၂၀၂၅ မတ်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လူထုရဲ့အကြံပြုချက်နဲ့ လူထုရဲ့သဘောထားတွေကို ဘယ်သောအခါမှ မျက်ကွယ်ပြုမထားဘူးလို့ ယာယီသမ္မတ ပြောကြား
📌 ၂။ တော်လှန်ရေးဟာ တဆင့်ပြီးတဆင့် တက်သွားရမှာ ဖြစ်တဲ့အတွက်ကြောင့် တဆင့်ထက်တဆင့် ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆို
📌 ၃။ စစ်အာဏာရှင်မှ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ခွင့်လွှတ်၍ မရဘဲ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၄။ ကုလသမဂ္ဂရုံးချုပ်၌ စီစဉ်ကျင်းပသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ခြင်း ဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း တက်ရောက်ခဲ့
📌 ၅။ "တရုတ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု"နှင့် လားရှိုးမှ MNDAA တပ်များ ပြန်မဆုတ်ရန် ဆန္ဒပြလှုပ်ရှားမှု ပြောက်ကျားနည်းနဲ့ လားရှိုးတွင် ပြုလုပ်
📌 ၆။ သင်္ကြန်ရေ နဲ့ ဝုန်း (နှစ်သစ်ပရိုဒက်ရှင်း)ကမ်ပိန်းစတင်
========================
၂၀၂၅ ခုနှစ် မတ်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရန်ကုန်-ပြည် ကားလမ်းဘေး၌ အထိုင်ချ တပ်ဆွဲထားတဲ့ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို ၂ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈ဦး သေဆုံး၊ ၁၂ဦး ဒဏ်ရာရ
🚩 ၂။ ကန်နီပျူကျေးရွာမှ ကင်းစောင့်ပျူခွေးတစ်ကောင်အား sniper ဖြင့် ပစ်ခတ်ခဲ့ရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး
🚩 ၃။ တနင်္သာရီ၊ ချောင်းလမုရွာတွင် စားနပ်ရိက္ခာများ ပြန်လည် ယူဆောင်တဲ့ စစ်ဘေးရှောင် ၂ ဦး စစ်တပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံး
🚩 ၄။ ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုကို စစစ်ကောင်စီမှ ဗုံးကြဲရာ ကလေး (၁)ဦး ဒဏ်ရာရရှိ
🚩 ၅။ ကျိုက်ထိုမှာ လက်နက်ကြီးကျရောက်မှုကြောင့် သံဃာတော် တစ်ပါး ပျံလွန်တော်မူ
🚩 ၆။ စလင်းမြို့နယ်၊ ကင်မွန်းချုံရွာကို လေကြောင်းတိုက်ခိုက်မှု ဘုန်းကြီးကျောင်း ပြိုကျပြီး ကပ္ပိယ တစ်ဦး သေဆုံး
🚩 ၇။ ရေစကြို မိုးဖြူ၊ မိုးကွဲရွာများဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်မှ ပြည်သူ ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး
🚩 ၈။ ပခုက္ကူခရိုင်အမှတ်(၁၉) တပ်ရင်းမှ ဆိပ်ဖြူမြို့နယ်အတွင်း အပတ်စဉ် စစ်သတင်းလွှာ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အခမဲ့ဆောင်ရွက်ပေးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လူထုရဲ့အကြံပြုချက်နဲ့ လူထုရဲ့သဘောထားတွေကို ဘယ်သောအခါမှ မျက်ကွယ်ပြုမထားဘူးလို့ ယာယီသမ္မတ ပြောကြား
မတ်လ ၂၁ရက်
Radio NUG
လူထုရဲ့အကြံပြုချက်နဲ့ လူထုရဲ့ သဘောထားတွေကို ဘယ်သောအခါမှ မျက်ကွယ်ပြုမထားဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလက မတ်လ ၂၁ရက် “ထောက်ပို့ထီ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား”မှာ ပြောပါတယ်။
"ကျွန်တော်တို့ရဲ့တော်လှန်ရေးအင်အားစုတွေမှာ အားနည်းချက်နဲ့ အားသာချက်တွေက ဒွန်တွဲပြီး ရှိနေတာ ဖြစ်ပါတယ်။ အခုဆိုရင် ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ပြစ်တင်တာတွေလည်း ပြည်သူလူထုတွေကြားမှာ တွေ့မြင်နေရပါတယ်။ ကျွန်တော်တို့ဟာ လူထုရဲ့အကြံပြုချက်နဲ့ လူထုရဲ့သဘောထားတွေကို ဘယ်သောအခါမှ မျက်ကွယ်ပြုမထားဘူးဆိုတာ အားလုံးကို သိစေချင်ပါတယ်။ တစ်ဖက်မှာလည်း အသက်နဲ့ ခန္ဓာကို ပေးဆပ်မြှုပ်နှံခဲ့တဲ့ တော်လှန်ရေးသမားတွေရဲ့ မျက်နှာကို မြင်ယောင်ငဲ့ကွက်မိပါတယ်။ ကျွန်တော်အနေနဲ့ အနည်းငယ် သတိပေးချင်ပါတယ်။ ဒီအချိန်ဟာ ကျွန်တော်တို့ရဲ့အင်အားတွေကို စုစည်းရမယ့် အချိန်ဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်နဲ့ ဝန်ကြီးချုပ်ဟာ အခက်အခဲပေါင်းစုံနဲ့ ပြည်တွင်းထဲမှာနေပြီး ဒီတော်လှန်ရေးအောင်မြင်ဖို့ အတူကြိုးစားတည်ဆောက်ကြရပါတယ်" လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များဟာ ပြည်တွင်းမှာ ပြန်လည်အခြေစိုက်ဖို့ ပြင်ဆင်နေတာကို တွေ့ရတယ်လို့ ယာယီသမ္မတက ထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးဟာ တဆင့်ပြီးတဆင့် တက်သွားရမှာ ဖြစ်တဲ့အတွက်ကြောင့် တဆင့်ထက်တဆင့် ကြိုးစားနေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဆို
မတ်လ၂၀
Radio NUG
တော်လှန်ရေးဟာ တဆင့်ပြီးတဆင့် တက်သွားရမှာ ဖြစ်တဲ့အတွက်ကြောင့် တဆင့်ထက်တဆင့် ကြိုးစားနေတယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက မတ်လ ၂၁ရက် “ထောက်ပို့ထီ ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား”မှာ ဆိုပါတယ်။
"ကျွန်တော်တို့ တော်လှန်ရေးဟာ တဆင့်ပြီးတဆင့်တက်သွားရမှာ ဖြစ်တဲ့အတွက်ကြောင့် တဆင့်ထက်တဆင့် ကြိုးစားနေတယ်ဆိုတာ ကျွန်တော့်အနေနဲ့ပြောကြားလိုပါတယ်။ တော်လှန်ရေးတိုင်းမှာ လူထုထောက်ခံမှုက အရေးကြီးဆုံးဖြစ်တဲ့အတွက်ကြောင့် ဆက်ပြီးတော့ လူထုထောက်ခံမှုရရှိပြီးတော့ လူထုပါဝင်မှု ရရှိဖို့က လူထုကို ကူညီစောင့်ရှောက်ဖို့က ကျွန်တော်တို့ရဲ့တာဝန်ဖြစ်ပါတယ်။ လူထုကို ကူညီစောင့်ရှောက်ဖို့အတွက် အခုထောက်ပို့ထီကလည်း ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ စစ်ရှောင်ကလေးတွေအတွက် ပညာရေးထောက်ပံ့မှုတွေ ဒါတွေအတွက်ကိုပါ ထောက်ပံ့ကူညီနေတာ ဖြစ်တဲ့အတွက်ကြောင့် အထူးပဲဂုဏ်ယူဝမ်းမြောက်မိပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။
========================
📌📌 ၃။ စစ်အာဏာရှင်မှ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ခွင့်လွှတ်၍ မရဘဲ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
မတ်လ၂၁
Radio NUG
စစ်အာဏာရှင်မှ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ခွင့်လွှတ်၍ မရဘဲ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း Beijing Platform for Action 30+ Years and Beyond: A Critical Review and Future Directions for Myanmar ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် CSW69 Side Event ၏ အပိတ် ကျေးဇူးတင်စကား ပြောကြားရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။
"မိမိတို့၏ ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အနစ်နာခံမှုမှာ ကြီးမား၍ မမေ့လျော့သင့်ကြောင်း၊ စစ်အာဏာရှင်မှ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုလည်း ခွင့်လွှတ်၍ မရဘဲ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြားလိုကြောင်း၊တက်ရောက်လာသူများမှတဆင့် သက်ဆိုင်ရာ အစိုးရများ၊ အဖွဲ့အစည်းများမှ မိမိတို့၏ တော်လှန်ရေး ကြိုးပမ်းအားထုတ်မှုများနှင့် မြေပြင်တွင် လှုပ်ရှားဆောင်ရွက်နေသူများအတွက် ဆက်လက် ထောက်ခံပေးရန်နှင့် လိုအပ်သည့် အကူအညီများ ပေးအပ်ရန် တောင်းဆိုလိုကြောင်း" သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် မြန်မာ့အရေးအတွက် အာရုံစိုက်မှုနှင့် နိုးကြားသတိမူမှု ရှိနေရန် အထူးလိုအပ်ကြောင်းကို သံအမတ်ကြီးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ ကုလသမဂ္ဂရုံးချုပ်၌ စီစဉ်ကျင်းပသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ခြင်း ဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း တက်ရောက်ခဲ့
မတ်လ ၂၁ရက်
Radio NUG
(၆၉) ကြိမ်မြောက် အမျိုးသမီးရေးရာကော်မရှင် အစည်းအဝေးကာလအတွင်း Side Event အဖြစ် မတ် ၁၉ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ International IDEA က စီစဉ်ကျင်းပသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ခြင်းတွင် အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်ခြင်း ဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲတွင် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအနေဖြင့် အာဏာသိမ်းမှုမတိုင်မီကာလနှင့် လက်ရှိတော်လှန်ရေးကာလတွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ဖွဲ့စည်းပုံရေးဆွဲခြင်း၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများ၊ စစ်ရှောင်ပြည်သူများကို ကူညီခြင်း၊ နိုင်ငံတကာသိမြင်မှု ကျယ်ပြန့်အောင် ဆောင်ရွက်ခြင်းတို့တွင် ရွေးကောက်ခံ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ပါဝင်ဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် မြန်မာ့အရေးအခြေအနေများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်မှုလုပ်ရပ်များ၊ နေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် ထိရောက်သော လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ရရှိနိုင်ရေး၊ မြန်မာပြည်သူများက ကြိုးပမ်းနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့တွင် ထိရောက်သော ပံ့ပိုးကူညီမှုများ ရရှိရေးတို့အတွက် နိုင်ငံတကာသို့ တိုက်တွန်းအသိပေးမှုများကို နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
International IDEA သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၌ အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး၊ ဖွဲ့စည်းပုံရေးဆွဲရေးလုပ်ငန်းစဉ်များ၊ ဒီမိုကရက်တစ်အဖွဲ့အစည်းများ အားကောင်းစေရေးတို့တွင် CRPHနှင့် လက်တွဲကြိုးပမ်းလျက်ရှိပါတယ်။
========================
📌📌 ၅။ "တရုတ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု"နှင့် လားရှိုးမှ MNDAA တပ်များ ပြန်မဆုတ်ရန် ဆန္ဒပြလှုပ်ရှားမှု ပြောက်ကျားနည်းနဲ့ လားရှိုးတွင် ပြုလုပ်
မတ် ၂၁
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တော် လားရှိုးမှ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA) ပြန်လည် မဆုတ်ခွာရန်နှင့် တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုများအား ရပ်တန့်ပေးရန် ဆန္ဒထုတ်ဖော်သည့် စာရွက်များနှင့် ဓာတ်ပုံများအား မတ်လ ၂၀ရက်နေ့ည ၉နာရီက မြို့အနှံ့လိုက်လံကပ်ခဲ့ကြောင်း သိရပါတယ်။
ပြောက်ကျားဆန္ဒပြပွဲကို ပြည်သူအချင်းချင်း ချိတ်ဆက်ကာ လွတ်လပ်ရေးပန်းခြံ၊ လေယာဥ်ကွင်းလမ်းဘေး၊ (၆၂၆) တပ်ရှေ့၊ ထွေအုပ်ရုံးရှေ့၊ အ.ထ.က (၈) ကျောင်းရှေ့၊ ရပ်ကွက် (၅) ၊ ဘုရားပွဲနဲ့ လားရှိုး တက္ကသိုလ်ရှေ့က မီးတိုင်၊ ဓာတ်တိုင်တွေမှာ စာရွက်၊ ဓာတ်ပုံတွေကပ်ပြီး လှုပ်ရှားခဲ့ကြတယ်လို့ သိရပါတယ်။
"လာမယ့် ၂၂ ရက်နေ့မှာ ကိုးကန့်နဲ့ စကစတို့ တရုတ်ရဲ့ စေ့စပ်ညှိနှိုင်းမှုအရ နောက်ထပ်အစည်းအဝေး လုပ်ဖို့ရှိတယ်လို့ ကြားသိရတယ်။ တရုတ်ရဲ့ ကြားဝင်စွတ်ဖက်မှုက ကျွန်တော်တို့ လားရှိုးပြည်သူတွေတင်မက တနိုင်ငံလုံးမှာရှိကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ထိခိုက်စေတယ်။ စစ်ကောင်စီကို တော်လှန်နေကြတဲ့ တိုင်းရင်းသား ညီအကိုတွေကိုလည်း သွေးခွဲစေသလို ဖြစ်တယ်။ အိမ်နီးချင်းကောင်း မပီသသလို မြန်မာပြည်သူတွေရဲ့ မျက်နှာလည်း မထောက်ဘူး။ ကျွန်တော်တို့ဆီက လိုချင်တာမှန်သမျှ ယူသွားပြီးမှ ကျွန်တော်တို့ပြည်သူပေါ်မှာတော့ လျစ်လျူရှုရက်တယ်။ ဖိအားပေးတောင်းဆိုမှုနဲ့ ကျွန်တော်တို့ မြန်မာ့အရေးကို ဝင်မစွတ်ဖက်ပါနဲ့လို့ ပြောချင်ပါတယ်၊ မြို့ခံတွေကတော့ စစ်ကောင်စီ လက်အောက်မှာ ပြန်ပြီး မနေထိုင်ချင်ကြတော့ဘူး။ MNDAA အုပ်ချုပ်မှုအောက်မှာ ကြောက်ရွံ့စိတ်တွေ မရှိဘူး၊ လွတ်လွတ်လပ်လပ် ရှိတယ်။ အဲဒါကြောင့် လားရှိုးက ပြန်မဆုတ်ဖို့ မြို့ခံတွေက ဆန္ဒရှိနေကြတယ်"လို့ သပိတ်ခေါင်းဆောင်တစ်ဦးမှ ပြောဆိုထားပါတယ်။
========================
📌📌 ၆။ သင်္ကြန်ရေ နဲ့ ဝုန်း (နှစ်သစ်ပရိုဒက်ရှင်း)ကမ်ပိန်းစတင်
မတ်လ၂၁ရက်
Radio NUG
သင်္ကြန်ရေနဲ့ ဝုန်း (နှစ်သစ်ပရိုဒက်ရှင်း)ကမ်ပိန်းစတင်ပြီလို့ မတ်လ၂၁ရက် Myanmar Events UKက အသိပေးဆိုပါတယ်။
"MEUK က project owner အဖြစ် တာဝန်ယူထားတဲ့ သင်္ကြန်ရေနဲ့ ဝုန်း (နှစ်သစ်ပရိုဒက်ရှင်း)ကမ်ပိန်းလေးကတော့ official စတင်ပါပြီ။ တော်လှန်ရေးအတွက် အထူးလိုအပ်လာတဲ့ အဆင့်မြင့် ပရိုဒက်ရှင်းတွေ ပြုလုပ်နိုင်ဖို့ နှစ်သစ် အချိန်အခါမှာ သင်္ကြန်ရေနဲ့ ဝုန်းကြရအောင်ပါ"လို့ ဆိုထားပါတယ်။
မည်၍မည်မျှ သတ်မှတ်မထားဘဲ မိမိတို့ တတ်အားသည့် ပမာဏဖြင့်သင်္ကြန်ရေတွေအလား MOD ရဲ့ ထုတ်လုပ်ရေး လုပ်ငန်းများအတွက် ပါဝင်ပေးကြဖို့ နှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရန်ကုန်-ပြည် ကားလမ်းဘေး၌ အထိုင်ချ တပ်ဆွဲထားတဲ့ စစ်ကွင်းတာဆုံစစ်ဆေးရေးဂိတ်ကို ၂ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၈ဦး သေဆုံး၊ ၁၂ဦး ဒဏ်ရာရ
မတ် ၂၁
Radio NUG
မတ်လ ၂၀ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် ကားလမ်း ဘေး၌ အထိုင်ချ တပ်ဆွဲထားပြီး ပြည်သူများအား ဖမ်းဆီး ငွေညှစ်နေသော စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ရဲဘော်များမှ ရှောင်တခင် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁နာရီ ၄၅မိနစ် ကြာမြင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ရဲဘော် ၁ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကာ စကစဘက်မှ ၇ဦးသေ၊ ၆ဦး ဒဏ်ရာရရှိပြီး အထိနာသွားတာကြောင့် ဖရိုဖရဲဖြင့် အလောင်းကောက် ဆုတ်ခွာ ထွက်ပြေးသွားကြတယ်လို့ ဖော်ပြထားပါတယ်။
ကာဘိုင်သေနတ် ၁လက်၊ ကျည်ဘောက် ၁ခု၊ ကျည် ၂၀တောင့်၊ စစ်အသုံးအဆောင်တချို့ နှင့် ဆိုင်ကယ် ၁စီးအား သိမ်းဆည်း ရရှိခဲ့ပြီး စခန်းကို မီးရှို့ထားခဲ့သော်လည်း မီးအနည်းငယ်သာ လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ မီးအနည်းငယ်သာ လောင်ကျွမ်းသွားသည့် စစ်ကွင်းတာဆုံ စစ်ဆေးရေးဂိတ် ဘန်ကာတွင် ပြန်လည် လုံခြုံရေးယူနေသည့် စကစများအား မတ်လ ၂၁ ရက်၊ နံနက် ၁၀နာရီခန်၌ အဝေးထိန်းဗုံးဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁ဦး ပွဲချင်းပြီး သေဆုံးကာ ၄ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ကန်နီပျူကျေးရွာမှ ကင်းစောင့်ပျူခွေးတစ်ကောင်အား sniper ဖြင့် ပစ်ခတ်ခဲ့ရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး
မတ် ၂၁
Radio NUG
မတ်လ ၁၉ ရက်နေ့တွင် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ ကန်နီပျူကျေးရွာမှ မျှော်စင်ပေါ်ရှိ ကင်းစောင့် ပျူတစ်ဦးအား sniper ဖြင့် ပစ်ခတ်ခဲ့ရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း MPLမြောက်ပိုင်းဇုန် (မြိုင်-ပကဖ)မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို MPLမြောက်ပိုင်းဇုန် (မြိုင်-ပကဖ)၊ မန်ကျည်းရိပ် ကိုရဲ ပကဖ၊ ကိုဂတုံး တိုက်နယ်-၄ ပကဖ၊ သပြေတော ပကဖ၊ ကိုလီယို Eagle Brigade တပ်ဖွဲ့တို့မှ ပူးပေါင်း၍ တိုက်ပွဲဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ တနင်္သာရီ၊ ချောင်းလမုရွာတွင် စားနပ်ရိက္ခာများ ပြန်လည် ယူဆောင်တဲ့ စစ်ဘေးရှောင် ၂ ဦး စစ်တပ်မှ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သေဆုံး
မတ် ၂၁
RadioNUG
မတ်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီမြို့နယ်၊ ချောင်းလမုရွာမှ စစ်ဘေးရှောင် ပြည်သူများ ကျေးရွာအတွင်း စားနပ်ရိက္ခာများ ပြန်လည် ယူဆောင်စဉ် အကြမ်းဖက် စစ်တပ်၏ ဒရုန်းက ကင်းထောက်ပြီး သိန်ခွန်းကျေးရွာ၌ ယာယီတပ်စွဲထားသော စစ်သားများက ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထိုသို့ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ မမီးမဲ့နှင့် ကိုသောင်းပုတို့ သေဆုံးခဲ့ပြီး ပြည်သူ ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၂ ရက် မနက်အစောပိုင်းကလည်း တနင်္သာမြို့ကနေ သိန်ခွန်းရွာကို ဦးတည်ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းရဲ့ ရှေ့ပြေးကာကင်း ခြေလျင်အဖွဲ့ကို ကမ္မလိုင်းရွာအနီး မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် အပြန်အလှန် ထိတွေ့ တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်တပ်က ဗိုလ်ကြီး ၁ ယောက်နဲ့ ဒုတပ်ကြပ် ၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ တနင်္သာရီ ပကဖ က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စခန်းတစ်ခုကို စစစ်ကောင်စီမှ ဗုံးကြဲရာ ကလေး (၁)ဦး ဒဏ်ရာရရှိ
မတ် ၂၁
Radio NUG
မတ်လ ၂၁ ရက်နေ့ ၁၀ နာရီခွဲဝန်းကျင်အချိန်တွင် ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် Rocket ဗုံး (၄) လုံးကြဲချကာ ပွိုင့် ၈ များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KPV သတင်းဌာနမှာ ဖော်ပြထားပါတယ်။
စတားလင့်ဆိုင်မှာ လိုင်းသုံးနေတဲ့ ၁၃ နှစ်အရွယ် ကလေးတစ်ဦး ကျောကုန်းကို အစထိမှန်ကာ အများစုကို လမ်းမကြီးနဲ့ တောထဲတွေမှာ ကြဲသွားတယ်လို့ သိရပါတယ်။
လေကြောင်းဖြင့် ဗုံးကြဲချပြီးနောက်တွင်လည်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ကျိုက်ထိုမှာ လက်နက်ကြီးကျရောက်မှုကြောင့် သံဃာတော် တစ်ပါး ပျံလွန်တော်မူ
မတ် ၂၁
Radio NUG
မတ် ၂၁ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်တွင် ပဲခူးတိုင်း ဝေါမြို့နယ် လက်ပန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ရာကနေ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာရှိ ဘုန်းကြီးကျောင်းအပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ဆွမ်းဘုန်းဖို့ ပြင်ဆင်နေတဲ့ အသက် ၅၀ အရွယ် သံဃာတော် တစ်ပါး ပျံလွန်တော်မူခဲ့ပြီး အသက် ၄၀ အရွယ် သံဃာတော် နှစ်ပါး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဝေါမြို့နယ် ပကဖ ထံမှ သိရပါတယ်။
ဆွမ်းစားဆောင်လည်း ထိမှန်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာ နှစ်ပါးကို ဒေသခံအကူအညီနဲ့ သိမ်ဇရပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ပန်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် အောင်ကြီးဆိုသူ၏ နေအိမ်ကို မတ်လ(၁၈)ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် တောင်ညိုစစ်ကြောင်းက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ပါတယ်။
========================
🚩🚩 ၆။ စလင်းမြို့နယ်၊ ကင်မွန်းချုံရွာကို လေကြောင်းတိုက်ခိုက်မှု ဘုန်းကြီးကျောင်း ပြိုကျပြီး ကပ္ပိယ တစ်ဦး သေဆုံး
မတ် ၂၁
Radio NUG
မတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ၁၅ မိနစ်ဝန်းကျင်တွင် စလင်းမြို့နယ်၊ ကင်မွန်းချုံကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံး သုံးလုံး ကြဲချတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းရှိ ကပ္ပိယ တစ်ဦး သေဆုံးပြီး အရပ်သား ၂ ဦးဒဏ်ရာရရှိကြောင်း စလင်းမြို့နယ် ပအဖ ထံမှ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ဘုရားစေတီနှင့် ဘုန်းကြီးကျောင်း ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။
ထိုသို့ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ရေစကြို မိုးဖြူ၊ မိုးကွဲရွာများဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်မှ ပြည်သူ ၅၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး
မတ် ၂၁
Radio NUG
မတ်လ ၂၁ရက် နံနက် 6:30 ခန့်တွင် ငတရော်ရွာမှတဆင့် မိုးဖြူ၊ မိုးကွဲရွာများဘက်သို့ အကြမ်းဖက်စစ်သားများ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် အနီးပတ်ဝန်းကျင်ရွာများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ထွက်ပြေးကြသော ပြည်သူများကို လိုက်လံပစ်ခတ် ဖမ်းဆီးနေကြောင်း Info Committee Yesagyo မှ သတင်းထုတ်ပြန်ထားပါတယ်။
ထို့အပြင် မိုးကွဲရွာ အနောက်ဘက် ကျွန်းခုံပေါ်တွင် ထွက်ပြေးတိမ်းရှောင်နေကြသော သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် ပြည်သူအယောက် ၅၀ ကျော်ကို မနက် ၇နာရီ ဝန်းကျင်အချိန်တွင် ပစ်ခတ်ဝင်ရောက်ဖမ်းဆီးကာ မိုးကွဲရွာအတွင်းသို့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ပခုက္ကူခရိုင်အမှတ်(၁၉) တပ်ရင်းမှ ဆိပ်ဖြူမြို့နယ်အတွင်း အပတ်စဉ် စစ်သတင်းလွှာ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေး အခမဲ့ဆောင်ရွက်ပေးခဲ့
မတ်လ ၂၁
Radio NUG
မတ်လ၂၁ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်ရှိ လက်လှမ်းမှီသော ကျေးရွာများနှင့် ဆက်သွယ်ရေးခက်ခဲသော ဒေသများသို့ ဦးစားပေး စစ်သတင်းလွှာ ဖြန့်ချီပေးခဲ့တယ်လို့သိရပါတယ်။
ဒေသအတွင်း မိဘပြည်သူများ စစ်သတင်းသာမက ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ၏ စံသတ်မှတ်မှုများပါ သိရှိစေရန်နှင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ စစ်ရေးရည်မှန်းချက်များအား ကောင်းစွာ သိရှိရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေပေးခဲ့တယ်လို့ဆိုပါတယ်။
ထို့အပြင် ပခုက္ကူခရိုင် အမှတ်(၁၉)တပ်ရင်း ယာယီ ထိန်းချုပ် နယ်မြေအတွင်းရှိ ကျေးရွာနေ လူထုအား အခမဲ့ ကျန်းမာရေး ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment