၂၀၂၅ ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ တွေ့ဆုံ၍ စစ်ရေးဆိုင်ရာနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့
📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ပါ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကျင်းပ
📌 ၃။ လွတ်မြောက်နယ်မြေမှာ အောင်ဆန်းပညာရပ်စုံတက္ကသိုလ် ထွက်လာတော့မယ်လို့ ဆို
📌 ၄။ မြန်မာစာပေပညာရှင် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကွယ်လွန်
📌 ၅။ PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တစ်နှစ်အတွင်း ပြစ်မှုပေါင်း (၁)ထောင်ကျော် ဖမ်းဆီး အရေးယူနိုင်ခဲ့
📌 ၆။ နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ် "အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ" ပြုလုပ်မည်
========================
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ဗျူဟာ (၇) တပ်ရင်း (၂၈) တပ်ဗိုလ်၊ တပ်မှူးများနှင့် ရဲဘော်၊ ရဲမေများ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတိုင်ပင်
🚩 ၂။ တောင်ကုတ်မြို့နယ်နဲ့ ဧရာဝတီတိုင်း အစပ်က စစ်ကောင်စီ တပ်စခန်း ၂ ခုကို AA သိမ်းပိုက်
🚩 ၃။ အင်းတော်မြို့အား အပြီးသတ် သိမ်းပိုက်ရန် စစ်ကောင်စီတစ်ခုသာ ကျန်ရှိပြီး စတင်ထိုးစစ်ဆင်
🚩 ၄။ အထက်မင်းလှ လယ်လှကျေးရွာအနီး တိုက်ပွဲမှာ ကပစ ၁၀ မှ အရာရှိများအပါအဝင် ၃၁ ယောက် သေဆုံး
🚩 ၅။ ထမ္မကောက် ပျူရွာကို fixwing Drone ဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
🚩 ၆။ ထားဝယ်မြို့အဝင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၇ဦးထက်မနည်း သေဆုံး
🚩 ၇။ တောင်သာ၊ ရွာတန်းရှည်ရွာကို စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေး အပါအဝင် ၂ ဦး ပြင်းထန်ဒဏ်ရာရ
🚩 ၈။ မင်းကွန်း ရှာရောင်းကျေးရွာမှ စကစဒေါက်တိုင် ပိုင်ဆိုင်သော ကားကို ပြည်သူပိုင်အဖြစ် သိမ်းယူ၊ ပြည်သူ့စစ်ကိုယ်တော် ဝေပုလ္လနှင့် ဆက်နွယ်နေသူများအား သတိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ တွေ့ဆုံ၍ စစ်ရေးဆိုင်ရာနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့
ဇန်နဝါရီလ (၂၈) ရက်
Radio NUG
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း ဇန်နဝါရီ ၂၈ရက်မှာ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်က သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့လွတ်လပ်ရေး အဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) အနေဖြင့် မိမိတို့၏ တော်လှန်ရေးကာလအတွင်း လုပ်ဆောင်ချက်များနှင့် သဘောထားများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နှင့် စစ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်များအတွက် ပူးပေါင်း ကူညီဆောင်ရွက်ရန် ဆွေးနွေး သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
အနာဂတ် ဖက်ဒရယ်တပ်မတော် တစ်ရပ် တည်ဆောက်ရေး ရည်မှန်းချက်များနှင့် တော်လှန်ရေး ကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်များကို လိုက်နာရန်အတွက်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ပါ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကျင်းပ
ဇန်နဝါရီ၂၈ရက်
Radio NUG
စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ပါ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ကျင်းပခဲ့ပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူတို့သည် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ပါ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ကို ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၂၈ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ ဆောင်ရွက်ပြီးစီးခဲ့သော စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း) လေ့လာသုံးသပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ အုပ်ချုပ်ရေးဆိုင်ရာမျှော်မှန်းချက်များကို စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပါတယ်။
ယင်းနောက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် တက်ရောက်လာသော စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ခရိုင်၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက သုံးသပ်အကြံပြု ဆွေးနွေးခဲ့ကြကာ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဘက်မှလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၃။ လွတ်မြောက်နယ်မြေမှာ အောင်ဆန်းပညာရပ်စုံတက္ကသိုလ် ထွက်လာတော့မယ်လို့ ဆို
ဇန်နဝါရီ၂၈ရက်
Radio NUG
လွတ်မြောက်နယ်မြေမှာ အောင်ဆန်းပညာရပ်စုံတက္ကသိုလ် ထွက်လာတော့မယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးဦးမော်ထွန်းအောင်က ဇန်နဝါရီ ၂၈ရက် ဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။
"အခု လွတ်မြောက်နယ်မြေမှာ အောင်ဆန်းပညာရပ်စုံတက္ကသိုလ် ထွက်လာတော့မယ်။ လွတ်လပ်ရေး အတူယူခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်များ နာမည်နဲ့ ပညာသင်ယူခွင့် ဆုတွေ၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးဆိုင်ရာ ပညာရပ်တွေ၊ Visiting Fellowship တွေ နဲ့ စည်ပင်ထွန်းကားလာဖို့ အလေးအမြတ် ဆန္ဒပြုအပ်ပါတယ်" လို့ ဆိုပါတယ်။
လက်ရှိမှာ တိုင်းရင်းသားနယ်မြေများမှာလည်း ဒေသအလိုက်ကောလိပ်နဲ့ တက္ကသိုလ်များ မြေပြင်ကျောင်းများအဖြစ် ဖွင့်လှစ်လျက်ရှိနေပါတယ်။
========================
📌📌 ၄။ မြန်မာစာပေပညာရှင် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကွယ်လွန်
ဇန်နဝါရီ ၂၈
Radio NUG
မြန်မာစာပေပညာရှင် ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)သည် ရန်ကုန်ဆေးရုံကြီး၌ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့အကူး (၀၀း၃၀)နာရီအချိန်က ကွယ်လွန်သွားကြောင်း သိရပါတယ်။
မောင်ခင်မင်(ဓနုဖြူ) ရဲ့ နာရေးစျာပန ကို ဇန်နဝါရီ ၃၀ ရက်၊ နေ့လယ် ၃ နာရီအချိန်မှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
အမည်အရင်း ဦးခင်အေး ဖြစ်သည့် ဆရာကြီးမောင်ခင်မင် (ဓနုဖြူ)ကို ဓနုဖြူမြို့တွင် ၁၉၄၂ခုနှစ် ဇန်နဝါရီလ (၂)ရက်နေ့က မွေးဖွားခဲ့ခြင်းဖြစ်ရာ ၎င်းကွယ်လွန်ချိန်တွင် အသက် (၈၃)နှစ်ပြည့်ပြီး ဖြစ်ပါတယ်။
ဆရာကြီးမောင်ခင်မင် ရဲ့ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်ဟာ ထင်ရှားတဲ့စာအုပ်ဖြစ်ပြီး မြန်မာစာအတွက် ကျမ်းကိုးပြုရတဲ့စာအုပ်အဖြစ် ထင်ရှားပါတယ်။
ဆရာကြီးမောင်ခင်မင်(ဓနုဖြူ)သည် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်နှင့် ရန်ကုန်တက္ကသိုလ် အသီးသီးတို့တွင် လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များအထိ တာဝန်ထမ်းဆောင်ခဲ့သလို ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင်လည်း မြန်မာစာဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဆရာကြီးဟာ အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုတွေ အပါအဝင် ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ချီးမြှင့်ခံထားရသူ ဖြစ်ပါတယ်။
========================
📌📌 ၅။ PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တစ်နှစ်အတွင်း ပြစ်မှုပေါင်း (၁)ထောင်ကျော် ဖမ်းဆီး အရေးယူနိုင်ခဲ့
ဇန်နဝါရီ ၂၈
Radio NUG
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော ခရိုင် (၅)ခုဖြစ်သည့် နမ့်ဆန်ခရိုင်၊ ရွှေလီခရိုင်၊ မာန်အောင်ခရိုင်၊ သံလွင်ခရိုင်နှင့် လားရှိုးခရိုင်တို့တွင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ၂၀၂၄ခုနှစ်၊ တစ်နှစ်အတွင်း ပြစ်မှုပေါင်း (၁၂၄၂)မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ထားပါတယ်။
နမ့်ဆန်ခရိုင်တွင် (၈၃၁)မှု၊ ရွှေလီခရိုင် (၂၂၆)မှု၊ မာန်အောင်ခရိုင် (၁၁၈)မှု၊ သံလွင်ခရိုင် (၅၃)မှုနှင့် လားရှိုးခရိုင် (၁၄)မှုတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုအမှုများထဲက (၃၃)မှုကို တရားစီရင်ရေးဌာနမှ ဆုံးဖြတ်အပြစ်ပေးအရေးယူခဲ့ပြီး အမှုပေါင်း (၈၁၈)ကိုလည်း တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့မှ ဆုံးဖြတ်အပြစ်ပေး အရေးယူနိုင်ခဲ့သလို ရုံးအတွင်းသိမ်းထားသည့် အမှုပေါင်း (၂၅၆)မှုလည်း ရှိနေပါသေးတယ်လို့ သိရပါတယ်။
ထိုအမှုများမှာ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးယူမှု၊ အပြင်းထန်နာကျင်စေမှုနှင့် အခြားသောအမှုများဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၉၂၃)ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုသူများထဲက တရားစီရင်ရေးဌာနမှ (၅၁)မှုကို ဆုံးဖြတ်ပေးခဲ့ပြီး တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့လည်း အမှုပေါင်း (၁၁၇၀)မှုကို ဆုံးဖြတ်အပြစ်ပေးအရေးယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ် "အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ" ပြုလုပ်မည်
ဇန်နဝါရီ ၂၈
Radio NUG
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)မှ ဦးဆောင်၍ နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလမ်းလျှောက်ချီတက်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း DDMSCမှ အသိပေးထားပါတယ်။
အဆိုပါ လူထုလမ်းလျှောက်ချီတက်ပွဲကို "လူထုအာဏာကို တည်ဆောက်ကြ၊ အာဏာရှင်စနစ်ကို ဖီဆန် အုံကြွ တော်လှန်ကြ" ဆိုသည့် ခေါင်းစဥ်ဖြင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှစ်ခုတွင် ပြုလုပ်သွားမယ်လို့ ဖော်ပြထားပါတယ်။
သို့ဖြစ်ပါ၍ ဒေသခံ မိဘပြည်သူများအနေဖြင့် အလံနှင့် အသံကို နားစွင့်၍ လာရောက်ပူးပေါင်းချီတက်ကြရန် အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ဗျူဟာ (၇) တပ်ရင်း (၂၈) တပ်ဗိုလ်၊ တပ်မှူးများနှင့် ရဲဘော်၊ ရဲမေများ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတိုင်ပင်
ဇန်နဝါရီလ ၂၈ ရက်၊
Radio NUG
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ ဗျူဟာ (၇)၊ တပ်ရင်း (၂၈) (KNDF / B - 28) တပ်ဗိုလ် တပ်မှူးများနဲ့ ရဲဘော်၊ ရဲမေများက တပ်ရင်း တိုးတက်ရေး၊ တပ်ဖွဲ့ဝင် အချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ရှေ့လုပ်ငန်းစဥ်များအတွက် ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၎င်း ဆွေးနွေးပွဲမှာ ဗျူဟာ အမှတ် (၇) စစ်နည်းဗျူဟာမှူး က "တော်လှန်ရေး ကာလဟာ သုံးနှစ် ကျော်လွန်ခဲ့ပြီး လေးနှစ် ကာလအတွင်း ဝင်ရောက်ခဲ့ပြီး ဖြစ်သဖြင့် တော်လှန် ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်ရဲဘက်များလည်း အရမ်းပင်ပန်းနေပါပြီ၊ ဘာဖြစ်ဖြစ် စိတ်ဓာတ်မကျနဲ့၊ တော်လှန်ရေး အောင်မြင်ရန်အတွက် တော်လှန်ရေးကို ချစ်တဲ့စိတ်နဲ့ ပြည်သူအပေါ် လေးစားပြီး သစ္စာရှိရှိ စည်းလုံးညီညွတ်စွာဖြင့် အာဏာရှင်စနစ်ကို အမြစ်ပြတ် ခုခံတော်လှန်သွားကြပါ ရဲဘော်တို့" လို့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် KNDF ဗဟိုရဲ့ ဦးဆောင်မှုဖြင့် မဟာမိတ်များနဲ့အတူ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမှာဖြစ်ကြောင်းနဲ့ အသေးစိတ် လုပ်ငန်းစဉ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲ အပြီးမှာ ရဲဘော်/ရဲမေများ အပျော်ဂိမ်းများ ဆော့ကစားခဲ့ကြပြီး အခမ်းအနားကို ရပ်နားခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ တောင်ကုတ်မြို့နယ်နဲ့ ဧရာဝတီတိုင်း အစပ်က စစ်ကောင်စီ တပ်စခန်း ၂ ခုကို AA သိမ်းပိုက်
ဇန်နဝါရီလ ၂၈ ရက်၊
Radio NUG
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ရက္ခိုင်ရိုးမ တောင်တန်းနဲ့ ရခိုင်-ဧရာဝတီတိုင်း အစပ်က စစ်ကောင်စီ တပ်စခန်း ၂ ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
တောင်ကုတ်မြို့နယ်၊ ရခိုင်ရိုးမ တောင်တန်းပေါ်က စစ်ကောင်စီရဲ့ တပ်စခန်း တစ်ခုဖြစ်တဲ့ မိုးထိတောင် စခန်းအား ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ငါးရက်အကြာ ၂၆ ရက်နေ့ မနက် ၁၁ နာရီ ၁၀ မိနစ်ခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ရခိုင်- ဧရာဝတီ အစပ်က ပွိုင့် (၂၆၃) တပ်စခန်းကိုလည်း ဇန်နဝါရီလ ၂၆ ရက် နေ့လည် ၂ နာရီ ၂၈ မိနစ်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက် နေ့လည် ၁ နာရီ ၃၈ မိနစ်မှာ စစ်ကောင်စီက လေကြောင်း လက်နက်ကြီး ပစ်ကူများဖြင့် ထိုးစစ်ပြန်ဆင်လာတာကြောင့် တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ စစ်အသုံးအဆောင် လက်နက်ခဲယမ်းနဲ့ အလောင်းတချို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက် ညနေ ၅ နာရီ ၅၀ မိနစ်ခန့်မှာလည်း ရခိုင် - ဧရာဝတီ အစပ်က ပွိုင့် (၃၆၉) စခန်းကို သိမ်းပိုက်ရရှိ ခဲ့ပါသေးတယ်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုး ကျေးရွာအနီးမှာလည်း ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၉ နဲ့ ခမရ ၁၄ စစ်ကြောင်းနဲ့ အာရက္ခတပ်တော်တို့ နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို လိုက်လံရှင်းလင်းရာ လက်နက်ခဲယမ်းနဲ့ ရန်သူ့အလောင်း တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ အင်းတော်မြို့အား အပြီးသတ် သိမ်းပိုက်ရန် စစ်ကောင်စီတစ်ခုသာ ကျန်ရှိပြီး စတင်ထိုးစစ်ဆင်
ဇန်နဝါရီ ၂၈
Radio NUG
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား အပြီးသတ် သိမ်းပိုက်ရန် မြို့အစွန်ရှိ စစ်ကောင်စီတပ်စွဲထားသော ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်ရှိပြီး အဆိုပါနေရာအား သိမ်းပိုက်ရန် ဇန်နဝါရီလ ၂၇ရက်နေ့က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ရဲဘော်ဩဇာက People's Springသို့ ပြောကြားထားပါတယ်။
အင်းတော်မြို့ ရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးအားလုံးအပါအဝင် မြို့အား ထိန်းချုပ်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၄ ဒီဇင်ဘာထဲမှာကတည်းက တိုက်ပွဲစတင်ခဲ့ပြီး နဘားလမ်းဆုံ၊ နံ့သာတို့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
ဂျပန်လှိုင်ဂူကုန်းအနားရှိ ဘုန်းကြီးကျောင်း နှစ်ကျောင်း၊ ကုန်း နှစ်ခု၊ စစ်တပ်မှ ပြောက်ကျားနေရာယူထားတဲ့ အိမ်တန်းလေးတစ်ခုသာ ကျန်နေပြီး ကျန်သည့်နေရာများကို ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အဆိုပါ ဂျပန်လှိုင်ဂူကုန်း၌ ကျန်ရှိ စစ်ကောင်စီတပ်သားအင်အားမှာ ခန့်မှန်းရန် ခက်ခဲသော်လည်း စစ်ကောင်စီအနေဖြင့် ထပ်မံ၍ အင်အားပို့ဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ၊ စစ်ကိုင်းတိုင်း ပကဖများ ၊ ကျောင်းသားတပ် ABSDFနှင့် KIAတို့ ပူးပေါင်းတိုက်ခိုက်နေပြီး ကသာခရိုင်ကွပ်ကဲရေးမှူးက ABSDFက တပ်မှူးကြီးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။
အင်းတော်မြို့သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီး၊ ရွှေဘို - မြစ်ကြီးနားလမ်းပေါ်တွင်တည်ရှိပြီး ကချင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် အဓိက ဝင်ပေါက်မြို့ဖြစ်ကာ အနီးအနားရှိ မော်လူးမြို့ကို ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်တွင် သိမ်းပိုက်ထားသလို ပင်လည်ဘူးမြို့ကို ၂၀၂၄ အောက်တိုဘာ ၈ရက်တွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
========================
🚩🚩 ၄။ အထက်မင်းလှ လယ်လှကျေးရွာအနီး တိုက်ပွဲမှာ ကပစ ၁၀ မှ အရာရှိများအပါအဝင် ၃၁ ယောက် သေဆုံး
ဇန်နဝါရီ ၂၈
Radio NUG
ဇန်နဝါရီလ ၂၈ရက်နေ့ နေ့လယ် ၁နာရီခန့်တွင် အထက်မင်းလှနဲ့ ၁၅ မိုင်သာ ကွာဝေးတဲ့ ကံတုပ် - စစ္စနို့ကားလမ်း၊ လယ်လှကျေးရွာအနီး စစ်သုံး Faw ကားနှစ်စီးပါ အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၁ ဦးအထိ သေဆုံးသွားကြောင်း United States of Burma Army - USBA (မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်ဖွဲ့)မှ သတင်းထုတ်ပြန်ထားပါတယ်။
“ ကားသမားက ဒဏ်ရာရနဲ့ မောင်းပြေးသွားတယ်၊ မီတာခုနစ်ရာလောက်မှ ရပ်သွားတယ်၊ နောက်မှာက ဒဏ်ရာရတွေလည်း ပါသွားတယ်၊ နောက်က ကားက ကျွန်တော်တို့ စပစ်ခဲ့တဲ့အချိန်မှာ တစ်ချက်ရပ်သွားပြီး သူတို့က မည်းမည်းမြင်မြင်ရာ ပြန်ဖောက်တယ်၊။ ရှေ့က ခပ်လှမ်းလှမ်းကျော်သွားတဲ့ ကားက ပြန်ပစ်ပြီး မသေ မထိတဲ့ဟာက ပြန်ကာပစ်တယ်၊ နောက်ကားက ဒရိုင်ဘာရယ် နောက်နှစ်ယောက် သုံးယောက်ပဲ ကျန်တာ။ လွတ်သွားတဲ့ ရှေ့ကားက ပြန်ကာပစ်လို့ ကျွန်တော်တို့ မရလိုက်တာပါ” လို့ USBA တာဝန်ရှိသူတစ်ဦးမှ ပြောဆိုထားပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်အုပ်စုတပ်ဖွဲ့ဝင် ကပစ ၁၀ မှ အရာရှိများအပါအဝင် စုစုပေါင်း ၃၁ ယောက်ထိ သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိကာ အထက်မင်းလှဆေးရုံသို့ မောင်းပြေးသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ထမ္မကောက် ပျူရွာကို fixwing Drone ဖြင့် ဗုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး
ဇန်နဝါရီလ ၂၈ ရက်၊
Radio NUG
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက် ပျူစောထီး ရွာကို Fix Wing Drone ဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ Black Eagle Drone Force က သတင်းထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့မှာ Black Eagle Drone Force နဲ့ ဗိုလ်မထား တပ်ဖွဲ့တို့က ထမ္မကောက် ပျူရွာကို ဗုံးချ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးချ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ခဲ့ရာမှာ ပြည်သူ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ပကစ ၂၂ မှ ကင်းလှည့် ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွင်း Black Eagle Drone Force မှ ဒရုန်းတစီး ပျက်စီးဆုံးရှုံးခဲ့တာကြောင့် ထပ်မံဝယ်ယူနိုင်ရန် ဝိုင်းဝန်းကူညီ ပေးကြဖို့ကို မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၆။ ထားဝယ်မြို့အဝင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်သား ၇ဦးထက်မနည်း သေဆုံး
ဇန်နဝါရီ ၂၈
Radio NUG
ဇန်နဝါရီလ (၂၇) ရက်၊ ည (၇) နာရီ ဝန်းကျင်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်မြို့အဝင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား ဖိနှိပ်၍ မတရား စစ်ကြေးကောက်ခံ၊ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးနေသော စစ်ကောင်စီ တပ်သားများအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် (၃၀) မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား (၇) ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တော်လှန်ရေး ရဲဘော်များ အထိ/အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ထိုတိုက်ခိုက်မှုအား ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဖက်ဒရယ် ဓူဝံကြယ်ဒရုန်းတပ်ခွဲ(FPF) တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ တောင်သာ၊ ရွာတန်းရှည်ရွာကို စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေး အပါအဝင် ၂ ဦး ပြင်းထန်ဒဏ်ရာရ
ဇန်နဝါရီ ၂၈
Radio NUG
ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၃၀ မိနစ်ခန့်တွင် မိတ္ထီလာ ရှမ်းတဲလေတပ်မှ တက်လာသည့် စက်တပ် လေထီး ၂ စီးဖြင့် တောင်သာမြို့နယ်၊ ရွာတန်းရှည်ရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေး အပါအဝင် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာ လူထုလှုပ်ရှားမှုကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။
အသက် ၂၆ နှစ်အရွယ် မပု ပွဲချင်းပြီး သေဆုံးပြီး အသက် ၃၀ နှစ်အရွယ် အမျိူသားတစ်ဦးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာရရှိကာ နေအိမ် ၁ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တောင်သာမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ် လေထီးများဖြင့် အကြောင်းမဲ့ ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် ဗုံးခိုကျင်းတူးကြရန်နှင့် စက်တပ် လေထီးသံများ ကြားလျှင် အချက်ပေးပြီး ကြိုတင်ရှောင်မှုများ လုပ်ဆောင်ကြရန် အသိပေးထားပါတယ်။
========================
🚩🚩 ၈။ မင်းကွန်း ရှာရောင်းကျေးရွာမှ စကစဒေါက်တိုင် ပိုင်ဆိုင်သော ကားကို ပြည်သူပိုင်အဖြစ် သိမ်းယူ၊ ပြည်သူ့စစ်ကိုယ်တော် ဝေပုလ္လနှင့် ဆက်နွယ်နေသူများအား သတိပေး
ဇန်နဝါရီ ၂၈ရက်
Radio NUG
မင်းကွန်းဒေသ ရှာရောင်းကျေးရွာမှ စကစဒေါက်တိုင် ပိုင်ဆိုင်သော ကားကို ပြည်သူပိုင်အဖြစ် သိမ်းယူလိုက်တယ်လို့ ဇန်နဝါရီ ၂၈ရက်မှာ ယူနီကွန်းပြောက်ကျားတပ်က အတည်ပြုဆိုထားပါတယ်။
စကစ ရာထူးအကြီးပိုင်းများနှင့်ပေါင်းပြီး ပြည်သူအပေါ်နှင့် ဧရာဝတီမြစ်အတွင်း သွားလာသော သစ်ဖောင်၊ ဝါးဖောင်များ၊ စက်လှေများအပေါ် အမျိုးမျိုး ဒုက္ခပေးပြီး ဆက်ကြေးကောက်ယူကာ စကစဒေါက်တိုင် ပြုလုပ်နေသော မင်းကွန်းဒေသ ရှာရောင်းကျေးရွာမှ ထွန်းဝေ ပိုင်ဆိုင်သော ကားကို ပြည်သူပိုင်အဖြစ် သိမ်းယူလိုက်ကြောင်း အများပြည်သူသိရှိနိုင်စေရန် အသိပေးပြန်ကြားအပ်ပါတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးအတွက် လိုအပ်သောနေရာများနှင့် အများပြည်သူအကျိုးပြုသော နေရာများတွင် ကားကို အသုံးပြုမယ်လို့ ဆိုပါတယ်။
စစ်ကိုင်း ပြည်သူ့စစ် ဦးဆောင်ကိုယ်တော် ဝေပုလ္လ နှင့် ပတ်သတ်ဆက်နွယ်နေသော ဘုန်းကြီးကျောင်း စာရင်းများလည်း ရရှိထားပြီးဖြစ်ပြီး ပတ်သတ်နေသော ဘုန်းကြီးများအနေဖြင့် မိမိအသိစိတ်ဖြင့် ကင်းကင်းရှင်းရှင်း နေထိုင်ကြရန်နှင့် ဆက်လက်ပူးပေါင်းပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပထမဆုံးနှင့် နောက်ဆုံး အသိပေးထားကာ ဆက်လက်ပူပေါင်းနေ၍ ထိခိုက်မှု တစုံတရာရှိပါက မိမိစိတ်နှင့် မိမိသာဖြစ်ပြီး လုံးဝတာဝန်ယူဖြေရှင်းမည်မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment