လာမယ့် ၂၀၂၅ ခုနှစ်တွင် မြန်မာ့လူဦးရေ လေးပုံတစ်ပုံအထိ စားနပ်ရိက္ခာအကျပ်အတည်းကြုံနိုင်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
ကိုမြင့်သူ၊ Radio NUG ဒီဇင်ဘာ ၁၇၊ ၂၀၂၄
လာမယ့်နှစ်မှာ မြန်မာ့လူဦးရေ ၁၅ သန်းဟာ အစားအစာ မလုံလောက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှုးရုံး UNOCHA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ FAO က ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ထုတ်ပြန်ထားတဲ့ စားနပ်ရိက္ခာ ဖူလုံဖို့အတွက် အလွန်စိုးရိမ်ရတဲ့ နိုင်ငံပေါင်း ၂၂ နိုင်ငံစာရင်းမှာ လက်ဘနွန်၊ ဆီးရီးယား၊ ယီမင်တို့နဲ့အတူ မြန်မာနိုင်ငံကိုလည်း ထည့်သွင်းထားပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးချိန်ကစလို့ တပြည်လုံးနဲ့ တယောက် ဆိုသလို ဖြစ်လာတဲ့ အကြမ်းဖက်စစ်တပ်ဟာ တနိုင်ငံလုံးကို ထိုးစစ်ဆင် ဆင်နွှဲလာတဲ့အတွက် လယ်ယာသားငါးနဲ့ ကုန်ထုတ်လုပ်ငန်းတွေ ကျဆင်းခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်တွေကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် စတဲ့ ဒေသအသီးသီးမှာ စားနပ်ရိက္ခာ ထုတ်လုပ်ဖို့အတွက် နေအိမ်ကနေ သီးနှံစိုက်ခင်းတွေရှိတဲ့ နေရာကို သွားဖို့ကိုပင် အခက်အခဲ ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့ရာသီဥတု အဆိုးရွားဆုံးဒဏ်ကို ထိပ်တန်းက ရင်ဆိုင်ရမယ့် နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက ပါဝင်နေတာ ၂၀၁၀ ကာလလောက်ကတည်းက သိထားကြပေမယ့်လည်း ရာသီဥတုနဲ့ လိုက်လျောညီထွေ စိုက်ပျိုးနိုင်မယ့် နည်းစနစ်နဲ့ အခြေခံအဆောက်အအုံတွေကို ပြင်ဆင်နိုင်တာ မရှိခဲ့ပါဘူး။ ဒါကြောင့် ရိတ်သိမ်းချိန်မှာ မိုးရွာသွန်းလို့ သီးနှံတွေ ပျက်စီးရတာအပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ မိုးများပြီး မြေပြို ရေကြီးမှုတွေကြောင့် သီးနှံစိုက်ခင်းတွေအပြင် လူနေအိမ်များနဲ့ အခြေခံအဆောက်အအုံတွေပါ ပျက်စီးဆုံးရှုံးခဲ့တာကလည်း စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာစေတဲ့ အကြောင်းရင်းတွေ ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ခဲ့တဲ့ ဆန်စားသုံးမှု စစ်တမ်းအရ မြန်မာ့ဆန် ထုတ်လုပ်မှုက တန်ချိန် ၁၃ သန်း ထွက်ရှိတယ်လို ထုတ်ပြန်ထားပေမယ့် အခုချိန်မှာ တနိုင်ငံလုံးရဲ့ ဆန်ထွက်ရှိမှုကို အတိအကျ ထုတ်ပြန်နိုင်တာမရှိပါဘူး။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ဆန်ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရရှိဖို့ ရည်မှန်းပြီး ဆန်များများ တင်ပို့နိုင်ဖို တွန်းအားပေးလျက်ရှိပါတယ်။ အကြမ်းဖက်စစ်တပ်က လူဦးရေထူထပ်တဲ့ ရန်ကုန်မြို့မှာသာ ဆန်ဈေးမတက်အောင် လုပ်တာတွေ၊ ဆန်ဈေး သတ်မှတ်တာတွေ၊ ဆန်ဈေးတက် ရောင်းသူတွေအပြင် အရည်အသွေးအရ တန်ဖိုးမြှင့် ဆန်ရောင်းချသူတွေကို ဖမ်းဆီးထောင်ချတာတွေ စတာတွေကို ဟန်ပြလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရန်ကုန် ပြင်ပဒေသတွေမှာတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်ပြေးဒုက္ခသည် ၆ သန်းကျော်အပြင် ဝင်ငွေကျဆင်းလို့ အစားအစာ မလုံလောက်သူတွေ၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာကုန်သွယ်မှုမပြုနိုင်တဲ့ ဒေသတွေအတွက် မျက်ကွယ်ပြုလျက်ရှိပါတယ်။
ဆန်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးကတော့ ဒေသအသီးသီးမှာ စားနပ်ရိက္ခာဖူလုံဖို့အတွက် ထိရောက်တဲ့ သိုလှောင်ဖြန့်ဖြူးတဲ့စနစ်တွေ ထူထောင်ထားဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။
“ကျွန်တော်တို့က Food Security ကို စဉ်းစားတဲ့အခါမှာ Dimension တွေ ရှိတာပေါ့။ Food Security ရဲ့ Dimension တွေက နံပါတ်တစ်ကတော့ Availability ပေါ့၊ ပစ္စည်းရှိရမယ်။ ပစ္စည်းရှိပြီးတော့ available ဖြစ်တယ်။ ဒါပေမဲ့ ခုနပြောသလို Access ဖြစ်တယ်။ လက်လှမ်းမီတဲ့ အနေထား Accessibility မရှိရင်လည်း Food Security က အားနည်းတယ်လို့ နိုင်ငံတကာမှာ သုံးသပ်ကြတယ်။ နောက်ထပ် တစ်ခုကတော့ Affordability ပစ္စည်းလည်း ရှိတယ်။ လက်လှမ်းလည်း မီနိုင်တယ်။ ဒါပေမဲ့ ဈေးနှုန်းတွေက ကြီးမြင့်နေတယ်၊ ဒီဟာက ခုနပြောသလို အခက်အခဲရှိနိုင်တယ်။ အဲဒီတော့ ခုနပြောသလို ကျွန်တော်တို့ ပြန်ကြည့်ရမှာကတော့ ပစ္စည်းကတော့ ကျွန်တော်တို့က အပြည့်အဝရှိတယ်။ အဲ့တော့ Affordability , Accessibility တို ခုန ကျွန်တော် ပြောတဲ့ သိုလှောင်ဈေးကစားတဲ့ လုပ်ငန်းတွေ မလိုလားအပ်တဲ့ ပယောဂတွေ ဝင်မလာအောင် သိုလှောင်ဖြန့်ဖြူးတဲ့စနစ်ကို ထူထောင်ရမယ်။”
မြန်မာ့လူဦးရေ ၁၅ သန်း စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ ရင်ဆိုင်နိုင်ရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက သုတေသနပြု ထုတ် ပြန် ထားပေမယ့် ဒီအခြေအနေကို တားဆီးကာကွယ်နိုင်မယ့် အစီအမံ လုပ်ဆောင်ချက်တွေကတော့ ဖြစ်မလာသေးပါဘူး။
No comments:
Post a Comment