၂၀၂၅ ဇွန်လ ၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အာဏာရှင်မှန်သမျှ ဆန့်ကျင်ရင်း တန်းတူညီမျှရေးအတွက် နည်းပေါင်းစုံ၊ ဘက်ပေါင်းစုံနဲ့ နေရာအသီးသီးက ပါဝင်နေကြတဲ့ LGBTIQ+ ရဲဘော်ရဲဘက်များကို ဂုဏ်ပြုအပ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဆို
📌 ၂။ မြေပြင်ကျောင်းများရှိ ဗုံးခိုကျင်းတူးဖော်ခြင်းနှင့် လေကြောင်းရန်ကာကွယ်ခြင်းတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများဆွေးနွေး
📌 ၃။ ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရေးကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်လွင်က တိုက်တွန်း
📌 ၄။ ငလျင်ဘေးသင့်မြန်မာပြည်သူ ၁ ဒသမ ၁ သန်း အတွက်တောင်းခံထားသောအမေရိကန်ဒေါ်လာ ၂၇၅ သန်း အနက်မှ ဒေါ်လာ ၆၃ ဒသမ ၇ သန်းခန့်သာ လက်ခံရရှိထားသေးတယ်လို့ UN OCHA Myanmarထုတ်ပြန်
📌 ၅။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၀ပြည့်မွေးနေ့မှာ အထိမ်းအမှတ်အနေနဲ့ Challenge တစ်ခုလုပ်ဖို့သားငယ်ဖြစ်သူကိုထိန်လင်း ဖိတ်ခေါ်
📌 ၆။ ဇွန်လအတွက်အောင်လံလွှင့်ချီနွေဦးထီလက်မှတ်များ စတင်ဝယ်ယူကံစမ်းနိုင်ပြီဖြစ်
📌 ၇။ မိုမိုတို့ရဲ့အိမ်အပြန်လမ်းကမ်ပိန်း ရာခိုင်နှုန်းအားလုံးပြည့်မီအောင် အားလုံးဝန်းရံပေးကြရန်တိုက်တွန်း
📌 ၈။ What happened to the wolf? ရုပ်ရှင်ကို အမေရိကန်မှာ ဆက်တိုက်ပြသသွားဖို့ရှိ
========================
၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုအောက်ကရုန်းထွက်ဖို့ ပြည်သူ့နွေဦးတော်လှန်ရေးကို ပြည်သူတွေဟာမဆုတ်မနစ်ဆင်နွှဲနေတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
🚩 ၂။ ဆောင်းပြောင်း ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ စစ်ကြောင်းမှူးနဲ့ဒုတပ်တပ်ခွဲမှူးတို့မြင့်မြတ်စွာ ကျဆုံးခဲ့ရ
🚩 ၃။ အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးနည်းလမ်းအရ တခဲနက် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ပထမအကြိမ် မြေပြင်ညီလာခံကသဘောထားထုတ်ပြန်
🚩 ၄။ အရပ်သားကားများကိုငွေကြေးကောက်ခံသည့် စကစတပ်ဖွဲ့ဝင်နှစ်ဦးအနီးကပ်ပစ်ခတ်ခံရပြီးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အာဏာရှင်မှန်သမျှ ဆန့်ကျင်ရင်း တန်းတူညီမျှရေးအတွက် နည်းပေါင်းစုံ၊ ဘက်ပေါင်းစုံနဲ့ နေရာအသီးသီးက ပါဝင်နေကြတဲ့ LGBTIQ+ ရဲဘော်ရဲဘက်များကို ဂုဏ်ပြုအပ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဆို
ဇွန်လ ၂ရက်
စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ဆန့်ကျင်ရင်း တန်းတူညီမျှရေးအတွက် နည်းပေါင်းစုံ၊ ဘက်ပေါင်းစုံနဲ့ နေရာအသီးသီးက ပါဝင်နေကြတဲ့ LGBTIQ+ ရဲဘော်ရဲဘက်များကို ဂုဏ်ပြုအပ်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။
"နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့ ဇွန်လ LGBTIQ+(Pride Month) တနည်းအားဖြင့် လိင်စိတ်ကွဲပြားသူများအား ဂုဏ်ပြုတဲ့လမှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်မှန်သမျှ ဆန့်ကျင်ရင်း တန်းတူညီမျှရေးအတွက် နည်းပေါင်းစုံ၊ ဘက်ပေါင်းစုံနဲ့ နေရာအသီးသီးက ပါဝင်နေကြတဲ့ LGBTIQ+ ရဲဘော်ရဲဘက်များကို ဂုဏ်ပြုအပ်ပါတယ်"လို့ပြောပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် လိင်စိတ်ခံယူမှု စုံလင်ကွဲပြားသူများနေ့ (Pride) အထိမ်းအမှတ် လမ်းလျှောက်ပွဲတွင် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားသူများက အာဏာရှင်တွေဖြုတ်ချရေး ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြ သလို ရန်ကုန်မြို့တွင်လည်းဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကိုလုယူပြီးနောက် အရပ်သားနှစ်သောင်းကျော်ဖမ်းဆီးထားပြီးလူပေါင်းခြောက်ထောင်ကျော်သတ်ဖြတ်ခဲ့ရာ LGBTIQ+များလည်းနစ်နာခံစားခဲ့ရပါတယ်။
========================
📌📌 ၂။ မြေပြင်ကျောင်းများရှိ ဗုံးခိုကျင်းတူးဖော်ခြင်းနှင့် လေကြောင်းရန်ကာကွယ်ခြင်းတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများဆွေးနွေး
ဇွန်လ ၂ရက်
CRPH ပညာရေးကော်မတီက ဦးဆောင်၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးများရှိ ပညာရေးဘုတ်တာဝန်ခံများ တွေ့ဆုံဆွေးနွေးမှုအား မေလ ၃၁ ရက်နေ့ကျင်းပခဲ့ပါတယ်။
တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော တိုင်းဒေသကြီးများရှိ ပညာရေးဘုတ်အဖွဲ့ဝင် ဆရာ၊ ဆရာမများက မြေပြင်ကျောင်းများရှိ ဗုံးခိုကျင်းတူးဖော်ခြင်းနှင့် လေကြောင်းရန်ကာကွယ်ခြင်းတို့နှင့်စပ်လျဉ်း၍ လိုအပ်ချက်နှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ CRPH ၏ ထောက်ပံ့ပေးနိုင်မှု အစီအစဥ်များအား မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပညာရေးကော်မတီမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဂျာထွယ်ပန်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ငိုင်းတမ်မောင်းနှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်များနှင့်တကွ တိုင်းဒေသကြီးများရှိ ပညာရေးဘုတ်အဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရေးကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်လွင်က တိုက်တွန်း
ဇွန်လ ၂ရက်
ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရေးကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်လွင်က တိုက်တွန်းဆိုလိုက်ပါတယ်။
"အားလုံးသိတဲ့အတိုင်းပဲ မြေပြင်မှာတော်လှန်ရေးတပ်သားတွေကိုဆေးကုသမှုပေးနေတဲ့ကျနော်တို့ရဲ့ကျန်းမာရေးဝန်ထမ်းတွေကို အကြမ်းဖက်စစ်ကောင်စီက ဝေဟင်ကနေချိန်းခြောက်ဗုံးကြဲနေတာအားလုံးအသိပဲ ဖြစ်ပါတယ်။ဒီလောက်ဗုံးတွေကြဲနေတဲ့ကြားထဲကမိမိရဲ့အသက်ကိုပဓာနမထားပဲနဲ့ရှေ့တန်းစစ်မြေပြင်တွေမှာ ပြည်သူပြည်သားတွေရဲ့ကျန်းမာရေးနဲ့ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်များကိုစောင့်ရှောက်ပေးနေကြတဲ့ လူတွေရဲ့ရဲစွမ်းသတ္တိကိုမချီးကျူးပဲမနေနိုင်ပါဘူး။အခုကတော့စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပါတယ်။မြေပြင်မှာရှိတဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနေချိန်မှာ ဗုံးကြဲတိုက်ခိုက်တာတွေက ကျန်းမာရေးဝန်ထမ်းတွေအတွက်စိန်ခေါ်မှုဖြစ်လာတာကြောင့် သူတို့အတွက်အသက်န္တရာယ်လည်းကင်းဝေးအောင်၊ကျန်းမာရေးစောင့်ရှောက်မှုလည်းလုပ်နိုင်အောင်ဆိုပြီးတော့ မြေအောက်ဆေးရုံတွေတည်ဆောက်ဖို့စဥ်းစားလာကြတယ်။အဲဒီစဥ်းစားချက်ကနေအခြေခံပြီး စိတ်ချလုံခြုံရတဲ့ ဆေးရုံကမ်ပိန်းပေါ်ပေါက်လာတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
Safe Hospital, Safe Healthcare ကမ်ပိန်းကိုရည်မှန်းချက် (Target) - အမေရိကန်ဒေါ်လာ ၄ သိန်းသတ်မှတ်ထားပြီးCampaign ကာလ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိပါဝင်နိုင်မှာဖြစ်ပါတယ်။
Campaign အကြောင်း အသေးစိတ်ဖတ်ရှုနိုင်ရန်ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရFaceBookPagစာမျက်နှာတွင်ဖော်ပြထားပါတယ်။
========================
📌📌 ၄။ ငလျင်ဘေးသင့်မြန်မာပြည်သူ ၁ ဒသမ ၁ သန်း အတွက်တောင်းခံထားသောအမေရိကန်ဒေါ်လာ ၂၇၅ သန်း အနက်မှ ဒေါ်လာ ၆၃ ဒသမ ၇ သန်းခန့်သာ လက်ခံရရှိထားသေးတယ်လို့ UN OCHA Myanmarထုတ်ပြန်
ဇွန်လ ၂ရက်
ငလျင်ဘေးသင့်မြန်မာပြည်သူ ၁ ဒသမ ၁ သန်း အတွက်တောင်းခံထားသောအမေရိကန်ဒေါ်လာ ၂၇၅ သန်း အနက်မှ ဒေါ်လာ ၆၃ ဒသမ ၇ သန်းခန့်သာ လက်ခံရရှိထားသေးတယ်လို့
"မြန်မာနိုင်ငံတွင် ဖျက်အားပြင်းငလျင်ကြီး လှုပ်ခတ်ခဲ့အပြီး နှစ်လကျော်အကြာတွင် ငလျင်ဘေးသင့်မိသားစုများသည် နေထိုင်မှုဘဝ ပုံမှန်ပြန်ဖြစ်ရေးအတွက် အခက်အခဲများကိုရင်ဆိုင်လျက် ပြန်လည်ထူထောင်ရေးအတွက် ဆက်လက် ရုန်းကန်နေကြရဆဲ ဖြစ်တယ်” လို့ဆိုပါတယ်။
မန္တလေးနှင့် စစ်ကိုင်းရှိ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ထောင်ပေါင်းများစွာသော မိသားစုများသည် လူထူထပ်ပြီး လုံခြုံမှုနည်းသော ယာယီခိုလှုံရာနေရာများတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်ကာ၊ ယာယီစခန်းများစွာသည် ပြင်းထန်သော ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံရန် စိတ်မချရသည့်အတွက် မိုးဦးကျလာပြီဖြစ်သည်နှင့်အမျှ ဘေးဒဏ်ခံထားရသူများအတွက် ဘေးအန္တရာယ်များလည်း ပိုမို များပြားလာနေတယ်လို့ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်နေသူ လူဦးရေ ၁၉ ဒသမ ၉ သန်းဖြင့် လိုအပ်ချက် စံချိန်တင် မြင့်တက်နေပြီး ငလျင်အပြီးတွင် ထပ်တိုး လူဦးရေ ၂ သန်းသည် အရေးပေါ်အကူအညီလိုအပ်လျက်ရှိတယ်လို့ UN OCHA Myanmarက ထုတ်ပြန်ထားပါတယ်။
မတ်လ၂၈ရက် မွန်းလွဲပိုင်းလှုပ်ခတ်ခဲ့သောစစ်ကိုင်းငလျင်ကြောင့် လူဦးရေသုံးထောင်ကျော်သေဆုံးခဲ့ရပြီး မြို့ပြများနှင့် ကျေးလက်ဒေသများတွင် အကြီးအကျယ် ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး အသက်ဆုံးရှုံးမှု၊ အိမ်ခြေနှင့် အခြေခံအဆောက်အဦများ ပျက်စီးခြင်း၊ အသက်မွေးဝမ်းကျောင်းမှုများ ထိခိုက်ခဲ့ပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၀ပြည့်မွေးနေ့မှာ အထိမ်းအမှတ်အနေနဲ့ Challenge တစ်ခုလုပ်ဖို့သားငယ်ဖြစ်သူကိုထိန်လင်း ဖိတ်ခေါ်
ဇွန်လ ၂ရက်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်၈၀ပြည့်မွေးနေ့မှာ အထိမ်းအမှတ်အနေနဲ့ Challenge တစ်ခုလုပ်ဖို့သားငယ်ဖြစ်သူကိုထိန်လင်း ဖိတ်ခေါ်လိုက်ပါတယ်။
"ဒီ ဇွန်လမှာ မေမေ့ရဲ့ အသက် ၈၀ပြည့်မွေးနေ့အထိမ်းအမှတ်အနေနဲ့ အဓိပ်ပါယျရှိတဲ့ Challenge တစ်ခုလုပ်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
ကျနော်ကတော့ ကီလိုမီတာ ၈၀ ပြေးပါမယ်။
ဒါပေမဲ့ ကျနော့်လိုပဲ ပြေးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတာ တစ်ခုခုလုပ်ဖို့ပဲလိုပါတယ်။နံပါတ် ၈၀ နဲ့ ဆက်စပ်ပြီး ကိုယ့်ကိုယ်ပိုင် Challenge တွေ သတ်မှတ်နိုင်ပါတယ်။ဥပမာ -တစ်နေ့ကို မိနစ် ၈၀ ပြေးမယ်။ ကမယ်။ပန်း အပွင့် ၈၀ စုမယ်။အစားအစာ အမျိုး ၈၀ ချက်မယ်။စာအုပ် ၈၀ လှူမယ်။ဒါမှမဟုတ် မေမေ့အတွက်၊ မြန်မာ့အတွက်၊ ကိုယ့်အတွက်ကိုယ်ရည်စူးတဲ့လုပ်ရပ်၊
အကြင်နာနဲ့ မေတ္တာစေတနာပါတဲ့ လုပ်ရပ် ၈၀ လုပ်မယ်ဆိုလည်း ရပါတယ်"လို့ကိုထိန်လင်းကပြောပါတယ်။
ဒါဟာ အားကစား Challenge တစ်ခုထက်ပိုတဲ့ လှုပ်ရှားမှုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ၊ အနစ်နာခံတတ်မှုနဲ့ စိတ်ဓာတ်ကို ဂုဏ်ပြုခြင်းဖြစ်တယ်လို့ သားငယ်ကိုထိန်လင်းကပြောပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက အကြိမ်ကြိမ်အကျဥ်းချခဲ့ပြီး ၄င်းရဲ့ဘဝတခုလုံးကိုမြန်မာပြည်သူ၊ပြည်သူများနဲ့ဒီမိုကရေစီအတွက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၆။ ဇွန်လအတွက်အောင်လံလွှင့်ချီနွေဦးထီလက်မှတ်များ စတင်ဝယ်ယူကံစမ်းနိုင်ပြီဖြစ်
ဇွန်လ ၂ရက်
ဇွန်လအတွက်အောင်လံလွှင့်ချီနွေဦးထီလက်မှတ်များ စတင်ဝယ်ယူကံစမ်းနိုင်ပြီဖြစ်တာ်လို့ နွေဦးထီမိသားစုကအသိပေးဆိုပါတယ်။
"ဇွန်လ ကံထူးရှင်ကြီးဖြစ်ရန် ဒီနေ့စတင်ကံစမ်းနိုင်ပါပြီ။ဆုထူးတွေ ဆုကြီးတွေနဲ့ စုံညီစွာ မြိုင်မြိုင်ဆိုင်ဆိုင် ရရှိနေကျပြီး နိုင်ငံ့ဂုဏ်ဆောင် ကံထူးရှင်အဖြစ် လွဲချော်သွားတဲ့သူတွေ အနေနဲ့ စိတ်ဓာတ်မကျပဲ ဇွန်လ မှာ ထပ်ပြီးကံစမ်းဖို့ ဖိတ်ခေါ်ပါရစေ"လို့ဆိုပါတယ်။
အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကိုယ်တိုင်ကိုယ်ကျ စိတ်ကြိုက်ဝယ်ယူလို့ရသလို NOH Gift Card ငွေဖြည့်လက်ဆောင်ကဒ် နဲ့လည်း ကံစမ်း နိုင်တဲ့အပြင် နိုင်ငံတကာ ကိုယ်စားလှယ်ကြီးများထံမှလည်း အားပေး ကံစပ်နိုင်တယ်လို့သိရပါတယ်။
နွေဦးထီ အမှတ်စဉ် NOH20250501 ဖွင့်ပွဲ အခမ်းအနားကို ဂုဏ်ယူစွာ ဖွင့်လှစ်နိုင်ခဲ့ပြီးသိန်း ၅၀၀ ကံထူးရှင် နဲ့ တကွ ကတိဆုများအပြင် ဆုထူးတွေ ဝေဝေဆာဆာနဲ့ ပေါ်ထွက်ခဲ့ပါတယ်။
========================
📌📌 ၇။ မိုမိုတို့ရဲ့အိမ်အပြန်လမ်းကမ်ပိန်း ရာခိုင်နှုန်းအားလုံးပြည့်မီအောင် အားလုံးဝန်းရံပေးကြရန်တိုက်တွန်း
ဇွန်လ ၂ရက်
မိုမိုတို့ရဲ့အိမ်အပြန်လမ်းကမ်ပိန်းဟာ ၈၈ရာခိုင်နှုန်းကိုရောက်ရှိနေပြီးဖြစ်လို့ ရာခိုင်နှုန်းအားလုံး ပြည့်မီအောင် အားလုံးဝန်းရံပေးကြရန် တိုက်တွန်းလိုက်ပါတယ်။
"မိုမိုတို့ရဲ့ အိမ်ပြန်လမ်းလေး ဇွန်လ ၇ ရက်နေ့ထိ ရှိနေမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ခုဆိုရင် မိုမိုချစ်သူတွေရဲ့ ဝန်းရံအားဖြည့်မှုနဲ့ မိုမိုတို့ရဲ့ ကမ်ပိန်းလေးဟာ ရဲ့ ၈၈% ရောက်ရှိနေပါပြီ။ရာနှုန်းအပြည့်နဲ့ မိုမိုတို့ပန်းဝင်နိုင်အောင် ဝိုင်းချစ်ပေးကြမယ်"လို့ ဆိုထားပါတယ်။
“မိုမိုတို့ရဲ့ အိမ်ပြန်လမ်း- Way Home” ကမ်ပိန်းဟာ မိုမိုတို့ရဲ့ ဖြည့်စွက်စာ၊ ဆေးဝါးနဲ့ ကျန်းမာရေး၊ နေ့စဥ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပါဝင်ကူညီနိုင်မယ့် အစီအစဥ်လေးတခုဖြစ်ပါတယ်။
ဒီကမ်ပိန်းလေးကို နွေဦးဘဏ် Spring Development Bank ရဲ့ Spring CrowdFund ကနေ လွယ်ကူလျင်မြန်စွာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။
========================
📌📌 ၈။ What happened to the wolf? ရုပ်ရှင်ကို အမေရိကန်မှာ ဆက်တိုက်ပြသသွားဖို့ရှိ
ဇွန်လ ၂ရက်
What happened to the wolf? ရုပ်ရှင်ကို အမေရိကန်နိုင်ငံကမြို့ကြီးများမှာ ဆက်တိုက်ပြသသွားဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။
"What happened to the wolf? ရုပ်ရှင်ကို USမှာ နောက်ထပ်ပြသသွားဖို့ရှိတဲ့ မြို့တွေကို ကြေငြာပေးလိုက်ပါတယ်။ Sacramentoမြို့ California State မှာ July 12 ရက်နေ့နှင့် Bellevue မြို့ Washington Stateမှာ July 12 ရက်နေ့မှာ ပဲ ပြသသွားဖို့ရှိပါတယ်။ San Francisco မြို့ပွဲအတွက်ကိုလည်း June 29 မှာပဲ ပွဲချိန်တချိန်ထပ်တိုးပြသပေးသွားဖို့ရှိပါတယ်"လို့ဆိုပါတယ်။
What happened to the Wolf? ရုပ်ရှင်ဟာ Oldenburg International Film Festival မှ Seymour Cassel Award for Best Performance ဆု၊ Dili International Film Festival မှ Best Narrative Feature ဆု၊ Hobnobben Film Festival မှ Best Narrative Feature ဆု တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ပိုင်ဖြိုးသု၊ အိန္ဒြာကျော်ဇင်တို့ အဓိကဇာတ်ဆောင်တွေအဖြစ် ပါဝင်ထားတဲ့What Happened to the Wolf?ရုပ်ရှင်ကို ဒါရိုက်တာဏကြီးကရိုက်ကူးထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုအောက်ကရုန်းထွက်ဖို့ ပြည်သူ့နွေဦးတော်လှန်ရေးကို ပြည်သူတွေဟာမဆုတ်မနစ်ဆင်နွှဲနေတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
ဇွန်လ ၂ရက်
"အာဏာကိုလက်နက်အားကိုးနဲ့လုယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုအောက်ကရုန်းထွက်ဖို့ ပြည်သူ့နွေဦးတော်လှန်ရေးကိုပြည်သူတွေဟာမဆုတ်မနစ်ဆင်နွှဲနေတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပေါင်းစုရုန်းညီအောင်ပွဲဆီ ဒို့ပြန်လာပြီဧရာဝတီ ကမ်ပိန်းဖွင့်ပွဲ အားပေးစကားမှာ ဝန်ကြီးချုပ်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့ပြည်သူတွေဟာ အာဏာကိုလက်နက်အားကိုးနဲ့လုယူထားတဲ့အကြမ်းဖက်စစ်အုပ်စုရဲ့ ဖိနှိပ်မှုအောက်ကရုန်းထွက်ဖို့ ပြည်သူ့နွေဦးတော်လှန်ရေးကိုမဆုတ်မနစ်ဆင်နွှဲနေကြပါတယ်။ဒီတော်လှန်ရေးကြီးမှာ ဧရာဝတီတိုင်းသူတိုင်းသားများရဲ့ကြီးမားတဲ့စွန့်လွှတ်အနစ်နာခံ မှုတွေနဲ့ ပံ့ပိုးမှုတွေကိုကျနော်တို့အလေးအနက်မှတ်တမ်းတင်ဂုဏ်ပြုပါတယ်။ဧရာဝတီတိုင်းစစ်ဒေသဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာလည်း ကိုယ့်ဒေသလွတ်မြောက်ရေးအတွက် ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေကြပါတယ်။အခုအချိန်ဟာ အောင်ပွဲအတွက် အရှိန်မြှင့်တင်ရမယ့်အရေးကြီးဆုံးကာလပါ။ဧရာဝတီတိုင်းဟာ မဟာဗျူဟာအရအရေးပါပြီး ဧရာဝတီလွတ်မြောက်ရေးဟာ တနိုင်ငံလုံးအောင်ပွဲအတွက် အဓိကကျပါတယ်"လို့ ဆိုပါတယ်။
“ပေါင်းစုရုန်းညီအောင်ပွဲဆီ ဒို့ပြန်လာပြီဧရာဝတီ” ကမ်ပိန်းကို တစ်နိုင်ငံလုံးရဲ့ မဟာဗျူဟာထိုးစစ်အတွက် အရေးပါတဲ့ ဧရာဝတီတိုင်းရဲ့ စစ်အင်အား၊ ဗျူဟာ၊ တပ်ရင်းတွေနဲ့ စစ်ကြောင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားပါတယ်။
ကမ်ပိန်းရည်မှန်းချက်မှာ ကျပ်သိန်း ၇၀၀၀ ဖြစ်ပြီး ကမ်ပိန်းကာလမေလ ၁၆ရက်မှ ဇွန်လ၃၀ရက်အထိ(၄၅ ရက်)တာသတ်မှတ်ထားပါတယ်။
========================
🚩🚩 ၂။ ဆောင်းပြောင်း ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ စစ်ကြောင်းမှူးနဲ့ဒုတပ်တပ်ခွဲမှူးတို့မြင့်မြတ်စွာ ကျဆုံးခဲ့ရ
ဇွန်လ၂ရက်
ဆောင်းပြောင်း ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်မှ စစ်ကြောင်းမှူးနဲ့ဒုတပ်တပ်ခွဲမှူးတို့ မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့သိရပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊တပ်ရင်းအမှတ် (၂၉)၊တပ်ခွဲ(၁)၏ စစ်ကြောင်းမှူး ရဲဘော်ဆလိုင်း ရဲနိုင်(ခ)ဂျော်ကာနှင့် ဒုတပ်တပ်ခွဲမှူး မင်းထက်နိုင်(ခ)အရိုးတို့သည် ဆောင်းပြောင်းရှေ့တန်းစစ်မြေပြင် တိုက်ပွဲတွင် မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ KNDFကသတင်းထုတ်ပြန်ပါတယ်။
စစ်ကြောင်းမှူး ရဲဘော် ရဲနိုင်(ခ)ဂျော်ကာ ၊အသက် (၃၂)နှစ်သည် မေလ၂၄ ခုနှစ်တွင် စစ်အာဏာရှင်ကို တော်လှန်ရင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။ဒုတပ်ခွဲမှူး မင်းထက်နိုင်(ခ)အရိုး ၊အသက်(၂၂)နှစ်သည်မေလ၂၄ခုနှစ်တွင် စစ်အာဏာရှင်ကို တော်လှန်ရင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။အာဏာရှင်စနစ်ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် ယခုလိုအသက်ပေးလှူပြီး တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်ရဲဘော် ရဲနိုင်(ခ)ဂျော်ကာ နှင့် အာဇာနည်ရဲဘော် မင်းထက်နိုင်(ခ)အရိုး တို့အား KNDF၊တပ်ရင်းအမှတ် (၂၉)မှ လွန်စွာ ဂုဏ်ယူဝမ်းနည်းမိတယ်လို့ ဖော်ပြပါတယ်။
========================
🚩🚩 ၃။ အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးနည်းလမ်းအရ တခဲနက် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ပထမအကြိမ် မြေပြင်ညီလာခံကသဘောထားထုတ်ပြန်
ဇွန်လ ၂ရက်
အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးနည်းလမ်းအရ တခဲနက် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်းစစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ပထမအကြိမ် မြေပြင်ညီလာခံက သဘောထားထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ပထမအကြိမ် မြေပြင်ညီလာခံကို ၂၀၂၅ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ နှစ်ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသအသီးသီးမှ လူထုလှုပ်ရှားမှုကို ဆောင်ရွက်နေကြသော အဖွဲ့အစည်း (၃၈) ဖွဲ့က ကိုယ်စားလှယ် (၆၀) ဦး တက်ရောက်ခဲ့ ကြတယ်လို့သတင်းရရှိပါတယ်။
စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ပထမအကြိမ် မြေပြင်ညီလာခံမှ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အတည်ပြုနိုင်ခဲ့ပြီး အထွေထွေလုပ်ငန်းကော်မတီနှင့် ရေးရာကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆက်နွယ်သော မည်သည့်နိုင်ငံရေးဖြစ်စဉ်ကိုမှ လက်ခံမည် မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီမှ ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးနည်းလမ်းအရ တခဲနက် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ကြောင်းအပါအဝင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီး ဆင်နွှဲနေသော ခုခံတွန်းလှန်စစ်ကို အပြည့်အဝထောက်ခံပြီး စုစည်းညီညွတ်မှုဖြင့် ဆက်လက်တိုက်ပွဲဝင်ကြရန်နှင့် တော်လှန်ရေး၏ စံတန်ဖိုးများ၊ ကျင့်ဝတ်များကို လေးစားလိုက်နာကြပါရန် ပြည်သူလူထု ကိုယ်စား တောင်းဆိုအပ်တယ်လို့ထုတ်ပြန်ပါတယ်။
========================
🚩🚩 ၄။ အရပ်သားကားများကိုငွေကြေးကောက်ခံသည့် စကစတပ်ဖွဲ့ဝင်နှစ်ဦးအနီးကပ်ပစ်ခတ်ခံရပြီးသေဆုံး
ဇွန်လ ၂ရက်
အရပ်သားကားများကိုငွေကြေးကောက်ခံသည့် စကစတပ်ဖွဲ့ဝင်နှစ်ဦး အနီးကပ်ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အ.ထ.က (၁) စာသင်ကျောင်းမှပြည်သူ့ကားများကိုအဓမ္မပိုက်ဆံကောက်ရန်ထွက်လာသော စကစတပ်ဖွဲ့ဝင် ၂ ဦးကို ဇွန်လ၊၁ရက်နေ့ မနက်၁၁နာရီ၁၁မိနစ်အချိန်မှာ အနီးကပ်ပစ်ခက်ရှင်းလင်းခဲ့တယ်လို့ The Phoenix Armyက သတင်းထုတ်ပြန်ပါတယ်။
"ပြည်သူ့ကားတွေကိုနေ့စဉ်ရက်ဆက် အတင်းအဓမ္မပိုက်ဆံကောက်နေတာ၊ တစ်ခါတစ်လေ အသဲကွဲလို့ဆိုပြီးကားတစ်စီးကို ၁သောင်းတောင်းတယ်၊ အဆင်မပြေဘူးပြောရင်လဲမရဘူး အတင်းတောင်းတယ် လို့ပြည်သူများထံမှကျွန်တော်တို့ကြားသိရတာကြောင့် ရှင်းလင်းခဲ့တာပါ"လို့ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို The Phoenix Army၊ မုံရွာခရိုင်အမှတ်-၁၇ တပ်ရင်း တပ်ခွဲ-၃ MYF၊ မုံရွာခရိုင်အမှတ်-၁၅ တပ်ရင်း တပ်ခွဲ-၅ WMW တို့က ပူးတွဲလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment