တော်လှန်သင်္ကြန်ကို လှည့်ဖြားရန် ယူနက်စကို ကို အသုံးချပြီး အကြမ်းဖက်စစ်တပ် ကိုယ်ကျိုးရှာ အမြတ်ထုတ်
ကိုမြင့်သူ၊ Radio NUG ဒီဇင်ဘာ ၁၆၊ ၂၀၂၄
မြန်မာ့ မြို့ကြီးများ ထက်ဝက်နီးပါးကို မီးရှိ့ဖျတ်ဆီးခဲ့ပြီး နိုင်ငံ့လူဦးရေ ၆ သန်းခွဲကျော်ကို စစ်ဘေးဒုက္ခသည် ဖြစ်စေတဲ့အပြင် အရပ်သားများကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အပေါင်းပါတစုက အစဥ်အလာရှိပြီးသား မြန်မာသင်္ကြန်ကို ယူနက်စကိုဝင်အောင် လုပ်ခဲ့ပေမယ့် သင်္ကြန်ဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ အနှစ်သာရသာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်လိုက်ပါတယ်။
“မြန်မာလို ပြောတဲ့နေရာမှာ တိုင်းရင်းသားလူမျိုးအားလုံး ပါပါတယ်။ ဒီသင်္ကြန်ကို ကျင်းပတဲ့အခါမှာ ငြိမ်းချမ်းရေးက အရမ်းအဓိက ဖော်ဆောင်ပါတယ်။ လူမျိုးစုတစုထဲကနေ ဒါ ငါတို့ ကျင်းပတဲ့ သင်္ကြန်၊ ကျန်တဲ့လူမျိုးနဲ့ မဆိုင်ဘူးဆိုတာမျိုး မရှိဘူး။ အယုတ် အလတ် အမြတ် မရွေး၊ လူမျိုးမရွေး၊ ဘာသာ၊ ကျား မ မရွေး၊ ရဟန်းသံဃာတွေပါ၊ ဘ သာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်ပြီးတော့ ဆင်နွှဲတဲ့ပွဲ ဖြစ်ပါတယ်။ အဲဒါသည် ထူးခြားတဲ့ သရုပ်သကန်ပါ။ ဒါ ကြောင့် သင်္ကြန်ပွဲတော် ကျင်းပခြင်းအားဖြင့် ငြိမ်းချမ်းခြင်းကိုလည်း ဖော်ဆောင်နိုင်တယ်။”
မြန်မာ့သင်္ကြန်ရဲ့ အထောက်အထားကို ပုဂံခေတ်က ရေးထိုးခဲ့တဲ့ ကျောက်စာ၊ မင်စာတွေမှာ အစောဆုံး တွေ့ရတာဖြစ်လို့ သင်္ကြန်ရဲ့ အစဉ်အလာဟာ နှစ်ပေါင်းထောင်နဲ့ချီရှိနေတာ ဖြစ်ပါတယ်။ မနှစ်က ထိုင်းနိုင်ငံရဲ့ ဆုန်ခရန်သင်္ကြန်ဟာ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ရရှိပြီးတဲ့နောက် မြန်မာ့သင်္ကြန်အတွက် မြန်မာ ပြည်သူလူထုရဲ့ ဝေဖန်သံတွေ ကျယ်လောင်ချိန်မှာတော့ အကြမ်းဖက်စစ်တပ်နဲ့ အပေါင်းအပါတစ်စုက ဇာတိဂုဏ်ကြောင့် မဟုတ်ဘဲ တော်လှန်သင်္ကြန်ကို ဖုံးအုပ်ပြီး သင်္ကြန်ကို ခုတုံးလုပ် အမြတ်ရှာဖို့အတွက် ယူနက်စကို အသိအမှတ်ရဖို့ ကသုတ်ကရက် စာရင်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ပုဂံဒေသဟာ ၂၀၁၉ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသ ဖြစ်ခဲ့ပေမယ့် ပုဂံက စခဲ့တဲ့ မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေနှစ်စာရင်းဝင် ဖြစ်အောင် တင်သွင်းဖို့ ရှေးဟောင်းဌာနက ပျက်ကွက်ခဲ့တာဖြစ်ပြီး အခုလို တော်လှန်သင်္ကြန်ကို ဖုံးအုပ်လိုတဲ့ အကြမ်းဖက်စစ်တပ် အလိုကျ ယူနက်စကို ဝင်အောင် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ပုဂံဒေသမှာ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်နဲ့ချီကာလကနေ ကနေ့အချိန်ထိ လက်ဆင့်ကမ်း ထိန်းသိမ်းလာတဲ့ အခြေအနေကို ပုဂံမြို့ဟောင်းက ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ခေတ်အဆက်ဆက် ပြောင်းလာလိုသာပေါ့နော်။ ဟိုတုန်းက ခေတ်ကတော့ သပြေခက်နဲ့ ရေပက်ကြတာပေါ့။ သပြေခက်နဲ့ ရေပက်ကြပြီးတော့ အခုဆိုလို့ရှိရင် ပုဂံညောင်ဦးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေမှာ ဆိုလိုရှိရင် ဘယ်နေ့ကို ဘိုးဘွားတွေကို ခေါင်းလျှော် ရေချိုး ကုသိုလ်ပြုတာတို၊ တချို့ရပ်ရွာတွေမှာဆိုရင် သင်္ကြန်ရေကို စတိပဲ ရောင်းပြီးတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတယ်။ ၃-၅၉-၂၂ အဲဒါပြီးတော့ ကန်သွားပြီးတော့ ဝိုင်းဖွဲ့ပြီးတော့ ကန်မှာ သွားပြီး ကန်ဆယ်တာတို ကိုယ့်ကံတွေ ဘာတွေ ကောင်းအောင် ကန်တိုးတာတို့၊ ကန်တူးတာကတော့ မိုးရွာတွေကျနေတဲ့ အင်းအိုင်တွေမှာ တိမ်သွားတာတွေကို နက်အောင် တူးဖော်တာကို ပြောတာပေါ့။ လက်နဲ့။ ကိုယ့်တပိုင်တနိုင်ခွန်အားလေးတွေနဲ့ လုပ်ကြကိုင်ကြတာပေါ့။”
၂၀၂၁ သင်္ကြန်ကစလို့ အကြမ်းဖက်စစ်တပ်ကို စိတ်နာလာတဲ့ မြန်မာပြည်သူလူထုဟာ တနိုင်ငံလုံး အတိဒုက္ခရောက်လာတာနဲ့အတူ သင်္ကြန်ပွဲတော် ဆင်နွှဲတာကို ရပ်ပစ်ခဲ့ပြီး တော်လှန်ရေး အောင်မြင်ပြီးဆုံးမှသာ အစဉ်အလာအတိုင်း ပြန်လည်ကျင်းပဖို့ ဆုံးဖြတ်ထားခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ်က စခဲ့တဲ့ တော်လှန်သင်္ကြန်ဟာ လက်ရှိ ၂၀၂၄ သင်္ကြန်အထိ မြန်မာပြည်သူလူထုက ပါဝင်ဆင်နွှဲခဲ့တာ မရှိခဲ့ပါဘူး။ ဒီလို ပြည်သူလူထုက စိတ်ပိုင်းဖြတ်ထားကြပေမယ့် အကြမ်းဖက်စစ်တပ်ကတော့ လွတ်လပ်ပျော်ရွှင်စွာ ဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ခြံဝင်းခတ်ထားတဲ့ ပြည်သူ့ရင်ပြင်မှာ လုံခြုံရေးအစောင့် ထူထပ်စွာနဲ့ ဒံပေါက်စတုဒိသာကျွေးပြီး အများပြည်သူ ပါဝင်လာဖို့ စောင့်မျှော်လင့်နေပေမယ့်လည်း တပ်နဲ့ ရဲ မိသားစုဝင်အသိုင်းအဝိုင်းတွေကလွဲလို့ လာရောက်ဆင်နွှဲသူ မရှိသလောက် ဖြစ်ခဲ့ပါတယ်။
No comments:
Post a Comment