၂၀၂၅ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေး
📌 ၂။ ဩစတေးလျနိုင်ငံ၏ ၂၈ ဆက်မြောက် ၀န်ကြီးချုပ် Tony Abbottနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံခဲ့
📌 ၃။ ၂၀၂၄ ခုနှစ် (၁)နှစ်တာအတွင်းမဟာဗျူဟာရည်မှန်းချက် (၄)ရပ်နှင့်အညီလူ့အခွင့်အရေးချိုးဖောက်မှုများအား စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ NUGလူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မြေပြင်တွင် လုပ်ငန်းများ ဖေါ်ဆောင်လျက်ရှိတယ်လို့အသိပေး
📌 ၅။ အခုဆက်လက်ပြီး သတင်းစုစည်းတင်ပြမှုအနေနဲ့ ကတော့
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာနီးပါးကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်
🚩 ၂။ ကျိူက်မရောမြို့နယ်က ရဲစခန်းနှစ်ခုကို ဒရုန်းများနဲ့တိုက်ခိုက်ရာ စကစဘက်က ၆ဦးသေဆုံး
🚩 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာတွင် လိုက်နာကျင့်သုံးရမည့် လိင်ပိုင်းဆိုင်ရာမူဝါဒကိုထုတ်ပြန်
🚩 ၄။ မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်လက်နက်ပစ္စည်းများနှင့်ပတ်သက်၍ UNICEF Myanmarကသတိပေးထုတ်ပြန်
🚩 ၅။ ၂၀၂၅ ခုနစ်အရောက်မှာ နယ်စပ် ကုန်သွယ်ရေးစခန်းအားလုံးနီးပါးရဲ့ ၅၆ ရာခိုင်နှုန်းကို တော်လှန်ရေး အဖွဲ့အသီးသီးက ထိန်းချုပ်ထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေး
ဇန်နဝါရီ၁၃ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံမှုကို ဇန်နဝါရီလအတွင်း Twitter မှာ ယာယီသမ္မတဒူဝါလရှီးလကအသိပေးဆိုထားပါတယ်။
"ကျွန်ုပ်တို့၏တော်လှန်ရေး၏အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့်ပတ်သက်၍ အီးယူအထူးသံတမန်နှင့် အဓိပ္ပါယ်ရှိရှိ ဆွေးနွေးခဲ့ပါတယ်။ အီးယူနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီဆီသို့ ခရီးလမ်းကို ပံ့ပိုးပေးနိုင်သည့် နည်းလမ်းများကို ရှာဖွေခဲ့ကြပါတယ်။ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်နေပါတယ်"လို့ယာယီသမ္မတကဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်း(Igor Driesmans)တို့ဟာ ၂၀၂၃ ခုနှစ်၊ မတ်လ (၉) ရက်နေ့ကလည်းတစ်နာရီခွဲခန့်အကြာ အွန်လိုင်းပလက်ဖောင်းမှ တွေ့ဆုံဆွေးနွေးခဲ့ပြီးနိူဝင်ဘာ၂၇ရက်ကလည်းထပ်မံတွေ့ဆုံခဲ့ကြပါသေးတယ်။
========================
📌📌 ၂။ ဩစတေးလျနိုင်ငံ၏ ၂၈ ဆက်မြောက် ၀န်ကြီးချုပ် Tony Abbottနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံခဲ့
ဇန်နဝါရီ၁၃ရက်
ဩစတေးလျနိုင်ငံ၏ ၂၈ ဆက်မြောက် ၀န်ကြီးချုပ် Tony Abbottနဲ့ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံခဲ့တယ်လို့ ဇန်နဝါရီလအတွင်း အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အသိပေးဆိုထားပါတယ်။
"ဩစတေးလျနိုင်ငံ၏ ၂၈ ဆက်မြောက် ၀န်ကြီးချုပ် Tony Abbott ကို တွေ့ ဆုံကြားနာခွင့်ရတာ ဝမ်းသာပါတယ်"လို့ဆိုထားပါတယ်။
မြန်မာ့ရဲရင့်သောတရားဝင်ကိုယ်စားလှယ်များမှ တွန်းအားပေးသော သြစတြေးလျနှင့် မြန်မာနိုင်ငံကြား ခိုင်မာသော မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုများကို တွေ့မြင်ရမည်ဟုလည်း မျှော်လင့်တယ်လို့ဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။
========================
📌📌 ၃။ ၂၀၂၄ ခုနှစ် (၁)နှစ်တာအတွင်းမဟာဗျူဟာရည်မှန်းချက် (၄)ရပ်နှင့်အညီလူ့အခွင့်အရေးချိုးဖောက်မှုများအား စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ NUGလူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်
ဇန်နဝါရီ၁၃ရက်
၂၀၂၄ ခုနှစ် (၁)နှစ်တာအတွင်း မဟာဗျူဟာရည်မှန်းချက် (၄)ရပ်နှင့်အညီ လူ့အခွင့်အရေးချိုးဖောက်မှုများအား စနစ်တကျမှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဇန်နဝါရီ၁၃ရက်မှာ NUGလူ့အခွင့်ရေးဝန်ကြီးဌာနမှာ ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန စတင်ဖွဲ့စည်းချိန်မှစ၍ မဟာဗျူဟာ ရည်မှန်းချက်(၄)ရပ်နှင့်အညီ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ခြင်းအပါအဝင် ပြည်သူလူထုတရပ်လုံးအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့်တန်းတူညီမျှမှုရှိစေရေးတို့အတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ်အတွင်း စကစကလူ့အခွင့်အရေးချိုးမှုပေါင်း ၇၃၉၄ခု ရှိခဲ့ပြီး၄င်းတို့ထဲက ဖြစ်ရပ်ပေါင်း ၁၂၂၈မှုကိုအတည်ပြုနိုင်ခဲ့ပါတယ်။
ဒါ့အပြင်လူ့အခွင့်ရေးဝန်ကြီးဌာနဟာ တရားမျှတမှုဖော်ဆောင်ရေးအတွက် နိုင်ငံတကာစည်းရုံးလှုံ့ဆော်ခြင်း၊အမျိုးသားညီညွတ်ရေးအစိုးရ၏ မူဝါဒများ လူ့အခွင့်အရေးစံချိန်စံညွှန်းများဖြင့် ကိုက်ညီစေရန် ဆောင်ရွက်ခြင်း၊လူ့အခွင့်အရေးပညာပေးခြင်း စသည်တို့ကို စနစ်တကျဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မြေပြင်တွင် လုပ်ငန်းများ ဖေါ်ဆောင်လျက်ရှိတယ်လို့အသိပေး
ဇန်နဝါရီ၁၃ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မြေပြင်တွင် လုပ်ငန်းများ ဖေါ်ဆောင်လျက်ရှိတယ်လို့ ဇန်နဝါရီ၁၃ရက်အလုပ်သမားဝန်ကြီးဌာနက တရားဝင်အသိပေးကြေညာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန အနေဖြင့် မြေပြင်လုပ်ငန်းအစီအစဉ်များ ချမှတ် ဆောင်ရွက်လျက်ရှိရာ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးဖေါ်ဆောင်နိုင်ရေးနှင့် ပုံမှန် ဝင်ငွေ ရရှိရေး၊ သက်သာချောင်ချိရေးတို့အတွက် ကျေးရွာအခြေပြု လုပ်ငန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကဏ္ဍတွင် ပြည်သူလူထုအတွက် ဝန်ကြီး ဌာနက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသအတွင်းရှိ မြို့နယ်နှစ်ခု၏ ကျေးရွာများတွင် ကြက်မွေးမြူရေးဖြင့် အသက်ဝမ်းကြောင်း ပြုနေသူ အိမ်ထောင်စု ၄၀ စုအတွက် ကြက်စာများကို ဖြန့်ဖြူးပေးခဲ့ပါတယ်လို့ဖော်ပြပါတယ်။
အလုပ်သမားဝန်ကြီးဌာနအနေဖြင့်ပြည်ပရောက်ရွှေ့ပြောင်းအလုပ်သမားများအရေးကိုလည်းကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
========================
📌📌 ၅။ အခုဆက်လက်ပြီး သတင်းစုစည်းတင်ပြမှုအနေနဲ့ ကတော့
ဇန်နဝါရီ၁၃ရက်
- ကချင်ပြည်နယ်၊ဖါးကန့်ဒေသ စဘော့ရွာမှာ ကျောက်လုပ်ကွက်မှ ရွှံ့ကန်ပေါက်လို့ အိမ် ၅၀နီးပါးနစ် မြုပ်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။
ဇန်နဝါရီ၁၃ရက်မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တယ်လို့ဒေသခံသတင်းအရင်းအမြစ်များထံကသိရပါတယ်။
"မနက်၁ နာရီလောက်မှာ ဖါးကန့်ဒေသ စဘော့ရွာမှာ ကျောက်လုပ်ကွက်မှ ရွှံ့ကန်ပေါက်လို့ အိမ် ၅၀ လောက် မြုပ်သွားပြီလို့ သိရပါတယ်"လို့ဆိုပါတယ်။
လတ်တလောမှာသေဆုံးမှုနဲ့ပျောက်ဆုံးမှုစာရင်းကိုအတည်ပြုစုံစမ်းနေဆဲဖြစ်ပါတယ်။ဖားကန်ဒေသဟာမြေစာပုံများမကြာခဏပြိုကျခြင်းနဲ့ လူသေဆုံးမှုများဖြစ်ပွားခဲ့ပါတယ်။
- ကနီမြို့နယ်တွင်း ကလေးငယ်တွေကို (၆)လတကြိမ် သံချဆေးတိုက်ကျွေးဖို့အတွက် ဆေးလုံးရေနှစ်သောင်းကျော်လိုအပ်နေတယ်လို့ ဇန်နဝါရီ၁၃ရက် ကနီမြို့နယ်တွင်း တက်ကြွလှုပ်ရှားသူ ပြည့်အောင်နိုင်က အသိပေးဆိုထားပါတယ်။"ကနီမြို့နယ်တွင်း ကလေးငယ်တွေကို (၆)လတကြိမ် သံချဆေးတိုက်ကျွေးဖို့အတွက် စျေးတွေ စုံစမ်းလိုက်တဲ့အခါ ဆေးတလုံးကို (၄၀၀-၅၀၀)ကျပ်ရှိပါတယ်။ဆေးအလုံးရေ (၂၀၀၀၀)ကျော်လောက်လိုပါမယ်"လို့ဆိုထားပါတယ်။ကနီနယ်တွင်း ကလေးငယ်တွေကို (၆)လတကြိမ် သံချဆေး တိုက်ကျွေးလာခဲ့ရာ(၄)နှစ်တာ ကာလထဲကိုရောက်ရှိလာပြီဖြစ်တယ်လို့သိရပါတယ်။
- မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ၊ အနွေးထည်နဲ့ စောင်တွေကို ပကဖအဖွဲ့များ လူကိုယ်တိုင်သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ ဇန်နဝါရီ၁၃ရက် ပကဖအသံကတရားဝင်အသိပေးဖော်ပြပါတယ်။သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့မှ သပိတ်ကျင်းမြို့နယ် (ပကဖ) အဖွဲ့ ၊ နွေဦးမေနှင့်သွေးချင်းညီမများ အဖွဲ့နဲ့အတူ မတ္တရာမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ၊ အနွေးထည်နဲ့ စောင် တွေကို ဇန်နဝါရီလ ၇ရက်နေ့က သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ဖော်ပြပါတယ်။ပကဖအဖွဲ့များဟာတိုက်ခိုက်ရေးအပြင်လူထုအကျိုးပြုထောက်ပံ့ကူညီရေးလုပ်ငန်းများကိုလည်းဆောင်ရွက်လျက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာနီးပါးကို တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်
ဇန်နဝါရီလ၊ ၁၃ ရက်
စစ်ကြောင်းထိုးပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ရာနီးပါးကို တော်လှန်ရေးတပ်များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ (၂၀) ဦး သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီလ (၁၂) ရက် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံနှင့် တောင်သာသို့သွားသည့်လမ်းတွင်း နန်းမြင့်ရွာနှင့် တောင်ရှေ့ရွာသို့ စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်ကောင်စီ ခမရ-၁၅၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၁၀၀) ခန့်ကိုတော်လှန်ရေးအင်အားစုများတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) (MOD) အမှတ် (၁) စစ်ဒေသ လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၁၊ ၂၊ ၇) သုံးရင်းပေါင်းပြီးတိုက်ခိုက်ခဲ့ကြပါတယ်။
တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ (၂၀) ဦး သေဆုံးခဲ့ပြီး MA-1 (၁) လက်၊ MA-3 (၆) လက်၊ G-3 (၃) လက်၊ MA ကျည် (၅၁) တောင့်၊ G-3 ကျည် (၁၅၉) တောင့်၊ 9Volt ကျည် (၈) တောင့်၊ ကျည်အိမ် (၂၄) ခု၊ Jammer အကြီး (၁) လုံး၊ ကျောပိုး Jammer (၁) လုံး သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
🚩🚩 ၂။ ကျိူက်မရောမြို့နယ်က ရဲစခန်းနှစ်ခုကို ဒရုန်းများနဲ့တိုက်ခိုက်ရာ စကစဘက်က ၆ဦးသေဆုံး
ဇန်နဝါရီ၁၃ရက်
မွန်ပြည်နယ်၊ကျိူက်မရောမြို့နယ်က ရဲစခန်းနှစ်ခုကိုဒရုန်းများနဲ့တိုက်ခိုက်ရာ စကစဘက်က ၆ဦးသေဆုံးခဲ့တယ်လို့ ဇန်နဝါရီ၁၃ရက်မှာ စစ်ဆင်ရေးကို စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP ADကအသိပေးထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်များနေရာယူထားသည့် ကျိူက်မရောမြို့နယ်မှ ကဒါကျေးရွာရဲစခန်းနှင့် တောင်ပေါ်ကလေးကျေးရွာရဲစခန်းတို့ကို မွန်ပြည်သစ်ပါတီNMSP-AD တပ်၏ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းများဖြင့် တိုက်ခိုက်သဖြင့် စကစဘက်မှ (၆)ဦးသေဆုံးကာ (၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။
မွန်ပြည်သစ်ပါတီ(AD)တပ်မှ ဇန်နဝါရီ၁၀ရက်မှာ ကဒါကျေးရွာရဲစခန်းတွင်းသို့ဒ ရုန်းဖြင့်တိုက်ခိုက်သဖြင့် စကစဘက်က(၅)ဦးသေဆုံးကာ (၄)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။။
ထို့နောက်ဇန်နဝါရီ ၁၂ရက်မှာလည်း စကစနေရာယူထားသည့် ရဲစခန်းကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ရာ စကစဘက်က (၁) ဦးသေဆုံးကာ (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
🚩🚩 ၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာတွင် လိုက်နာကျင့်သုံးရမည့် လိင်ပိုင်းဆိုင်ရာမူဝါဒကိုထုတ်ပြန်
ဇန်နဝါရီ၁၃ရက်
ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာတွင် လိုက်နာကျင့်သုံးရမည့် လိင်ပိုင်းဆိုင်ရာမူဝါဒကို ဇန်နဝါရီ၁၃ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်TRIဗျူဟာက ထုတ်ပြန်လိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာတွင်လိုက်နာကျင့်သုံးသည့် လိင်ပိုင်းဆိုင်ရာမူဝါဒတွင်တပ်ဖွဲ့တွင်း အိမ်ထောင်ရေးဖောက်ပြန်မှုကို လုံးဝခွင့်မပြုကြောင်းဖော်ပြထားပါတယ်။
၎င်းမူဝါဒ စည်းမျဥ်းစည်းကမ်းများသည် အမျိုးသမီးများ၊အိမ်ထောင်သည်များ၊ LGBTQS အုပ်စုများနှင့်ကလေးသူငယ်များကို အထူးကာကွယ်ထားသည့် မူဝါဒ စည်းမျဥ်း စည်းကမ်းများဖြစ်တယ်လို့လည်းဆိုပါတယ်။ယခင်က TRIဗျူဟာအတွင်း လိုက်နာကျင့်သုံးခဲ့သော မူဝါဒများကို အသေးစိတ် ပြန်လည်ပြုပြင်ထားခြင်းဖြစ်ပြီး လိင်ပိုင်းဆိုင်ရာမူဝါဒများ ကိုလိုက်နာခြင်းမပြုဘဲ ဖောက်ဖျက်ပါက အရေးယူခြင်းများလုပ်ဆောင်မယ်လို့ဆိုထားပါတယ်။
========================
🚩🚩 ၄။ မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်လက်နက်ပစ္စည်းများနှင့်ပတ်သက်၍ UNICEF Myanmarကသတိပေးထုတ်ပြန်
ဇန်နဝါရီ၁၃ရက်
မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်လက်နက်ပစ္စည်းများနှင့်ပတ်သက်၍ UNICEF Myanmarမှ ဇန်နဝါရီ၁၃ရက်မှာ အသိပညာပေးရုပ်ပုံများနှင့်တကွ သတိပေးထုတ်ပြန်လိုက်ပါတယ်။
"မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်လက်နက်ပစ္စည်းများတွင် သက်တမ်းကုန်ဆုံးရက်မရှိပါ။ ကိုယ်ကိုယ်တိုင်ကော ကိုယ်ချစ်ခင်ရတဲ့သူတွေကိုပါ အကာအကွယ်ပေးနိုင်ဖို့ ပုံထဲကအချက်အလက်တွေကို လိုက်နာပြီး အခြားသူတွေနဲ့ပါ မျှဝေပေးလိုက်ပါ"လို့ဖော်ပြပါတယ်။
၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်းများကြောင့် သေဆုံးထိခိုက်သူ ၂၈၄ ဦး ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၃၉၀ ဦးအထိ ရှိခဲ့တယ်လို့ UNICEF က ဖော်ပြပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း ပြည်သူတွေရဲ့ ကျေးရွာတွေထဲဝင်ရောက်ပြီး စခန်းချ နေရာယူတဲ့အချိန်မှာ ခံစစ်စည်းအနေနဲ့ မိုင်းတွေကို ရွာအနှံ့ထောင်ထားခဲ့လေ့ရှိပါတယ်။
========================
🚩🚩 ၅။ ၂၀၂၅ ခုနစ်အရောက်မှာ နယ်စပ် ကုန်သွယ်ရေးစခန်းအားလုံးနီးပါးရဲ့ ၅၆ ရာခိုင်နှုန်းကို တော်လှန်ရေး အဖွဲ့အသီးသီးက ထိန်းချုပ်ထား
ဇန်နဝါရီ၁၃ရက်
၂၀၂၅ ခုနစ်အရောက်မှာ နယ်စပ် ကုန်သွယ်ရေး စခန်းအားလုံး နီးပါးရဲ့ ၅၆ ရာခိုင်နှုန်းကို တော်လှန်ရေး အဖွဲ့အသီးသီးက ထိန်းချုပ်ထားတယ်လို့ ဇန်နဝါရီလအတွင်းမှာ စစ်ရေးသုံးသပ်ချက်များဖော်ပြနေတဲ့ PDFInsightမှ ဖော်ပြပါတယ်။
"စစ်ကောင်စီထိန်းချုပ်ထားရာ မြို့တွေ နဲ့ ဒေသတွေဟာ စိုက်ပျိုး ၊ မွေးမြူရေး နဲ့ ရေလုပ်ငန်းတွေ အဓိက လုပ်ကိုင် အခြေချရာ နေရာဒေသတွေ မဟုတ်ဘဲ အဲ့လုပ်ငန်းတွေ အများစုဟာ အမျိုးသားညီညွတ်ရေး အစိုးရ သိမ်းပိုက် ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ကျေးလက်ဒေသတွေ အများစုမှာရှိပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနစ်အရောက်မှာ နယ်စပ် ကုန်သွယ်ရေး စခန်းအားလုံး နီးပါးရဲ့ ၅၆ ရာခိုင်နှုန်းကို တော်လှန်ရေး အဖွဲ့အသီးသီးက ထိန်းချုပ်ထားပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ အဖွဲ့တွေရဲ့ ဟန်ချက်ညီ စစ်ကစားနိုင်ခဲ့မှုတွေကနေ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး ၊ တနင်္သာရီတိုင်းတွေမှာ မြို့ အများစုကို ဝိုင်းပတ် ပိတ်ဆို့ပြီး စိုးမိုးနယ်မြေ၊ ထိန်းချုပ် နယ်မြေ အများစုကို ထူထောင်ထားနိုင်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment