၂၀၂၅ မတ်လ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အိန္ဒိယလွှတ်တော်အမတ်အချို့ရဲ့ အချုပ်အခြာအာဏာ ထိပါးပြောဆိုမှုဟာ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်အောက်ကျနောက်ကျ ဖြစ်နေသည်ကို မီးမောင်းထိုးပြနေဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြောဆို
📌 ၂။ ကနေဒါအမတ် နှင့် NUG အစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ မြန်မာကျောင်းသား၊ ကျောင်းသူများနဲ့ တွေ့ဆုံ
📌 ၃။ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပခဲ့သည့် ကျားမတန်းတူညီမျှခြင်းဆိုင်ရာ လွှတ်တော်အစည်းအဝေးသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း မြန်မာကိုယ်စားပြု တက်ရောက်
📌 ၄။ PRF ထောက်ပို့ငွေများ မြေပြင်တော်လှန်ရေးရဲဘော်များထံ တိုက်ရိုက်စီးဆင်းကြောင်း သတင်းထုတ်ပြန်
📌 ၅။ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားပွဲကို DPLF /DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်
📌 ၆။ စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို
========================
၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဒီမောဆို မြို့နယ်က စစ်ရှောင်စခန်း တခုကို စစ်ကောင်စီက ဗုံး (၁၅) လုံးထက်မနည်း ကြဲချတိုက်ခိုက်
🚩 ၂။ မြောင်မြို့နယ် ပန်းညိုရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီး
🚩 ၃။ စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ဘုတ်ပြင်းမြို့နယ်၊ ယုဇနဆီအုန်းခြံမှ အမျိုးသမီး ခြေထောက် အရိုးပြတ်ကြေမွ
🚩 ၄။ ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့နှင့် ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တို့ပူးပေါင်း၍ စစ်ဘေးရှောင်ပြည်သူ (၃၀၀) ကျော်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့
🚩 ၅။ ကရင်နီ ပြည်နယ်က ဒေသအများစုမှာ အရေပြား ရောဂါများ ဖြစ်ပွားနေပြီး ဆေးဝါး မလုံလောက်မှုနှင့် ရင်ဆိုင်နေရ
🚩 ၆။ ရွှေဘိုနှင့် ပုလဲမြို့နယ်တို့မှာ ပျူစောထီး တဦးနှင့် စစ်ကောင်စီတပ်သား (၃) ဦး လက်နက်နဲ့ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အိန္ဒိယလွှတ်တော်အမတ်အချို့ရဲ့ အချုပ်အခြာအာဏာ ထိပါးပြောဆိုမှုဟာ စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်အောက်ကျနောက်ကျ ဖြစ်နေသည်ကို မီးမောင်းထိုးပြနေဟု NUG နိုင်ငံခြားရေးဝန်ကြီး ပြောဆို
အိန္ဒိယနိုင်ငံ ပြည်နယ်လွှတ်တော် အမတ်အချို့က မြန်မာပိုင်နက် ကဘော်ချိုင့်ဝှမ်းကို ပြန်လည်ရယူရန်နှင့် ချင်းပြည်နယ်ကို အိန္ဒိယနှင့် ပေါင်းစည်းရန် ပြောဆိုလာမှုများသည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ရွေးကောက်ခံအစိုးရတစ်ရပ်ထံမှ အတင်းအဓမ္မ စစ်အာဏာသိမ်းလိုက်သည့် နောက်ဆက်တွဲရလဒ်အဖြစ် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများကြား၌ တိုင်းပြည် အောက်ကျနောက်ကျ ဖြစ်နေရသည်ဆိုသော အချက်ကို မီးမောင်းထိုးပြလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က People’s Spring သို့ ပြောကြားထားပါတယ်။
“ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သား အစိုးရခေါင်းဆောင်တွေကို တရားမဝင် ဖမ်းဆီးစွပ်စွဲအကျဉ်းချထားတဲ့အပြင် အချုပ်အခြာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုကို နေ့စဉ်နဲ့ အမျှ စိတ်ရော ကိုယ်ရော ပင်ပန်းဆင်းရဲမှုတွေ ဖြစ်အောင် ဖိနှိပ် ရက်စက် အကြမ်းဖက်နေမှတော့ ကျမတို့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ အားနည်းချည့်နဲ့တဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်ဆိုတဲ့ အခြေအနေဆိုက်နေပြီဆိုတဲ့ ပြယုဂ်လို့ မြင်ပါတယ်” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က မှတ်ချက်ပြုထားပါတယ်။
နွေဦးတော်လှန်ရေးတွင် ပြည်နယ်သူ၊ ပြည်နယ်သား၊ မြန်မာနိုင်ငံသားများသည် တာဝန်သိစွာဖြင့် မိမိတို့ တိုင်းပြည်ဂုဏ်သိက္ခာနှင့် အချုပ်အခြာ အာဏာကို ပြည်သူလူထုလက်ဝယ် ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ခိုင်မာသည့် သန္နိဋ္ဌာန် ချထားသည်မှာ မြန်မာနိုင်ငံ ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာနိုင်ရန်အတွက် ဖြစ်ကြောင်း၊ အိမ်နီးချင်းပြည်နယ် နှစ်ခုမှ လွှတ်တော်အမတ်နှစ်ဦး၏ ပြောဆိုဆွေးနွေးချက်များသည် အိန္ဒိယဗဟိုအစိုးရ (နယူးဒေလီအစိုးရ) ၏ သဘောထားများ မဟုတ်ဟု ယုံကြည်ကြောင်း ဝန်ကြီးက ဆက်လက်ပြောဆိုထားပါတယ်။
“ကျွန်မတို့ တိုင်းပြည် အချုပ်အခြာအာဏာ သူ့နေရာ သူပြန်ရောက်ဖို့ပဲ အဓိက မျက်ခြေမပြတ် ဆောင်ရွက်သွားရမှာပါ” လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။
မတ်လ (၁၀) ရက်က ကျင်းပတဲ့ အိန္ဒိယ အထက်လွှတ်တော် အစည်းအဝေးမှာ အိန္ဒိယ - မြန်မာနယ်စပ် ချင်းလူမျိုးတွေ နေထိုင်တဲ့ တမူးမြို့နယ်၊ ကဘော်ချိုင့်ဝှမ်းဒေသကို ပြန်လည် သိမ်းယူပြီး မဏိပူရ်ပြည်နယ်ထဲ ထည့်သွင်းပေးဖို့ မဏိပူရ်ပြည်နယ် လွှတ်တော်အမတ် Leishemba Sanajaoba က အိန္ဒိယ ဗဟိုအစိုးရကို အဆို တင်သွင်းခဲ့တယ်လို့ သိရှိရပါတယ်။
လက်ရှိ မြန်မာ - အိန္ဒိယ နယ်စပ်တစ်လျှောက်မှာ မဏိပူရ်ပြည်နယ် ကသည်းလက်နက်ကိုင် တပ်ဖွဲ့ဝင် အင်အား တိုးမြှင့်ထားပြီး လှုပ်ရှားနေကြတယ်လို့လည်း တမူးမြို့နယ် ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ (၂၀၂၄) ခုနှစ်က တမူးမြို့နယ် တိုက်ပွဲမှာ အိန္ဒိယနိုင်ငံသား ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်ဟာ စစ်တပ်နဲ့ ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ကြသေးတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ ကနေဒါအမတ် နှင့် NUG အစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ မြန်မာကျောင်းသား၊ ကျောင်းသူများနဲ့ တွေ့ဆုံ
မတ်လ (၁၁) ရက်နေ့က ကနေဒါနိုင်ငံ၊ လန်ဒန်မြို့မှာ ကနေဒါလွှတ်တော်ကိုယ်စားလှယ်နဲ့ လူ့အခွင့်ရေး/ နိုင်ငံတကာဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အတိုက်အခံပါတီရဲ့ တာဝန်ခံ Garnett Genuis နှင့် လူငယ်များ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
အခမ်းအနားမှာ ကနေဒါနိုင်ငံကို ပညာရေးအစီစဉ်နဲ့ ရောက်ရှိနေကြတဲ့ မြန်မာကျောင်းသား/သူများရဲ့အခက်အခဲအချို့ကို တင်ပြဆွေးနွေးခဲ့ကြပါတယ်။
ဒီအစည်းအဝေးပွဲကို NUG အစိုးရသမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်နဲ့ အခြားဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၃။ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပခဲ့သည့် ကျားမတန်းတူညီမျှခြင်းဆိုင်ရာ လွှတ်တော်အစည်းအဝေးသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း မြန်မာကိုယ်စားပြု တက်ရောက်
မတ်လ (၁၁) ရက်နေ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့ (UN Women) တို့က ပူးပေါင်းကျင်းပခဲ့သည့် Parliaments and Beijing +30: Resisting the Backlash and Shifting Paradigms Towards Gender Equality လွှတ်တော်အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း သွားရောက်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးမှာ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌက ဆွေးနွေးရာ (၂၀၂၁) ခုနှစ်ဖေဖော်ဝါရီ (၁) ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းယူခဲ့ပါကြောင်း၊ အကြမ်းဖက်စစ်တပ်အနေဖြင့် လွှတ်တော်အဆောက်အအုံကိုသာ သိမ်းနိုင်ခဲ့ပြီး ပြည်သူ့ဆန္ဒကို အခြေပြုသည့် စစ်မှန်သော အာဏာကို သိမ်းယူနိုင်ခဲ့ခြင်းမရှိပါကြောင်း ဆွေးနွေးခဲ့ပါတယ်။
ထို့ပြင် (၂၀၂၁) ခုနှစ်၊ စစ်အာဏာသိမ်းမှုသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံ ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ပြီး ဒီမိုကရေစီဖြစ်စဉ်များအားလုံးကို ရပ်တန့်စေခဲ့ပါကြောင်း၊ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအရှိန်အဟုန်ကို ပြောင်းပြန်ဖြစ်စေခဲ့ပါကြောင်း၊ စစ်တပ်၏ အမျိုးသမီးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းဦးဆောင်သူများကို ရပ်တန့်စေခြင်းသည် ကျားမအခြေပြု အကြမ်းဖက်မှုများကို တိုးမြင့်စေခဲ့ပြီး ဆုံးဖြတ်ချက်ပြုမှုကဏ္ဍတွင် အမျိုးသမီးများ၏ အသံများကို တိတ်ဆိတ်စေခဲ့ပါကြောင်း၊ ထို့ပြင် အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှု၊ အမျိုးသမီးဦးဆောင်လှုပ်ရှားမှုများ၊ ကျားမတန်းတူညီမျှကို ကန့်သတ်တားဆီးခဲ့ပြီးဖြစ်ပါကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေး၌ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်းသည် မြန်မာနိုင်ငံ၌ အမျိုးသမီးနိုင်ငံရေးအကျဉ်းချခံထားရသူများ လွတ်မြောက်ရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ဖိနှိပ်အကြမ်းဖက်ခံနေရသည့် အမျိုးသမီးခေါင်းဆောင်များကို ပံ့ပိုးကူညီပေးရေး၊ အမျိုးသမီးများ၏ နိုင်ငံရေးအခွင့်အရေးများကို ကာကွယ်ပေးနိုင်ရေးတို့တွင် အတူတကွလုပ်ဆောင်ပေးကြရန် တိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၄။ PRF ထောက်ပို့ငွေများ မြေပြင်တော်လှန်ရေးရဲဘော်များထံ တိုက်ရိုက်စီးဆင်းကြောင်း သတင်းထုတ်ပြန်
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ တာဝန်ထမ်းဆောင်တဲ့ ထောက်ပို့ငွေများ မြေပြင်တော်လှန်ရေးရဲဘော်များထံ တိုက်ရိုက်စီးဆင်းကြောင်း မတ်လ (၁၂) ရက်မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF က ရုပ်သံနဲ့တကွ ထုတ်ပြန်ခဲ့ပြီး မြေပြင်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များက ထောက်ပို့မှုများ ရရှိကြောင်း အသိပေးပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှ တာဝန်ထမ်းဆောင်ငွေကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာ နဲ့ အထွေထွေအသုံးစရိတ်အတွက် အဓိက အသုံးပြုနေပြီးတော့ (၂၆) ကြိမ်မြောက် တပ်ရင်းရိက္ခာနှင့် အထွေထွေအသုံးစရိတ်ကို ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ ဇန်နဝါရီလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ထောက်ပို့တပ်သားဦးရေ (၂၄,၆၇၁) ဦး ရှိခဲ့ပြီး ထောက်ပို့ငွေပမာဏ ခန့်မှန်း အမေရိကန်ဒေါ်လာ (၆၈၈,၁၈၃) ဒေါ်လာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၅။ ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားပွဲကို DPLF /DPLA လှုပ်ရှားနယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်
တပေါင်းလဆန်း (၁၄) ရက်နေ့တွင် ကျရောက်သော ဓနုလူမျိုးများဆုံစည်းရာနေ့ အခမ်းအနားကို လှုပ်ရှားနယ်မြေ တစ်နေရာတွင် DPLF/DPLA မှ ဦးဆောင်၍ အကျဥ်းရုံး ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အခမ်းအနားပွဲကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) အရာရှိ/အရာခံများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဓနုရိုးရာယဥ်ကျေးမှုများကို ထိန်းသိမ်းဖော်ထုတ်သွားရန်နှင့် လိုအပ်သော အခန်းကဏ္ဍများတွင် ပူပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို
အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က မတ်လ (၁၁) ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတကာအနေနဲ့လည်း ရွေးကောက်ပွဲအတွက် လိုအပ်မယ့် နည်းပညာအကူအညီတွေကို မပေးအပ်သင့်ကြောင်း၊ အထူးသဖြင့် စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေ၊ မြန်မာရဲ့အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် အာရှရဲ့ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယတို့အနေနဲ့ အသိအမှတ်မပြုသင့်ကြောင်း ဖော်ပြထားပါတယ်။
ရွေးကောက်ခံ အရပ်သားအစိုးရကို ဖမ်းဆီးမှုတွေ အပါအဝင် နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာအကြောင်းမရှိဘူးလို့ ဆိုထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာ နယ်မြေတွေကို တော်လှန်ရေးအင်အားစုတွေထံ လက်လွှတ်ထားရတာကြောင့် ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ မဖြစ်နိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့သတင်းတွေကို RADIO NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဒီမောဆို မြို့နယ်က စစ်ရှောင်စခန်း တခုကို စစ်ကောင်စီက ဗုံး (၁၅) လုံးထက်မနည်း ကြဲချတိုက်ခိုက်
ကရင်နီပြည် ဒီမောဆိုမြို့ အတွင်းက စစ်ရှောင်စခန်း တစ်ခုကို ဗုံးအလုံးရေ (၁၅) လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ The Coordination Team for Emergency Relief (Karenni) က ထုတ်ပြန်ထားပါတယ်။
မတ်လ (၁၁) ရက်နေ့ ညနေ (၇) နာရီ (၁၁) မိနစ်မှာ စစ်ကောင်စီက လေယာဉ်ဖြင့် (၃) ကြိမ်၊ ဗုံးအလုံးရေ (၁၅) လုံးထက်မနည်း စစ်ရှောင်စခန်း တခုတည်းကို ကြဲချသွားခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုအတွင်း အသက် (၄၀) အရွယ် အမျိုးသား တဦး ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်ရှောင်နေအိမ်တွေလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ရှောင်စခန်းဟာ လူနေထူထပ်သေးပြီး ပြီးခဲ့တဲ့ (၂၀၂၄) ခုနှစ် စက်တင်ဘာလ အစောပိုင်းမှာလည်း တိုက်ဖွန်း (ရာဂီ) မုန်တိုင်းကြောင်း ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရပါသေးတယ်။
(၂၀၂၅) ခုနှစ်အတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုအပါအဝင် ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုများမှာ စစ်ရှောင်စခန်းများနဲ့ စစ်ရှောင်လူထုတွေကို ခပ်စိပ်စိပ် ပစ်မှတ်ထား တိုက်ခိုက်လာခဲ့တာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ မြောင်မြို့နယ် ပန်းညိုရွာကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပန်းညိုရွာကိုအကြမ်းဖက်စစ်အုပ်စုရဲ့ ရေတပ်၊ ကြည်းတပ်တို့ဖြင့် နှစ်ဖက်ညှပ်ကာ မတ်လ (၁၁) ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ Ko Nway Oo - Myaung Myaung Pdf Cdsom က အတည်ပြုဆိုထားပါတယ်။
အဆိုပါ စစ်ကောင်စီတပ်များဟာ မတ်လ (၁၂) ရက် ညနေ (၄) နာရီခန့်မှစပြီး ယခုအချိန်ထိ ရွာလုံးကျွတ်နီးပါး မီးရှို့မှုများ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။
မြောင်နယ် ပန်းညိုရွာကို စကစ ရေတပ်မှ စစ်သဘော်တစ်စင်းနှင့် စစ်ကောင်စီပါ သံခွန်တစ်စင်း ဟာမတ်လ ၁၁ရက်မှာ ဆိုက်ကပ်ခဲ့ပါတယ်။
========================
🚩🚩 ၃။ စစ်တပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ဘုတ်ပြင်းမြို့နယ်၊ ယုဇနဆီအုန်းခြံမှ အမျိုးသမီး ခြေထောက် အရိုးပြတ်ကြေမွ
မတ်လ (၁၂) ရက်နေ့ (၁၂:၀၀) အချိန် ဘုတ်ပြင်းမြို့နယ် R-0 ဂိတ်တွင် PDF ပူးပေါင်းအဖွဲ့မှ ခရီးသွားပြည်သူများအား စနစ်တကျ စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ပေါက်ကွဲသံတစ်ချက်ကြားသဖြင့် လိုက်လံစုံစမ်းရာ ယုဇနဆီအုန်းကုမ္မဏီပိုင် ဧက (၃၀၀) လုပ်ကွက်အနီး ယုဇန ဆီအုန်းမှ အသက် (၅၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မြေမြုပ်မိုင်းအား နင်းမိပေါက်ကွဲခဲ့ပြီး ဝဲဘက်ခြေတောက် အရိုးပြတ်ကြေမွသွားခဲ့ကြောင်း ကော့သောင်းခရိုင် အမှတ် (၁) တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။
ထိုနေရာသည် စကစများ သွားလာ၍ ကင်းပုန်းအများဆုံး ဝပ်သည့် နေရာဖြစ်ပြီး စကစမှ မြေမြုပ်မိုင်း (၁၄)မိုင်းထောင်၍ ပြန်လည်ရှင်းလင်းခြင်းမရှိဘဲ ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုနေရာသို့ ဆီအုန်းအလုပ်သမားများက ဝင်ရောက်ပေါင်းခုတ်ရှင်းလင်းရာ ပေါက်ကွခဲ့ခြင်း ဖြစ်ပြီး PDF ပူးပေါင်းအဖွဲ့မှ လိုအပ်သော ဆေးဝါးအထောက်ပံ့များပြုလုပ်ပေးခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့နှင့် ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တို့ပူးပေါင်း၍ စစ်ဘေးရှောင်ပြည်သူ (၃၀၀) ကျော်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့
ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့နှင့် ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တို့ပူးပေါင်း၍ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူ (၃၀၀) ကျော်အား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြတယ်လို့ အတည်ပြုဆိုထားပါတယ်။
ဆေးကုသသည့် ခရီးစဥ်တစ်လျောက်လုံး မငြီးမငြူ ဆေးအိတ်ကူသယ်ပြီး လုံခြုံရေးပေးခဲ့ကြသော KB2 တပ်ရင်းမှ ရဲဘော်များကိုလည်း ကျေးဇူးတင်ရှိကြောင်း အသိပေးဆိုထားပါတယ်။
========================
🚩🚩 ၅။ ကရင်နီ ပြည်နယ်က ဒေသအများစုမှာ အရေပြား ရောဂါများ ဖြစ်ပွားနေပြီး ဆေးဝါး မလုံလောက်မှုနှင့် ရင်ဆိုင်နေရ
ကရင်နီ ပြည်တွင်းက စစ်ဘေးရှောင် စခန်းများနဲ့ ဒေသအများစုမှာ အရေပြားရောဂါ ဖြစ်ပွားနေကြပြီး ဆေးဝါး မလုံလောက်မှု ပြဿနာတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ “ရွှေဖီမြေ သတင်းဌာန”က ဖော်ပြထားပါတယ်။
ဖရူဆို၊ ဒီးမော့ဆို၊ ဘောလခဲ၊ ဖားဆောင်းနဲ့ ကရင်နီ-ထိုင်း နယ်စပ်တစ်လျှောက်က စစ်ဘေးရှောင်စခန်း တွေမှာ ရေမသန့်ရှင်းမှုကြောင့် အရေပြား ရောဂါတွေ ဖြစ်ပွားလာကြတာလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် လမ်းကြောင်း ပိတ်နေတာ၊ ဆေးဝါး သယ်ယူခွင့် မပြုတာ၊ နယ်စပ်ကဝင်တဲ့ဆေးဝါးနဲ့ ရောဂါဖြစ်နေသူ အချိုးအစား မမျှတာတွေကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
ကရင်နီ ပြည်တွင်းမှာ ရွှေ့လျားဆေးခန်း (Mobile Clinic) တွေ ရှိနေပေမယ့် အရေးပေါ် ကုသနည်းတွေ အတွက်သာ အသုံးတည့်ပြီး တခြားရောဂါတွေအတွက် ပါရာစီတမော၊ စီထရင်း၊ အမောက်ဆီလင်သာ ပေးနေရတာကြောင့် အရေပြားရောဂါအတွက် အသုံးဝင်မယ့်ဆေးတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ အချက်အလက်တွေအရ (၆) လ အရွယ်ကနေ မူလတန်း အရွယ်အထိ အများဆုံး ဖြစ်နေပြီး တအိမ်မှာ လူတဦး ကူးစက်ခံရတာနဲ့ ကျန်မိသားစုအားလုံး ထပ်မံကူးစက် တက်တာကြောင့် စိုးရိမ်နေကြရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ရွှေဘိုနှင့် ပုလဲမြို့နယ်တို့မှာ ပျူစောထီး တဦးနှင့် စစ်ကောင်စီတပ်သား (၃) ဦး လက်နက်နဲ့ အလင်းဝင်
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နှင့် ပုလဲမြို့နယ်တို့မှာ ပျူစောထီး တဦးနှင့် စစ်ကောင်စီ တပ်သား (၂) ဦးတို့ လက်နက်နှင့်တကွ အလင်းဝင်ခဲ့တယ်လို့ ရွှေဘို ပကဖ နဲ့ BNRA တို့က ထုတ်ပြန်ထားပါတယ်။
မတ်လ (၁၁) ရက်နေ့မှာ ရွှေဘိုမြို့နယ်၊ တိုက်နယ် (၂) နယ်မြေ၊ ဇီးဖြူကုန်း ပျူကျေးရွာကို ရောက်ရှိနေတဲ့ တည်သီးတော ကျေးရွာက ပျူစောထီး တဦးဟာ ရွှေဘို ပကဖထံ ဆက်သွယ် အလင်းဝင် လာခဲ့တာလို့ ဆိုပါတယ်။
အလင်းဝင် ပျူစောထီးဟာ ကာဘိုင် (၁) လက်၊ ကျည်ဘောက် (၃) ခုနဲ့ ကာဘိုင်ကျည် (၁၅၇) တောင့်တို့ကို တပါတည်း ယူဆောင်လာခဲ့ကာ မိသားစုနှင့်အတူ အလင်းဝင်လာတာလို့ သိရပါတယ်။
အလင်းဝင်လာသူရဲ့ မိသားစုဝင်တွေကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး အလင်းဝင်ရောက်လာသူကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဖေဖော်ဝါရီလ (၂၇) ရက်နေ့က စစ်ကိုင်းမြို့ တပ်မ (၃၃) မှ ဒုတပ်ကြပ် တဦးဟာ MA-1 တလက် နှင့်အတူ အလင်းဝင်ခဲ့ပြီး မတ်လ (၆) ရက်နေ့မှာလည်း ပုလဲမြို့ခံတပ်မှ တပ်သား (၂) ဦး MA-1 တလက်နဲ့ အလင်းဝင် လာခဲ့တယ်လို့ BNRA က ထုတ်ပြန်ထားပါတယ်။
အဆိုပါ စစ်ကောင်စီ တပ်သား (၃) ဦးဟာ အတင်းအဓမ္မ စုဆောင်းခံထားရတဲ့ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်တွေ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ထံ လက်နက်နှင့်တကွ အလင်းဝင်ခဲ့တာပါ။
အလင်းဝင် တပ်သား (၃) ဦးအနက် လက်နက်နဲ့ အလင်းဝင်လာသူ (၂) ဦးကို BNRA က ငွေကျပ် သိန်း (၂၀) စီ ဂုဏ်ပြုချီးမြှင့် ပေးခဲ့ကာ (၃) ဦးလုံးကို ဘေးကင်းရာ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို RADIO NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment