၂၀၂၅ ဧပြီလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကိုင်းငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အရေးတကြီးလုပ်ဆောင်နေမှုများအကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ “ သတင်းစာရှင်းလင်းပွဲ “ ပြုလုပ်မည်
📌 ၂။ NUG ကိုယ်စားလှယ်ရုံး (ကိုရီးယား)မှ ငလျင်ဒဏ်သင့် ပြည်သူများ ကူညီရေးအတွက် အရေးပေါ် ရန်ပုံငွေ ဝမ် ၆၅,၆၉၂,၀၀၇ ရရှိထားပြီး မြန်မာကျပ်ငွေ သိန်း ၁,၁၀၀ ပေးပို့ပြီး
📌 ၃။ အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ (USGS)၏ ဧပြီလ ၁၆ရက်နေ့အထိ ငလျင်ခန့်မှန်းချက်များ ထုတ်ပြန်
📌 ၄။ စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း IIMM ပြောဆို
📌 ၅။ မြင်းမူမြို့နယ်အတွင်း သင်္ကြန်ကာလ ရေကစားမဏ္ဍပ် ဆောက်လုပ်၍ ကခုန်ခြင်းများ၊ အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်ခြင်းများ မပြုလုပ်ရန် အသိပေးပန်ကြား
========================
၂၀၂၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရွာငံ - အောင်ပန်းလမ်းမဘေး တစ်နေရာတွင် စစ်ဆေးရေးပြုလုပ်စဉ် ထွက်ပြေးတဲ့ ဗိုလ်ကြီးတစ်ဦးကို DSNDA အသေပစ်ခတ်ဖမ်းဆီး
🚩 ၂။ ပခုက္ကူမြို့ ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးပြီး ကား တစ်စီး သိမ်းဆည်းရရှိ
🚩 ၃။ ခရီးသွားပြည်သူများထံမှ အတင်းဓမ္မ ငွေကြေးကောက်ခံခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေတဲ့ နတ်မောက်မြို့ တောင်ဘက် အထွက်ဂိတ်ကို အနီးကပ် တိုက်ခိုက်
🚩 ၄။ မြင်းမူမြို့နယ် စံတင်ကင်းကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက် နေအိမ်များကို မီးရှို့၊ ကလေးငယ် တစ်ဦး သေဆုံး
🚩 ၅။ ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စုကို လေယာဉ်ဖြင့် ဗုံးကြဲရာ စစ်ဘေးရှောင် အမျိုးသား တစ်ဦး သေဆုံး
🚩 ၆။ အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် ရက်စက်စွာ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့
🚩 ၇။ ဆားလင်းကြီးမြို့မရဲစခန်းမှ ဒုတပ်ကြပ် တစ်ဦး မိသားစုနဲ့တကွ အလင်းဝင်ပြီး ကျောက်တံခါး ပဲနွယ်ကုန်-နတ်သံကွင်းလမ်းပေါ်က စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး အလင်းဝင်
🚩 ၈။ ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိတဲ့ ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုထံ ဓနုဆေးတပ်ဖွဲ့မှ တိုက်ရိုက်ကွင်းဆင်း ဆေးကုသပေး
🚩 ၉။ ရဲဘော် (၉၀)ဦးစာ ကျည်ကာ အစုံ (၉၀) ဝယ်ယူပြီးစီးကြောင်း နေပြည်တော် တပ်ရင်း 805 မှ အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကိုင်းငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အရေးတကြီးလုပ်ဆောင်နေမှုများအကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ “ သတင်းစာရှင်းလင်းပွဲ “ ပြုလုပ်မည်
ဧပြီ ၁၁
Radio NUG
ဧပြီလ (၁၂)ရက်နေ့၊ ညနေ ( ၃ ) နာရီတွင် စစ်ကိုင်းငလျင်ကြီး ( Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် အရေးတကြီးလုပ်ဆောင်နေမှုများအကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
သတင်းစာရှင်းလင်းပွဲကို PVTV ၊ Radio NUG ၊ DVB ၊ Red Peacock ၊ Mizzima ၊ People's Spring ၊ D Day Channel ၊ ခေတ်သစ် ၊ နွေဦးအသံ ၊ သံလွင်တိုင်မ်းနဲ့ ဒီလမ်း ဖေ့စ်ဘွတ်ခ်ပေ့ချ်များမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ NUG ကိုယ်စားလှယ်ရုံး (ကိုရီးယား)မှ ငလျင်ဒဏ်သင့် ပြည်သူများ ကူညီရေးအတွက် အရေးပေါ် ရန်ပုံငွေ ဝမ် ၆၅,၆၉၂,၀၀၇ ရရှိထားပြီး မြန်မာကျပ်ငွေ သိန်း ၁,၁၀၀ ပေးပို့ပြီး
ဧပြီ ၁၁
Radio NUG
ဧပြီလ ၁၁ ရက်၊ ည 8 နာရီအထိ NUG ကိုယ်စားလှယ်ရုံး (ကိုရီးယား)မှ ငလျင်ဒဏ်သင့် ပြည်သူများ ကူညီရေးအတွက် အရေးပေါ် ရန်ပုံငွေ ဝမ် ၆၅,၆၉၂,၀၀၇ ရရှိထားကြောင်း သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းငလျင်ကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးသွားရသည့် မြန်မာပြည်သူများအတွက် “ပြည်သူမှ ပြည်သူ ဝိုင်းဝန်းကူ”ကြရန် ကိုယ်စားလှယ်ရုံးမှ ကောက်ယူနေသော “NUGကိုယ်စားလှယ်ရုံး ငလျင်ဘေးအလှူငွေ” အစီအစဉ်မှ ပထမအကြိမ် ကျပ်ငွေ သိန်းတစ်ထောင် (100,000,000 DMMK) (ကိုရီးယားဝမ် 33,898,310)ကို အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနသို့ ပေးပို့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ရရှိသော အလှူငွေများကိုလည်း ဆက်လက်၍ ထပ်မံ ပေးပို့သွားမှာဖြစ်ပြီး အလှူငွေကောက်ခံသည့် နှိုးဆော်စာနှင့် အလှူငွေ လက်ခံရရှိစာရင်းကို နေ့စဉ် ကိုယ်စားလှယ်ရုံး စာမျက်နှာတွင် ဖော်ပြပေးလျက်ရှိပါတယ်။
========================
📌📌 ၃။ အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ (USGS)၏ ဧပြီလ ၁၆ရက်နေ့အထိ ငလျင်ခန့်မှန်းချက်များ ထုတ်ပြန်
ဧပြီ ၁၁
Radio NUG
ဧပြီလ ၉ ရက်နေ့၊ အမေရိကန်ဘူမိဆိုင်ရာသုတေသနအဖွဲ့ (USGS)၏ ခန့်မှန်းချက်များအရ လာမည့် တပတ်အတွင်း ရစ်ချ်တာစကေား ၅ ထက်ကြီးသော နောက်ဆက်တွဲငလျင် ဖြစ်ပေါ်နိုင်ခြေမှာ ၄၂% ရှိပြီး ၎င်းအင်အားသည် ထိခိုက်ပျက်စီးမှုများ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
နောက်တစ်ပတ်အတွင်း ရစ်ချ်တာစကေး ၃ နှင့်အထက်ရှိသော နောက်ဆက်တွဲ ငလျင်ငယ်များ (၁၆၀) ကြိမ်အထိ ဖြစ်ပေါ်နိုင်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုသည် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာမည်ဖြစ်သော်လည်း အင်အားများသည့် နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါက နောက်ဆက်တွဲ ငလျင်ငယ်များ၏ အရေအတွက်ကို ယာယီအားဖြင့်တိုးပွားစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဧပြီလ ၁၁ ရက်နေ့၊ ည ၈ : ၄၇ မိနစ်အချိန်ခန့်တွင် နေပြည်တော်ကောင်စီ၊ တပ်ကုန်းမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ချ်တာစကေး ၄.၆ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျှင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေအတွက် အရေးယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း IIMM ပြောဆို
ဧပြီ ၁၁
Radio NUG
မြန်မာစစ်ကောင်စီက ဒီနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာကြောင်း၊ ဒီတိုက်ခိုက်မှုတွေကြောင့် သေဆုံးမှုတွေ၊ ပျက်စီးမှုတွေနဲ့ နေရပ်စွန့်ခွာမှုတွေ ပျံ့နှံ့ဖြစ်ပွားနေကြောင်း၊ တိုက်ခိုက်မှုတွေကို အမိန့်ပေးစေခိုင်းသူတွေနဲ့ လုပ်ဆောင်သူတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ဧပြီလ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂နှစ်က စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် အနည်းဆုံး လူ ၁၅၅ ဦး သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်း ပဇီကြီးရွာ ဖြစ်ရပ်နောက်ပိုင်းကစပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
မတ်လက ငလျင်လှုပ်ခတ်ပြီးနောက် အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေစဉ်မှာပင် စစ်တပ်က မန္တလေး၊ စစ်ကိုင်းနဲ့ အခြားဒေသတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူတွေက ဒီတိုက်ခိုက်မှုရဲ့ ဒဏ်ကို သွယ်ဝိုက်ခံစားရတာမဟုတ်ဘဲ၊ ပစ်မှတ်ထားပြီး တိုက်ရိုက်တိုက်ခိုက်တာကို များသောအားဖြင့် ခံနေရကြောင်း၊ ကျောင်းတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဒုက္ခသည်စခန်းတွေ၊ ဘုရားကျောင်း၊ ဘုန်းတော်ကြီးကျောင်းတွေအပြင် ဂီတဖျော်ဖြေပွဲလိုမျိုး လူစုလူဝေးမှာ ဗုံးကြဲခံခဲ့ရကြောင်း၊ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်ကြောင်း၊ အဓိက တာဝန်ရှိသူတွေကို ဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုတွေကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ဆိုထားပါတယ်။
IIMM အနေနဲ့ ဒီရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေအကြောင်း အထောက်အထားတွေကို စုဆောင်း စိစစ်သုံးသပ်နေတာဟာ ကျူးလွန်ဖို့ အမိန့်ပေးသူတွေနဲ့ ကျူးလွန်လုပ်ဆောင်တဲ့သူတွေကို သိစေချင်ပါတယ်၊ တနေ့မှာ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားရုံးမှာ ရင်ဆိုင်ရဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုထားပါတယ်။
IIMM အနေနဲ့ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကို အကြိမ်များစွာ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်တုံ့ပြန်တာ မရှိဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌 ၅။ မြင်းမူမြို့နယ်အတွင်း သင်္ကြန်ကာလ ရေကစားမဏ္ဍပ် ဆောက်လုပ်၍ ကခုန်ခြင်းများ၊ အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်ခြင်းများ မပြုလုပ်ရန် အသိပေးပန်ကြား
ဧပြီ ၁၁
Radio NUG
အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းကို အားကိုး၍ ပြည်သူများအပေါ် ဥပဒေမဲ့ ညှာတာမှုကင်းမဲ့စွာ တိုက်ခိုက်နေခြင်းနှင့် စစ်ကြောင်းထိုးမှုများ ပြုလုပ်လာပါသဖြင့် မိဘပြည်သူများ၏ အန္တရာယ်ကို ရှေးရှု၍လည်းကောင်း၊ (၂၈.၃.၂၀၂၅) ရက်နေ့မှာ လှုပ်ခတ်သွားသော ငလျင်ဘေးဒဏ်ကြောင့် ဒုက္ခရောက် ၊ သေဆုံးသွားသူများကို ငဲ့ညှာသောအားဖြင့် လည်းကောင်း ယခုနှစ်ကျရောက်သော သင်္ကြန်ကာလအတွင်း၌ ရေကစားမဏ္ဍပ် ဆောက်လုပ်၍ ကခုန်ခြင်းများ၊ အသံချဲ့စက် ကျယ်လောင်စွာ ဖွင့်ခြင်းများကို မပြုလုပ်ကြပါရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ မြင်းမူမြို့နယ်မှ အသိပေးပန်ကြားထားပါတယ်။
ထိုသို့ မိမိတစ်ဦးတစ်ယောက်မှ ပြုလုပ်ခြင်းကြောင့် မိမိမြို့နယ် ၊ မိမိရပ်ရွာအတွင်းမှ တခြားသောမိသားစုများ၏ အသက်အိုးအိမ် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါ၍ မပြုလုပ်ကြပါရန် ထပ်ဆင့် ပန်ကြားထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရွာငံ - အောင်ပန်းလမ်းမဘေး တစ်နေရာတွင် စစ်ဆေးရေးပြုလုပ်စဉ် ထွက်ပြေးတဲ့ ဗိုလ်ကြီးတစ်ဦးကို DSNDA အသေပစ်ခတ်ဖမ်းဆီး
ဧပြီ ၁၁
Radio NUG
ဧပြီလ ၁၁ရက် မနက် ၆နာရီခွဲခန့်တွင် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ရွာငံ - အောင်ပန်းလမ်းမဘေး တစ်နေရာတွင် ဓနုပြည်နယ်ကာကွယ်ရေးတပ်တော် - DSNDA မှ စစ်ဆေးရေးပြုလုပ်နေစဉ် ကားပေါ်မှ ဆင်းပြေးသူကို အသေပစ်ခတ်ဖမ်းဆီးရာ ဗိုလ်ကြီး အဆင့်ရှိသူ စစ်ကောင်စီအရာရှိတစ်ဦး ဖြစ်ကြောင်း DSNDA မှ သတင်းထုတ်ပြန်ထားပါတယ်။
DSNDA ရဲဘော်များမှ စစ်ဆေးရေးလုပ်ဆောင်နေစဉ် မသင်္ကာသဖြင့် ကားပေါ်မှ ဆင်းခိုင်းရာ ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားပြီး ၎င်းထံမှ ပစ္စတိုတစ်လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ဖုန်းနှင့် ငွေသားများသိမ်းဆည်း ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သိမ်းဆည်းရရှိတဲ့ အချက်လက်နှင့် မြေပြင်စုံစမ်းချက်အရ ထိုသူသည် ဗိုလ်ကြီး မျိုးဇော်သန်းဖြစ်ပြီး ရွာငံမြောက်ဖက် မြို့ထွက်ဂိတ်တွင် အာဏာအရှိဆုံး ဖြစ်ကာ စစ်ခေါင်းဆောင် ကလောသို့ရောက်ရှိနေစဥ် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ပခုက္ကူမြို့ ကပစ ၂၄ မှ ဗိုလ်မှူးသော်ဇင်ဦးကို အနီးကပ် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးပြီး ကား တစ်စီး သိမ်းဆည်းရရှိ
ဧပြီ ၁၁
Radio NUG
ဧပြီ ၁၀ ရက် ည ၉နာရီအချိန်တွင် ပခုက္ကူမြို့ စက်မှုန်ဇုံ ရထားဘူတာနှင့် အိမ်ဖြူတော် KTV အနီးတွင် ကာကွယ်ရေးပစ္စည်းစက်ရုံံ (ကပစ ၂၄) မှ ဗိုလ်မှူးသော်ဇင်ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Earthquake Prople's Defence Forceမှ သတင်းထုတ်ပြန်ပါတယ်။
ပစ်ခတ်မှုအတွင်း ဗိုလ်မှူးသော်ဇင်ဦး နေရာတွင် သေဆုံးပြီး ၎င်းနှင့်အတူ ကား တစ်စီးထဲတွင် ပါလာတဲ့ စကစထောက်တိုင် အိမ်ဖြူတော် KTV ပိုင်ရှင် ကိုမြင့်ဦးပါ သေဆုံးခဲ့ကာ ကားတစီးသိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုတိုက်ခိုက်မှုကို မိမိတို့ Earthquake Prople's Defence Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Force၊ Hunter PKU၊ Black Cheater၊ ပခုက္ကူခရိုင် တပ်ရင်း၂ ( The Red Revolters တပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း ၃ တပ်ခွဲ ၄ နှင့် ရွှေညာမြေတပ်ဖွဲ့ (ပခုက္ကူ) တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ခရီးသွားပြည်သူများထံမှ အတင်းဓမ္မ ငွေကြေးကောက်ခံခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေတဲ့ နတ်မောက်မြို့ တောင်ဘက် အထွက်ဂိတ်ကို အနီးကပ် တိုက်ခိုက်
ဧပြီလ ၁၁ရက်
Radio NUG
ဧပြီလ ၁၀ရက်နေ့ မနက် ၃:၁၅မိနစ်တွင် နတ်မောက်မြို့ မြို့တောင်ဘက် အထွက်ဂိတ်ကို နတ်မောက် ပကဖအဖွဲ့နှင့် မဟာမိတ်တပ်ပေါင်းစုမှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ ဂိတ်တွင် ခရီးသွားပြည်သူများဆီမှ အတင်းအဓမ္မ ငွေကောက်ခံခြင်း၊ ပေါ်တာဆွဲခြင်းများကို စစ်တပ်၊ ရဲ၊ ပျုစောထီးများနှင့် ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဂိတ်အနားသို့ ချဥ်းကပ်ခါ မီတာ၅၀ အကွာမှ အနီးကပ် ရှေ့ထွက်ပြောင်းနှင့် စတင်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၅မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
ရှေ့ထွက်ပြောင်းနှင့် ပစ်ခတ်ချိန်မှာ ၂ဦး ပွဲချင်းပြီး သေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး စစ်ကူလာရင် ၁၀မိနစ်အတွင်း ရောက်နိုင်တာကြောင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပါတယ်။
========================
🚩🚩 ၄။ မြင်းမူမြို့နယ် စံတင်ကင်းကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်းထိုးဝင်ရောက် နေအိမ်များကို မီးရှို့၊ ကလေးငယ် တစ်ဦး သေဆုံး
ဧပြီ ၁၁
Radio NUG
ဧပြီလ ၈ရက်နေ့ ည ၉နာရီခန့်တွင် မြင်းမူမြို့နယ်၊ ဘိုမင်းကြီးကင်း ၊ မြောင်လမ်းခွဲတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက်စစ်သားများမှ လက်နက်ကြီး (၇)လုံး စံတင်ကင်းကျေးရွာဘက်ကို ရမ်းထုခဲ့တာကြောင့် ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိကာ ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် ဧပြီလ ၉ရက် နံနက် ၁နာရီဝန်းကျင်တွင် ဂွေးပင်တောကျေးရွာတွင် အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီနှင့် ဘိုးမင်းကြီးကင်းလမ်းခွဲမှ စစ်သားများ ပူးပေါင်းကာ စံတင်ကင်းကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ် (၄)လုံး မီးရှို့သွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စုကို လေယာဉ်ဖြင့် ဗုံးကြဲရာ စစ်ဘေးရှောင် အမျိုးသား တစ်ဦး သေဆုံး
ဧပြီ ၁၁
Radio NUG
ဧပြီလ ၁၁ရက်နေ့တွင် ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဖက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ K-8W Jet Fighterလေယာဥ်ဖြင့် ဗုံးကြဲခဲ့ကြောင်း တပ်ရင်း ၃၅၀၄ ရေတာရှည်မြို့နယ် အခြေစိုက်မှ သတင်းထုတ်ပြန်ပါတယ်။
ဗုံးကြဲချမှုကြောင့် ပိတောက်ကုန်းကျေးရွာမှ စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူ ကိုဝေဠု (အဖ) ဦးပုစိန် အသက် 29နှစ် ဗုံးဆံထိမှန် သေဆုံးခဲ့ပြီး အသက် ၆၀အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ အကြမ်းဖက်စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် ရက်စက်စွာ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့
ဧပြီ ၁၁
Radio NUG
ဧပြီလ ၁၁ ရက် ညနေ ( ၃:၃၀)အချိန်ခန့်တွင် ကောလင်းမြို့နယ် လျှော်ဖြူကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ မြေပြင်တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကောလင်းမြို့နယ် ပအဖမှ သတင်းထုတ်ပြန်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွင် ဗုံးသီး (၂)လုံး ကြဲချမှုကြောင့် အရပ်သားပြည်သူနေအိမ်ပေါ် ကျရောက်ပြီး အရပ်သားပြည်သူ အမျိုးသမီး (၂)ဦး သေဆုံး၍ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်အဆောက်အဦ အပျက်အစီးအဆုံးရှုံး များစွာရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ဧပြီလ ၁၁ ရက်နေ့ နံနက် (၃:၄၀) ခန့်အချိန်တွင်လည်း ကောလင်းမြို့နယ် အရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ သဲချောင်းရွာသစ် ဒေသအခေါ် ကချင်ကုန်းအား အကြမ်းဖက်စစ်ကောင်စီမှ မြေပြင်စစ်ရေးလှုပ်ရှားမှုမရှိဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုတွင် ဗုံးသီး နှစ်လုံးချရာ ရွာအနီးလယ်ကွင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ မကွဲသဖြင့် ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိခဲ့ပါတယ်။
မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးသီးအား သက်ဆိုင်ရာ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁)တပ်ရင်းမှ လာရောက်တူးဖော် ရှင်းလင်းသွားကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ဆားလင်းကြီးမြို့မရဲစခန်းမှ ဒုတပ်ကြပ် တစ်ဦး မိသားစုနဲ့တကွ အလင်းဝင်ပြီး ကျောက်တံခါး ပဲနွယ်ကုန်-နတ်သံကွင်းလမ်းပေါ်က စစ်တပ်မှ စစ်မှုထမ်းတပ်သား တစ်ဦး အလင်းဝင်
ဧပြီ ၁၁
Radio NUG
ဧပြီလ ၉ ရက်နေ့ ညနေပိုင်းတွင် ဆားလင်းကြီးမြို့ မြို့မရဲစခန်းမှ နယ်ထိန်း ဒုတပ်ကြပ် ရဲလင်းသည် ယင်းမာပင်ခရိုင်၊ အမှတ်(၁၆)တပ်ရင်းသို့ မိသားစုနှင့်တကွ အလင်းဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
၎င်းနှင့်အတူ G3 တစ်လက်၊ ကျည် (၅)တောင့်နှင့် ဝင်ရောက်လာတာကြောင့် ဂုဏ်ပြုဆုငွေ သိန်း (၈၀)ကျပ် ချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပေါ်ရှိ စစ်ကောင်စီစခန်းမှ စစ်ကောင်စီမှ စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းခြင်းခံခဲ့ရတဲ့ စစ်ကောင်စီ တပ်သားသစ် ၁ ဦး ဧပြီလ ၉ရက်နေ့တွင် အလင်းဝင်လာကြောင်း ပဲခူးခရိုင် ၊ အမှတ် ( ၂ ) တပ်ရင်း ၊ P2-3702 မှ သတင်းထုတ်ပြန်ထားပါတယ်။
၎င်းနှင့်အတူ MA ၁ တစ်လက် ၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၁၀၅ တောင့် တို့ကို ယူဆောင်လာခဲ့ပြီး ဘေးကင်းတဲ့နေရာသို့ ပို့ဆောင်ကာ ၁၀ သိန်းကျပ်ကို ကနဦး ချီးမြှင့်ငွေအဖြစ် ပြန်လည်ချီးမြှင့်ခဲ့သလို ပြည့်သူရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိတဲ့ ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထုထံ ဓနုဆေးတပ်ဖွဲ့မှ တိုက်ရိုက်ကွင်းဆင်း ဆေးကုသပေး
ဧပြီ ၁၁
Radio NUG
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ထိန်းချုပ်နယ်မြေရှိ ဆေးဝါးပစ္စည်းဝယ်ယူရန် အခက်အခဲရှိတဲ့ ပြည်သူလူထုများထံ ဓနုဆေးတပ်ဖွဲ့မှ တိုက်ရိုက်ကွင်းဆင်း၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း ဧပြီလ ၁၁ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။
ထိန်းချုပ်နယ်မြေ၏ အချို့နေရာဒေသများတွင် ရေရှားပါးမှုများကြောင့် ကလေးသူငယ်များ ကျန်းမာရေးချိုတဲ့ခြင်း၊ ယားနာများပေါက်ခြင်း စသည့်ရောဂါလက္ခဏာများ ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဓနုဆေးတပ်ဖွဲ့မှ (၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်း ၊ သားဆက်ခြား ပိုက်ထည့်ခြင်း အစရှိတဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၉။ ရဲဘော် (၉၀)ဦးစာ ကျည်ကာ အစုံ (၉၀) ဝယ်ယူပြီးစီးကြောင်း နေပြည်တော် တပ်ရင်း 805 မှ အသိပေး
ဧပြီ ၁၁
RadioNUG
ရှေ့တန်းရဲဘော်များအတွက် လိုအပ်တဲ့ ကျည်ကာများ တပ်ဆင်နိုင်ရန် ပြုလုပ်ခဲ့တဲ့ "ထနောင်းစစ်သည် ပေါင်းစုချီ ကျည်ကာတပ်ဆင် ပြည်လည်းဝင်" ကမ်ပိန်းမှ ရရှိ ရံပုံငွေများဖြင့် ရဲဘော် (၉၀)ဦးစာ ကျည်ကာ အစုံ (၉၀) ဝယ်ယူပြီးစီးကြောင်း နေပြည်တော် တပ်ရင်း 805မှ ဧပြီလ ၁၁ရက်နေါတွင် အသိပေးထုတ်ပြန်ထားပါတယ်။
ကျည်ကာ၊ ဦးထုပ်တချို့ကို စစ်ဆင်ရေးအတွင်းမှ ရဲဘော်များထံ တပ်ဆင်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ကျည်ကာဝယ်ယူရာမှ ပိုတဲ့ ငွေများကို တပ်ဖွဲ့ရှေ့ဆက် လုပ်ငန်းစဥ်များတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကမ်ပိန်းမှာ ပါဝင်ကူညီကြတဲ့ ထောက်ပို့ပြည်သူ တစ်ဦးချင်းစီတိုင်းကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ကမ်ပိန်းကို အောင်မြင်စွာပြီးမြောက်အောင် တာဝန်ယူဆောင်ရွက်ပေးတဲ့ မနန်းမွေခေါဝ် (SRSS)၊ ကိုပိုင်ရဲသူ၊ ကိုအောင် (တော်လှန်ကောမစ်)နှင့်တကွ နိုင်ငံတကာ FR အဖွဲ့များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment