၂၀၂၅ မေလ ၂၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ချီးမြှင့်မယ့် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို သားဖြစ်သူကိုထိန်လင်းတက်ရောက်မည်
📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းအား မြန်မာနိုင်ငံငလျင်ဘေးကူညီရေးအလှူအဖြစ် ဒေါ်လာ ၂၀၀၀ကို ပေးအပ်
📌 ၃။ ငလျင်ဘေးသင့်မြန်မာပြည်သူများ ခိုလှုံရာနေရာထိုင်ခင်း ဘေးကင်းလုံခြုံမှုနှင့် ပံ့ပိုးကူညီမှုများ အရေးတကြီး လိုအပ်နေဆဲဖြစ်တယ်လို့ WHOထုတ်ပြန်
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်း short video message ၈၀၀၀၀ ကို စုဆောင်းပြီး world Record တင်မည်
📌 ၅။ True Green သမဂ္ဂခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု စက်ရုံအလုပ်သမားများက သွေးစည်းညီညွှတ်မှူ ကိုပြသခဲ့၍ချက်ချင်း အလုပ်ပြန်ခန့်ပေးခဲ့ရ
========================
၂၀၂၅ ခုနှစ် မေလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ နယ်စပ်မှာရှိတဲ့စစ်ကောင်စီ စခန်းတစ်ခုကို KNU သိမ်းယူလိုက်ကြောင်း ထိုင်းမီဒီယာ Enquirerကဖော်ပြ
🚩 ၂။ ပန်းသာကျေးရွာတွင် တပ်စွဲပြီး ပြည်သူများကို စစ်ဆေးနှောင့်ယှက်နေသော စစ်တပ်ကို ZO NATIONAL UNION/ Zo Army က ပစ်ခတ်မှုကြောင့် စကစရဲ့စစ်သား ၂ ဦးသေဆုံး
🚩 ၃။ အင်ဒိုနီးရှားနိုင်ငံတွင် အချမ်းသာဆုံးသူဌေးကြီးက မြန်မာစစ်အုပ်စုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ သန်းကျော်ကို ရောင်းချထောက်ပံ့ကူညီခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ချီးမြှင့်မယ့် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို သားဖြစ်သူကိုထိန်လင်းတက်ရောက်မည်
မေလ ၂၀ရက်
ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်ချီးမြှင့်မယ့် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို သားဖြစ်သူကိုထိန်လင်းတက်ရောက်မယ်လို့ သတင်းရရှိပါတယ်။
"ဟူစတန်မြို့ တက္ကဆပ်မှာ ကျင်းပမယ့် ၂၀၂၅ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကို စစ်တပ်ရဲ့ မတရားထိန်းချုပ်ခံထားရတဲ့ မေမေ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ကျွန်တော် တက်ရောက်ပြီး ဆုလက်ခံယူပါမယ်။ မေမေ့နာမည်နဲ့ ဆုကို လက်ခံရရှိတဲ့အတွက် အင်မတန် ဝမ်းမြောက်ပါတယ်။ မနှစ်ကလည်း အီတလီ Abbiategrasso မှာ ပေးအပ်တဲ့ Honarary Citizenship ဆုပေးပွဲ အခမ်းအနားကို မေမေ့ကိုယ်စား တက်ရောက် ဆုလက်ခံယူခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားတိုင်းက မေမေ့ရဲ့ သားတစ်ယောက်အနေနဲ့ရော မေမေရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေဖော်ဆောင်ရေးအတွက် ထားရှိတဲ့ ခိုင်မာမြဲမြံတဲ့ ခံယူချက်တို့အပေါ် လေးနက်တဲ့ ခံစားချက်ကို ခံစားရတယ်။ ပြည်သူဂုဏ်ရည်အဖွဲ့အစည်းနဲ့ အားလုံးရဲ့ ခိုင်မာတဲ့ဆန္ဒကို မငြိမ်းသွားအောင် အမြဲပံ့ပိုးပေးတဲ့ မြန်မာနွယ်ဖွားမိသားစုတွေကို အထူးကျေးဇူးတင်ပါတယ်။ ဒီဆုဟာ မေမေ့အတွက်သာမက ဆိုးဝါးတဲ့စစ်တပ်ကို တော်လှန်နေတဲ့ မြန်မာပြည်သူတွေအတွက်ပါ ဖြစ်တယ်"လို့ ကိုထိန်လင်းကအသိပေးဆိုထားပါတယ်။
မေလ၂၄ရက်ညနေပိုင်းမှာ အမေရိကန်နိုင်ငံ ဟူစတန်မြို့မှာကျင်းပမယ့် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို NUGဝန်ကြီးများလည်းတက်ရောက်မှာဖြစ်ပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းအား မြန်မာနိုင်ငံငလျင်ဘေးကူညီရေးအလှူအဖြစ် ဒေါ်လာ ၂၀၀၀ကို ပေးအပ်
မေလ ၂၀ရက်
“World Human Rights Cities Forum 2025”တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းအားမြန်မာနိုင်ငံ ငလျင်ဘေးကူညီရေးအလှူအဖြစ် ဒေါ်လာ ၂၀၀၀ကို ကျင်းပရေးအဖွဲ့က ပေးအပ်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ ၁၇ ရက်နေ့တွင် ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့ ကင်ဒေးဂျုံးစင်တာတွင် ပြုလုပ်သော “World Human Rights Cities Forum 2025” သို့ တက်ရောက်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဆိုပါ ဖိုရမ်တွင် မြန်မာနိုင်ငံ ငလျင်ဘေးကူညီရေးအလှူအဖြစ် ဒေါ်လာ ၂၀၀၀ကို ကျင်းပရေးအဖွဲ့က ဝန်ကြီးသို့ ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၃။ ငလျင်ဘေးသင့်မြန်မာပြည်သူများ ခိုလှုံရာနေရာထိုင်ခင်း ဘေးကင်းလုံခြုံမှုနှင့် ပံ့ပိုးကူညီမှုများ အရေးတကြီး လိုအပ်နေဆဲဖြစ်တယ်လို့ WHOထုတ်ပြန်
မေလ ၂၀ရက်
မြန်မာနိုင်ငံတွင် ငလျင်များလှုပ်ခတ်ပြီးနောက်ပိုင်း ဘေးကင်းလုံခြုံမှုဆိုသည်မှာ ခိုလှုံရာအမိုးအကာတစ်ခုတည်းသာမက ရောဂါဘယများမှအကာအကွယ်ပေးနိုင်မှုကိုလည်း ဆိုလိုပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ချက်ချင်းပူးပေါင်းဆောင်ရွက်မှုများကြောင့် မန္တလေးရှိ ရောက်ရှိရန်အခက်ခဲဆုံးသော နေရာများအထိ ကြိမ်ဖျာနှင့်ခြင်ထောင် အစုံ (၅၀၀) ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။သို့သော် ငလျင်ဒဏ်အကျပ်အတည်းမှာ မပြီးဆုံးသေးပါ။လက်ရှိတွင် လူအများအပြားသည် ယာယီတဲများ၊ လူစုလူဝေးများသော စခန်းများနှင့် ဆွေမျိုးများ၏ နေအိမ်များတွင် ခိုလှုံနေကြရဆဲဖြစ်ပါတယ်။ ခိုလှုံရာနေရာထိုင်ခင်း ဘေးကင်းလုံခြုံမှုနှင့် ပံ့ပိုးကူညီမှုများ အရေးတကြီးလိုအပ်နေပါတယ်လို့ WHO Myanmarကဖော်ပြပါတယ်။
နောက်ဆက်တွဲငလျင်ငယ်များ ဆက်တိုက်လှုပ်ခတ်မှုကြောင့် ရက်သတ္တပတ်ပေါင်းများစွာ လမ်းပေါ်တွင် အိပ်စက်ခဲ့ရသော မိသားစုများသည် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားကဲ့သို့သော ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၏ အန္တရာယ်ကို ပိုမိုရင်ဆိုင်နေကြရတယ်လို့WHO Myanmarက ဖော်ပြပါတယ်။
မတ်လ၂၈ရက်တွင် စစ်ကိုင်းမြို့ဗဟိုပြု၍ အင်အား၇.၇လှုပ်ခတ်ခဲ့သောစစ်ကိုင်းငလျင်ကြောင့် လူသုံးထောင်ကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်း short video message ၈၀၀၀၀ ကို စုဆောင်းပြီး world Record တင်မည်
မေလ ၂၀ရက်
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်း short video message ၈၀၀၀၀ကို စုဆောင်းပြီး world Record တင်မည်ဖြစ်ကြောင်း SUU 80 Campaignက အသိပေးကြေညာပါတယ်။
"အမေ့မွေးနေ့ ဆုတောင်း စုစုပေါင်း ၈၀၀၀၀ ကို စုဆောင်းပြီး world Record တင်မည့်အစီအစဉ်လေးဖြစ်ပါတယ်။ အချိန် ၁၀ ရက်အတွင်းမှာ အခု ၈၀၀၀၀ စုဆောင်းမည့်အစီအစဉ်လေးဖြစ်ပါတယ်။စတင်မည့်ရက်ကတော့ ဇွန်လ ၆ ရက်နေ့ မှ ဇွန်လ ၁၆ ရက်နေ့အထိဖြစ်ပါတယ်"လို့ ဆိုပါတယ်။
SUU 80 Campaign official fundraiser များထံမှ ဗီဒီယို ပေးပို့နိုင်ရန် code ကိုတောင်းယူကြရမှာဖြစ်ပြီးငွေကြေးတစ်စုံတရာ ထည့်ဝင်ရန်မလိုအပ်ဘဲ အမေ့ကိုချစ်ခင်သောလူတိုင်းပါဝင်နိုင်တယ်လို့ သိရပါတယ်။
အစီအစဉ်သေးစိတ်နှင့် အခြားအစီအစဉ်များကိုလည်း ကမ်ပိန်းရက်pageမှ ထပ်မံကြေငြာ သွားမှာဖြစ်ပါတယ်။
========================
📌📌 ၅။ True Green သမဂ္ဂခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု စက်ရုံအလုပ်သမားများက သွေးစည်းညီညွှတ်မှူ ကိုပြသခဲ့၍ချက်ချင်း အလုပ်ပြန်ခန့်ပေးခဲ့ရ
မေလ ၂၀ရက်
True Green သမဂ္ဂခေါင်းဆောင်များ အလုပ်ထုတ်ခံရမှု စက်ရုံအလုပ်သမားများက သွေးစည်းညီညွှတ်မှူ ကိုပြသခဲ့၍ချက်ချင်း အလုပ်ပြန်ခန့်ပေးခဲ့ရတယ်လို့သိရပါတယ်။
ရန်ကုန်တိုင်း အမှတ် ၁၃၅ ၊ မဟာမြိုင်လမ်း ၊ ဝါးတရာစက်မှုဇုန် ၊ ရွှေပြည်သာမြို့နယ်တွင် ဖွင့်လှစ်ထားသော True Green Co.,Ltd စက်ရုံတွင် အလုပ်လုပ်ကိုင်နေသောဝန်ထမ်းများသည် ကုန်ဈေးနှုန်းမြင့်တတက်မှုများကြောင့် အနိမ့်ဆုံး လုပ်ခလစာ(၆၈၀၀)နှင့် လုံလောက်မှု မရှိသဖြင့်လုပ်ခလစာတိုးပေးရန်အလုပ်သမားအရေး တောင်းဆိုမှုတို့ရှိခဲ့ပါတယ်။
ထိုသို့အလုပ်သမားအရေးအငြင်းပွားစဥ်ကာလအတွင်း စက်ရုံမန်နေဂျာမှ ရုံးခန်းသို့ခေါ်၍ ကျန်ရှိသည့် EC (၄)ဦးအားအလုပ်မှ ထုတ်ကြောင်း ပြောခဲ့တယ်လို့သိရပါတယ်။
အဆိုပါအလုပ်ထုတ်သည့်အချိန် ညနေ ၄:၃၀မှစ၍ အလုပ်ပြန်ခန့်သည့်စာ ထုတ်ပေးချိန်ထိ အိမ်မပြန်ဘဲ ၆ နာရီတိတိအလုပ်သမားများမှ သမဂ္ဂခေါင်းဆောင် များနှင့်အတူ သွေးစည်းညီညွှတ်မှူ ကိုပြသခဲ့ရာ အလုပ်ပြန်လည်ခန့်အပ်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ နယ်စပ်မှာရှိတဲ့စစ်ကောင်စီ စခန်းတစ်ခုကို KNU သိမ်းယူလိုက်ကြောင်း ထိုင်းမီဒီယာ Enquirerကဖော်ပြ
မေလ ၂၀ရက်
ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ခုကို မေလ ၂၀ ရက်နေ့မှာ ကရင်လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေက သိမ်းယူနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန Enquirerက ဖော်ပြသွားခဲ့ကြောင်းကို 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴မှာ ရေးသားထားပါတယ်။
ကရင် အမျိုးသား အဖွဲ့ချုပ် (KNU)ရဲ့ လက်နက်ကိုင် အစုအဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)တို့ဟာ ကရင်ပြည်နယ်၊ ဘားအံခရိုင်ထဲမှာရှိတဲ့ အမှတ် ၂၄ ခြေလျင်တပ်ရင်း (ခလရ ၂၄)ရဲ့ တပ်စခန်းကို သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။အဲဒီစခန်းဟာ ထိုင်းနိုင်ငံရဲ့ တက်ခ်ပြည်နယ်ထဲက သာဆောင်ယန်းခရိုင်၊ မယ်တန် ခရိုင်ခွဲရဲ့ နယ်ခြားတစ်ဖက်မှာ ရှိနေတာလို့ Enquirerက ဆိုပါတယ်။
ညလုံးပေါက် အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့နောက် KNUဟာ မေလ ၂၀ ရက်နေ့ မနက်ပိုင်းမှာ တပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားတွေကတော့ ခြေဦးတည့်ရာ ထွက်ပြေးကုန်ကြတယ်လို့ သိရပါတယ်။
ထိုင်းနယ်ခြားစောင့် တပ်တွေကတော့ နယ်စပ်တလျှောက် အခြေအနေတွေကို လေ့လာနေပြီး ထွက်ပြေးလာတဲ့ မြန်မာစစ်သားတွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသလား ဆိုတာကို စောင့်ကြည့်နေခဲ့တယ်လို့ ဆိုပါတယ်။
KNUကတော့ စစ်ကောင်စီ တပ်သား ၂၇ ယောက်လောက်ဟာ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးသွားခဲ့တယ်လို့ ပြောပါတယ်။ တပ်စခန်းကို သိမ်းယူနိုင်ချိန်မှာ ရိုင်ဖယ် ၂၄ လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမ မော်တာ ၁ လက်၊ ၅.၅၆ မမ ကျည်ကတ် ၆၀၊ ပစ္စတို ကျည် ၁ ကတ်၊ ၈၈ မမ မော်တာ ၁ လက်ကို ကရင် တပ်ဖွဲ့တွေက သိမ်းဆည်း ရမိခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ဒေသခံ မြန်မာစစ်ရှောင် ၂၄၁ ယောက်ဟာလည်း ထိုင်းနိုင်ငံဖက်ကို ထွက်ပြေးဝင်ရောက်ပြီး ယာယီ ခိုလှုံနေခဲ့ကြပါတယ်။ အဲဒီ စစ်ရှောင်တွေကို မယ်တန် ခရိုင်ခွဲမှာ နေရာထိုင်ခင်းနဲ့ လူသားချင်း စာနာမှု အကူအညီတွေ စီစဉ်ပေးထားကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
========================
🚩🚩 ၂။ ပန်းသာကျေးရွာတွင် တပ်စွဲပြီး ပြည်သူများကို စစ်ဆေးနှောင့်ယှက်နေသော စစ်တပ်ကို ZO NATIONAL UNION/ Zo Army က ပစ်ခတ်မှုကြောင့် စကစရဲ့စစ်သား ၂ ဦးသေဆုံး
မေလ ၂၀ရက်
စစ်ကိုင်းတိုင်း၊တမူးခရိုင် ပန်းသာကျေးရွာတွင် တပ်စွဲပြီး ပြည်သူများကို စစ်ဆေးအနှောင့်အယှက်ပေးနေသော စစ်တပ်ကို ZO NATIONAL UNION/ ZO ARMY က ပစ်ခတ်မှုကြောင့် စစ်သား ၂ ဦးသေဆုံးကြောင်းသိရပါတယ်။
မေလ ၁၈ ရက်နေ့ တမူးခရိုင် ပန်းသာကျေးရွာအတွင်း တပ်စွဲထားသောစကစ စစ်တပ်က လမ်းသွားလမ်းလာ မိဘပြည်သူများအား အမျိုးမျိုးအနှောက်အယှက်ပေးနေတယ်လို့ဆိုပါတယ်။
သို့ဖြစ်၍ZO ARMY အဖွဲ့သားများက သတိပေးသိအနေဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးကြောင်းသတင်းထုတ်ပြန်ဖော်ပြပါတယ်။
========================
🚩🚩 ၃။ အင်ဒိုနီးရှားနိုင်ငံတွင် အချမ်းသာဆုံးသူဌေးကြီးက မြန်မာစစ်အုပ်စုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ သန်းကျော်ကို ရောင်းချထောက်ပံ့ကူညီခဲ့
မေလ ၂၀ရက်
အင်ဒိုနီးရှားနိုင်ငံတွင် အချမ်းသာဆုံးသူဌေးကြီး အပ်ဒဝင်ဆိုရာဂျာရာက မြန်မာစစ်အုပ်စုအတွက် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ သန်းကျော်ကို ရောင်းချထောက်ပံ့ကူညီခဲ့တယ်လို့ JusticeForMyanmarက ဖော်ထုတ်လိုက်ပါတယ်။
အပ်ဒဝင်ဆိုရာဂျာရာက မြန်မာစစ်အုပ်စုကို လေယာဉ်ဆီထောက်ပံ့နေသည့်ကုမ္ပဏီမှ ၎င်း၏ ရှယ်ယာများအား မကြာသေးမီက ရောင်းချလိုက်သော်လည်း ဆယ်စုနှစ်များကြာမသမာစီးပွားရေးလုပ်ငန်းအတွက် ၎င်းအား အလွယ်တကူအလွတ်ပေး၍ မရဘူးလို့JusticeForMyanmarက ဖော်ပြပါတယ်။
၎င်း၏ စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုသည် စင်ကာပူအခြေစိုက် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Interra Resources Ltd. ဖြစ်ပြီး ယင်းကုမ္ပဏီသည် Goldpetrol Joint Operating Company Inc ၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ ဆိုရာဂျာရာသည် ၂၀၂၃ ခုနှစ် အထိ Interra Resources ၏ ဥက္ကဌအနေဖြင့် နှစ် ၂၀ နီးပါး ထမ်းဆောင်ခဲ့ပြီး၊ မြန်မာစစ်အုပ်စုအဆက်ဆက်နှင့် မသမာစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့တယ်လို့ဆိုပါတယ်။
Goldpetrol ကုမ္ပဏီသည် လက်ရှိစစ်အုပ်စုအတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ် နှစ်ကုန်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်တန်ဖိုးရှိ ရေနံစည်ပေါင်း ၂ သန်းကျော် ကို ရောင်းချထောက်ပံ့ကူညီခဲ့ပြီး၊ စစ်အုပ်စုကျူးလွန်လျက်ရှိသည့် စစ်ရာဇဝတ်မှုများနှင့် အုံလိုက်ကျင်းလိုက်အကြမ်းဖက်နေမှုများကို လောင်စာဖြည့်ကူညီခဲ့တယ်လို့ဖော်ပြပါတယ်။
ထို့အပြင် Goldpetrol ၏ ကျန် ၄၀ ရာခိုင်နှုန်းကို မြန်မာစစ်အုပ်စုထံ စစ်လက်နက်များ ရောင်းချထောက်ပံ့နေသည့် တရုတ်နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီး NORINCO ၏ ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်တယ်လို့လည်းဖော်ပြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် နွေဦးရွှေဝါနှင့် သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment