၂၀၂၄ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါက်တာဆာဆာ NUG ၊ Washington D.C ရုံးသို့ လာရောက်ပြီး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး ပါဝင်တဲ့ အဖွဲ့နဲ့တွေ့ဆုံ
📌 ၂။ ဆီးရီးယားရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ တော်လှန်ရေးအတွက်လည်း ဆောင်ရန်၊ ရှောင်ရန် သာဓကတွေရလာမယ်လို့ မျှော်လင့်မိတယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင် ဆို
📌 ၃။ နောင်ချို PDF မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ရဲနဲ့ စစ်သားများကို ပြည်သူ့ပန်းတိုင်မှ ထောက်ပံ့
📌 ၄။ စလင်းတွင် မြို့နယ် ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ကျင်းပပြုလုပ်
📌 ၅။ တရုတ်က မြန်မာ့အရေး စွက်ဖက်နေမှုနှင့် ပတ်သက်ပြီး ဆန်ဖရန်စစ္စကိုမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့နှင့် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ပြည်ပရောက် မြန်မာတွေ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မောင်တော ဒေသကို AA က အပြီးသတ် သိမ်းပိုက်၊ နတ်မြစ်အတွင်း ရေကြောင်း သွားလာမှုများကို အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်
🚩 ၂။ အုန်းတောတွင် ကင်းပတ်လာတဲ့ စစ်ကောင်စီ တပ်သားများကို လိုက်လံတိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံး
🚩 ၃။ ရေမျက်နီ ရဲစခန်းခြံဝင်း အမြဲတမ်း အလုံပိတ် သော့ခတ်ထား
🚩 ၄။ ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို PNO ပြည်သူ့စစ် အဖွဲ့က ဖမ်းဆီးသွား
🚩 ၅။ စစ်ကိုင်းတွင် စစ်ကောင်စီက ဖမ်းမိတဲ့ ပကဖ ရဲဘော် တဦးကို သတ်ဖြတ်မီးရှို့
🚩 ၆။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မတ္တရာအနောက်ဖက်က ပိုဝနဲ့ ဆင်ကုန်းကျေးရွာတွေကို စစ်ကောင်စီ မီးရှို့နေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါက်တာဆာဆာ NUG ၊ Washington D.C ရုံးသို့ လာရောက်ပြီး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး ပါဝင်တဲ့ အဖွဲ့နဲ့တွေ့ဆုံ
ဒီဇင်ဘာ ၈
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အမေရိကန်ပြည်ထောင်စု Washington D.C မြို့သို့ ရောက်ရှိစဥ် အမျိုးသားညီညွတ်ရေးအစိုးရ ရုံးသို့ သွားရောက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး ဦးဆောင်ပါဝင်တဲ့အဖွဲ့အား ဒီဇင်ဘာ ၂ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
အဲဒီနောက် မယ်ရီလန်းမြို့ရှိ မြန်မာလူထုနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ရည်ရွယ်ချက် ၄ ခုအတွက် ရောက်နေတာဖြစ်ကြောင်း ၊ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ မြန်မာပြည်သူတွေကို တွေ့ဆုံရှင်းလင်းရေးနဲ့ ညီညွတ်ရေးအတွက် တိုက်တွန်းဖို့ စတဲ့အချက်တွေဖြစ်ကြောင်း ဒေါက်တာဆာဆာက ဒေသစံတော်ချိန် ဒီဇင်ဘာ ၈ ရက်နေ့က ပြုလုပ်တဲ့ မယ်ရီလန်းပြည်နယ်က မြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။
လူထုတွေ့ဆုံပွဲကို မယ်ရီလန်းပြည်နယ်ရှိ Hope Presbyterian Church တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့ရှိ မြန်မာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် Town hall Meeting ရံပုံငွေအတွက် အစားအစာ ရောင်းချပွဲမှာလည်း ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ၊ ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးနှင့် ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့နှင့်အတူ မြန်မာပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
========================
📌📌 ၂။ ဆီးရီးယားရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ တော်လှန်ရေးအတွက်လည်း ဆောင်ရန်၊ ရှောင်ရန် သာဓကတွေရလာမယ်လို့ မျှော်လင့်မိတယ်လို့ ဝန်ကြီး ဒေါက်တာတူးခေါင် ဆို
ဒီဇင်ဘာ ၈
Radio NUG
ဆီးရီးယားရဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ ကျွန်တော်တို့ တော်လှန်ရေးအတွက်လည်း ဆောင်ရန်ရှောင်ရန် သာဓက တွေရလာမယ်လို့ မျှော်လင့်မိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောဆိုထားပါတယ်။
ဆီးရီးယား အာဏာရှင် အာဆတ် ထွက်ပြေးသွားပြီးနောက် မြို့တော်ကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်လိုက်ချိန် ဒမာစကတ်မြို့တော်မှာ ဆီးရီးယားပြည်သူများ တော်လှန်ရေးအဖွဲ့များနဲ့အတူ အောင်ပွဲခံနေတာကြည့်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့လိုနေရာမှာ တနေ့နေ့တချိန်ချိန် မြန်မာပြည်သူများနဲ့အတူ ပျော်ရွှင်ရမဲ့အချိန်ကို စဉ်းစားရင်း ကြက်သီးတောင်ထတယ်လို့ ရေးသားထားပါတယ်။
တဆက်ထဲမှာ တော်လှန်ရေးအလွန်ကာလ ရှုပ်ထွေးတဲ့ တော်လှန်ရေးအင်အားစုများကြား ပြေပြေလည်လည်ရှိပါ့မလား ဆိုတာလည်း ရင်တမမ နဲ့ စောင့်ကြည့်ရမဲ့ အရာဖြစ်နေတယ်လို့ ဆိုထားပါတယ်။
ဆီးရီးယားကို ၁၉၇၀ ခုနှစ်မှစတင်၍ လက်ရှိ အာဏာရှင် အာဆတ်၏ ဖခင်ဖြစ်သူ Hafez al-Assad မှစတင်ကာ သားဖြစ်သူ အာဆတ်အထိ မိသားစုအစဉ်အဆက် ၅၄ နှစ်ကြာ အာဏာရှင်စနစ် ကြာမြင့်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဆီးရီးယားတွင် အာဏာရှင် အာဆတ်အစိုးရ ပြုတ်ကျရေး ပြည်သူများ၏ ငြိမ်းချမ်းသော ဆန္ဒပြမှုများကို အာဏာရှင် အာဆတ်အစိုးရက ပြင်းထန်စွာ သတ်ဖြတ် ဖိနှိပ်ပြီးနောက် အတိုက်အခံများ၏ လက်နက်ကိုင်တော်လှန်ရေးဖြင့် ပြည်တွင်း စစ် စတင်ခဲ့ခြင်းဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဆီးရီးယားရှိ မြို့ကြီးများကို ရက်ပိုင်းအတွင်း သိမ်းပိုက်ပြီး အာဏာရှင် အာဆတ်အစိုးရ၏ အုပ်ချုပ်ရေးတစ်ခုလုံးကို အပြီးတိုင် ဖြိုချလိုက်ခြင်းဖြစ်ကာ ရုရှားနှင့် အီရန်တို့က အာဏာရှင် အာဆတ်အစိုးရ မပြုတ်ကျရေး စစ်ရေးနှင့် တိုက်ခိုက်မှုများစွာ လုပ်ဆောင်ပေးခဲ့သော်လည်း နောက်ဆုံးတွင် အာဆတ်မှာ နိုင်ငံမှ ထွက်ပြေးသွားရခြင်းဖြစ်ပါတယ်။
========================
📌📌 ၃။ နောင်ချို PDF မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ရဲနဲ့ စစ်သားများကို ပြည်သူ့ပန်းတိုင်မှ ထောက်ပံ့
ဒီဇင်ဘာ ၈ ရက်၊
Radio NUG
ရှမ်းပြည်နယ်၊ နောင်ချိုမြို့က နောင်ချို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) မှာ တာဝန်ထမ်းဆောင်နေတဲ့ CDM စစ်သားနှင့် ရဲ တပ်ဖွဲ့ဝင်များကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ထားပါတယ်။
‘သုည ပညာရေးဖောင်ဒေးရှင်း’ရဲ့ ချိတ်ဆက်ပေးမှုဖြင့် နောင်ချို PDF တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်နေတဲ့ CDM စစ်သား ၃ ဦးနဲ့ ရဲ ၁ ဦးတို့ကို ငွေကျပ် တသိန်းစီ နိုဝင်ဘာလအတွင်းမှာ ထောက်ပံပေးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် CDM စစ်သား တဦးရဲ့ ကိုယ်ဝန်ဆောင် ဇနီး မီးဖွားရန်အတွက် ထောက်ပံ့ငွေ ကျပ် သုံးသိန်းကိုလည်း ဖောင်ဒေးရှင်း တာဝန်ခံ မောင်သုညမှတဆင့် ပေးပို့ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ စလင်းတွင် မြို့နယ် ပကဖနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု ကျင်းပပြုလုပ်
ဒီဇင်ဘာ ၈
Radio NUG
မကွေးတိုင်း၊ စလင်းမြို့နယ်မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ လူ့အခွင့်ရေးရာတာ၀န်ခံနှင့် မင်းဘူးခရိုင်တပ်ရင်း ( ၁) ၊ တပ်ရင်း(၅) ၊ ဒေါင်းစစ်အောင်၊ ဒေါင်းညီနောင်၊ စလင်းတောင်ပိုင်း Local PDF တပ်ဖွဲ့များ ဦးဆောင်၍ (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
စိုးမိုးနယ်မြေရှိ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးလုပ်အားပေးများ၊ တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်များတက်ရောက်ကြသော အဆိုပါလူထုလှုပ်ရှားမှုကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ” ခေါင်းစဉ်ဖြင့် လူ့အခွင့်ရေးရာ ဟောပြောပွဲ ၊ လူ့အခွင့်အရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ဒေါင်းကတဲ့နေ့၊ ရောင်နီ၊ နှလုံးသားကို အလှဆင်ပါ သီချင်းများဖြင့် တေးသရုပ်ဖော် ကပြခြင်း စသည်တို့ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့နောက် တက်ရောက်လာသူ လူဦးရေ ၂၇၀ကို နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။
========================
📌📌 ၅။ တရုတ်က မြန်မာ့အရေး စွက်ဖက်နေမှုနှင့် ပတ်သက်ပြီး ဆန်ဖရန်စစ္စကိုမြို့ တရုတ်ကောင်စစ်ဝန်ရုံးရှေ့နှင့် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ပြည်ပရောက် မြန်မာတွေ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ
ဒီဇင်ဘာ ၈
Radio NUG
တရုတ်နိုင်ငံမှ မြန်မာစစ်အုပ်စုကို ထောက်ပံ့ကူညီနေမှုများကို အမြန်ဆုံးရပ်တန့်ဖို့ ဆန့်ကျင်ကန့်ကွက်ပွဲကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဆန့်ကျင်ကန့်ကွက်ပွဲတွင် အမေရိကန်ရောက် ကျောင်းသားပြည်သူများ၊ နွေဦးတော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများက ပူးပေါင်းပါ၀င် အားဖြည့်ခဲ့ကြပါတယ်။
အလားတူ တရုတ်အစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်နေမှုတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကူညီပေးနေမှုအပေါ် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့က ဇေတဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာ ၇ရက်က ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
"ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်အစိုးရကို ဆန့်ကျင်ရှုံ့ချ သပိတ်မှောက် ဆန္ဒပြခဲ့ကြတာပါ။ အမေရိကနိုင်ငံ တစ်နိုင်ငံလုံးက နေရာအနှံမှာ ၁လကြာပြုလုပ်သွားမှာပါ။ ဝါရှင်တန်ဒီစီ တရုတ်သံရုံးအရှေ့မှာလည်း ဆန္ဒပြခဲ့ကြသလို ဆန်ဖရန်စစ္စကိုမြို့ တရုတ်သံရုံးအရှေ့မှာပါ ဆန့်ကျင်ဆန္ဒပြ သပိတ်မှောက်ခဲ့ကြတယ်” လို့ ပွဲစီစဉ်သူမှ ပြောဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မောင်တော ဒေသကို AA က အပြီးသတ် သိမ်းပိုက်၊ နတ်မြစ်အတွင်း ရေကြောင်း သွားလာမှုများကို အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်
ဒီဇင်ဘာ ၈ ရက်၊
Radio NUG
အာရက္ခပြည်၊ မောင်တောဒေသ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်က နတ်မြစ် (ရခိုင်ဘက်ခြမ်း) အတွင်း ရေကြောင်းခရီး သွားလာမှုများကို အာရက္ခတပ်တော် အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တယ်လို့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ AA က ထုတ်ပြန်ပါတယ်။
ထို့အပြင် ဒီဇင်ဘာလ ၈ ရက် မနက် ၉ နာရီခွဲ အချိန်မှာ မောင်တောဒေသက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ခွဲ (နခခ-၅) ကို အာရက္ခ တပ်တော် (AA) က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။
သို့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ၎င်းတို့နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ အစ္စလမ်မစ်အစွန်းရောက် စစ်သွေးကြွ RSO, ARSA နဲ့ ARA တပ်ဖွဲ့ဝင် အချို့မှာ လက်နက်များဖြင့် ကစဉ့်ကလျား ထွက်ပြေးနေကြဆဲ ဖြစ်တာကြောင့် လိုက်လံရှင်းလင်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် မောင်တောဒေသမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်နဲ့ RSO, ARSA နဲ့ ARA တပ်ဖွဲ့ဝင်များမှာ ဘင်္ဂလားဒေ့ရှ်-အာရက္ခနယ်စပ်၊ နတ်မြစ်တလျောက်မှာ စက်လှေ၊ မော်တော်ဘုတ်၊ လောင်းလှေ များဖြင့် ထွက်ပြေးရန် ကြိုးစားနေကြတယ်လို့ ဖော်ပြထားပါတယ်။
စစ်ရေး လိုအပ်ချက်နဲ့ ပြည်သူ့ လုံခြုံရေးအတွက် နတ်မြစ် (အာရက္ခပြည် ဘက်ခြမ်းက ရေပိုင်နက်) အတွင်းမှာ ရေကြောင်း ခရီးသွားလာမှုများကို ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်မှ စပြီး အချိန်၊ ရက် အကန့်သတ် မရှိ ပိတ်ပင်တားမြစ်လိုက်တယ်လို့ AA က အသိပေးထားပါတယ်။
========================
🚩🚩 ၂။ အုန်းတောတွင် ကင်းပတ်လာတဲ့ စစ်ကောင်စီ တပ်သားများကို လိုက်လံတိုက်ခိုက်ခဲ့ပြီး ၁ ဦးသေဆုံး
ဒီဇင်ဘာ ၈ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အုန်းတောရွာမှာ ကင်းပတ်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လိုက်လံ တိုက်ခိုက်ခဲ့ရာ တဦး သေဆုံးခဲ့တယ်လို့ Generation Z Power - GZP ( Mandalay) က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်မှာ အုန်းတော မြောက်ဘက်က ရေတွင်းနားကို ကင်းပတ်လာတဲ့ စစ်ကောင်စီ တပ်သားများကို လက်နက်ငယ်များနဲ့ လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သားတဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
၎င်း စစ်ဆင်ရေးကို Generation Z Power - GZP ( Mandalay) ၊ BRA LDF ၊ Taw Twin Tup Pee LDF နှင့် စစ်ကိုင်းမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ရေမျက်နီ ရဲစခန်းခြံဝင်း အမြဲတမ်း အလုံပိတ် သော့ခတ်ထား
ဒီဇင်ဘာ ၈
Radio NUG
ယောနယ် ထီးလင်းမြို့နယ်ရဲ့ တစ်ခုတည်းသော လက်ကျန်ရဲစခန်းဖြစ်တဲ့ ရေမျက်နီရွာက ရဲစခန်းဟာ စစ်ကောင်စီ လက်အောက်ခံတပ်သား အင်အား ၅၀ ကျော်ခန့် ရှိနေသေးပြီး ခြံဝင်းကို အတွင်းဖက်ကနေ အမြဲတမ်း အလုံပိတ် သော့ခတ်ထားတယ်လို့ ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။
" တပ်သားတွေ ထွက်မပြေးနိုင်အောင်လို့ ထင်ပါရဲ့ ခြံဝင်းကို အလုံကာရံထားပြီး ခြံဝင်းတံခါးကို အတွင်းဖက်ကနေ အမြဲတမ်းသော့ခတ်ထားတယ်" လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
စခန်းသိမ်းတာ ၂ ကြိမ်တိတိ ခံထားရတဲ့ ရေမျက်နီရဲစခန်းဟာ အရင်လက်ကျန် ရဲတပ်သားတချို့နဲ့ ဂန့်ဂေါမြို့နယ် ကျောမြို့ ကပစ ၂၃ က ပို့ထားတဲ့ စစ်ကောင်စီတပ်သား အားလုံးစုစုပေါင်း ၅၀ ကျော်ခန့်ရှိပြီး ယခုရက် ညပိုင်းတွေမှာ ရေမျက်နီ ရဲစခန်းဖက်က ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ ရံဖန်ရံခါ ကြားနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောထားပါတယ်။
========================
🚩🚩 ၄။ ဆီဆိုင်မြို့နယ် တွေပူးကျေးရွာ ရွာသူကြီးကို PNO ပြည်သူ့စစ် အဖွဲ့က ဖမ်းဆီးသွား
ဒီဇင်ဘာ ၈ ရက်၊
Radio NUG
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ တွေပူးကျေးရွာက ရွာသူကြီး ဖြစ်သူကို စစ်ကောင်စီ လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားခဲ့တယ်လို့ PNLO/PNLA က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီ အချိန်မှာ PNO ပြည်သူ့စစ်အဖွဲ့က တွေပူရွာသူကြီးကို နေအိမ်ပေါ်ထိ ဝင်ရောက် ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။
တွေပူရွာ ရွာသူကြီး ဖြစ်သူ ဖြားဒုံကျော်အား မည်သည့် နေရာကို ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘဲ ဒေသခံ ပြည်သူများကလည်း လိုက်လံစုံစမ်းနေပြီး အဆက်အသွယ် မရသေးဘူး သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့မှာလည်း စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့တာကြောင့် တွေပူကျေးရွာမှာ ကျောင်းသူ တဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါသေးတယ်။
========================
🚩🚩 ၅။ စစ်ကိုင်းတွင် စစ်ကောင်စီက ဖမ်းမိတဲ့ ပကဖ ရဲဘော် တဦးကို သတ်ဖြတ်မီးရှို့
ဒီဇင်ဘာ ၈ ရက်၊
Radio NUG
စစ်ကိုင်းမြို့၊ အနောက်ဘက်က ကံတက်ကျွန်း (ကတက်ကျွန်း) ရွာကို စစ်ကောင်စီ တပ်ဖွဲ့ ရုတ်တရက် ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တဦးကို ဖမ်းဆီး သတ်ဖြတ် မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်နားက ကျွန်းရွာဖြစ်တဲ့ ကတက်ကျွန်းရွာကို စစ်ကောင်စီက အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်း ခဲ့တာဖြစ်ပြီး ငါးထပ်ကြီး ဘုရားထဲ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၇ ရက် မနက်ပိုင်း ၅ နာရီခန့်မှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ပကဖ ရဲဘော် ကတုံးကို သတ်ဖြတ် မီးရှို့ခဲ့သလို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၃ ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး ထိမှန်သေဆုံးခဲ့သူတွေမှာ ညောင်ကုန်းရွာက အသက် ၅၀ အရွယ် အမျိုးသားတဦး၊ ရိပ်သာရွာက အမျိုးသား တဦး တို့ဖြစ်ပြီး ညောင်တုန်းရွာက အသက် ၇၀ အရွယ် အဖိုးအို တဦးလည်း နှလုံးရပ်ကာ သေဆုံးခဲ့တယ်လို့ ဒေသခံမြေပြင်ကင်းထောက် Wetlet Informational Network က ဆိုပါတယ်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ ကတက်ကျွန်းရွာ အနီး တိုက်ပွဲဖြစ်ပြီး PDF အလောင်း တလောင်း၊ လက်လုပ်သေနတ် (အရှည်) ကိုးလက်၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ လက်လုပ် လက်ပစ်ဗုံး ၁၀ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၂ လုံး၊ ပြောက်ကျား ယူနီဖောင်း တစ်စုံ သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မတ္တရာအနောက်ဖက်က ပိုဝနဲ့ ဆင်ကုန်းကျေးရွာတွေကို စစ်ကောင်စီ မီးရှို့နေ
ဒီဇင်ဘာ ၈
Radio NUG
ဒီဇင်ဘာ ၈ ရက် မနက် ၁၁ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်တွေဟာ မတ္တရာမြို့နယ် အနောက်ဖက်က ပိုဝရွာ(မြောက်) နဲ့ ဆင်ကုန်းကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားမှုတွေမရှိဘဲ မီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံများမှ သိရပါတယ်။
ကျေးရွာတွေကို မီးမရှို့ခင် ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ၅ ကြိမ်ထက်မနည်း အရင်ဆုံးပစ်ခတ်ခဲ့ပြီးမှ မြေပြင်စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပိုဝကျေးရွာဟာ အိမ်ခြေ ၄၀၀ နီးပါးရှိပြီး ဆင်ကုန်းကျေးရွာက အိမ်ခြေ ၂၀၀ ကျော်ရှိကာ မီးရှို့ဖျက်ဆီးမှုတွေ ဆက်တိုက်ရှိနေပြီး ခန့်မှန်းခြေ အိမ်ခြေပေါင်း ၁၀၀ ကျော် မီးလောင်ပျက်စီးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ပိုဝကျေးရွာဟာ ၂၀၂၃ ခုနှစ် မတ်လအတွင်းကလည်း လူနေအိမ်ပေါင်း ၁၀၀ နီးပါးမီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment