၂၀၂၅ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ စုစုပေါင်းဝင်ငွေတွင် အမျိုးသားညီညွတ်ရေးအစိုးရက ၂၉% ထည့်ဝင်ပေးခဲ့
📌 ၂။ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ ပတ်သက်၍ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော စာများမှာ အတုသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ရှင်းလင်း
📌 ၃။ ကာကွယ်ရေးဝန်ကြီးဌာနက အနားယူတာဟာ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ တော်လှန်ရေးဆိုင်ရာ လေ့လာသုံးသပ် အကြံပြုခြင်း ကိစ္စရပ်တွေမှာ ပို အာရုံစိုက်ချင်လို့ဖြစ်ကြောင်း ဦးနိုင်ထူးအောင် တုံ့ပြန်ရှင်းလင်း
📌 ၄။ (IEC) တရားရေးဌာနမှ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အမှုပေါင်း ၇၂ မု ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ပြီး ဥပဒေမူကြမ်း ၄ ခုကို အကြံပေးနိုင်ခဲ့
📌 ၅။ ၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည် မြို့နယ် ၁၆ ခုမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့
📌 ၆။ သီပေါမြို့အဝင် မုဒ်ဦးကို ပြုပြင်ဖို့ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘဲ မူလအတိုင်း ပြန်လည်ပြုပြင်နေပြီလို့ ဆို
📌 ၇။ MOU စနစ်ဖြင့် ထိုင်းကို ပို့လိုက်တဲ့ MOU လုပ်သား ၃၀ ကျော် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ စုပေါင်းတောင်းဆို
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ AFCC-Mdy အဖွဲ့ဝင်တစ်ဦးနှင့် MDY-PDF တပ်ဖွဲ့ဝင်တချို့ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို စုံစမ်းစစ်ဆေးရေး စတင်နေပြီး ဥပဒေနည်းကျ ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေ
🚩 ၂။ ကံကြီးကုန်းပျူရွာကို ဝေဟင်တိုက်ပွဲများ ဖော်ဆောင်ကာ ပူးပေါင်းတိုက်ခိုက်
🚩 ၃။ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က မကျီးစင်ရွာသား ကိုဝင်းစိုးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
🚩 ၄။ တည်သီးတောပျူရွာမှ ထွက်လာတဲ့ ဒုက္ခိတ၊ သက်ကြီးရွယ်အို ပြည်သူများကို ကူညီကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထား
🚩 ၅။ အင်းတိုင် သံချပ်ကာ တပ်ရင်းမှ စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး ရေဦး ပကဖ ထံ အလင်းဝင်
🚩 ၆။ ဟားခါး-ထန်တလန်ကြားရှိ ပွိုင့်-၃ စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့် အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ စုစုပေါင်းဝင်ငွေတွင် အမျိုးသားညီညွတ်ရေးအစိုးရက ၂၉% ထည့်ဝင်ပေးခဲ့
ဖေဖော်ဝါရီ ၁၀ ရက် — Radio NUG
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ ၂၀၂၄ ခုနှစ် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များ ထုတ်ပြန်ရာတွင် IEC ၏ စုစုပေါင်းဝင်ငွေတွင် အမျိုးသားညီညွတ်ရေးအစိုးရက ၂၉% ထည့်ဝင်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေ သိန်းပေါင်း ငါးသောင်းခွဲကျော် (၅,၆၄၇,၉၂၈,၄၆၂) ကျပ် ရရှိခဲ့ပြီး ဝင်ငွေအများစုက ပြည်တွင်းအခွန်ငွေမှ ရရှိကြောင်း သိရသည်။
ရန်ပုံငွေများ ရရှိမှုမှာ ပြည်တွင်းအခွန်ငွေ ၃၁ ရာခိုင်နှုန်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ဝင်ငွေ ၂၈ ရာခိုင်နှုန်း၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ထည့်ဝင်ငွေ ၂၉ ရာခိုင်နှုန်းနှင့် အခြား ၁၂ ရာခိုင်နှုန်းဖြင့် ရရှိခဲ့သည်။
အဆိုပါ ရန်ပုံငွေများကို ပြည်ထဲရေးဌာန၊ လူသားချင်းစာနာမှုနှင့် ပြန်လည်ထူထောင်ရေးဌာန၊ ကျန်းမာရေးဌာနတို့တွင် အများဆုံး ခွဲဝေသုံးစွဲခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၄ ခုနှစ် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်မှုတွင် လမ်း၊ တံတား ၂၂ ခု၊ ဆည်ရေမြောင်း ၁ ခု၊ မိုင်းရှင်းလင်းခြင်း ၂ ခု၊ အုပ်ချုပ်ရေးရုံး ပြင်ဆင်ခြင်း ၁ ခုနှင့် ဌာနများ၏ လုပ်ငန်းစီမံကိန်းများ ၈ ခု စုစုပေါင်း ၃၄ ခု အကောင်အထည်ဖော်ခဲ့ကြောင်း သိရသည်။
========================
📌📌 ၂။ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ ပတ်သက်၍ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော စာများမှာ အတုသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ရှင်းလင်း
ဖေဖော်ဝါရီ ၁၀ ရက် — Radio NUG
ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်နဲ့ ပတ်သက်၍ ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော စာများမှာ အတုသာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်ရှင်းလင်း အသိပေးလိုက်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အတွင်းဝန် ဦးနိုင်ထူးအောင် တာဝန်က နုတ်ထွက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ဆိုရှယ်မီဒီယာမှ အသိပေးပြီးနောက် သတင်းတုများ ထွက်ပေါ်ခဲ့သည်။
ယခု ထွက်ပေါ်နေသည့် ကြေညာချက်အတု ၂ ခုတွင် ရန်ပုံငွေရှာဖွေမှု ကိစ္စနှင့် ပတ်သက်ပြီး ဦးနိုင်ထူးအောင်အား ပုတ်ခတ်သည့် အရေးသားများ ရေးသားထားကြောင်း သိရသည်။
========================
📌📌 ၃။ ကာကွယ်ရေးဝန်ကြီးဌာနက အနားယူတာဟာ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ တော်လှန်ရေးဆိုင်ရာ လေ့လာသုံးသပ် အကြံပြုခြင်း ကိစ္စရပ်တွေမှာ ပို အာရုံစိုက်ချင်လို့ဖြစ်ကြောင်း ဦးနိုင်ထူးအောင် တုံ့ပြန်ရှင်းလင်း
ဖေဖော်ဝါရီ ၁၀ ရက် — Radio NUG
ကာကွယ်ရေးဝန်ကြီးဌာနက အနားယူတာဟာ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ တော်လှန်ရေးဆိုင်ရာ လေ့လာသုံးသပ် အကြံပြုခြင်း ကိစ္စရပ်တွေအတွက် ပို အာရုံစိုက်ချင်လို့ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဦးနိုင်ထူးအောင်မှ တုံ့ပြန်ရှင်းလင်းခဲ့သည်။
"ကျွန်တော် အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အနားယူတာက နိုင်ငံရေးဆိုင်ရာ ကိစ္စတွေနဲ့ တော်လှန်ရေးဆိုင်ရာ လေ့လာသုံးသပ် အကြံပြုခြင်း ကိစ္စတွေအတွက် ပို အာရုံစိုက်ချင်လို့ပါပဲ။ နဂိုကတည်းက ကျွန်တော်က နိုင်ငံရေးသမားပါ။
တော်လှန်ရေး လိုအပ်ချက်အရ ကျရာတာဝန်မှာ စွမ်းသလောက် ထမ်းခဲ့ခြင်းသာ ဖြစ်ပါတယ်။ နေ့စဉ် စီမံခန့်ခွဲမှု အလုပ်တွေ အပြည့်လုပ်နေရတာကြောင့် ရှေ့မှာ ပြောခဲ့တဲ့ ကိစ္စတွေအတွက် အချိန်မပေးနိုင်တာကြောင့် အချိန်ပေးဖို့ပါပဲ။
အခု ဖွနေတာ တချို့က ကျွန်တော်အတွက် မဟုတ်တောင် တော်လှန်ရေးအတွက် မကောင်းပါဘူး။ NUG ခေါင်းဆောင် တချို့က စစ်တပ်နဲ့ စကားပြောမှာမို့ ထွက်တာ ဆို ရေးကြတယ်။ နည်းနည်းမှ မဟုတ်ပါ။
ငွေရေးကြေးရေးကြောင့်ဆို ဖွတယ်။ လုံးဝ မဆိုင်ပါ။ တစ်ရာ ရာခိုင်နှုန်း တာဝန်ယူသလို ဘယ်မှလဲရှောင်ပြေးရန် မရှိပါခင်ဗျ" လို့ ဆိုထားသည်။
ဦးနိုင်ထူးအောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် အနိုင်ရခဲ့သူ ဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
========================
📌📌 ၄။ (IEC) တရားရေးဌာနမှ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း အမှုပေါင်း ၇၂ မု ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ပြီး ဥပဒေမူကြမ်း ၄ ခုကို အကြံပေးနိုင်ခဲ့
ဖေဖော်ဝါရီ ၁၀
Radio NUG
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တရားရေးဌာနမှ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း လူသတ်မှု၊ ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှု၊ ခိုးမှု၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဥပဒေ၊ မုဒိမ်းမှု၊ ရာဇသတ်ကြီးဥပဒေပုဒ်မအရ ဆွဲဆိုသောအမှု၊ မတရားအသင်းအက်ဥပဒေနှင့် ရာဇဝတ်အထွေထွေ စတဲ့ အမှုပေါင်း ၁၁၂ မုမှ ၇၂ မုကို ပြီးပြတ်အောင် ဆောင်ရွက်ခဲ့ပြီး အမှု ၄၀ ကျန်ရှိကြောင်း IEC ထုတ်ပြန်ချက်အရ သိရပါတယ်။
IEC ရဲ့ အကျဉ်းထောင် (၂) ထောင်တွင် အကျဉ်းကျနေသူ အကျဉ်းသားဦးရေ ၂၃၀ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဥပဒေမူကြမ်းရေးဆွဲရေးနှင့် စိစစ်ရေးလုပ်ငန်းတွင် တရားရေးဌာနမှ ကရင်နီပြည်ကြားကာလတရားစီရင်ရေးဥပဒေ၊ ကရင်နီပြည်ရဲဌာနဥပဒေ၊ ကရင်နီပြည်ကြားကာလလွှတ်တော်ဥပဒေနှင့် ကရင်နီပြည်အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်ရေး ဥပဒေမူကြမ်း ၄ ခုကို အကြံပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ၂၀၂၄ ခုနှစ်အတွင်း ကရင်နီပြည် မြို့နယ် ၁၆ ခုမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့
ဖေဖော်ဝါရီ ၁၁
Radio NUG
ကရင်နီပြည်နယ်မှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့များကို မြို့နယ် (၁၆) ခုမှာ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က ၂၀၂၄ ခုနှစ် တနှစ်တာ လုပ်ငန်းဆောင်ရွက်ချက်များကို ထုတ်ပြန်ရာမှာ ဖော်ပြထားပါတယ်။
ဟူဘော၊ ကေးလျား၊ ဒီးမော့ဆို (အရှေ့)၊ ဖွံဘော်ခွတ်၊ ဆိုမို/ဖေစိုးလေး၊ ဟိုယာ၊ ဆိုတရှား၊ လွိုင်နန်းဖ၊ ဒီးဘောင်းခူ၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ပေါ်ဝေါ၊ ဘောဟူဒဲ၊ လိုမူခို၊ ရွာသစ်၊ ဖယ်ခုံ မြို့နယ်တို့မှာ မြို့နယ်ဆင့် အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
ထို့အပြင် မြို့နယ် (၅) ခုမှာ မြို့နယ် ရဲဌာနရုံး ဖွင့်ထားနိုင်ပြီး ရဲစခန်း (၁၆) ခုနဲ့ လုံခြုံရေးရဲကင်း (၁၆) ခုကို ဖွင့်ထားနိုင်တယ်လို့ သိရပါတယ်။
ထို့အပြင် တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးအတွက် စစ်ကောင်စီနဲ့ ပတ်သက်တဲ့အမှု (၂၅) ခု အပါအဝင် လူသတ်မှု၊ မုဒိန်းမှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးမှု စတဲ့ အမှုပေါင်း (၁၄၉) မုကို အရေးယူဆောင်ရွက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မီးသတ်ဌာနခွဲအနေဖြင့် မီးလောင်မှု (၂) ခုကို ငြိမ်းသတ်နိုင်ခဲ့သလို စစ်ရှောင်စခန်း (၆၀) ကိုလည်း သောက်သုံးရေ ပေးဝေနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အရေးပေါ် ကယ်ဆယ်ရေးဌာနခွဲအနေဖြင့် တစ်နှစ်အတွင်း အရပ်သား (၅၀) နဲ့ တော်လှန်ရေးရဲဘော် (၅၂၀) ဦး တို့ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနစိတ်အနေဖြင့် ပြည်နယ်တွင်းနေထိုင်သူများနဲ့ ဝင်ထွက်သွားလာမှုများကို စနစ်တကျ ကြီးကြပ်ကွပ်ကဲခြင်း၊ စည်းကမ်းချက်များနှင့် မညီဘဲ ဝင်ထွက်သွားလာနေထိုင်ခြင်းများကို စိစစ်ဖော်ထုတ်ခြင်း၊ နိုင်ငံခြားသား ဝင်ထွက်သွားလာနေထိုင်မှုများကို ကြပ်မတ်ထိန်းသိမ်းခြင်းအပြင် မြို့နယ် (၁၇) မြို့နယ်မှ လူဦးရေစာရင်းများကို ကောက်ယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၆။ သီပေါမြို့အဝင် မုဒ်ဦးကို ပြုပြင်ဖို့ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘဲ မူလအတိုင်း ပြန်လည်ပြုပြင်နေပြီလို့ ဆို
ဖေဖော်ဝါရီ ၁၀
Radio NUG
ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်နေတဲ့ ရှမ်းမြောက် သီပေါမြို့အဝင် မုဒ်ဦးကို ပြုပြင်တဲ့ကိစ္စမှာ ဗဟိုကော်မတီက ညွှန်ကြားထားတာ မရှိဘူးလို့ တအာင်းတပ်မတော် TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။
သီပေါမြို့အဝင် မုဒ်ဦးကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့က မူလအတိုင်း ပြန်လည်ပြုပြင်နေတယ်လို့ သိရပါတယ်။
"မြို့နယ်ဖွံ့ဖြိုးတိုးတက်အောင် ကျွန်မတို့ ဒီလိုမျိုး စီမံတာဖြစ်တယ်။ ဗဟိုကတော့ ဒီလိုမျိုး လုပ်ဆောင်ဖို့ ညွှန်ကြားထားတာမျိုး မရှိပါဘူး။ လက်ရှိကတော့ ကျွန်မတို့က မူလတည်ရှိရာကိုပဲ အရောင်တွေကို ပြန်လည်ပြုပြင်တာဖြစ်တယ်" လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောဆိုထားပါတယ်။
========================
📌📌 ၇။ MOU စနစ်ဖြင့် ထိုင်းကို ပို့လိုက်တဲ့ MOU လုပ်သား ၃၀ ကျော် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ စုပေါင်းတောင်းဆို
ဖေဖော်ဝါရီ ၁၀
Radio NUG
အလုပ်ပုံမှန်မဆင်းရဘဲ စာချုပ်ပါ စည်းကမ်းချက်များ ချိုးဖောက်ခံနေရသော စိမ့်အာကာ အေဂျင်စီမှ MOU စနစ်ဖြင့် ထိုင်းကိုပို့လိုက်တဲ့ MOU လုပ်သား ၃၀ ကျော် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့တွင် သက်ဆိုင်သူများ ဖြေရှင်းပေးရန် စုဝေးတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ထိုင်းကို တရားဝင် MOU စနစ်ဖြင့် လာဖို့ တစ်ဦးလျှင် ကျပ်သိန်း ၆၀ ကျော် အေဂျင်စီကို ဝန်ဆောင်ခပေးချေခဲ့ရပြီး ယခုလက်ရှိ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ပါကေးအလုပ်ရုံမှာ ရောက်ရှိနေတာ သုံးလခန့်အတွင်း အလုပ်ဆင်းရက် ရက်ပေါင်း ၃၀ ခန့်သာရှိပြီး အလုပ်မဆင်းရသော ရက်များအတွက်လည်း ၇၅% ခံစားခွင့်မရဘဲ MOU စည်းမျဉ်းပါ စည်းကမ်းချက်များ ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ AFCC-Mdy အဖွဲ့ဝင်တစ်ဦးနှင့် MDY-PDF တပ်ဖွဲ့ဝင်တချို့ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို စုံစမ်းစစ်ဆေးရေး စတင်နေပြီး ဥပဒေနည်းကျ ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေ
ဖေဖော်ဝါရီ ၁၁ ရက်၊ Radio NUG
အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) AFCC-Mdy အဖွဲ့ဝင်တစ်ဦးနဲ့ MDY-PDF တပ်ဖွဲ့ဝင်တွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေး စတင်နေပြီး ဥပဒေနည်းကျ ဖြေရှင်းနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်တယ်လို့ ၎င်းအဖွဲ့အစည်းနှစ်ခုက ပူးတွဲထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်၊ ည ၈ နာရီခန့်မှာ မန္တလေးဒေသ တော်လှန်ရေး စိုးမိုးနယ်မြေမှာ အရေးပေါ် အုပ်ချုပ်ရေးကဏ္ဍအတွက် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေတဲ့ MDY-PDF တပ်ဖွဲ့ဝင် နယ်မြေခံ စခန်းမှူးတို့ကြား အချင်းချင်း ပွတ်တိုက်မှု ပဋိပက္ခဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါဖြစ်စဉ်ကို သိတာနှင့်တပြိုင်နက် MDY-PDF, မြို့နယ် အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့နဲ့ AFCC-Mdy တို့မှ ဥပဒေနည်းကျ ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးခဲ့ကြကာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့စည်းပြီး တရားမျှတမှု ရရှိအောင် စတင်စုံစမ်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
MDY-PDF အနေနဲ့ အဆိုပါအခင်းဖြစ်စဉ်မှာ တာဝန်ရှိတဲ့ တပ်ဖွဲ့ဝင် ရဲဘော်များကို တပ်တွင်းလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ စုံစမ်းစစ်ဆေးကာ ကနဦးအရေးယူမှုများ ဆောင်ရွက်ထားပြီး တပ်ဖွဲ့ဝင် ရဲဘော်များမှလည်း ကာယကံရှင်များကို တွေ့ဆုံတောင်းပန်ခဲ့ကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ အခင်းဖြစ်စဉ်မှာ ပါဝင်ခဲ့ကြတဲ့ AFCC-Mdy မှ လူထုလှုပ်ရှားမှု ရဲဘော်များကိုလည်း အဖွဲ့အစည်းတာဝန်ရှိသူများက အလေးအနက် သတိပေးဆုံးမထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
MDY-PDF အနေဖြင့် အရပ်သား ပြည်သူလူထုအပေါ်လည်းကောင်း၊ တော်လှန်ရေး ရဲဘော်ရဲဘက်အချင်းချင်း အပေါ်လည်းကောင်း စစ်သည်တော် ကျင့်ဝတ်များကို သွေဖည်ကာ တရားလက်မဲ့ ပြုကျင့်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၂။ ကံကြီးကုန်းပျူရွာကို ဝေဟင်တိုက်ပွဲများ ဖော်ဆောင်ကာ ပူးပေါင်းတိုက်ခိုက်
ဖေဖော်ဝါရီ ၁၁ ရက်၊ Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်က ကံကြီးကုန်းပျူရွာကို ဝေဟင်တိုက်ပွဲများ ဖော်ဆောင်ကာ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၁ တပ်ရင်း Special Guerrilla Force တပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက် မနက် ၉ နာရီ ၄၈ မိနစ်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညနေ ၄ နာရီမှာ ဘေးကင်းစွာ ပြန်ဆုတ်ခွာနိုင်ခဲ့ကာ ပျူစောထီးများ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်း SGF တပ်ခွဲ၊ တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၁၂ တပ်ခွဲ ၄ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း မုံရွာခရိုင် တပ်ရင်း ၁၂ မှ လေးလတ် ဒရုန်းအကြီးစား တစ်စီး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပြီး မိဘပြည်သူများ အနေဖြင့် ဝိုင်းဝန်းကူညီပေးကြဖို့ကို မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၃။ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က မကျီးစင်ရွာသား ကိုဝင်းစိုးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ ၁၀၊ Radio NUG
ဖေဖော်ဝါရီလအတွင်းမှ စတင်ကာ မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေပြီး မကျီးစင်ရွာကျေးရွာနေ ပြည်သူ ကိုဝင်းစိုးကို မီးရှို့သတ်ဖြတ်ကာ နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း MGS ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ် ကုက္ကိုစု ပျူစောထီးရွာမှ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ကို ပြန်လည်ဆုတ်ခွာနေကာ စစ်ကြောင်းထိုးရာတစ်လျှောက်တွင်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရပါတယ်။
========================
🚩🚩 ၄။ တည်သီးတောပျူရွာမှ ထွက်လာတဲ့ ဒုက္ခိတ၊ သက်ကြီးရွယ်အို ပြည်သူများကို ကူညီကယ်ထုတ်ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထား
ဖေဖော်ဝါရီ ၁၁ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှ ထွက်လာတဲ့ ဒုတ္ခိတနဲ့ သက်ကြီးရွယ်အို ပြည်သူ ၇ ဦးတို့ကို သွားရောက်ကူညီ ကယ်ထုတ်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့များမှာ ဦးကြွေဇွန်း (အသက် ၆၇ နှစ်)၊ ဒေါ်ဝိုင်း (အသက် ၇၂ နှစ်)၊ ဦးဝင်း (အသက် ၆၇ နှစ်)၊ ကိုငနိုင် (အသက် ၄၂ နှစ်)၊ ကိုလှမင်း (အသက် ၃၈ နှစ်)၊ ဒေါ်နွယ် (အသက် ၈၂ နှစ်)၊ ဒေါ်တင်အိ (အသက် ၉၀ နှစ်) တို့ဟာ တည်သီးတောပျူရွာမှ ထွက်လာကြတာ ဖြစ်ပါတယ်။
၎င်းတို့ကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က သွားရောက်ကူညီကယ်ထုတ်ပေးခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ အသိပေးထားပါတယ်။
ထွက်လာသူများရဲ့ ပြောပြချက်အရ တည်သီးတောပျူရွာမှာ ထမင်းမစားရဘဲ ပဲပြုတ်၍ စားနေရတာ ရက် ၂၀ ခန့် ရှိပြီဖြစ်ပြီး အငတ်ဘေးကြုံကာ ဒုက္ခရောက်နေခြင်းကြောင့် ထွက်လာရတာလို့ သိရပါတယ်။
သို့ဖြစ်ပါ၍ နောက်ထပ် ထွက်လာချင်တဲ့ ပြည်သူများသာမက လက်နက်ကိုင် ပျူစောထီးများလည်း အလင်းဝင် ထွက်လာချင်ပါက ချိတ်ဆက်ဆောင်ရွက်ကယ်ထုတ်ပေးမှာဖြစ်ပြီး လက်နက် ယူဆောင်လာပါက ထိုက်သင့်တဲ့ ဆုငွေများလည်း ချီးမြှင့်ပေးသွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ အင်းတိုင် သံချပ်ကာ တပ်ရင်းမှ စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦး ရေဦး ပကဖ ထံ အလင်းဝင်
ဖေဖော်ဝါရီ ၁၁ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကို စစ်ကောင်စီရဲ့ သံချပ်ကာ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦး အလင်းဝင်လာတယ်လို့ ရေဦး ပကဖ က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် အင်းတိုင် အမှတ် (၇၄) သံချပ်ကာ တပ်ရင်းက ဗိုလ်ကြီး အောင်ဟိန်းထက်ဆိုသူ အလင်းဝင်လာတာလို့ သိရပြီး အလင်းဝင်လာတဲ့နေ့ရက်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေဦး ပကဖထံ ဆက်သွယ်အလင်းဝင်လာတဲ့ စစ်ကောင်စီ အရာရှိ အပါအဝင် တပ်သားနဲ့ ရဲ ၈ ဦးထိ ရှိတယ်လို့ သိရပါတယ်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၀ ရက် နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ခန့်မှာ ရေဦးမြို့မ ထွေအုပ်ရုံးအတွင်း အစည်းအဝေးလုပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးများကို Fix Wings ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ရေဦး ပ.က,ဖ Drone အဖွဲ့က ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ဟားခါး-ထန်တလန်ကြားရှိ ပွိုင့်-၃ စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့် အလင်းဝင်
ဖေဖော်ဝါရီ ၁၀
Radio NUG
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်ကြားရှိ ပွိုင့်-၃ စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး သေနတ် ၃ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) က သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာသူများကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ချင်းအမျိုးသားတပ်မတော်က လက်နက် ၁ လက်ကို ငွေကျပ် သိန်း ၅၀ ကျပ် ဆုငွေချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment