၂၀၂၅ ဧပြီလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့အပေါ် လေးနက်စွာ ဆန်းစစ်သုံးသပ်ကြဖို့ ယာယီသမ္မတတိုက်တွန်း
📌 ၂။ နိုင်ငံတကာရဲ့ အခင်းအကျင်းတွေကို ကြိုတင်တွက်ဆထားဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၃။ စစ်အုပ်စုရဲ့စစ်လေယာဥ်ပျံနဲ့ရဟတ်ယာဥ်၂၀နီးပါး တော်လှန်ရေးအင်အားစုကြောင့် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော
📌 ၄။ မလေးရှားနဲ့ အာဆီယံအနေဖြင့် စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုကို အဆုံးသတ်ဖို့ JusticeForMyanmarတောင်းဆို
📌 ၅။ မြန်မာပြည် အလယ်ပိုင်းမှာ အပူချိန်များ စံချိန်တင် မြင့်တက်
📌 ၆။ ဂျာမနီကမြန်မာနိုင်ငံ ငလျင်တုံ့ပြန်ရေးအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ အဖြစ် အမေရိကန်ဒေါ်လာ ၂.၅ သန်း ကို ထပ်မံထည့်ဝင်မည်
📌 ၇။ ကနေဒါနိုင်ငံတွင် ငလျင်ဘေးသင့်ဒေသပြန်ထူထောင်ရေးအတွက် ရန်ပုံငွေ ဒေါ်လာတစ်သောင်းရရှိခဲ့
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုင်းယော်မြို့နယ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကိုယူဆော့ရာက ပေါက်ကွဲပြီး တဦး သေဆုံးကာ တဦးဒဏ်ရာရ
🚩 ၂။ မင်းလှအပိုင် ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်တပ်စစ်ကြောင်းက စစ်သား၂ ဦးကိုဖမ်းမိရာမှာ သေနတ်လုပြီးထွက်ပြေးတဲ့ အတွက် ပစ်ခတ်ရှင်းလင်း
🚩 ၃။ အပစ်ခတ်ရပ်စဲသည်ဟု ကြေညာသည့် စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာရှိရွာများနှင့်နောင်ထောင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၄။ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့်ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ဂုဏ်ပြုကြိုဆို
🚩 ၅။ ပေါ်တာဆွဲခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ဦး KNDF ထံ အလင်းဝင်
🚩 ၆။ ရန်သူများအသုံးပြုသွားလာလျှက်ရှိသည့် ထား၀ယ်မြစ်ကြောင်းအတွင်း စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ပါက လိုက်နာကြရန်အသိပေးကြေညာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့အပေါ် လေးနက်စွာ ဆန်းစစ်သုံးသပ်ကြဖို့ ယာယီသမ္မတတိုက်တွန်း
ဧပြီ ၂၃ရက်
ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင်တွန်းအားပေးနေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပေါ်ထားတဲ့သဘောထားကို လေးနက်စွာဆန်းစစ်သုံးသပ်ကြဖို့ ယာယီသမ္မတဒူဝါလရှီးလက ဧပြီ၂၂ရက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၂ /၂၀၂၅ အစိုးရအဖွဲ့အစည်းဝေးတွင် တိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။
"မိမိတို့အစိုးရဟာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး မကြာခင်မှာ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှအပ၊ အပစ်အခတ်ရပ်စဲဖို့ ပထမဆုံး ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူလူထုရဲ့ အဓိကလိုလားချက်တွေကို လျစ်လျှူမရှုဖို့တော့ ကျွန်တော်တို့အားလုံး အာရုံစိုက်ကြရမှာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပေါ်ထားတဲ့ သဘောထားကို လေးနက်စွာ ဆန်းစစ်သုံးသပ်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။
ဒါ့အပြင် အစိုးရအဖွဲ့ဝင် အချင်းချင်း အပြန်လှန် ဝေမျှဖို့၊ အပြန်အလှန် အထောက်အကူပြုကြဖို့နဲ့ လက်တွေ့ အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်တွေမှာ ထိရောက်ဖို့၊ မြန်ဆန်ဖို့၊ အမြော်အမြင်ရှိရှိ လုပ်ဆောင်ကြဖို့ယာယီသမ္မတကပြောပါတယ်။
========================
📌📌 ၂။ နိုင်ငံတကာရဲ့ အခင်းအကျင်းတွေကို ကြိုတင်တွက်ဆထားဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဧပြီ ၂၃ရက်
နိုင်ငံတကာရဲ့ အခင်းအကျင်းတွေကို ကြိုတင်တွက်ဆထားဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့ အစိုးရကက်ဘိနက်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။
"အခုဆိုရင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ တော်လှန်ရေးရှေ့ခရီးကို နိုင်ငံရေးအရ ချဥ်းကပ်ပုံတွေက အလုံးစုံမတူညီနေကြတာကို အားလုံးလည်း သတိထားမိမယ်ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ တချို့သောမဟာမိတ်တော်လှန်ရေး အင်အားစုတွေအနေနဲ့ စစ်ရေးဖိအားပေး နိုင်အောင် ကြိုးပမ်းရင်း နိုင်ငံရေးအရ အင်ပြည့်အားပြည့် တစုတစည်းတည်း အင်အားကောင်းကောင်းနဲ့သွားနိုင်ဖို့ စဥ်းစားကြတာရှိသလို တချို့မဟာမိတ် အင်အားစုတွေကလည်း အနာဂတ်ဖက်ဒရယ်အရေး ပိုမိုအားစိုက်ရင်း နိုင်ငံတကာအခြေအနေတွေ၊ ရှုထောင့်တွေကို ပိုမို ထည့်သွင်းစဥ်းစားပြီး သွားချင်ကြသူတွေလည်း ရှိပါတယ်။ နိုင်ငံတကာရဲ့ ဖိအား ကလည်း ငလျင်ကို အကြောင်းပြုပြီး ပိုမိုများလာနိုင်ဖွယ် ရှိပါတယ်။ အခုဆိုရင် အာဆီယံဘက်ကတော့ အင်တိုက်အားတိုက် စီမံဆောင်ရွက်လာတဲ့ အခြေအနေတွေကိုတော့ အားလုံးလည်း သိရှိပြီးဖြစ်ပါတယ်။ နောက်ထပ်လာနိုင်ဖွယ်ရှိတဲ့ နိုင်ငံတကာရဲ့ အခင်းအကျင်းတွေကိုလည်း ကျွန်တော်တို့ဘက်က ကြိုတင်တွက်ဆထားဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
ထို့အပြင် အစိုးရအဖွဲ့ဝင်များအနေဖြင့် အားစိုက်ရမယ့် အလုပ်တာဝန်တွေ များပြား လွန်းတာမို့ အချိန်တွေ၊ လူတွေကို သေချာစွာ စီမံခန့်ခွဲပြီး တော်လှန်ရေးရှေ့ခရီးကို ကျန်းမာဘေးကင်းစွာ ဆက်လျှောက် နိုင်ကြစေရေးအတွက်လည်း ဆုမွန်ကောင်းတောင်းရင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ စစ်အုပ်စုရဲ့စစ်လေယာဥ်ပျံနဲ့ရဟတ်ယာဥ်၂၀နီးပါး တော်လှန်ရေးအင်အားစုကြောင့် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူပြော
ဧပြီ ၂၃ရက်
စစ်အုပ်စုရဲ့စစ်လေယာဥ်ပျံနဲ့ရဟတ်ယာဥ်၂၀နီးပါးဟာ တော်လှန်ရေးအင်အားစုကြောင့် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကပြောပါတယ်။
ဧပြီလအတွင်းသတင်းဌာနတခုနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
"လေယာဥ်ပစ်လက်နက်မှာ နေရာအခက်အခဲရှိတယ်။တချို့နေရာတွေမှာ ပစ်နိုင်သလို တော်တော်များများမကာကွယ်နိုင်ခဲ့ဘူး။နောက်တစ်ခုက မြန်မာနိုင်ငံကအကျယ်ကြီးပဲ။စစ်အုပ်စုလေယာဥ်ပျံတွေက တနိုင်ငံလုံးအနှံ့ပျံသန်းတယ်။ကျနော်တို့ခုခံနိုင်တဲ့လက်နက်က တနေရာနဲ့တနေရာပို့ဆောင်ဖို့အခက်အခဲရှိသလို၊အကန့်အသတ်လည်းရှိတယ်။စာရင်းအတိအကျတော့မဟုတ်ပေမယ့် စစ်လေယာဥ်ပျံ၈စင်းနဲ့ ရဟတ်ယာဥ်လည်း ၁၀စင်းကျော်လောက်ရှိတယ်။စုစုပေါင်း၂၀နီးပါးလောက် ကျနော်တို့တော်လှန်ရေးအင်အားစုတွေကြောင့် ထိခိုက်ပျက်စီးသွားတာရှိတယ်။တချို့ကလုံးဝပျက်သွားတာရှိတယ်။အဲဒါကိုကြည့်ခြင်းအားဖြင့် အထိုက်အလျောက် ခုခံကာကွယ်နိုင်တာရှိပါတယ်"လို့ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့လေကြောင်းရန်ကို လူထုအားကြိုတင်ကာကွယ်အသိပေးရန်ကြိုးစားနေပြီး နိုင်ငံတကာတွင်လည်း စစ်အုပ်စုထံလေယာဥ်ဆီများတင်ပို့ရောင်းချမှုကို ပိတ်ပင်တားဆီးဖို့ကြိုးပမ်းနေတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ မလေးရှားနဲ့ အာဆီယံအနေဖြင့် စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုကို အဆုံးသတ်ဖို့ JusticeForMyanmarတောင်းဆို
ဧပြီ ၂၃ရက်
မလေးရှားနဲ့ အာဆီယံအနေဖြင့် စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုကို အဆုံးသတ်ဖို့ JusticeForMyanmarက တောင်းဆိုလိုက်ပါတယ်။
"လက်ရှိအာဆီယံအလှည့်ကျဥက္ကဌ — မလေးရှားက စစ်ရာဇဝတ်ကောင်ကို အရေးယူတာဝန်ခံစေဖို့ လုပ်ဆောင်ရမည့်အစား တွေ့ဆုံခဲ့ပါတယ်။မင်းအောင်လှိုင်က ငလျင်ဘေးအကူအညီတွေကို လက်နက်သဖွယ်အသုံးပြုနေသူ၊လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေသူ၊အစုအပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေသူ ဖြစ်ပါတယ်။စစ်ရာဇဝတ်ကောင်နဲ့ ထိတွေ့ဆက်ဆံခြင်းက အဆိုပါဆိုးရွားရက်စက်မှုတွေကို ကျူးလွန်နေခြင်းသာဖြစ်ပါတယ်။ ရာဇဝတ်မှုကြီးတွေကို အားပေးကူညီနေတာ ရပ်တန့်ပါ။မလေးရှားနဲ့ အာဆီယံအနေဖြင့် စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုကို အဆုံးသတ်ပါ။မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပါ"လို့ ဖော်ပြထားပါတယ်။
JusticeForMyanmarဟာအကြမ်းဖက်စစ်အုပ်စုရဲ့အကျိုးစီးပွားများကိုဖော်ထုတ်ဖွင့်ချကာနိုင်ငံတကာကအရေးယူပိတ်ဆို့မှုများလုပ်ဖို့တောင်းဆိုတိုက်တွန်းထားမှုများလည်းရှိပါတယ်။
========================
📌📌 ၅။ မြန်မာပြည် အလယ်ပိုင်းမှာ အပူချိန်များ စံချိန်တင် မြင့်တက်
ဧပြီ ၂၃ရက်
စစ်ရှောင်နဲ့ ငလျှင်ဒဏ်ခံ မိသားစုဝင်တွေအများဆုံးတည်ရှိရာ စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းတိုင်းဒေသကြီးတွေမှာ လာမယ့် ၄ ရက်အတွင်း အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော်အထိ မြင့်တက်လာမယ်လို့ အရပ်ဘက် မိုးလေဝသစောင့်ကြည့်လေ့လာသူက ထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်မိသားစုဝင်တွေတည်ရှိရာ အဆိုပါ တိုင်းကြီးသုံးတိုင်းအတွင်းက စစ်ကိုင်း၊ မုံရွာ၊ ဘုတလင်၊ တွင်းရွာ၊ ဆားလင်းကြီး၊ မြောင်၊ ပုလဲ၊ တမူး၊ မန္တလေး၊ မြင်းမူ၊ တံတားဦး၊ မြစ်ငယ်၊ ကျောက်ဆည်၊ တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး၊ စဥ့်ကိုင်၊ ပခုက္ကူ၊ အထက်မင်းလှ၊ ရေစကြို၊ ပေါက်၊ ပခန်းကြီးစတဲ့ မြို့ နယ်ပေါင်း ၂၂ မြို့ပါဝင်ပါတယ်။
အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံးကို စစ်မျက်နှာဖွင့်ပြီး တိုက် ခိုက်ခဲ့ရာမှာ နေအိမ်ပေါင်းတစ်သိန်းကျော်မီးရှို့ဖျတ်ဆီးခံခဲ့ရပြီး အဲ့ဒီထဲမှာမှ စစ်ကိုင်းတိုင်းဒေသကြီးက နေအိမ်ပေါင်း ခုနှစ်သောင်းခွဲနီးပါးနဲ့ အများဆုံး ဖျတ်ဆီးခံခဲ့ရတာဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ် ကြောင့် လူပေါင်း တစ်သန်းကျော် စစ်ဘေးရှောင်ခဲ့ကြရပြီး အများစုက ကျေးရွာတွေနဲ့ဝေးရာ ယာမြေတွေ၊ ကွင်းပြင်တွေမှာ ဖြစ်သလို စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
========================
📌📌 ၆။ ဂျာမနီကမြန်မာနိုင်ငံ ငလျင်တုံ့ပြန်ရေးအတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ အဖြစ် အမေရိကန်ဒေါ်လာ ၂.၅ သန်း ကို ထပ်မံထည့်ဝင်မည်
ဧပြီ ၂၃ရက်
ဂျာမနီ နိုင်ငံက မြန်မာနိုင်ငံ ငလျင် တုံ့ပြန်ရေး အတွက် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ အဖြစ် အမေရိကန်ဒေါ်လာ ၂.၅ သန်း ကို ထပ်မံထည့်ဝင်မယ်လို့ဧပြီ၂၃ရက်ဂျာမနီသံရုံးရန်ကုန်ကသတင်းထုတ်ပြန်ပါတယ်။
"ဂျာမနီသည် မြန်မာနိုင်ငံတွင် ဆိုးရွားလှစွာသောငလျင်လှုပ်ခတ်ပြီးနောက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန်ဤထပ်ဆောင်းရန်ပုံငွေကိုထည့်ဝင်ခြင်းဖြစ်ပါတယ်။ဤရန်ပုံငွေထဲမှ အမေရိကန်ဒေါ်လာ ၁ သန်းကို မြန်မာနိုင်ငံဆိုင်ရာလူသားချင်း စာနာထောက်ထားမှု ရန်ပုံငွေ MHF သို့ ပေးအပ်မည်ဖြစ်ပြီး ၁.၅ သန်းကို ပြည်တွင်းနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောမိတ်ဖက်အဖွဲ့အစည်းများထံမှတဆင့် ပေးအပ်မှာဖြစ်တယ်"လို့ဖော်ပြပါတယ်။
အဆိုပါ ၂.၅ သန်းသည် ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဂျာမနီနိုင်ငံ၏ကနဦးပေးအပ်ထားသော အမေရိကန်ဒေါ်လာ ၁၀သန်းကျော် ကို ထပ်ဆောင်းခြင်းဖြစ်ပြီးကနဦးအကူအညီ ထဲမှ အမေရိကန်ဒေါ်လာ ၅.၅ သန်းသည် မြန်မာနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ MHF သို့ တိုက်ရိုက်ပေးထားသကဲ့သို့ ကမ္ဘာ့ကုလသမ္မဂ္ဂအရေးပေါ်တုန့်ပြန်ရေးယန္တရား ဖြစ်သော UN Central Emergency Relief Fund (CERF) သို့ လည်းပေးအပ်ထားပြီးဖြစ်ရာ CERF ၏ မြန်မာနိုင်ငံငလျင်တုံ့ပြန်ရေးအတွက် လက်ရှိလျာထားသော အမေရိကန်ဒေါ်လာ 10 သန်းထဲမှ ၅ ဒေါ်လာစီတိုင်းကို ဂျာမနီမှ လှူဒါန်းထားခြင်းလည်းဖြစ်ပါတယ်။
ဂျာမနီသည် EU ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လေကြောင်းတံတားမှတစ်ဆင့် အရေးပေါ်အထောက်အပံ့များကိုပံ့ပိုးကူညီပြီး ငလျင် အပြီးနှင့် ကာလရှည်အတွက် မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ကူညီဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၇။ ကနေဒါနိုင်ငံတွင် ငလျင်ဘေးသင့်ဒေသပြန်ထူထောင်ရေးအတွက် ရန်ပုံငွေ ဒေါ်လာတစ်သောင်းရရှိခဲ့
ဧပြီ ၂၃ရက်
ကနေဒါနိုင်ငံတွင် ငလျင်ဘေးသင့်ဒေသပြန်ထူထောင်ရေးအတွက် မြန်မာအင်အားစုများကအစားအသောက်များရောင်းချ၍ ရန်ပုံငွေရှာဖွေရာ ရန်ပုံငွေ ဒေါ်လာတစ်သောင်းရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
အားလုံးပါဝင်အားပေးခဲ့ကြတဲ့ ဈေးရောင်း Project လေးမှ အမြတ်ငွေ (CAD 651) ရရှိခဲ့ပြီး၊ ထိုအလှူငွေအား London Burmese Community မှ ကိုတင်မောင်ထူးအားလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ Giggle Gangက အသိပေးဖော်ပြပါတယ်။
"ငလျင်ဘေးအတွက် ရန်ပုံငွေ ဒေါ်လာတစ်သောင်း ($၁၀,၀၀၁)ကို ရောက်ရှိသွားပါပြီ။ Giggle Gang ညီ/ညီမအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ဒီရန်ပုံငွေအတွက် ဝယ်ယူအားပေး စားသုံးသူအားလုံးကို ကျေးဇူးတင်ရှိပါတယ်"လို့ London Burmese Community မှ ကိုတင်မောင်ထူးကဆိုထားပါတယ်။ငလျင်ဒေသပြန်ထူထောင်ရေးအတွက် GG member များဟာ မြန်မာအစားအသောက်များကို ဧပြီလအတွင်းချက်ပြုတ်ရောင်းချခဲ့တာဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီ၊ကိုခန့်နှင့်ကြေးမုံတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုင်းယော်မြို့နယ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကိုယူဆော့ရာက ပေါက်ကွဲပြီး တဦး သေဆုံးကာ တဦးဒဏ်ရာရ
ဧပြီ ၂၃ရက်
တအာင်းပြည် တပ်မဟာ ၆ နယ်မြေ မိုင်းယော်မြို့နယ် လွယ်လင်ကျေးရွာအုပ်စု မန်ကန်ရွာက အမျိုးသား ၂ ဦးဟာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ယူဆော့ရာက ပေါက်ကွဲခဲ့တာကြောင့် တဦးသေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာရ သွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ ဧပြီ ၂၃ရက်မှာ ထုတ်ပြန်ပါတယ်။
မန်ကန်ရွာက အမျိုးသား ၂ ဦးဟာ ဧပြီလ ၁၈ ရက် နေ့လည် ၂ နာရီခွဲခန့်အချိန်က ပျောက်ဆုံးနေတဲ့နွားကို လိုက်လှံရှာဖွေ ရာက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တလုံး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ လက်နက်ကြီးကျည်ကို ယူဆော့ရာက ပေါက်ကွဲက အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ဖခင်ဖြစ်သူသေဆုံးကာ အသက် ၁၈ နှစ်အရွယ်ရှိတဲ့ သားဖြစ်သူကနော့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အသိပေးပါတယ်။
အခင်းဖြစ်နေရာကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသွားသူတွေက ဒေသခံတွေနဲ့အတူ သယ်ဆောင်ကာ မီးသဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရခဲ့တဲ့သားဖြစ်သူကို ဆေးကုသနိုင်ဖို့ ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ မင်းလှအပိုင် ပဲခူးရိုးမပေါ်တက်လာတဲ့ စစ်တပ်စစ်ကြောင်းက စစ်သား၂ ဦးကိုဖမ်းမိရာမှာ သေနတ်လုပြီးထွက်ပြေးတဲ့ အတွက် ပစ်ခတ်ရှင်းလင်း
ဧပြီ ၂၃ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ထဲက မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမပေါ် တက်လာတဲ့ စစ်တပ်စစ်ကြောင်းက စစ်သား ၂ ဦးကို ဖမ်းဆီးရမိခဲ့ရာမှာ သေနတ်လုပြီး ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ဒီနေ့ ဧပြီ ၂၃ မှာ ထုတ်ပြန်ပါတယ်။
ပဲခူးရိုးမပေါ် တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ရဲဘော်တွေ မတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်မှာ ကြားဖြတ်တိုက်ခိုကက်နိုင်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖရဲဖရဲနဲ့ စမ်းဘုတ်ရွာ ဘက် ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
အဲ့ဒီလို ဖရိုဖရဲဖရဲနဲ့ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်တပ် စစ်ကြောင်းထဲက တပ်သား ၂ ဦးဟာ ထွက်ပြေးချိန်မှာ ကျကျန်ခဲ့တဲ့ ဖုန်းတွေရှာဖို့ မတ်လ ၃၁ ရက်နေ့ မနက် ၅ နာရီခန့်အချိန်မှာ ကျွန်းကုန်းကျေးရွာဘက် ထွက်လာတဲ့အတွက် တော်လှန်ရေး ရဲဘော်တွေက အရှင်ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်သား ၂ယောက်ကို စစ်ဆေးမေးမြန်းပြီး ဂျီနိုဗာကွန်ဗန်းရှင်းအတိုင်း ထိန်းသိမ်းထားဖို့ နောက်တန်းစခန်းကို ခေါ်လာချိန်မှာ တော်လှန်ရေးရဲဘော်တွေရဲ့ သေနတ်ကိုလုယူထွက်ပြေးတာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးရာ ကျည်ထိမှန် သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီးချိန်ဟာ အရပ်သားပြည်သူတွေ ငလျင်ဘေးကြောင့် ဒုက္ခရောက်နေတဲ့အချိန်ဖြစ်တာ ကြောင့် အခုမှ သတင်းထုတ်ပြန်ရတာဖြစ်တယ်လို့ သိရပါတယ်။
မင်းလှမြို့နယ်မှာမနေ့ ဧပြီလ ၂၂ ရက်နေ့ကလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် အကြမ်းဖက်စစ်တပ် တော်လှန်ရေးတပ်ဖွဲ့တွေရှိမယ်ထင်တဲ့နေရာတွေနဲ့ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၃။ အပစ်ခတ်ရပ်စဲသည်ဟု ကြေညာသည့် စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၏ ဌာနချုပ်ဧရိယာရှိရွာများနှင့်နောင်ထောင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်
ဧပြီလ ၂၃ ရက်
ဧပြီလကုန်အထိ အပစ်ခတ်ရပ်စဲထားတယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ဌာနချုပ်ဧရိယာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ မည်သည့်တိုက်ပွဲဖြစ်ပွားခြင်း စစ်ရေးလှုပ်ရှားခြင်းမှမရှိပဲ စစ်ကောင်စီက PNLOဌာနချုပ်ဧရိယာရှိ ကျေးရွာများနှင့်နောင်ထောင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီနှင့်စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်သည် လွယ်ချယ်ကျေးရွာဘုန်းကြီးကျောင်းနှင့်နောင်ကျောကျေးရွာတွင် တပ်စွဲကာ PNLO ဌာနချုပ်အနီးရှိကျေးရွာများနှင့်နောင်ထောဝ်ကျေးရွာကို ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ၁ဝ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူလူထု၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကာစစ်ကောင်စီသည် ယခင်တွင်လည်း PNLO ဌာနချုပ်ဧရိယာကို လက်နက်ကြီးများ ဂျက်ဖိုက်တာလေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ဖူးပါတယ်။
========================
🚩🚩 ၄။ အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့်ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ဂုဏ်ပြုကြိုဆို
ဧပြီ ၂၃ရက်
အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာသည့် ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများမှ အောင်သပြေပန်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။
၈လ ဝန်းကျင်ကြာမြင့်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲ ကို ABSDF အမှတ် ၁ စစ်ကြောင်း ၊ ABSDF အမှတ် ၃ စစ်ကြောင်း ၊ KPDF ၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းများ ၊ အခြားသော မဟာမိတ်တပ်ပေါင်းစုများဖြင့် ပူးပေါင်းသိမ်းပိုက်ခဲ့ကြရာ ၂၀၂၅ ခုနှစ် ဧပြီလ ၇ ရက်နေ့ ညပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ စစ်ဆင်ရေးတွင်ABSDF အမှတ် ၁၄ တပ်ရင်းမှ ရဲဘော်သရဲ သည် ဖက်ဒရယ်ဒီမီုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မြင့်မြတ်စွာ သက်ပေးလှူသွားခဲ့ပါတယ်။
========================
🚩🚩 ၅။ ပေါ်တာဆွဲခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ဦး KNDF ထံ အလင်းဝင်
ဧပြီ ၂၃ရက်
စစ်မှုထမ်းဆောင်ဖို့ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရှေ့တန်းကိုရောက်လာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ဦး လက်နက် ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကောင်စီတပ်သားသစ် ၂ ဦးဟာ စစ်မှုထမ်းသင်တန်းအပတ်စဉ် ၇ ကသင်တန်းဆင်းတွေဖြစ်ပြီး ဧပြီလ ၂၀ ရက်နေ့မှာ လက်နက်နဲ့အတူ ထွက်ပြေးလာခဲ့ကြတာလို့ ဆိုပါတယ်။
စစ်သင်တန်းပေးပြီး ဒီးမော့ဆိုမြို့နယ်ထဲက ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံရတဲ့ ခလရ ၉ တပ်ရင်းက တပ်သားသစ် ၂ဦး ဟာ MA-1 တလက် ၊ MA-2 တလက်ယူဆောင်လာနိုင်ခဲ့တယ်လို့လည်း KNDF အသိပေးပါတယ်။
အခုလို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာသူတွေကို KNDF က ဆုကြေးငွေပေးထားပြီး ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်အားယုတ်လျော့လာတဲ့ စစ်ကောင်စီဟာ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ထားတဲ့ စစ်မှုထမ်းဥပဒေနဲ့ အရပ်သား ပြည်သူတွေကို အတင်းအကြပ် စစ်မှုထမ်းစာရင်းကောက်ယူကာ စစ်မှုထမ်းခိုင်းတာ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေပြီး စစ်သင်တန်းပေးကာ ရှေ့တန်းစစ်မြေပြင်ကို ချက်ချင်းပို့ဆောင်နေတယ်လို့ KNDF က ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အင်အားချည့်နဲ့လာမှုနဲ့အတူ အတင်းအဓမ္မ တပ်သားစုဆောင်းတာတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ပြည်သူလူထုအနေနဲ့ အထူးသတိထားပြီး သွားလာကြဖို့၊ အတင်းအကြပ်ခေါ်ဆောင်ခံရပြီဆိုရင်လည်း နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နိုင်ဖို့ အချက်အလက်တွေမှတ်သားထားပြီး ဆက်သွယ်ကြဖို့ KNDF က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၆။ ရန်သူများအသုံးပြုသွားလာလျှက်ရှိသည့် ထား၀ယ်မြစ်ကြောင်းအတွင်း စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ပါက လိုက်နာကြရန်အသိပေးကြေညာ
ဧပြီ ၂၃ရက်
ရန်သူများအသုံးပြုသွားလာလျှက်ရှိသည့် ထား၀ယ်မြစ်ကြောင်းအတွင်း စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ပါက လိုက်နာကြရန်ဧပြီလအတွင်းမှာ လောင်းလုံးပကဖက အသိပေးကြေညာပါတယ်။
ထား၀ယ်မြစ်ကြောင်းအတွင်းဖြတ်သန်းသွားလာနေသည့် မည်သည့် ရေယာဉ်အမျိုးအစားမဆို မြစ်ကြောင်းအတွင်း ရန်သူများနှင့်ရောယှက်သွားလာလျှက်ရှိသည်ကိုတွေ့ရှိရတယ်လို့ဖော်ပြပါတယ်။
သို့ဖြစ်၍လိုအပ်ချက်အရ ရှောင်တခင်ဖြစ်စေ အစဉ်တစိုက်ဖြစ်စေ အချိန်မရွေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည့်အတွက် စစ်ဆေးဆောင်ရွက်မှုများအား လက်ခံကြရန်လေးစားစွာဖြင့်အသိပေးအပ်တယ်လို့ဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment