်။

AA အနေနဲ့ လက်လွတ်စပယ်မလုပ်ဘဲ ဥပဒေနဲ့အညီ စစ်သုံ့ပမ်းတွေကို ထိန်းသိမ်းထားပြီး သူတို့မှာရှိတဲ့ရိက္ခာ၊ ဆေးဝါးတွေ နဲ့ အစွမ်းကုန် ပြုစု ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ လက်ရှိအခြေအနေကို အသိပေးထားပါတယ်။

ရခိုင်ပြည်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ စစ်စခန်းတွေကို ရခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ အရှင်ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။မောင်တောမြို့နယ်မှာ ခရီးသည်တင်ယာဉ်ကို ARSA အဖွဲ့က တိုက်ခိုက်တဲ့အတွက် အမျိုးသမီးတဦးသေဆုံးပြီး များစွာဒဏ်ရာရသွားတယ်လို့ AA ထုတ်ပြန်


ဒီဇင်ဘာ၂၇ရက်

ရခိုင်ပြည် မောင်တောမြို့နယ် ကြိမ်ချောင်းနဲ့တောင်ပြိုကျေးရွာကြားမှာ ခရီးသည်တင်ယာဉ်တစီးကို အစွန်းရောက် လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ ရခိုင့်တပ်တော်-AA က ထုတ်ပြန်ပါတယ်။ 

မောင်တောမြို့ ကြိမ်းချောင်းကနေ တောင်ပြိုက်ဘက် စျေးသွားဝယ်တဲ့ အရပ်ဘက်ခရီးသည်တင်ကားကို ဒီဇင်ဘာ ၂၄ရက် ညနေ နာရီ ၄၀မိနစ်ခန့်မှာ ARSA တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အင်အား ၂၅ ဦးခန့်ရှိတဲ့ ARSA လက်နက်ကိုင်တပ်ဖွဲ့က စေတနာ့ဝန်ထမ်းအမျိုးသမီးနဲ့ စျေးဝယ်အမျိုးသမီး စုစုပေါင်း ၁၆ ဦး လိုက်ပါလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် တဦးသေဆုံးပြီး များစွာဒဏ်ရာရရှိသွားတာကြောင့် ဒဏ်ရာရသူတွေ ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ AA က အသိပေးပါတယ်။

အခုလို အရပ်သားပြည်သူတွေကို တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက်အဖွဲ့ကို အာရက္ခလုံခြုံရေးတပ်ဖွဲ့က လိုက်လံရှာဖွေ နေတယ်လို့ သိရပါတယ်။ 

မောင်တောမြို့ကို ရခိုင့်တပ်တော် AAက ဒီဇင်ဘာ ၈ရက်နေ့မှာ အပြီးသတ်တိုက်ခိုက်သိမ်းယူထားပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲ ချိန်မှာ ARSA အပြင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေဟာ စစ်ကောင်စီဘက်က ပါဝင်တိုက်ခိုက်ခဲ့လို့ AA က ထုတ်ပြန် ထားပါတယ်။


========================


🚩🚩၃။မြိုင်နယ် သရက်ကွပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာစစ်တပ်ဘက်က အရာရှိအပါ ၁၄ ဦးသေဆုံး 


ဒီဇင်ဘာ၂၇ရက်

မကွေးတိုင်း မြိုင်မြို့နယ်မှာရှိတဲ့ သရက်ကွပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိအပါ ၁၄ ဦးသေဆုံး‌ပြီး ၃ဝ ကျော် ဒဏ်ရာရသွားတယ်လို့ ပေါက် ပကဖ က ဒီနေ့ ဒီဇင်ဘာ ၂၇ မှာ ထုတ်ပြန်ပါတယ်။ 

ပေါက် ပကဖ မြိုင်ပကဖနဲ့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ပူးပါင်းပြီး မြို့နယ်တွင်းနဲ့ ခရိုင်တွင်းမှာ အကြမ်းဖက် စစ်တပ်နဲ့ လက်ပါးစေ ပျူစောထီး ကင်းစင်ရေးအတွက် မြိုင်မြို့နယ် သရက်ကွပျူစောထီးရွာကို ဒီဇင်ဘာ ၁၉ ရက် မနက် နာရီကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က စခန်းမကျရေးအတွက် လေကြောင်းပစ်ကူတွေ အကြိမ်များစွာပေးပြီးတိုက်ခိုက်ခဲ့သလို မြိုင်မြို့က နေ အင်အား ၁၅၀ ပါ စစ်ကြောင်းလွတ်ပြီး ခုခ့ခဲ့ပေမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက သရက်ကွပျူစောထီးရွာကို အပြီးတိုင်သိမ်းပိုက်ရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

မြိုင်မြို့ကျန စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီဇင်ဘာ ၁၉ ရက် မနက် ၇နာရီခန့်မှာ တကြိမ် နေ့လည် ၁၂ နာရီခန့်မှာတကြိမ် စုစုပေါင်း နာရီနီးပါး ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ဗိုလ် တဦး အပါအဝင် အနည်းဆုံး ၁၄ ဦး သေဆုံးကာ ၃၀ ဦးခန့် ပြင်းထန်ဒဏ်ရာရပြီး မြိုင်မြို့တွင်းသို့ ပြန်လည်ဆုတ်သွားတယ် လို့ သိရပါတယ်။  

တိုက်ပွဲတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူပိုင်အိမ် ၁၀ လုံးခန့် ပျက်စီး ဆုံးရှုံးခဲ့ရပြီး သရက်ကွပျူစောထီးရွာ သိမ်းပိုက်တိုက်ခိုက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ရဲဘော် ဦး တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ 

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအနေနဲ့ စစ်စခန်းတွေနဲ့ ပျုစခန်းတွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သိမ်းပိုက် သွားမှာဖြစ်တဲ့အတွက် အသက်မ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌သေလိုသူ၊ အလင်းဝင်လိုသူ၊ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်လိုသူ ပျုစောထီးများ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အမြန်ဆုံးပူးပါင်းကြဖို့ တိုက်တွန်းထားပါတယ်။ 

သရက်ကွပျူရွာ တိုက်ခိုက်သိမ်းပိုက်မှုကို ပေါက်ပက၊ မြိုင် ပကဖ၊ မြိုင်-ပေါက်-ကမ္မ ပကဖတပ်းရင်း အမှတ် ၁၊ တပ်ရင်း ပခုက္ကူခရိုင် အမှတ် ///၁၄/၁၅/၁၇ ) တပ်ရင်းများ၊ အညာမြေတပ်ပေါင်းစု ကမ္မတပ်ပေါင်းစု PLC တပ်ပေါင်းစု 8+ စုဖွဲ့မှု ပခုက္ကူစုဖွဲ့မှုတပ်ရင်း ၊ဝံပု‌လွေပြောက်ကျားတပ်ဖွဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဓားမင်းကြီးတပ်ဖွဲ့ ကိုအောင်ကြီးတပ်ဖွဲ့တို့က ချေမှုန်းရေး ဖြတ်တောက်ရေး ဒရုန်းစစ်ဆင်းရေး ထောက်ပို့ သတင်းထောက်၊ စစ်သား အလောင်းတွေ မီးရှို့ရှင်းလင်းမှု စတဲ့တာဝန်အသီးသီးကို ပူးပါင်းလုပ်ဆာင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ်- YDF ပြော


ဒီဇင်ဘာ၂၇ရက်

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ယောကာကွယ်ရေးတပ်- YDF က ထုတ်ပြန် ထားပါတယ်။

မကွေးတိုင်း ယောဒေသအခြေစိုက် ယောကာကွယ်ရေးတပ်- YDF အနေနဲ့ နယ်မြေထိစပ်နေတဲ့ မင်းတပ်မြို့သိမ်းစစ်ဆင်ရေး မှာ ချင်းညီနောင်တပ်တွေ၊ မဟာမိတ်တပ်တွေနဲ့အတူ နိုဝင်ဘာ ရက်နေ့စပြီး ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ယောဒေသနဲ့ အိမ်နီးချင်းညီအကိုတွေနေထိုင်တဲ့ ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီကင်းစင်ရေးအတွက် ချင်းညီနောင် တပ်တွေဆင်နွှဲနေတဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာမှာ လက်ရှိအချိန်အထိ မင်းတပ်မြို့အပါအဝင် မြို့ မြို့ သိမ်းပိုက်နိုင်တဲ့အထိ အောင်ပွဲဆင်နိုင်ခဲ့ပြီလို့ YDF က အသိပေးထားပါတယ်။  

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါနဲ့ အသက်ကိုပဓာနမထားဘဲ စစ်ကောင်စီလက်အောက်က လွတ်မြောက် စေရေး အသက်သွေးချွေးပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြတဲ့ YDF ရဲဘော်များနဲ့ မဟာမိတ်ရဲဘော်များကို အာဇာနည် သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဦးညွှတ်ပြီး မပြီးဆုံးသေးတဲ့ တာဝန်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ချင်းညီနောင်တပ်တွေအကောင်အထည်ဖော်နေတဲ့ချင်းညီနောင်စစ်ဆင်ရေး မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်တပ်ဖွဲ့၊ Yaw army ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင် တပ်ရင်း နဲ့အတူ ယောကာကွယ်ရေးတပ်- YDF တို့ ပူးပေါင်းတိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment