၂၀၂၅ ဇွန်လ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၌ စစ်မြေပြင် စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပ
📌 ၂။ အချင်းချင်း သွေးကွဲစေမည့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရပြီဟု စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးဆို
📌 ၃။ မြန်မာစစ်တပ်၏ လက်နက်စက်ရုံများအား ဦးဆောင်သူများ၏ အမည်များနှင့် ရာဇဝတ်မှုများကို ထုတ်ပြန်
📌 ၄။ တပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၅ ဦး အလင်းဝင်လာပြီး ၉ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ
📌 ၅။ ဘန်ကောက်နှင့် ရန်ကုန်မြို့များတွင် မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ PNLA စစ်သုံ့ပန်းများကို စစ်ကောင်စီနဲ့ PNO က ပစ်သတ်ခဲ့တဲ့ ရုပ်သံသက်သေ ရရှိထား
🚩 ၂။ လားရှိုးမြို့နယ်မှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့
🚩 ၃။ ပခုက္ကူမြို့ပေါ်ရှိ ခရိုင်မီးသတ်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အနီးကပ် ပစ်ခတ်တိုက်ခိုက်
🚩 ၄။ တပ်မ (၃၃) ခြေမြန်တပ်မ ဌာနချုပ်အား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးနှင့် တပ်တွင်း အချုပ်သား ၂ ဦး သေဆုံးခဲ့
🚩 ၅။ သပိတ်ကျင်းမြို့နယ် ၄မိုင် ကန်သာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ
🚩 ၆။ ရန်ကုန်တပ်ရင်း (၅၁၀၁) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုမှတ်တမ်းတင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၌ စစ်မြေပြင် စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု သင်တန်းဆင်းပွဲ ကျင်းပ
ဇွန်လ ၁ရက်
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၏ စစ်မြေပြင် စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁ရက်တွင် သတင်းထုတ်ပြန်ထားပါတယ်။
သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးအပါအဝင် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူအချို့နှင့် သင်တန်းသား ၇၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ အချင်းချင်း သွေးကွဲစေမည့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရပြီဟု စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးဆို
ဇွန်လ ၁ ရက်၊
Radio NUG
တော်လှန်ရေး ဘက်တော်သားများ အချင်းချင်း သွေးကွဲစေမည့် နောက်ဆုံးစည်းကို ကျော်ဖြတ်နိုင်ပါက စစ်အာဏာရှင်ကို အနိုင်ရမည် ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဆင်ရေး နယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောဆိုလိုက်ပါတယ်။
စစ်အာဏာရှင် အဆက်ဆက် ကျင့်သုံးအောင်မြင်ခဲ့တဲ့ သွေးအေးစေတဲ့ စည်း၊ သွေးကြောင်စေတဲ့ စည်းနဲ့ သွေးကွဲစေတဲ့ စည်း ၃ စည်းကို ကျော်လွှားနိုင်ဖို့ လိုတယ်လို့ ၎င်းက ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူတွေ သွေးအေးသွားအောင် အမျိုးမျိုး အချိန်ဆွဲ၊ ကောလာဟလ၊ မျော်လင့်ချက် အမှားတွေကို ပေးခဲ့သလို ပြည်သူတွေ သွေးကြောင်သွားအောင်/ ကြောက်သွားအောင် စစ်ကြောရေး စခန်းများ၊ စစ်မြေပြင်များမှာ ရက်ရက်စက်စက် လုပ်ဆောင်ပြခဲ့တယ်လို့ ဆိုပါတယ်။
“ပြည်သူတွေ ကြောက်သွားအောင်၊ တော်လှန်ရေးသမားတွေ ကြောက်သွားအောင် ရက်ရက်စက်စက် လုပ်ပြခဲ့တယ်၊ ဒါပေမဲ့လည်း ကျွန်တော်တို့ ပြည်သူတွေနဲ့ တော်လှန်ရေးသမားတွေ အားလုံးကရော အဲဒီ သွေးမကြောင်ဘဲနဲ့ အဲဒီ ဟာတွေက နာကြည်းမှုတွေ ခွန်အားတွေ ဖြစ်ပြီးတော့ ရှေ့ဆက် တိုးခဲ့တယ်။ ဒီ စည်းကိုလည်း ကျွန်တော်တို့ ကျော်နိုင်ခဲ့ပြီ။" လို့ ရဲဘော်တင်ဦး က ပြောပါတယ်။
နောက်ဆုံး ကျန်တဲ့စည်းဟာ သွေးကွဲစေတဲ့ စည်းဖြစ်ပြီး တော်လှန်ရေး သမိုင်းကြောင်း တလျောက်မှာ အာဏာရှင် အစဉ်အဆက် ကျင့်သုံးအောင်မြင်ခဲ့တာကို တွေ့ရတယ်လို့ ၎င်းက ဆိုပါတယ်။
"ကျွန်တော်တို့ ညီညွတ်ကြဖို့လိုတယ်၊ ကျွန်တော်တို့ ရဲဘော်တွေ ဘာတွေမှာချင်လဲဆို ကျွန်တော်တို့ ညီညွတ်ကြ ဖို့လိုတယ်။ ကျွန်တော်တို့ အချင်းချင်း၊ အဖွဲ့အစည်း အချင်းချင်း တော်လှန်ရေးသမား အချင်းချင်း ညီညွတ်ကြဖို့လိုတယ်၊ ပန်းတိုင်ကို အတူတူရောက်အောင် သွားကြမယ်၊ ကျွန်တော့ရဲဘော်တွေ အဲဒါလေး ပြောချင်ပါတယ်။” လို့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ စစ်ဆင်ရေးမှူးက ပြောပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီဟာ နိုင်ငံတဝှမ်းမှာ စစ်ရေးအရ ရှုံးနိမ့်မှု များစွာကို ရင်ဆိုင်နေရတဲ့ အခြေအနေ ဖြစ်တာကြောင့် သွေးမကွဲဘဲ ကျော်ဖြတ်နိုင်ရင် တော်လှန်ရေး အောင်မြင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ မြန်မာစစ်တပ်၏ လက်နက်စက်ရုံများအား ဦးဆောင်သူများ၏ အမည်များနှင့် ရာဇဝတ်မှုများကို ထုတ်ပြန်
ဇွန်လ ၁ရက်
Radio NUG
မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများ (ကပစ) ကို ဗိုလ်မှူးကြီးအဆင့်ရှိ စစ်အင်ဂျင်နီယာအရာရှိများက စက်ရုံမှူးများအဖြစ် ဦးဆောင်လျက်ရှိပြီး ၎င်းတို့သည် ရန်ကုန်စက်မှုတက္ကသိုလ်နှင့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) မှ ဘွဲ့ရရှိထားသူများဖြစ်ကြကာ ၎င်းတို့သည် စစ်အာဏာသိမ်းမှုနှင့် ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုအပါအဝင် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် စစ်လက်နက်ထုတ်လုပ်ပေးသူများအဖြစ် ပါဝင်ပတ်သက်နေကြောင်း Tamar Institute မှ ဖော်ထုတ်ထားပါတယ်။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) ၏ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း (ကြည်း ၁၈၂၇၆)၊ ဗိုလ်ချုပ် ကိုကိုလွင်၊ ဗိုလ်ချုပ် မျိုးအောင်တို့သည် ကပစစက်ရုံများ၏ လုပ်ငန်းများကို ဦးဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့ပြင် ကပစစက်ရုံ ၂၅ ရုံးမှ စက်ရုံမှူးများဖြစ်သည့် ဗိုလ်မှူးကြီး ဇော်မျိုးမင်း၊ ဗိုလ်မှူးကြီး လှသိန်း၊ ဗိုလ်မှူးကြီး မောင်စိုး၊ ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ဗိုလ်မှူးချုပ် ထွေးလှ၊ ဗိုလ်မှူးကြီးတိုးလွင်၊ ဗိုလ်မှူးကြီးထွန်းထွန်းစိုး၊ ဗိုလ်မှူးကြီးမင်းစိုး၊ ဗိုလ်မှူးကြီးတင်မောင်ချို၊ ဗိုလ်မှူးကြီးရွှေမြ၊ ဗိုလ်မှူးကြီးမင်းမင်းဇော်၊ ဗိုလ်မှူးကြီးနိုင်အောင်၊ ဗိုလ်မှူးကြီးထွန်းထွန်းအေး၊ ဗိုလ်မှူးကြီးရဲဇော်ထွေး၊ ဗိုလ်မှူးကြီးဝင်းမြင့်မောင်၊ ဗိုလ်မှူးကြီးဇော်ထွန်းဦး၊ ဗိုလ်မှူးကြီးသိန်းလွင်၊ ဗိုလ်မှူးကြီးဇော်မျိုးနိုင်၊ ဒုတိယဗိုလ်မှူးကြီးအောင်ထွေး၊ ဗိုလ်မှူးကြီးသက်ဝင်းအောင်၊ ဗိုလ်မှူးကြီးညီညီလတ်၊ ဒုတိယဗိုလ်မှူးမြတ်သူ၊ ဗိုလ်မှူးကြီးတိုးလွင်၊ ဗိုလ်မှူးကြီးအောင်ကိုကိုနှင့် ဗိုလ်မှူးကြီးရန်အေးတို့သည် စစ်လက်နက်ထုတ်လုပ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ကပစစက်ရုံများသည် စစ်အုပ်စု၏ အကြမ်းဖက်ဖိနှိပ်ရေးယန္တရားများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ကပစစစ်သားများသည် ရှေ့တန်းစစ်ဆင်ရေး၊ နယ်မြေရှင်းလင်းရေးနှင့် လုံခြုံရေးလုပ်ငန်းများတွင် ပါဝင်လာခဲ့ကာ ၎င်းတို့သည် အရပ်သားများအား တရားမဲ့ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် ရာဇဝတ်မှုများတွင် ပါဝင်ကျူးလွန်နေတယ်လို့ သိရပါတယ်။
ထို့ပြင် ကပစစက်ရုံမှူးအချို့သည် တပ်နယ်မှူးများအဖြစ် လုံခြုံရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်နေကြသလို ကပစအရာရှိများသည် မကွေးတိုင်းအတွင်း ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များတွင် အဓိကအဖွဲ့ဝင်များအဖြစ် ပါဝင်နေကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ တပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၅ ဦး အလင်းဝင်လာပြီး ၉ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ
ဇွန်လ ၁ ရက်၊
Radio NUG
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ မေလ တတိယပတ်အတွင်းမှာ လက်နက်ချ၊ အလင်းဝင်၊ ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၃၄ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်လာသူတွေဟာ ရှမ်း၊ စစ်ကိုင်း၊ တနင်္သာရီနဲ့ ချင်းပြည်နယ်က စစ်ကောင်စီ တပ်သား ၂၄ ဦး နဲ့ ချင်း ပြည်နယ်က ရဲ တစ်ဦးတို့ ဖြစ်ကြပြီး ၎င်းတို့ထဲက ၆ ဦးဟာ စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်းတွေကတော့ ရှမ်းနဲ့ ချင်းပြည်နယ်က စစ်ကောင်စီ တပ်သား ၄ ဦး နဲ့ တနင်္သာရီ တိုင်းက ပြည်သူ့စစ် ၅ ဦးတို့ ဖြစ်ကြတယ်လို့ သိရပါတယ်။
၂၀၂၅ ဇန်နဝါရီလကနေ မေလ တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း ၁,၁၁၆ ဦးထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်က ဖော်ပြထားပါတယ်။
========================
📌📌 ၅။ ဘန်ကောက်နှင့် ရန်ကုန်မြို့များတွင် မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်
ဇွန်လ ၁ရက်
Radio NUG
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် လိင်စိတ်ခံယူမှု စုံလင်ကွဲပြားသူများနေ့ (Pride) အထိမ်းအမှတ် လမ်းလျှောက်ပွဲတွင် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားသူများက “Myanmar Junta Has No Pride” နှင့် “တော်လှန်အလံတွေလွှင့်ကြ၊ အာဏာရှင်တွေဖြုတ်ချ” ဟူသော ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အပြင် ရန်ကုန်မြို့တွင်လည်း “The Last Generation Unit” အဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လုံခြုံရေးတင်းကြပ်မှုများကြားမှ လူစည်ကားရာ ရထားဘူတာများနှင့် မှတ်တိုင်များတွင် “မိစ္ဆာစစ်တပ် အမြစ်ဖြတ်” ဟူသော စာသားများဖြင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ PNLA စစ်သုံ့ပန်းများကို စစ်ကောင်စီနဲ့ PNO က ပစ်သတ်ခဲ့တဲ့ ရုပ်သံသက်သေ ရရှိထား
ဇွန်လ ၁ ရက်၊
Radio NUG
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီဆုံကျေးရွာ အနီးမှာ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့က ဖမ်းဆီးသွားခဲ့တဲ့ PNLA ရဲဘော် ၅ ဦးအနက် ၄ ဦးကို ပစ်သတ်ခဲ့တဲ့ ရုပ်သံကို ရရှိထားတယ်လို့ PNLA ထံက သိရပါတယ်။
အဆိုပါ ရုပ်သံမှတ်တမ်းကို တော်လှန်ရေး အင်အားစုများက ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်း တပ်သား တစ်ဦးရဲ့ ဖုန်းထဲကနေ တွေ့ရှိခဲ့တာ ဖြစ်ပြီး အဆိုပါ စစ်သုံ့ပန်းကလည်း ထွက်ဆိုထားတယ်လို့ ဆိုပါတယ်။
ဖမ်းမိထားတဲ့ PNLA စစ်သုံ့ပန်း ၄ ဦးကို နောက်ကနေ စစ်ကောင်စီ တပ်သား တစ်ဦးက ပစ်သတ်နေတာကို ဗီဒီယို မှတ်တမ်းထဲမှာ တွေ့ရပြီး ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်သားတွေရဲ့ ထွက်ဆိုချက်အရ PNO ပြည်သူ့စစ်များကလည်း ပစ်ခတ်ရာမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ဗီဒီယိုထဲမှာ ပါဝင်တဲ့ ပစ်သတ်ခံရသော ရဲဘော် ၄ ဦးဟာ PNLA က ဒုဗိုလ်ခွန်ကျပ်၊ တပ်စိပ်မှူး ခွန်မွေး၊ ဒုတပ်စိပ်မှူး ခွန်ထွန်းငွေ နဲ့ ရဲဘော် ခွန်ဦးတို့ ဖြစ်ကြပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ, PNO ပူးပေါင်းစစ်ကြောင်းနဲ့ PNLA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူး အပါအဝင် ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
PNLA ဘက်ကလည်း ရဲဘော် ၁ ဦး ကျဆုံးကာ ၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၈ နာရီအထိ အသက်ရှင်နေ သေးပေမယ့် ညပိုင်းမှာတော့ သေဆုံးနေတဲ့ ရဲဘော် ၅ ဦးရဲ့ ရုပ်အလောင်းကို PNO ဘက်က ထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ လားရှိုးမြို့နယ်မှာ SSPP နဲ့ MNDAA တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့
ဇွန်လ ၁ ရက်၊
Radio NUG
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ဟန်နားကျေးရွာ အုပ်စု၊ နမ့်လုတ်ကျေးရွာ အနီးဟာ SSPP နဲ့ MNDAA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁ ရက်နေ့ နေ့လယ် ၂ နာရီခွဲ ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး နယ်မြေအငြင်းပွားမှု ကိစ္စ ဆွေးနွေးတာ မအောင်မြင်ဘဲ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲအတွင်း ကိုးကန့်တပ် (MNDAA) မှ တပ်သား ၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရခဲ့သူတွေ ရှိတယ်လို့ SSPP/SSA က ထုတ်ပြန်ထားပါတယ်။
SSPP/SSA တပ်ဖွဲ့တွေ စစ်ကြောင်းထွက်နေချိန် MNDJP/MNDAA ရဲ့ တပ်မ (၆၁၁) လက်အောက်ခံ တပ်ဖွဲ့တွေက ခြုံခိုဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး၊ ညနေပိုင်းမှာလည်း ကိုးကန့်တပ်တွေက ထပ်ပြီး ထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲ ဆက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ညနေ ၅ နာရီခန့်မှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမယ့် နှစ်ဖက် တပ်ဖွဲ့တွေက အင်အား ထပ်ဖြည့်နေကြတာကြောင့် ဒေသခံတွေ အနေနဲ့ စိုးရိမ်နေရတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်မှာ နားလိုင်၊ ဟန်နား၊ ဟိန်းလွမ့် နဲ့ ကောင်းကော် ကျေးရွာတို့က ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။
========================
🚩🚩 ၃။ ပခုက္ကူမြို့ပေါ်ရှိ ခရိုင်မီးသတ်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အနီးကပ် ပစ်ခတ်တိုက်ခိုက်
ဇွန်လ ၁ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၊ မနက်အစောပိုင်း ၃ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်ရှိ ခရိုင်မီးသတ်ရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PKU N PDFမှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲကြာချိန် နာရီဝက်ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ (၅)ဦး သေဆုံးကာ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကနဦးသိရပါတယ်။
ပခုက္ကူမြို့ပေါ်ရှိ တပ်မ (၁၀၁)နှင့် လက်အောက်ခံတပ်စခန်းများမှ စစ်ကူများလာရောက်သောကြောင့် တော်လှန်ရေးရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူ ပ.က.ဖ တပ်ရင်း (၁) ၊ Shwe Nyar Myae PDF၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်ပ.က.ဖ တပ်ရင်း(၃) တပ်ခွဲ(၄) နှင့် ပူးပေါင်းဖော်ဆောင်ခဲ့တယ်လို့ ဖော်ပြထားတယ်။
========================
🚩🚩 ၄။ တပ်မ (၃၃) ခြေမြန်တပ်မ ဌာနချုပ်အား တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးနှင့် တပ်တွင်း အချုပ်သား ၂ ဦး သေဆုံးခဲ့
ဇွန်လ ၁ ရက်၊
Radio NUG
စစ်ကောင်စီ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ်အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးနှင့် တပ်တွင်း အချုပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ BWM အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့မှာ တပ်မ (၃၃) ဌာနချုပ်ကို Brave Warrior Myanmar အဖွဲ့နှင့် Shadow (စစ်ကိုင်း)၊ No More Dictatorship (NMD)၊ စစ်ကိုင်းမြို့ပြပြောက်ကျား (Infinity)တို့က ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးသွားခဲ့သလို တပ်တွင်း အချုပ်သား ၂ ဦးလည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် မော်တော်ယာဉ်မှူးနဲ့ စစ်သည် ၃ ဦး ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီး လိုင်းခန်းများကို ထိမှန်ခဲ့ရာ ရဲမေ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဗဟိုကင်း၊ လိုင်းခန်း တစ်ခန်းနဲ့ တပ်သုံး မော်တော်ယာဉ် ၂ စီးလည်း ရှော့တိုက်ဒုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တပ်မ (၃၃) ကို လာရောက်မယ်လို့ သတင်းရခဲ့တဲ့ စစ်ကောင်စီ ခေါင်းဆောင်းပိုင်းက ရောက်၊ မရောက်နဲ့ ထိခိုက်မှု ရှိ၊ မရှိကိုတော့ စုံစမ်းလို့ မရသေးဘူးလို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ သပိတ်ကျင်းမြို့နယ် ၄မိုင် ကန်သာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် ဗုံးကြဲ
ဇွန်လ ၁ရက်
Radio NUG
၂၀၂၅ခုနှစ် ဇွန်လ ၁ရက် မနက် ၇နာရီ ၄၀မိနစ်အချိန်တွင် သပိတ်ကျင်းမြို့နယ် ၄မိုင် ကန်သာ စာသင်ကျောင်းသို့ အကြမ်းဖက် စစ်ကောင်စီမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁လုံးကြဲချ တိုက်ခိုက်သွားကြောင်း ပြင်ဦးလွင်ခရိုင်ပကဖ မှ သတင်းထုတ်ပြန်ပါတယ်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆောင် နှစ်ဆောင် ထိခိုက်ပျက်စီးပြီး ပြည်သူ အထိခိုက်မရှိဘူးလို့ သိရပါတယ်။
========================
🚩🚩 ၆။ ရန်ကုန်တပ်ရင်း (၅၁၀၁) ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုမှတ်တမ်းတင်
ဇွန်လ ၁ ရက်၊
Radio NUG
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း စစ်ဌာန အောက်မှာ ပထမဆုံး တပ်ရင်းအဖြစ် ဖွဲ့စည်းခဲ့တဲ့ တပ်ရင်း (၅၁၀၁) ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်ကို ရန်ကုန်တိုင်း စစ်ဌာနက ဂုဏ်ပြုမှတ်တမ်းတင် ထုတ်ပြန်ထားပါတယ်။
တပ်ရင်းကို KNU တပ်မဟာ ၆ နယ်မြေမှာ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ခဲ့တာဖြစ်ပြီး ယခင်က မြို့ပြပြောက်ကျား (UG) အဖြစ် လှုပ်ရှားခဲ့ရာမှ တပ်ရင်းအဖြစ် စစ်ကောင်စီကို စစ်နည်းဗျူဟာကျကျ ချေမှုန်းနိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာလို့ ဆိုပါတယ်။
တပ်ရင်း (၅၁၀၁) ကို စတင်ဖွဲ့စည်း ပြီးချိန်မှစ၍ ကော့ကရိတ် တိုက်ပွဲ၊ တောင်ကြာအင်း တိုက်ပွဲများမှာ စတင် ပူးပေါင်းပါဝင်ခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းကယား နယ်စပ်မှာလည်း အားဖြည့်ပါဝင်ခဲ့ကာ ဖာပွန် တိုက်ပွဲ၊ ရွှေကျင် ခမရ (၅၉၈) စခန်းသိမ်း တိုက်ပွဲများမှာလည်း ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင် တော်လှန်ရေး အတွင်းတွင် တပ်ရင်း (၅၁၀၁) မှ ရဲဘော် တချို့ဟာ တော်လှန်ရေး သစ္စာ အပြည့်ဖြင့် အသက်ခန္ဓာ၊ ကိုယ်လက်အင်္ဂါများ စွန့်လွှတ်ပေးဆပ် ခဲ့ရတာတွေလည်း ရှိခဲ့ကြပြီး စစ်အာဏာရှင် စနစ် လုံးဝ ကျဆုံးတဲ့အထိ ကိုယ်ကျိုးမငဲ့ ရဲဝံ့စွာ တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment