၂၀၂၅ မေလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် အာဆီယံ၏ ဦးစားပေးမဟုတ်ဘဲ ၎င်းကြောင့် ပဋိပက္ခအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး သတိပေး
📌 ၂။ ABSDF နှင့် PRA-Magway တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေး
📌 ၃။ မိုင်းလားဒေသ (အထူးဒေသ ၄) အတွင်း အခြားလက်နက်ကိုင်နှင့် နိုင်ငံရေးအဖွဲ့များကို လက်မခံဘဲ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NDAA ပြောဆို
📌 ၄။ ထိုင်းနယ်စပ်တွင် တရားမဝင်မြေကွက်ရောင်းချမှုများကို ရှမ်းလူမျိုး Influencer များ သုံးကာ မြန်မာနိုင်ငံသားများကို ပစ်မှတ်ထား ရောင်းချ
📌 ၅။ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ ဦးဆောင်၍ ရပ်ရွာဒေသရှိ ပြည်သူများကို လူ့အခွင့်အရေးအသိပညာပေး
📌 ၆။ Jivaka - ဇီဝက ဆေးပညာရှင်များအဖွဲ့တွင် ရန်ကုန်တိုင်းစစ်ဌာနနှင့်အတူ တာဝန်ထမ်းဆောင်ရန် ဆေးပညာရှင်များနှင့် ဆေးတပ်သားများကို ဖိတ်ခေါ်
📌 ၇။ Bybit မှ Myanmar သို့ စာနာမှုလက်ဆောင်ကို ဒေသခံ ဆင်များနဲ့အတူ စာနာမှုများ လက်ဆင့်ကမ်း အားဖြည့်ဝေမျှ နိုင်ခဲ့
📌 ၈။ ပြင်သစ်နိုင်ငံ ပါရီမြို့ "ဖြတ်"ရုပ်ရှင်ပြပွဲမှ စုစုပေါင်း ယူရို၁၆၀၀ ကျော်ရရှိခဲ့
========================
၂၀၂၅ ခုနှစ် မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကယန်းပြည်သစ်ပါတီ (KNLP/KNLA)မှ သံတောင်မြောက်ပိုင်းတွင် နယ်မြေချဲ့ကာ စခန်းနှင့်ဂိတ်များ တည်ဆောက်လာမှုကြောင့် နောက်ဆုတ်ဖျက်သိမ်းရန် သတိပေး
🚩 ၂။ တစ်လခန့်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ ဖားကန့်မြို့ အဝင်ဝနားထိ ရောက်ရှိလာ
🚩 ၃။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၄။ တောင်သာမြို့က စစ်ကောင်စီဂိတ် အထိုင်စခန်းနဲ့ ဝန်ထမ်းအိမ်ယာကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့
🚩 ၅။ ကျွန်းကြီးကျေးရွာက မင်္ဂလာဆောင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ဒေသခံ ၁၂ ဦးထိ ရှိလာ
🚩 ၆။ မောင်းသူမဲ့ ဖောက်ခွဲရေးကားကို ထုတ်လုပ်နိုင်ပြီး ပူးပေါင်းကူညီချင်တဲ့ တပ်ဖွဲ့များကို ဖိတ်ခေါ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် အာဆီယံ၏ ဦးစားပေးမဟုတ်ဘဲ ၎င်းကြောင့် ပဋိပက္ခအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး သတိပေး
မေလ ၂၆ရက်
Radio NUG
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲသည် အာဆီယံ၏ ဦးစားပေးမဟုတ်ဘဲ ၎င်းကြောင့် ပဋိပက္ခအခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က မေလ ၂၅ ရက်က ကွာလာလမ်ပူတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဝန်ကြီးက "ရွေးကောက်ပွဲဟာ အာဆီယံအတွက် ဦးစားပေးအရေးမဟုတ်ပါဘူး။ ဒါကတကယ်ပဲ နိုင်ငံတကာရဲ့ မျက်စိရှေ့မှာ ဖုံးကွယ်ဖို့အတွက် အပြင်အဆင်လုပ်တာတစ်ခုပဲ ဖြစ်ရင်တော့ အဓိပ္ပာယ် မရှိပါဘူး။ ရွေးကောက်ပွဲက အခြေအနေတွေကို ပိုဆိုးလာနိုင်စေပါတယ်။ စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာဖို့ တောင်းဆိုပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အတိုက်အခံအဖွဲ့အများစုကို ပိတ်ပင်ထားခြင်း သို့မဟုတ် မဲပေးခြင်းကို မြန်မာပြည်သူများက ကန့်ကွက်နေကြကြောင်း၊ စစ်တပ်သည် နိုင်ငံ၏ နေရာအများအပြားအား ထိန်းချုပ်မှု ဆုံးရှုံးနေကြောင်း ထောက်ပြခဲ့ပါတယ်။
"နိုင်ငံတကာအသိုက်အဝန်းကို အထင်အမြင်လွဲမှားစေဖို့အတွက် ရွေးကောက်ပွဲလုပ်နေတာ ဘာအဓိပ္ပာယ်ရှိလဲ" ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး မေးခွန်းထုတ်ခဲ့ပါတယ်။
ထို့အပြင် မြန်မာ့အရေးဖြေရှင်းရန်အတွက် အာဆီယံအထူးသံတမန်တစ်ဦးကို ၃ နှစ်သက်တမ်းဖြင့် အမြဲတမ်းခန့်အပ်ရန် အဆိုပြုချက်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူညီထားတယ်လို့ သိရပါတယ်။
ဝန်ကြီးက မြန်မာ့အရေးသည် ပြည်တွင်းရေးပြဿနာတစ်ခုသာမဟုတ်တော့ဘဲ ဒေသတွင်းပြဿနာအဖြစ် ပြောင်းလဲလာနေကြောင်း၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ ငွေကြေးခဝါချမှုများ၊ လိမ်လည်မှုများနှင့် ရိုဟင်ဂျာဒုက္ခသည်များ၏ ပြဿနာများကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်။ မလေးရှားနိုင်ငံတစ်ခုတည်းတွင် ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းကျော်ကို လက်ခံထားရကြောင်း ၎င်းက ဖော်ပြခဲ့ပါတယ်။
========================
📌📌 ၂။ ABSDF နှင့် PRA-Magway တို့ ပထမအကြိမ် တွေ့ဆုံဆွေးနွေး
မေလ၂၆ရက်
Radio NUG
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA - Magway) ဥက္ကဋ္ဌ ရဲဘော် နေမွန် ဦးဆောင်သော ဗဟိုကော်မတီအဖွဲ့ဝင်များ၏ ပထမအကြိမ်တွေ့ဆုံမှုကို အွန်လိုင်းမှတဆင့် ၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
နွေဦးတော်လှန်ရေးကာလ (၂၀၂၁ မှ ၂၀၂၅) အတွင်း နိုင်ငံရေးဖြစ်ထွန်းမှု အခြေအနေများကိုလည်း သုံးသပ်ခဲ့ကြပြီး စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ နိုင်ငံရေး၊ စစ်ရေး ဆိုင်ရာလုပ်ငန်းစဉ်များ အားကောင်းလာစေရေးတို့အတွက် လက်တလောလုပ်ငန်းစဉ်၊ ရှေ့လုပ်ငန်းစဉ်များကိုလည်း နှစ်ဖက် အပြန်အလှန်ဆွေးနွေး အမြင်ဖလှယ်ခဲ့ကြတယ်လို့ သိရပါတယ်။
အထူးသဖြင့် ပြန့်ကျဲနေသည့် လက်နက်ကိုင်တော်လှန်ရေး အင်အားစုအဖွဲ့အစည်းအသီးသီးအား စုစည်းရေးနှင့် မဟာမိတ်ဆိုင်ရာ စုဖွဲ့ တည်ဆောက်ရေးလုပ်ငန်းစဉ်များ လိုအပ်သည့်အချက်ကို အလေးထား၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း ပူးတွဲ သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ မိုင်းလားဒေသ (အထူးဒေသ ၄) အတွင်း အခြားလက်နက်ကိုင်နှင့် နိုင်ငံရေးအဖွဲ့များကို လက်မခံဘဲ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု NDAA ပြောဆို
မေလ ၂၆ ရက်
Radio NUG
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားဒေသ (အထူးဒေသ ၄) အတွင်း အခြားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအဖွဲ့အစည်းများကို လက်ခံထားခြင်းမရှိကြောင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ၏ ဒုဥက္ကဋ္ဌ ဦးစန်ပေ့က အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ထံ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မေလ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ တြိဂံတိုင်းစစ်ဌာနချုပ်တွင် ဦးစန်ပေ့ ဦးဆောင်သော NDAA ကိုယ်စားလှယ်အဖွဲ့နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံစဥ် ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
NDAA ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် စစ်ကောင်စီ၏ ပံ့ပိုးကူညီမှုကို တောင်းခံခဲ့ကြောင်း၊ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ နိုင်ငံ့အကျိုးဖော်ဆောင်ရန်နှင့် မိုင်းလားဒေသအတွက် လိုအပ်သည်များ ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရပါတယ်။
========================
📌📌 ၄။ ထိုင်းနယ်စပ်တွင် တရားမဝင်မြေကွက်ရောင်းချမှုများကို ရှမ်းလူမျိုး Influencer များ သုံးကာ မြန်မာနိုင်ငံသားများကို ပစ်မှတ်ထား ရောင်းချ
မေလ ၂၆ရက်
Radio NUG
ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် နိုင်ငံပိုင်မြေများနှင့် ထိန်းသိမ်းထားသော ဧရိယာများကို တရားမဝင်ရောင်းချမှုများသည် ထိုင်းပြည်သူလူထုအကြား စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး မြေကွက်များကို ဆိုင်းဘုတ်များနှင့် အွန်လိုင်းကြော်ငြာများဖြင့် လူသိရှင်ကြား ရောင်းချလျက်ရှိကြောင်း The Nation မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှ ရှမ်းလူမျိုး လူမှုကွန်ရက်မှာ နာမည်ကြီး လွှမ်းမိုးသူအချို့ကို ချင်းရိုင်းပြည်နယ်၊ မယ်ဆိုင်ခရိုင်ရှိ မြေကွက်များ တိုက်ရိုက်ထုတ်လွှင့်ကာ ကြော်ငြာရောင်းချရန် မြေကွက်ကိုယ်စားလှယ်များက ငှားရမ်းအသုံးပြုလျက်ရှိပြီး ၎င်းတို့သည် မြန်မာပြည်သူလူထုအား နယ်စပ်နှင့် နီးကပ်မှု၊ လွယ်ကူသော သွားလာရေးနှင့် ငြိမ်းချမ်းသော ခိုလှုံရာအဖြစ် ထိုင်းနိုင်ငံကို ပုံဖော်ကာ မိသားစုများနှင့် ပြောင်းရွှေ့နေထိုင်ရန် အားပေးလျက်ရှိတယ်လို့ သိရပါတယ်။
မြေကွက်များစွာသည် နိုင်ငံပိုင်သို့မဟုတ် ထိန်းသိမ်းထားသော ဧရိယာများဖြစ်ပြီး ထိုင်းဥပဒေအရ နိုင်ငံခြားသားများအား မြေယာပိုင်ဆိုင်ရန် သို့မဟုတ် ငွေကြေးထောက်ပံ့ရန် တားမြစ်ထားတာကြောင့် ဤလုပ်ငန်းစဉ်သည် မြန်မာဝယ်ယူသူများကို ပစ်မှတ်ထားသည့် လိမ်လည်လှည့်ဖျားမှုတစ်ခု ဖြစ်နိုင်သည်ဟု စိုးရိမ်မှုများ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ တရားမဝင်မြေကွက်ရောင်းချမှုများသည် ထိုင်းဥပဒေများကို ချိုးဖောက်ကာ မြန်မာနိုင်ငံသားများအား ပစ်မှတ်ထားသည့် ဤလုပ်ငန်းစဉ်များကို ထိရောက်စွာ ထိန်းသိမ်းရန် အာဏာပိုင်များထံမှ လျင်မြန်သော အရေးယူမှုများ လိုအပ်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ ဦးဆောင်၍ ရပ်ရွာဒေသရှိ ပြည်သူများကို လူ့အခွင့်အရေးအသိပညာပေး
မေလ ၂၆ရက်
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ ဦးဆောင်၍ ရပ်ရွာဒေသရှိ ပြည်သူများအား လူ့အခွင့်အရေးအသိပညာပေးခြင်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ကိုးကား၍ ကျင်းပခဲ့ပါတယ်။
ယင်းနောက် တက်ရောက်လာသူများက လူ့အခွင့်အရေးနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ လူ့အခွင့်အရေးတာဝန်ခံမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး မြို့နယ်တွင်းရှိ ပြည်သူများအား လူ့အခွင့်အရေးကြေညာစာတမ်း လက်ကမ်းစာအုပ်များကို ဖြန့်ဝေခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ Jivaka - ဇီဝက ဆေးပညာရှင်များအဖွဲ့တွင် ရန်ကုန်တိုင်းစစ်ဌာနနှင့်အတူ တာဝန်ထမ်းဆောင်ရန် ဆေးပညာရှင်များနှင့် ဆေးတပ်သားများကို ဖိတ်ခေါ်
မေလ ၂၆ရက်
Radio NUG
Jivaka - ဇီဝက ဆေးပညာရှင်များအဖွဲ့တွင် ရန်ကုန်တိုင်းစစ်ဌာနနှင့်အတူ တာဝန်ထမ်းဆောင်ရန် ဆေးပညာရှင်များနှင့် ဆေးတပ်သားများကို ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။
လိုအပ်လျက်ရှိသော ဆေးပညာရှင်များမှာ အထွေအထွေရောဂါကုဆရာဝန်များ၊ အထူးကုဆရာဝန်များ (အရေးပေါ်ကုသမှုဆိုင်ရာ၊ ခွဲစိတ်ကု၊ အရိုးအထူးကု)၊သူနာပြုများ၊ အခြားဆေးဘက်ဆိုင်ရာ အတတ်ပညာရှင်များ (ဓာတ်ခွဲကျွမ်းကျင်မှုဆိုင်ရာ၊ ဓာတ်မှန်ဘက်ဆိုင်ရာ၊ ဆေးဝါးပညာရှင်များ၊ ပြန်လည်သန်စွမ်းရေး အစရှိသည့် ပညာရှင်များ၊ သူနာပြုအကူများ၊ ဆေးတပ်သားများတို့ပါဝင်ပါတယ်။
လာရောက်ပူးပေါင်းလိုသည့် ဆေးပညာရှင်များနှင့် ဆေးတပ်သားလောင်းများကို ဇီဝကအဖွဲ့မှ စိစစ်ရွေးချယ်ခေါ်ယူသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် ဆေးတပ်သားလောင်းများအား စစ်မြေပြင်တွင် ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် စစ်မြေပြင်အခြေခံဆေးပညာသင်တန်းကို စာတွေ့လက်တွေ့ ပြန်လည်လေ့ကျင့်သင်ကြားပေးမှာဖြစ်တယ်လို့ သိရပါတယ်။
စိတ်ပါဝင်စားသော ဆေးပညာရှင်များနှင့် ဆေးတပ်သားလောင်းများသည် pageတွင်ဖော်ပြထားတဲ့ Google form link မှတဆင့် လျှောက်ထားနိုင်ကြောင်းသိရပါတယ်။
========================
📌📌 ၇။ Bybit မှ Myanmar သို့ စာနာမှုလက်ဆောင်ကို ဒေသခံ ဆင်များနဲ့အတူ စာနာမှုများ လက်ဆင့်ကမ်း အားဖြည့်ဝေမျှ နိုင်ခဲ့
မေလ ၂၆ရက်
Radio NUG
Bybit မှ Myanmar သို့ စာနာမှုလက်ဆောင်ကို ဒေသခံ ဆင်များနဲ့အတူ စာနာမှုများ လက်ဆင့်ကမ်း အားဖြည့်ဝေမျှနိုင်ခဲ့တယ်လို့ SDBဘဏ်က အသိပေးဖော်ပြပါတယ်။
"Bybit မှ မြန်မာနိုင်ငံအား မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ သဘာဝဘေး ငလျင်ဒဏ်ကြောင့် စားရေးသောက်ရေးဆိုင်ရာ ခက်ခဲကျပ်တည်းမှုများကို ဖေးမထောက်ကူနိုင်ရန် ငလျင်ဘေးသင့် ဒေသများတွင် ဝမ်းစာဖြည့်တင်းနိုင်ဖို့အတွက် စားနပ်ရိက္ခာ အသီးသီးကို ဒေသခံ ဆင်ကြီးများနဲ့အတူ စာနာမှုများ လက်ဆင့်ကမ်း အားဖြည့်ဝေမျှ နိုင်ခဲ့တယ်"လို့ဆိုပါတယ်။
ဒေသခံများရဲ့ လုံခြုံရေးကို အလေးထားသဖြင့် ယခင်က ဝေမျှခဲ့ပြီး ပုံရိပ်များကို ယခုအချိန်မှသာ ဖော်ပြနိုင်ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၈။ ပြင်သစ်နိုင်ငံ ပါရီမြို့ "ဖြတ်"ရုပ်ရှင်ပြပွဲမှ စုစုပေါင်း ယူရို၁၆၀၀ ကျော်ရရှိခဲ့
မေလ၂၆ရက်
Radio NUG
သရုပ်ဆောင်မင်းမော်ကွန်း “ဖြတ်”ရုပ်ရှင်နှင့် သတ္တိနဲ့ပွင့်လန်းချစ်သောပန်းများမှ Together (အတူတကွ) ဇာတ်လမ်းတိုနှစ်ကားကို မေလ ၂၅ရက်နေ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ပြသခဲ့ပါတယ်။
"အတူတကွ နဲ့ ဖြတ်ရုပ်ရှင် ပြင်သစ်ပွဲအတွက် ပူးပေါင်းအားပေးခဲ့ကြသူ၊ ရုံခထည့်ဝင်ပေးသူများ၊ လူမလာနိုင်ပေမယ့် လက်မှတ်အားပေးကြသူများ အားလုံး အယောက်ချင်းစီကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ ပြင်သစ်မှာ မြန်မာနည်းပေမယ့်လို့ ရှိသမျှနဲ့ရသလောက် ပါဝင်ကြတဲ့အတွက် လက်မှတ် ၈၁ စောင်ရရှိခဲ့ပါတယ်။ လက်မှတ် ၁ စောင် ၂၀ ယူရိုဖြစ်လို့ ၈၁ စောင်တွက်1620 နဲ့ ရုပ်ရှင်အတွက်အလှူငွေ 50 ရရှိခဲ့ပြီး စုစုပေါင်း 1670 ကို ရုပ်ရှင်အဖွဲ့ဘက်ကို ခုရက်ထဲ ပေးပို့သွားမှာဖြစ်ပါတယ်"လို့ United Bonds Franceက အသိပေးဆိုထားပါတယ်။
ရုပ်ရှင်ပြပွဲသို့ ပြင်သစ်နိုင်ငံ NUG ကိုယ်စားလှယ် မနန်းဆုမွန်အောင်နဲ့ မြန်မာအင်အားစုများ တက်ရောက်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကယန်းပြည်သစ်ပါတီ (KNLP/KNLA)မှ သံတောင်မြောက်ပိုင်းတွင် နယ်မြေချဲ့ကာ စခန်းနှင့်ဂိတ်များ တည်ဆောက်လာမှုကြောင့် နောက်ဆုတ်ဖျက်သိမ်းရန် သတိပေး
မေလ ၂၆ရက်
Radio NUG
သံတောင်မြောက်ပိုင်း(အထူးဒေသ) နယ်မြေဧရိယာအတွင်း တော်လှန်ရေးအရှိန်မြှင့်တင်ရန် (KNU) ဗဟိုမှ တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်တာကြောင့် သံတောင်မြောက်ပိုင်းအထူးဒေသတပ်ဖွဲ့၏ နယ်မြေအတွင်း စစ်ရေးလှုပ်ရှားမှုများကို တိုက်ရိုက် နှောင့်ယှက်မှုများရှိလာခြင်း၊ ကယန်းပြည်သစ်တပ်ဖွဲ့မှ အထူးဒေသနယ်မြေအတွင်း နယ်မြေချဲ့ခြင်း၊ စခန်း၊ ဂိတ်တိုးချဲ့ တည်ဆောက်ခြင်းများ ရှိလာပါသဖြင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် မိမိတို့၏တပ်ဖွဲ့များကို အချိန်မှီ ထိမ်းသိမ်းပြုပြင်နိုင်ရန် မေလ ၂၆ရက်တွင် အသိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိငွေတောင်ရွာတွင် ကယန်းပြည်သစ်အဖွဲ့မှ လာရောက်တိုးချဲ့ဆောက်လုပ်ထားတဲ့ ကယန်းပြည်သစ်စခန်းအား တစ်ပတ်အတွင်း ရုတ်သိမ်း နောက်ဆုတ် ဖျက်သိမ်းဖို့ တောင်းဆိုထားပါတယ်။
၄င်းထုတ်ပြန်ချက်အား လိုက်နာမှုမရှိဘဲ ကျွန်ုပ်တို့၏ တပ်ဖွဲ့များ စစ်ရေးလမ်းကြောင်းပေါ်တွင် ဆက်လက်နှောင့်ယှက်ပါက မည်သည့်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို ရှင်းလင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
ကယန်းပြည်သစ်ပါတီ (KNLP/KNLA) သည် ၁၉၉၄ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့တွင် ဘာသာရေးခေါင်းဆောင်များ၊ ဒေသဆိုင်ရာ ခေါင်းဆောင်များ၏ တိုက်တွန်းချက်အရ လူထုညီလာခံခေါ်ယူကာ စစ်တပ်နှင့် အပစ်အခတ်ရပ်စဲကာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
========================
🚩🚩 ၂။ တစ်လခန့်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ ဖားကန့်မြို့ အဝင်ဝနားထိ ရောက်ရှိလာ
မေလ ၂၆ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲမှာ တစ်လခန့်ကြာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၃ ခုခွဲကာ ဖားကန့်မြို့ အဝင်ဝနားထိ ရောက်ရှိလာပြီလို့ Kachin News Group က ဖော်ပြထားပါတယ်။
ကာမိုင်းဘက်ကနေ အင်အား ၅၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မေလ ၂၃ ရက်နေ့မှာ KIAနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပျားအုံ၊ ရုံးတောင်နဲ့ နန့်တိန့်ကျေးရွာ အရောက်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။
ထို့နောက် စစ်ကောင်စီ စစ်ကြောင်းဟာ တောလမ်း ၂ ခုနဲ့ လမ်းမကြီးအတိုင်း ၁ ခု လမ်းကြောင်း ၃ ခု ခွဲသွားကာ ပျောက်သွားခဲ့ပြီး မေလ ၂၆ ရက်နေ့ မနက် ၃ နာရီခွဲ ဝန်းကျင်မှာ ဖားကန့်မြို့ဘက်ခြမ်းကို ရောက်ရှိလာတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ နောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက အင်အား အလုံးအရင်းနဲ့ ကာမိုင်း - ဖားကန့် လမ်းမကြီးအတိုင်း စတင် ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး တစ်လကျော် ကာလအတွင်းမှာ မအူပင်၊ နန့်ယား၊ ဆိုင်းဖရာ၊ ကပ်မှော်၊ တံတားညီနောင်၊ ပျားအုံ၊ ရုံးတောင် စတဲ့ ကျေးရွာတွေကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီကျေးရွာတွေဟာ ၂၀၂၄ ဧပြီလ အတွင်းမှာ KIA က သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေတာ တစ်နှစ်ခန့် အကြာမှာ စစ်ကောင်စီဘက်က အခုလို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။
========================
🚩🚩 ၃။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
မေလ ၂၆ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship (NMD) က ထုတ်ပြန်ထားပါတယ်။
မေလ ၂၅ ရက် ညနေ ၆ နာရီ ၄၉ မိနစ် အချိန်မှာ နမခ စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ၆ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခဲ့တဲ့ ရှေ့ာတိုက်ဒုံးများ ကျရောက် ပေါက်ကွဲမှုကြောင့် နမခ အတွင်း ထိခိုက်မှုများ ရှိနိုင်ကြောင်း သိရပြီး ချက်ချင်း တန်ပြန်ပစ်ခတ်မှုများ ရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင်မှုဖြင့် No More Dictatorship (NMD) နှင့် Shadow (Monywa) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး နယ်မြေခံ အဖွဲ့တွေဖြစ်တဲ့ Yan Gyi Aung အဖွဲ့၊ Budalin Mobile Team၊ မုံရွာနယ်မြေ (ပ.က.ဖ)၊ ရွှေတြိဂံ မဟာမိတ်တပ်ရင်းနှင့် Justice Brother Force အဖွဲ့တို့က ဝိုင်းဝန်းကူညီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဟာ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်တို့က စစ်ကောင်စီတပ်များကို အဓိက အမိန့်ပေး ကွပ်ကဲနေတဲ့ ဌာနချုပ်ဖြစ်ကာ အိုးတိန်တွင်းရွာ ဗုံးကြဲမှု အပါအဝင် အညာဒေသကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်မှုများနဲ့ အရပ်သားပြည်သူများကို သတ်ဖြတ်မှုများကို အဓိက ကြိုးကိုင်ချယ်လှယ် ကွပ်ကဲနေတဲ့ စစ်ဌာနချုပ် ဖြစ်တာကြောင့် BWM Mission ၃၉ အဖြစ် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ တောင်သာမြို့က စစ်ကောင်စီဂိတ် အထိုင်စခန်းနဲ့ ဝန်ထမ်းအိမ်ယာကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့
မေလ ၂၆ ရက်၊
Radio NUG
မန္တလေးတိုင်း၊ တောင်သာမြို့၊ မင်္ဂလာဦးရပ်ကွက်၊ တောင်သာ-ကျောက်ပန်းတောင်း လမ်း အထွက်ရှိ စစ်ကောင်စီ အထိုင်ဂိတ် စခန်းနဲ့ ဘူတာကုန်း ရပ်ကွက်က ဝန်ထမ်းအိမ်ယာတို့ကို တစ်ပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ တောင်သာ ပကဖ က ထုတ်ပြန်ထားပါတယ်။
မေလ ၂၂ ရက်နေ့က ကွန်ကရစ် ဘန်ကာ၊ ကတုတ်များဖြင့် အခိုင်အမာ ပြုလုပ်ထားကာ ပြည်သူများအား နေ့စဉ် ငွေကြေးတောင်းယူ နှောက်ယှက်နေတဲ့ မင်္ဂလာဦး ရပ်ကွက်ရှိ ဂိတ်စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူများလည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြရာ ငွေကျပ် ၉၆ သိန်း၊ သေနတ်အတို တစ်လက်၊ ကျည် ၁,၅၀၈ တောင့်၊ MA-1 ကျည်ဘောက် ၄ ခု နဲ့ G-3 ကျည်ဘောက် ၂ ခုတို့ကို သိမ်းဆည်း ရရှိခဲ့ကာ ဂိတ်တဲများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဝန်ထမ်းအိမ်ယာအား စီးနင်းခဲ့ရာမှာ စစ်ကောင်စီထောက်တိုင် အကျင့်ပျက် ဝန်ထမ်းဆိုးများနှင့် အရောအနှောပါ ၁၁ ယောက်တို့ကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ကာ စစ်ကောင်စီရဲ့ ယန္တရားကို အဟန့်အတား ပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် စစ်ကောင်စီ စစ်ကူကားနဲ့လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ကားပေါ်ပါ စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မိတ္ထီလာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ တပ်ရင်းမှူး ရဲဘော်ကီး ဦးဆောင်တဲ့ Nay Pyi Taw PDF အမှတ် (၈၀၁) တောင်သာ စစ်ဆင်ရေးအဖွဲ့ တို့က ပူးပေါင်းဖော်ဆောင် ခဲ့ကြတာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ကျွန်းကြီးကျေးရွာက မင်္ဂလာဆောင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ဒေသခံ ၁၂ ဦးထိ ရှိလာ
မေလ ၂၆ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေး အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ လယ်ဒို မြို့နယ်၊ ကျွန်းကြီး ကျေးရွာမှာ မင်္ဂလာဆောင် ကျင်းပနေတဲ့နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၂ ဦး သေဆုံးပြီး ၃၇ ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
မေလ ၂၅ ရက်နေ့ မနက် ၉ နာရီ အချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် မင်္ဂလာပွဲ ကျင်းပတဲ့ နေရာကို ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ၅ နှစ်အရွယ် ကလေး ၂ ဦးနဲ့ သတို့သမီး အပါအဝင် ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၃ ဦး အပါအဝင် ဒေသခံ ၄၁ ဦးအထိ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ဆေးကုသမှု ခံယူနေရင်း ၄ ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စုစုပေါင်း ၁၂ ဦးထိ သေဆုံးတယ်လို့ သိရပါတယ်။
မင်္ဂလာဆောင် ကျင်းပနေတဲ့ နေအိမ် အပါအဝင် နေအိမ် ၁၁ လုံး၊ ဈေးဆိုင် ၁ လုံးနဲ့ တဲ ၁ လုံး၊ စာသင်ကျောင်းခြံ၊ ဝက်တဲ ၁ လုံး၊ လယ်ထွန်စက် တစ်စီးနဲ့ အိမ်သာ ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို လက်နက်ကိုင် တပ်ဖွဲ့များလည်း မရှိတဲ့ ပြည်သူများသာ နေထိုင်ရာ ကျွန်းကြီးရွာက မင်္ဂလာပွဲ ကျင်းပနေတဲ့ နေရာကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ မောင်းသူမဲ့ ဖောက်ခွဲရေးကားကို ထုတ်လုပ်နိုင်ပြီး ပူးပေါင်းကူညီချင်တဲ့ တပ်ဖွဲ့များကို ဖိတ်ခေါ်
မေလ ၂၆ ရက်၊
Radio NUG
မောင်းသူမဲ့ ဖောက်ခွဲရေး ကားကို ထုတ်လုပ်နိုင်ပြီး ပွဲထုတ်နိုင်ဖို့ ပူးပေါင်း ကူညီချင်တဲ့ တပ်ဖွဲ့များကို သပြေတော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဖိတ်ခေါ်ထားပါတယ်။
ကားမောင်းနှင်မှု အားလုံးကို remote နဲ့ ထိန်းချုပ်နိုင်မှာဖြစ်ပြီး ဒီကားနဲ့ စစ်ကောင်စီ အထိုင်ဂိတ်တွေ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့မယ်ဆိုရင် တစ်ချက်တည်းနဲ့ ပွဲပြတ်နိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖောက်ခွဲရေး ကားကို ပွဲထုတ်နိုင်ဖို့ အသုံးပြုရမယ့် ဖောက်ခွဲရေး ယမ်းဖိုး အခက်အခဲ ရှိနေတာကြောင့် တတ်နိုင်တဲ့အဖွဲ့များ ရှိပါက မစ်ရှင်ကို ပူးပေါင်းဆောင်ရွက် လိုတယ်လို့ သပြေတော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ က ပြောပါတယ်။
ထောက်ပံပေးနိုင်မယ့် အင်အားကောင်းကောင်း ရှိပါက manual ကား အကြီးတွေ အထိပါ remote control car လုပ်နိုင်ဖို့ အလားအလာကောင်းတွေ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment