အကြမ်းဖက်စစ်တပ် လွတ်ငြိမ်းခွင့်က နိုင်ငံရေးအရ အကောင်းဘက် မရည်ရွယ်



အကြမ်းဖက်စစ်တပ် လွတ်ငြိမ်းခွင့်က နိုင်ငံရေးအရ အကောင်းဘက် မရည်ရွယ်

ကိုမြင့်သူ (Radio NUG) ဇန်နဝါရီ ၆၊ ၂၀၂၅



အကြမ်းဖက်စစ်တပ်ရဲ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးအရ အကောင်းဘက်ကို ရည်ရွယ်ထားတာမရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းများက ထောက်ပြပြောဆိုလိုက်ပါတယ်။

မနေ့က လွတ်လပ်ရေးနေ့မှာ အကြမ်းဖက်စစ်တပ်က ထုတ်ပြန်လိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်က ၅၀၅ (က)၊ ၅၀ (ည) စတဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်ပြစ်ဒဏ်ကျခံရသူတွေ ပြန်လည်လွတ်မြောက်လာကြပါတယ်။ ဒီလို လွတ်မြောက်လာကြပေမယ့် လူထုခေါင်းဆောင် အပါအဝင် မြန်မာ့ဒီမိုကရေစီအရေးမှာ ရှေ့တန်းက ပါဝင်ခဲ့သူ နိုင်ငံရေးသမားကြီးတွေ မပါဝင်လာတဲ့အတွက် ဒီလွတ်ငြိမ်းချမ်းသာခွင့်က နိုင်ငံရေးအရ အကောင်းဘက်ကို ရည်ရွယ်တာမဟုတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူက သုံးသပ်လိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ သိတာကတော့ အမေ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်၊ နောက်တစ်ခါ CECတွေဖြစ်တဲ့ ဒေါက်တာအောင်မိုးညို တို့ စသည်အားဖြင့် ဆရာ ဒေါက်တာဇော်မြင့်မောင် ဆုံးတောင် ဆုံးသွားပြီလေ။ အဲဒီလိုမျိုးတွေကိုလည်း ဖြေလျှော့ပေးစေချင်တယ်လေ။ ဖြေလျှော့သင့်တာ အဲဒါတွေ မပါတဲ့အတွက် နိုင်ငံရေးဖြေလျှော့မှု မဟုတ်ဘူး။ တကယ့်ကို အကောင်းဘက်ကို ရည်မျှော်ထားတာ မရှိသေး ဘူးလို့ ပေါ်လွင်တယ်။ အဲဒါကိုပဲ ကျွန်တော်တို့က ပြောချင်တယ်။ အဲဒီအချက်ပဲ”

အကြမ်းဖက်စစ်တပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ မတရားအသင်းများအက်ဥပဒေ၊ ၁၈၇၈၊ ၁၉၂၄၊ ၁၉၄၉၊ ၁၉၅၁၊ ၂၀၂၃ ခုနှစ်တွေမှာ ထုတ်ပြန်ခဲ့တဲ့ လက်နက်ဥပဒေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုဥပဒေအရ ပြစ်မှုများနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်ဒဏ်ချမှတ်ခံရသူများ မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် အဲဒီဥပဒေတွေနဲ့ စွဲဆိုခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတကြီးဦးဝင်းမြင့်နဲ့ ဒီမိုကရေစီ အစိုးရအဖွဲ့ဝင်တွေအားလုံး အကြမ်းဖက်စစ်တပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်လာခြင်း မရှိခဲ့ပါဘူး။ ဝါရင့်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကတော့ မနေ့က ထုတ်ပြန်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ် အလီလီကျခံထားရသူများ စတဲ့ လူငယ်၊ လူရွယ် နိုင်ငံရေးသမားတွေကိုလည်း လွတ်မြောက်စေချင်တယ်လို့ ဆိုပါတယ်။

“အကုန်လုံးပေါ့၊ နိုင်ငံရေးအကျဉ်းသားတွေ။ အထူးသဖြင့် သေဒဏ်သမားတွေ၊ အများကြီးပဲ။ တချို့ဆို သေဒဏ် ၅ ခါကျ၊ ၅ ခါကျကို ၂ ခါ၊ သေဒဏ် ၄ ခါကျ ၂ ခါ၊ သေဒဏ် ၃ ခါကျ ၂ ခါ။ အများကြီးပဲ။ ဒီလိုလူလေးတွေက များသောအားဖြင့် အသက်အရွယ်ကြည့်မယ် ဆိုရင် ၂၀ နဲ့ ၃၀ ကြားမှာ များသောအားဖြင့် ယုံကြည်ချက်နဲ့ လုပ်ဆောင်ကြတဲ့သူတွေ များတယ်။ ဒီလိုလူတွေ အများကြီး လွတ်စေချင်တယ်။ လွတ်စေချင်တယ်။ အနည်းဆုံး သေဒဏ်ကနေ နောက်တဆင့်လျှော့ ဖြစ်စေချင်တယ်။”

မနေ့က ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး ခိုးမှုနဲ့ ပြန်လည်လွတ်မြောက်လာသူ တစ်ဦးက အများဆုံး လွတ်ငြိမ်းခွင့်ပေးတဲ့ ပြစ်မှုများနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အဲဒါတော့ ကျွန်တော်တို့လည်း များများစားစား သိတာမဟုတ်ဘူး။ တစ်ခါမှလည်း ကျဖူးတာ မဟုတ်တော့၊ များသောအားဖြင့် ပြောတာကတော့ မင်းတို့ ခိုးဆိုးလုနှိုက်ပဲ လွတ်ရင်တော့ ရှေ့ဆုံးကပဲလွတ်တာ။ အဲဒီလိုပဲ ပြောတယ် ”

မနေ့က လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံခြားသားအကျဉ်းသားများ အပါအဝင် အကျဉ်းသား ၆၀၄၄ ဦးကို လွှတ်ပေးခဲ့ရာမှာ များသောအားဖြင့် ခိုးဆိုးလုနှိုက်တွေကို အများဆုံး ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း ဒီမိုကရေစီ ယုံကြည်ချက်အတွက် မတရား ဖမ်းဆီးခံခဲ့ရပြီး ပြစ်ဒဏ် ၃ နှစ် ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ တက်တူးပုံကြောင့် ဖမ်းဆီးခံထားရသူတွေ၊ Facebook စာမျက်နှာမှာ Comment ဝင်ရေးသူတွေ၊ ပန်းပန်ခိုင်းပြီး ပန်းသပိတ်ပြုလုပ်ကြောင်း ဓာတ်ပုံရိုက် ဖမ်းဆီးခံခဲ့ရတဲ့ ကုန်စိမ်းသည် အမျိုးသမီးတွေ စတဲ့ ချမှတ်ထားတဲ့ ပြစ်ဒဏ်ကာလအားလုံးနီးပါး အကျဉ်းကျခံရတဲ့ နိုင်ငံ့အရေးဆောင်ရွက်သူ ပြည်သူ၊ ပြည်သားအချို့ကိုသာ လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
Share:

No comments:

Post a Comment