၂၀၂၅ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်ကို ဖြိုချတဲ့နေရာနဲ့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးခရီးမှာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အရေးကိစ္စကလည်း အရေးကြီးတယ်လို့ ယာယီသမ္မတပြော
📌 ၂။ အမျိုးသမီးများနှင့်မိန်းကလေးများအပေါ် ပြုကျင့်နှိပ်စက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လှစ်လျူမရှုသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးပြောကြား
📌 ၃။ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးတွင် (၃)လအတွင်း ရေကြောင်း၊ ကုန်းကြောင်းရှိ တရားမဝင်ဂိတ်များ လျော့ချပိတ်သိမ်းနိုင်ခဲ့ကြောင်းတင်ပြ
📌 ၄။ စစ်ရေးအရှိန်မြင့်နေတဲ့ တောင်သာမြို့နယ်က လမ်းပိုင်းအသုံးပြုတာတွေ ကန့်သတ်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လွိုင်ကော်ကိုရောက်နေတဲ့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနဲ့အဖွဲ့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်
🚩 ၂။ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ရဟန်းတပါးနဲ့ အရပ်သား ၂ ဦး ဒဏ်ရာရ
🚩 ၃။ ထောက်ကြန့်နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်သား ၂ ဦး ဒဏ်ရာရ
🚩 ၄။ မုံရွာ- အရာတော်လမ်းပိုင်းမှာ စစ်သားတဦးကို ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်ကို ဖြိုချတဲ့နေရာနဲ့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးခရီးမှာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အရေးကိစ္စကလည်း အရေးကြီးတယ်လို့ ယာယီသမ္မတပြော
ဇန်နဝါရီလ ၁၅ရက်
အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်ကို ဖြိုချတဲ့နေရာနဲ့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးခရီးမှာပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အရေးကိစ္စကလည်းအရေးကြီးတယ်လို့ ယာယီသမ္မတဒူဝါလရှီးလကဇန်နဝါရီ၁၄ရက် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
"နှစ်သစ်ကူးမိန့်ခွန်းမှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်က စစ်သားတွေကို ပြည်သူ့ရင်ခွင်ကို ခိုလှုံလာဖို့ ဖိတ်ခေါ်ထားကြောင်း ၊ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ အရေးကိစ္စကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်ကို ဖြိုချတဲ့နေရာနဲ့ စစ်အာဏာရှင် စနစ်ဖျက်သိမ်းရေးခရီးမှာ အဓိက အရေးကြီးတဲ့အတွက် ထိထိရောက်ရောက် လုပ်ဆောင်ဖို့ တိုက်တွန်းကြောင်း"ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ပကဖများ သို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း တပ်သားနှင့်ရဲ (၃၃) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပြီးအရာရှိအဆင့် ဗိုလ်မှူး(၁) ဦးအပါအဝင် တပ်သားနှင့်ရဲ (၃၃) ဦး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ပါတယ်။
အလားတူ၂၀၂၅ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း တပ်သားနှင့်ရဲ (၂၉) ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများသို့ ဆက်သွယ်ကာအလင်းဝင်ရောက်ခဲ့ပါတယ်။
========================
📌📌 ၂။ အမျိုးသမီးများနှင့်မိန်းကလေးများအပေါ် ပြုကျင့်နှိပ်စက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လှစ်လျူမရှုသင့်ကြောင်း ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးပြောကြား
ဇန်နဝါရီလ ၁၅ရက်
အမျိုးသမီးများနှင့်မိန်းကလေးများအပေါ် ပြုကျင့်နှိပ်စက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လှစ်လျူမရှုသင့်ကြောင်းပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးကပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဇန်နဝါရီ၁၅ရက်မှာ ဖော်ပြပါတယ်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအခမ်းအနားကို ၆-၁၂-၂၀၂၄ ရက်နေ့၊ နံနက် ၀၉:၀၀ အချိန်တွင်ကျင်းပပြီး အမျိုးသမီး ၈၈ ဦး၊ အမျိုးသား ၅ ဦး၊ စုစုပေါင်း ၉၃ ဦးတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးကပြောကြားရာ"အမျိုးသမီးများနှင့်မိန်းကလေးများအပေါ် ပြုကျင့်နှိပ်စက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး လှစ်လျူမရှုသင့်ကြောင်း"ဝန်ကြီးကပြောကြားခဲ့ပါတယ်။
ဆက်လက်၍ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၏ ၂၀၂၄ ခုနှစ်၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ကြေညာချက်ကို နော်စေးဖလော့ က ဖတ်ကြားခဲ့ပြီး အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နှင့် ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတို့၏ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပူးတွဲကြေညာချက်ကို အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဌာနမှူး စောသဟဲစရီးမှ ဖတ်ကြားခဲ့ပါတယ်။
========================
📌📌 ၃။ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေးတွင် (၃)လအတွင်း ရေကြောင်း၊ ကုန်းကြောင်းရှိ တရားမဝင်ဂိတ်များ လျော့ချပိတ်သိမ်းနိုင်ခဲ့ကြောင်းတင်ပြ
ဇန်နဝါရီလ ၁၅ရက်
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လစဉ်ပုံမှန်အစည်းအဝေး (၁/၂၀၂၅)အား(၁၄.၁.၂၀၂၅)
ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။အစည်းအဝေးတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်က မိမိတာဝန်ယူခဲ့သော (၃)လအတွင်း ဆောင်ရွက်ထားရှိသော ရေကြောင်း၊ ကုန်းကြောင်းရှိ တရားမဝင်ဂိတ်များ လျော့ချပိတ်သိမ်းနိုင်ခဲ့ခြင်း၊မြို့နယ်အဆင့်ဆေးရုံဖြစ်မြောက်ရေးကိစ္စများ ဆောင်ရွက်ခြင်း ၊ လမ်း၊ တံတားများ ပြုပြင်ဆောက်လုပ်ခြင်း၊ (လေကြောင်းသတင်း) ဆက်သွယ်စက်များ တစ်မြို့နယ်လုံး တပ်ဆင်ခြင်း၊ ပညာရေးအသုံးပြုရန် စတားလင့်စက် ဝယ်ယူပေးခြင်း၊ရေးရာတာဝန်ခံများနှင့်အခွန်ဂိတ်များအား ဆိုင်ကယ်များ ဝယ်ယူထောက်ပံ့ခြင်း၊ ရုံးသုံးပစ္စည်းများနှင့် ပအဖအဖွဲ့၊ ပကဖအဖွဲ့၊ ပလဖအဖွဲ့များအတွက် လိုအပ်ချက်များဖြည့်တင်းပေးခြင်းများကို တင်ပြဆွေးနွေးခဲ့ပါတယ်။
ထို့အပြင် တပ်ရင်းတပ်ဖွဲ့များအား ထောက်ပံ့ခဲ့မှုကိစ္စများ၊ မြို့နယ်အတွင်း ရွှေမျောကိစ္စများ စီမံဆောင်ရွက်မှုအခြေအနေများ၊ (၃)လတာ အတွင်းအခွန်ကောက်ခံရရှိခဲ့မှုများကိုရှင်းလင်းတင်ပြခဲ့ပြီး နောက်(၃)လ တာ စီမံချက်များကို ရေးဆွဲခဲ့ကြပါတယ်။ဆက်လက်၍တက်ရောက်လာကြသော ရေးရာတာဝန်ခံအသီးသီးမှလည်း (၃)လတာအတွင်း မိမိတို့ ကဏ္ဍအလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေများ အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၄။ စစ်ရေးအရှိန်မြင့်နေတဲ့ တောင်သာမြို့နယ်က လမ်းပိုင်းအသုံးပြုတာတွေ ကန့်သတ်
ဇန်နဝါရီလ ၁၅ရက်
မန္တလေးတိုင်းအတွင်း စစ်ရေးအရှိန်မြင့်နေတဲ့ တောင်သာမြို့နယ်အတွင်းနဲ့ မြို့နယ်ချင်းစပ် လမ်းပိုင်းအသုံးပြုတာတွေကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မနေ့ ဇန်နဝါရီ ၁၄ ရက်ကစပြီး ကန့်သတ်လိုက်ပါတယ်။
စစ်ရေးကြိုတင်ပြင်ဆင်တာပါသလို ဒီကာလမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြည်သူပိုင်ကားတွေ ကုန်တင်ကားတွေ၊Faw ကားတွေအသုံးပြုလာတာတွေကြောင့် ကန့်သတ်ရတာလို့ သိရပါတယ်
တောင်သာမြို့နယ်အတွင်းအပါအဝင် မြို့နယ်ချင်းစပ် လမ်းပိုင်းတွေမှာ ယာဉ်မျိုးစုံနဲ့ ခရီးသွားလာနောကတဲ့ မိဘပြည်သူ များကို အသိပေးမေတ္တာရပ်ခံလိုက်တာလည်းဖြစ်ပါတယ်။
ကန့်သတ်လိုက်တဲ့လမ်းပိုင်းတွေထဲမှာ တောင်သာ-မြင်းခြံလမ်းပိုင်း၊ တောင်သာ-ဝဲလောင် - ကျောက်ပန်းတောင်းလမ်းပိုင်း၊ တောင်သာ-မလှိုင်လမ်းပိုင်း၊ တောင်သာ-ရုံးစဉ်-မလှိုင်လမ်းပိုင်း၊ တောင်သာ-နွားထိုးကြီးလမ်းပိုင်းတို့အပြင် မြို့နယ်အတွင်း ကျေးရွာချင်းဆက် လမ်းပိုင်းတွေ အားလုံး ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကန့်သတ်ထားချက်တွေအရ ယာဉ်အားလုံး ညနေ ၆ နာရီကနေ မနက်၆ နာရီ အတွင်း လုံးဝမောင်းနှင်အသုံးပြုတာမလုပ်ဖို့နဲ့ အရေးပေါ်ကျန်းမာရေးအခြေအနေအရ ကန့်သတ်အချိန်အတွင်း သွားလာရမယ်ဆိုရင် ကားအတွင်းမီးထွန်းပြီး မှန်ချမောင်း ဖို့ သတိပေးထားပါတယ်။
မိုးကာလမဟုတ်တဲ့အတွက် ကုန်တင်ကားကြီးတွေအနေနဲ့ မိုးကာအုပ်မောင်းနှင်တာတွေမလုပ်ဘဲ ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်ပေးကြ မေတ္တာရပ်ခံထားပါတယ်။
ထုတ်ပြန်ချက်ကို မလိုက်နာလို့ ပြဿနာတစုံတရာဖြစ်ခဲ့မယ်ဆိုရင် မလိုက်နာသူတွေရဲ့တာဝန်သာဖြစ်တယ်လို့ တောင်သာ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်ပြီး သတိပေးထားပါတယ်။
အခု ၂၀၂၅ ခုနှစ်ဟာ တော်လှန်ရေးအခြေအနေအပြောင်းအလဲတွေ ပိုဖြစ်ပေါ်လာနိုင်တဲ့အတွက် တောင်သာမြို့နယ်အတွင်း က ပြည်သူလူထုအနေနဲ့ မဖြစ်မနေသွားရမယ့်ကိစ္စတွေကလွဲပြီး အရေးပါမှုနည်းတဲ့အရာတွေအတွက် လျှော့ပေါ့နေထိုင်ကြ ဖို့ လူထုလှုပ်ရှားမှုကော်မတီ-တောင်သာက တိုက်တွန်းထားပါတယ်။
လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတဲ့အတွက် မိမိတို့နေထိုင်ရာ အဆောက်အအုံတွေအနီးမှာ အရေးပေါ်အခြေအနေကို ကာကွယ်နိုင်မယ့် ဗုံးခိုကျင်းတွေ စနစ်တကျတူးထားဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဇန်နဝါရီ ၁၃ ရက် နေ့လည် ၁၂ နာရီကျော်အချိန်က တောင်သာမြို့ အထက ၁ ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၀ ဦးခန့်သေဆုံးပြီး MA-1 တလက်နဲ့ခဲယမ်းအချို့ သိမ်းယူနိုင်ခဲ့သလို နန်းမြင့်တောင်ကြားမှာ ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ကဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာလည်း စစ်အုပ်စုဘက်က ၃ဝ ကျော်သေဆုံး ပြီး လက်နက်မျိုးစုံ ၁၄ လက်၊ drone shooter တခုနဲ့ ဖောကားတစီး သိမ်းဆည်းရရှိခဲ့တာရှိတယ်လို့စစ်ရေးသတင်းတွေအရ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လွိုင်ကော်ကိုရောက်နေတဲ့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနဲ့အဖွဲ့ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်
ဇန်နဝါရီလ ၁၅ရက်
ကရင်နီပြည် လွိုင်ကော်မြို့မှာကျင်းပတဲ့ ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ဖို့ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနဲ့အဖွဲ့ ရောက်ရှိနေချိန်မှာ ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar -BWM အဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Brave Warriors for Myanmar-BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces MKCDF အဖွဲ့ နဲ့ Anti-Coup People’s Liberation Force – ACPLF အဖွဲ့တို့ပေါင်းပြီး မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၇ နာရီအချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရောက်ရှိနေပြီး ညစာစားပွဲကျင်းပနေတဲ့ ကယားပြည်နယ် ခန်းမအတွင်းကို ၁၀၇ မမရှော့တိုက်ဒုံး ၅ လုံးနဲ့ ကရင်နီပြည်အတွင်း စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေ ခြေကုပ်ယူတပ်စွဲထားတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် - ဒကစ လွိုင်ကော် အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး တပြိင်တည်း ပစ်ခတ်ခဲ့တာလို့ အသိပေးထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရှော့တိုက်ဒုံး ၇ လုံးအနက် ၆ လုံး အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ပြီး ထိခိုက် ပျက်စီးဆုံးရှုံးမှုနဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှု အခြေအနေမသိရှိရသေးဘူးလို့ ဆိုပါတယ်။
ဒီမစ်ရှင်ကို ခက်ခက်ခဲခဲဖော်ဆောင်ခဲ့ရတဲ့ ရဲဘော်တွေဟာလည်း အချိန်ယူပြီး ခက်ခက်ခဲခဲပြန်လည်ဆုတ်ခွာခဲ့ရပေမယ့် လက်ရှိမှာ ဘေးကင်း လုံခြုံရာနေရာတွေကို ပြန်ရောက်နေပြီလို သိရပါတယ်။
========================
🚩🚩 ၂။ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကြောင့် ရဟန်းတပါးနဲ့ အရပ်သား ၂ ဦး ဒဏ်ရာရ
ဇန်နဝါရီလ ၁၅ရက်
မကွေးတိုင်း စလင်းမြို့နယ်အတွင်း ၂ ရက်ဆက် စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ် ဘက်က ထိခိုက်သေဆုံးမှုများပြီး စစ်တပ်ကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ရဟန်းတပါးနဲ့ အရပ်သား၂ ဦး ဒဏ်ရာရ သွားတယ်လို့ ဗမာ့တပ်တော် - Bamar Army က အသိပေးပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စလင်းမြို့ပေါ် ကနေ ဖောကား ၂ စီး၊ ဒိုင်နာကား ၂ စီးနဲ့ အင်အားဖြည့်တင်းပြီး မြို့ပေါ်မှတဆင့် မြို့မြောက်ဘက်ကို ဇန်နဝါရီ ၁၀ ရက် မနက် ၆ နာရီခန့်မှာ ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ နေလည် ၁ နာရီခန့်မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်တပ် က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ထန်းတောကြီးရွာပေါ်မှာ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးတဦး လက်တဖက် ပြတ် ဒဏ်ရာရခဲ့သလို အမျိုးသားတဦးလည်း ဒဏ်ရာရရှိခဲ့တဲ့ပြင် အနောက်ရှားတောရွာ ဘုန်းကြီးကျောင်းပေါ် ကျရောက် ပေါက်ကွဲတဲ့ လက်နက်ကြီးကြောင့် ရဟန်းတပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ပတိမ်ကုန်းရွာမှာ အထိုင်ချတပ်စွဲပြီး ကျောင်းစုရွာဘက်ကိုလည်း RPG ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာရှိပေမယ့် ဒီပစ်ခတ်မှုမှာ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ထို့အတူ ဇန်နဝါရီ ၁၁ ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်ဟာ ပတိမ်ကုန်းရွာကနေ မီးရထားလမ်းပေါ်ကို စစ်ကြောင်း တကြောင်း သရက်ချဥ်ရွာဘက်ကနေ စစ်ကြောင်းတကြောင်းခွဲပြီး အင်အား ၁၀၀ ကျော်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိုးမိုးထားတဲ့ နယ်မြေထဲကို ဝင်လာတဲ့အတွက် ဗမာ့တပ်တော် အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးရုံး လက်အောက်ခံ တပ်ရင်း ၇၀၇ ၊ ဒေါင်းစစ်အောင် LPDFတို့နဲ့ နံနက် ၁၀ နာရီဝန်းကျင်မှာ ထိတွေ့တိုက်ပွဲ ထပ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲဟာ မိနစ် ၃၀ ခန့်ကြာခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က စက်ကလေး ၊ RPG၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ ပေမယ့် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး အင်အားမမျှတာကြောင့် တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိစေရေး ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
စလင်းမြို့နယ်အတွင်း နေရာအနှံ့မှာ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား မကြာခဏ ထိတွေ့မှုတွေ ဖြစ်နေပြီး စစ်ရေးအခြေအနေတင်းမာနေတဲ့အတွက် မြို့နေပြည်သူများအနေနဲ့ သတိရှိရှိနေထိုင်ကြဖို့နဲ့ အကြမ်းဖက် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတွေကြောင့် ထိခိုက်မှုမရှိစေဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ထုတ်ပြန်ချက်တွေကို လက်တွေ့ကျကျလိုက်နာကြဖို့ ဗမာ့တပ်တော် - Bamar Army က မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၃။ ထောက်ကြန့်နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်သား ၂ ဦး ဒဏ်ရာရ
ဇန်နဝါရီလ ၁၅ရက်
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးနဲ ဖောက်ခွဲတိုက်ခိုက်ရာမှာ စစ်သား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ကနဦးသတင်းရထားတယ်လို့ Operation Flame အဖွဲ့က ပြောပါတယ်။
Operation Flame အဖွဲ့ မြို့ပြ UG ရဲဘော်တွေက မနေ့ ဇန်နဝါရီ ၁၄ ရက် ည ၆ နာရီခွဲခန့်မှာ ထောက်ကြန့်နယ်မြေ ရဲစခန်းကို အဝေးထိန်းမိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကိုလည်း ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
Operation Flame အဖွဲ့အနေနဲ့ ရန်ကုန်တော်လှန်ရေး မဟာမိတ်တွေနဲ့လက်တွဲပြီး အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မုံရွာ- အရာတော်လမ်းပိုင်းမှာ စစ်သားတဦးကို ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိ
ဇန်နဝါရီလ ၁၅ရက်
စစ်ကိုင်းတိုင်း မုံရွာ- အရာတော်လမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က တပ်သားတဦးကို ခဲယမ်းတွေနဲ့အတူ အရှင် ဖမ်းမိတယ်လို့ Snipe Rangers Force - Local – PDF က ပြေပါတယ်။
မနေ့ ဇန်နဝါရီလ ၁၄ ရက် ညပိုင်းမှာ PDF ယူနီဖောင်းဝတ်ပြီး ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားတဦးကို တော်လှန်ရေး တပ်တွေ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။
စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ဖို့ မိုင်းကွင်းတွေကို အသက်သွင်းဖို့သွားချိန်မှာ PDF ယူနီဖောင်း တွေနဲ့ ကင်းချခံထားရတဲ့ စစ်ကောင်စီတပ်သား ၁၀ ဦးအား PDF ၇ ဦးက သေနတ်ထောက်ဖမ်းဆီးခဲ့တာဖြစ်ပေမယ့် တဦးကို သာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားဟာ BE တပ်ကဖြစ်ပြီး Snipe Rangers Force Local – PDF နဲ့ Special Revolution Force - ဒေါင်းညီနောင်တို့ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ Snipe Rangers Force Local – PDF က ရဲဘော်ဆလိုင်း က ပြောပါတယ်။
ကင်းချခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုဖမ်းဆီးချိန် အခြားစစ်သား ၉ ဦး ကိုယ်လွတ်ရုန်း ထွက်ပြေးလွတ်မြောက်သွားပြီး ဖမ်းဆီးရမိတဲ့ တပ်သားဟာ နမခ လက်အောက်ခံ စအရ-၉၀၉ တပ်က တင်ဆန်းမြင့်ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့စစ်သားဆီကနေ Ma -1 ကျည်ဘောက် ၂ ခု၊ ၅ ပွိုင့် ၅၆ ကျည် ၄၀ တောင့်၊ M9 အမျိုးအစား အီနာဂါ တလုံးနဲ့ အီကွေ့မန့်တထည် သိမ်းဆည်းနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
ဖမ်းဆီးခံရသူရဲ့ ကိုယ်ပိုင်အမှတ်အရ သူဟာ စစ်တပ်အာဏာသိမ်းပြီးမှ စစ်သားဖြစ်လာတဲ့သူလို့ ၂ဝ၂၁ ခုနှစ် မေလကတည်း က CDM ပြုလုပ်ခဲ့တဲ့ စအရ-၉၀၉ တပ်ရင်းက တပ်ဖွဲ့ဝင်တဦးက မှတ်ချက်ပြုပါတယ်။
မုံရွာ- အရာတော်လမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကာ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment