၂၀၂၅ ဇွန်လ ၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေးအောင်ပွဲကို အဆုံးသတ်ရယူနိုင်ရန်အတွက် ကဏ္ဍစုံမှ နိုင်ငံရေးဟန်ချက်ညီညီလှုပ်ရှားဆောင်ရွက်ကြရန် ယာယီသမ္မတတိုက်တွန်း
📌 ၂။ “တော်လှန်ရေးရဲ့အနေအထားဟာ အားသာလာတာတွေရှိသလို တဖက်မှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ရမယ့်ကိစ္စတွေရှိကြောင်း" ပြည်ထောင်စုဝန်ကြီးချုပ်သတိပေးဆို
📌 ၃။ (၅၁) နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့
📌 ၄။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာအလုပ်သမားထုဘက်မှ ခိုင်ခိုင်မာမာရပ်တည်ပြီး အလုပ်သမားထု အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CRPH ဆို
📌 ၅။ ဒုတိယ ပညာသင်ကာလ (Second Semester) ကျောင်းအပ်ရန် ကျန်ခဲ့ပါက ဇွန်လ၁၃ရက်နေ့နောက်ဆုံးထားဆက်သွယ်ရန် မြန်မာ့နွေဦးတက္ကသိုလ်အသိပေး
📌 ၆။ သဘာဝဘေး ကူညီကယ်ဆယ်ရေးပစ္စည်းများကို အကြမ်းဖက်စစ်အုပ်စုက လက်နက်သဖွယ် အလွဲသုံးစား အမြတ်ထုတ်မှု ထပ်မဖြစ်အောင် ကာကွယ်တားဆီးဖို့ လူမှုအဖွဲ့တွေ တိုက်တွန်း
📌 ၇။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိုနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီကို လေးလသက်တမ်းတိုး
📌 ၈။ ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ပေမယ့် စစ်ကောင်စီကို Article 33 နဲ့ အရေးယူဖို့ ILO က ဆုံးဖြတ်မှုဟာ မြန်မာပြည်သူလူထုရဲ့ အောင်ပွဲအဖြစ် NUG ကြိုဆို
========================
၂၀၂၅ ခုနှစ် ဇွန်လ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သပိတ်ကျင်းမြို့နယ်က ကျက်ရိုးပင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး အရပ်သား ၄ဦး ဒဏ်ရာရ
🚩 ၂။ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာပြီး အိမ် ၂လုံး ပျက်စီး
🚩 ၃။ မတူပီ - မင်းတပ်လမ်း ပြုပြင်နေတာကြောင့် ဇွန်လ ၁၅ ရက်နေ့အထိ သွားလာတာမျိုးမလုပ်ဖို့ CDF – Matupi အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေးအောင်ပွဲကို အဆုံးသတ်ရယူနိုင်ရန်အတွက် ကဏ္ဍစုံမှ နိုင်ငံရေးဟန်ချက်ညီညီလှုပ်ရှားဆောင်ရွက်ကြရန် ယာယီသမ္မတတိုက်တွန်း
ဇွန်လ ၆ရက်
တော်လှန်ရေးအောင်ပွဲကို အဆုံးသတ်ရယူနိုင်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးအပါအဝင် လူထုသပိတ်တိုက်ပွဲများအပါအဝင် ကဏ္ဍစုံမှ နိုင်ငံရေးဟန်ချက်ညီညီလှုပ်ရှားဆောင်ရွက်ကြရန် ယာယီသမ္မတဒူဝါလရှီးလမှ တိုက်တွန်းဆိုလိုက်ပါတယ်။စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ပထမအကြိမ်မြေပြင်ညီလာခံသို့ ပေးပို့လာသော သဝဏ်လွှာတွင် ယာယီသမ္မတဒူဝါလရှီးလမှအခုလိုဆိုထားပါတယ်။
"စစ်အာဏာရှင်စနစ်နဲ့အာဏာရှင်စနစ်ဟူသမျှအပြီးတိုင်ချုပ်ပြီး ပြည်သူလူထုအားလုံးလိုလားတောင့်တသည့် တရားမျှတမှု၊လွတ်လပ်ခွင့်နှင့် အမျိုးသားတန်းတူညီမျှမှုရှိသည့်ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးတော်လှန်ရေးအောင်ပွဲကို အဆုံးသတ်ရယူနိုင်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးအပါအဝင် လူထုသပိတ်တိုက်ပွဲများအပါအဝင် ကဏ္ဍစုံမှနိုင်ငံရေးဟန်ချက်ညီလှုပ်ရှားဆောင်ရွက်ကြရန် တိုက်တွန်းအပ်တယ်"လို့ယာယီသမ္မတကဆိုပါတယ်။
ဒါ့အပြင် လူထုသပိတ်တိုက်ပွဲများကိုလည်းဂုဏ်ပြုကြောင်းနှင့် နွေဦးတော်လှန်ရေးတွင်ယနေ့အချိန်အထိလူထုသပိတ်တိုက်ပွဲများမှာအရေးပါသည့်အခန်းကဏ္ဍကရှိနေကြောင်း ယာယီသမ္မတကဆိုထားပါတယ်။
========================
📌📌 ၂။ “တော်လှန်ရေးရဲ့အနေအထားဟာ အားသာလာတာတွေရှိသလို တဖက်မှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ရမယ့်ကိစ္စတွေရှိကြောင်း" ပြည်ထောင်စုဝန်ကြီးချုပ်သတိပေးဆို
ဇွန်လ ၆ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁၉/၂၀၂၅)မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှအခုလို သတိပေးဆိုပါတယ်။
"တော်လှန်ရေးရဲ့အနေအထားဟာ အားသာလာတာတွေရှိသလို တဖက်မှာ သတိကြီးကြီးထားပြီး ဆောင်ရွက်ရမယ့် ကိစ္စတွေလည်း အများကြီးရှိပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ အုပ်ချုပ်ရေး ယန္တရားအတွင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မြေပြင်ဝန်ထမ်းများကိုလည်း လုံခြုံရေးနဲ့ပတ်သက်လို့ အချို့နေရာတွေက အကြမ်းဖက်စစ်အုပ်စု လုံးဝကင်းရှင်းသွားပြီဆိုပေမယ့် Mixed Control ဖြစ်နေတဲ့ နေရာတွေမှာ အသက်အန္တရာယ် အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်ပါကြောင်း၊ ရဲဘော်ရဲဘက်တစ်ဦးချင်းစီတိုင်းဟာ တန်ဖိုးအလွန်ကြီးမားတာကြောင့် ရဲဘော်တွေအနေနဲ့ ကိုယ့်ရဲ့ လုံခြုံရေး၊ ကျန်းမာရေးတွေကို အမြဲဂရုစိုက်ကြဖို့ သက်ဆိုင် ရာဌာနများမှတဆင့် မှာကြားလိုပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် Institution တွေ ခိုင်မာဖို့ကလည်း အရေးကြီးသလို ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်ပြည့်ဝဖို့ကလည်း အရေးကြီးတာဖြစ်ပြီးနိုင်ငံရေးအရ မှန်ကန်တဲ့ မူဝါဒတွေကိုလည်း ကာလအလိုက် သင့်တော်သလို ချမှတ်နိုင်ဖို့ကလည်း အရေးကြီးတယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
========================
📌📌 ၃။ (၅၁) နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့ သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့
ဇွန်လ ၆ရက်
ရန်ကုန်မြို့ သမိုင်းချည်စက်ရုံရှေ့တွင် စစ်အာဏာရှင်များက အလုပ်သမားပြည်သူများအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့်နေ့ ၁၉၄၇ ခုနှစ် ဇွန်လ (၆) ရက်နေ့သည် မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်းတွင် မည်သို့မျှ ချန်လှပ်ထား၍မရသော နေ့တစ်နေ့ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။
အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများအား ရဲဝံ့စွာတောင်းဆို၍ တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမားသူရဲကောင်းများအား ဂုဏ်ပြုသည့်အနေဖြင့် ဇွန်လ (၆) ရက်နေ့ကို အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်၍ အောက်မေ့ဖွယ်နေ့တစ်နေ့အဖြစ် ဂုဏ်ပြုကျင်းပလာခဲ့သည်မှာ ယနေ့အချိန်တွင် (၅၁) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။
၁၉၄၇ ခုနှစ်၊ ဇွန်လ (၆) ရက်နေ့တွင် စတင်ခဲ့သည့် ပြည်လုံးကျွတ် အလုပ်သမားအရေးတော်ပုံတွင် ရဲဝံ့စွာ တိုက်ပွဲဝင်ခဲ့ကြသော အလုပ်သမားသူရဲကောင်းများသည် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းခဲ့ကြသူများဖြစ်ပြီး အလုပ်သမားအရေးတော်ပုံမှ ပေါက်ဖွားလာသည့် စိတ်ဓာတ်ကိုကိုင်စွဲလျက် အကြမ်းဖက်စစ်အာဏာရှင်စနစ်လက်အောက်မှ အလုံးစုံလွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြစေလိုကြောင်း အလုပ်သမားပြည်သူလူထုအားလုံးအား လေးလေးနက်နက် တိုက်တွန်းအပ်တယ်လို့ဖော်ပြပါတယ်။
အကြီးအကျယ် ချိုးဖောက်ခံနေရသည့် အလုပ်သမားများ၏ အခွင့်အရေးများကို နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော အခွင့်အရေးများရရှိစေရေးနှင့် အလုပ်သမားများ၏ အခွင့်အရေးများအား အပြည့်အဝအကာအကွယ်ပေးရေးတို့အတွက် လွှတ်တော်၏ အခန်းကဏ္ဍမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သူ အလုပ်သမားထုဘက်မှ ခိုင်ခိုင်မာမာရပ်တည်၍ အလုပ်သမားထု၏ အကျိုးစီးပွားအတွက် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုလျက် ဤ (၅၁) နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့ သဝဏ်လွှာအား ထုတ်ပြန်အပ်တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာအလုပ်သမားထုဘက်မှ ခိုင်ခိုင်မာမာရပ်တည်ပြီး အလုပ်သမားထု အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CRPH ဆို
ဇွန်လ ၆ရက်
ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာအလုပ်သမားထုဘက်ကနေ ခိုင်ခိုင်မာမာရပ်တည်ပြီး အလုပ်သမားထု အကျိုးစီးပွား အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ပြန်ပြောဆို လိုက်ပါတယ်။
၅၁ နှစ်မြောက် အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့ သဝဏ်လွှာပေးပို့ရာမှာ CRPH က အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ သမိုင်းချည်စက်ရုံရှေ့မှာ စစ်အာဏာရှင်တွေက အလုပ်သမားပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့ဟာ မြန်မာနိုင်ငံ အလုပ်သမားလှုပ်ရှားမှုသမိုင်းမှာ ချန်လှပ်ထားလို့မရတဲ့ နေ့တနေ့လို့ ဆိုပါတယ်။
အလုပ်သမားတွေရဲ့ ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို ရဲရဲဝံ့ဝံ့ တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတဲ့ အလုပ်သမားသူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဇွန်လ ၆ ရက်နေ့ကို အလုပ်သမားသပိတ်လှုပ်ရှားမှုနေ့အဖြစ် သတ်မှတ်ပြီး အောက်မေ့ဖွယ်နေ့အဖြစ် ဂုဏ်ပြုကျင်းပလာခဲ့တာ ဒီနေ့ဆိုရင် ၅၁ နှစ် ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။
၁၉၄၇ ခုနှစ် ဇွန်လ ၆ ရက်နေ့ကစတင်ခဲ့တဲ့ ပြည်လုံးကျွတ် အလုပ်သမားအရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ စိတ်ဓာတ်ကို ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်အောက်က အလုံးစုံလွတ်မြောက်ရေး မဆုတ်မနစ် ဆက်လက်ကြိုးပမ်းသွားကြဖို့လည်း အလုပ်သမားပြည်သူလူထုကို CRPH က တိုက်တွန်းထားပါတယ်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့အဖွဲ့က တိုင်းပြည်အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာခြင်းနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာတွေကြောင့် လူငယ်ပေါင်းများစွာ မိမိတို့တိုင်းပြည်ကိုစွန့်ခွာပြီး အခြားနိုင်ငံတွေမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့အပြင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို အဓမ္မ စစ်မှုထမ်းခိုင်းစေနေတာကြောင့်လည်း လူငယ်တွေ ပြည်ပနိုင်ငံတွေမှာ တိမ်းရှောင်နေရတဲ့အတွက် အလုပ်အကိုင်ရရှိနိုင်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
အလုပ်သမားပြည်သူတွေဟာ နိုင်ငံရဲ့ အသက်သွေးကြောဖြစ်သလို စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာကြောင့် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ အလုပ်သမားပြည်သူများအနေနဲ့ အလုပ်သမားတို့ရဲ့ ရပိုင်ခွင့် အခွင့်အရေး အပြည့်အဝရရှိနိုင်မယ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က တိုက်တွန်းထားပါတယ်။
========================
📌📌 ၅။ ဒုတိယ ပညာသင်ကာလ (Second Semester) ကျောင်းအပ်ရန် ကျန်ခဲ့ပါက ဇွန်လ၁၃ရက်နေ့နောက်ဆုံးထားဆက်သွယ်ရန် မြန်မာ့နွေဦးတက္ကသိုလ်အသိပေး
ဇွန်လ ၆ရက်
ဒုတိယ ပညာသင်ကာလ (Second Semester) ကျောင်းအပ်ရန် ကျန်ခဲ့ပါက ဇွန်လ၁၃ရက်နေ့နောက်ဆုံးထားဆက်သွယ်ရန် မြန်မာ့နွေဦးတက္ကသိုလ်မှ အသိပေးကြေညာပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ်တွင် ဖွင့်လှစ်နေသော နိုင်ငံရေးသိပ္ပံဒီပလိုမာသင်တန်း ဒုတိယပညာသင်ကာလ (Second Semester)ကို ၂၀၂၅ ခုနှစ် ဇွန်လ (၇) ရက်နေ့တွင် စတင်မယ်လို့သိရပါတယ်။
သင်တန်းအချိန်ဇယားနှင့် သင်တန်း group linkအသစ်ကို email မှတဆင့် ပေးပို့မှာဖြစ်ပြီးတော့ဒုတိယ ပညာသင်ကာလ (Second Semester) ကျောင်းအပ်ရန် ကျန်ခဲ့ပါက DPS mail - dps@mnou.moeedu.orgကို ဇွန် လ ၁၃ (သောကြာနေ) နောက်ဆုံးထား ဆက်သွယ်ရန်နှိုးဆော်ထားပါတယ်။
========================
📌📌 ၆။ သဘာဝဘေး ကူညီကယ်ဆယ်ရေးပစ္စည်းများကို အကြမ်းဖက်စစ်အုပ်စုက လက်နက်သဖွယ် အလွဲသုံးစား အမြတ်ထုတ်မှု ထပ်မဖြစ်အောင် ကာကွယ်တားဆီးဖို့ လူမှုအဖွဲ့တွေ တိုက်တွန်း
ဇွန်လ ၆ရက်
အကြမ်းဖက် စစ်အုပ်စုက နိုင်ငံရေးနှင့် စစ်ရေးအတွက် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို လက်နက်သဖွယ် အလွဲသုံးစားလုပ် အမြတ်ထုတ်နေတာတွေ ထပ်မဖြစ်အောင် ကာကွယ်တားဆီးကြဖို့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက တိုက်တွန်း ပြောဆိုလိုက်ပါတယ်
လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှု ရပ် ဆိုတဲ့ လူထုလှုပ်ရှားမှု ကြေညာချက်ကနေ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ငလျင်ဒဏ်သင့်ပြည်သူတွေကိုပေးတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အကြမ်းဖက် စစ်အုပ်စုက နိုင်ငံရေးနဲ့ စစ်ရေးမှာ လက်နက်အဖြစ် အလွဲသုံးစားလုပ် အမြတ်ထုတ်နေတာကို တားဆီး ကာကွယ်ဖို့၊ ငလျင်ဘေးသင့် ပြည်သူတွေဆီ အကူအညီတွေ တိုက်ရိုက်ရောက်ရှိစေဖို့ လူသားချင်းစာနာမှု အကူအညီများ အား လက်နက်အနေဖြင့် အသုံးချမှု ရပ်” STOP WoA ဆိုတဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ရတာဖြစ်ပြီး လူသားချင်းစာနာမှု အကူအညီတွေကို လက်နက်သဖွယ် အသုံးချခံရမှုတွေကနေ ရပ်တန့်စေနိုင်မယ့် နည်းလမ်းတွေလုပ်ဆောင်ဖို့ နိုင်ငံတကာ အစိုးရများ၊ အာဆီယံ၊ ယူအန် အေဂျင်စီတွေနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ (INGOs) တွေကို စည်းရုံး လှုံဆော် တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုကို ပြည်သူလူထုနဲ့အတူ ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဇွန်လ ပထမပတ်က နေ နောက်ဆုံးအပတ်ထိ ပူးပေါင်းဆောင်ရွက်မယ်လို့ အသိပေးထားပါတယ်။
Stop WoA လူထုလှုပ်ရှားမှုဟာ ၂ဝဝ၈ မှာဖြစ်ခဲ့တဲ့ နာဂစ်၊ ၂ဝ၂၃ မှာဖြစ်ခဲ့တဲ့ မိုခါနဲ့ ၂ဝ၂၄ မှာဖြစ်ခဲ့တဲ့ ရာဂီမုန်တိုင်း တုန်းက လို့ ပြည်သူလူထု နာကျင်ခံစားရတာတွေကို အသုံးချပြီး စစ်အုပ်စုက အမြတ်ထုတ်ခဲ့တဲ့ လုပ်ရပ်မျိုး သမိုင်းတပတ် လည်မလာအောင် ကာကွယ်တားဆီးနိုင်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ရည်ရွယ်ထားပါတယ်။
၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း၊ ၂၀၂၃ ခုနှစ် မိုခါဆိုင်ကလုန်းနဲ့ ၂၀၂၄ ခုနှစ် ယာဂီတိုင်ဖွန်မုန်တိုင်းတုန်းက အရပ်သားပြည်သူ တွေ သဘာဝဘေးအန္တရာယ်ကြုံနေရချိန်မှာ စစ်အုပ်စုဟာ နိုင်ငံရေးနဲ့စစ်ရေးထိန်းချုပ်လိုတဲ့အတွက် လူသားချင်း စာနာမှု အကူအညီပေးသူတွေကို နှောင့်ယှက်တာ၊ ပိတ်ပင်တာ လက်နက်သဖွယ်အသုံးချတာတွေ ပြုလုပ်ခဲ့ပြီး အခု စစ်ကိုင်းငလျင် လှုပ်ခတ်ပြီးချိန်မှာလည်း အဲဒီလိုလုပ်နေတာမျိုးတွေနေရတယ်လို့ ဆိုပါတယ်။
တရားမဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုက အဓမ္မ ကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲမှာလည်း လူသားချင်း စာနာမှု အကူအညီတွေကို နိုင်ငံရေးနဲ့ စစ်ရေးမှာ လက်နက်သဖွယ် အလွဲသုံးစားလုပ် အမြတ်ထုတ်လာနိုင်တဲ့အတွက် စစ်အုပ်စုကတဆင့် ပေးပို့နေတဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီ ငွေကြေးတွေဟာ သွေးစွန်းငွေ မဖြစ်လာစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အထူးသတိထားဖို့ အရပ်ဘက်အဖွဲ့တွေက သတိပေးထားပါတယ်။
ဒါကြောင့် နိုင်ငံတကာ အစိုးရတွေနဲ့ အဖွဲ့အစည်းတွေကပေးပို့တဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေဆီ အမှန်တကယ် ရောက်ရှိစေရေး ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်တွေနဲ့အတူ ပြည်သူလူထုအနေနဲ့လည်း STOP WoA လူထုလှုပ်ရှားမှုမှာ မိမိတို့ပါဝင်နိုင်မယ့် နည်းလမ်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိုနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီကို လေးလသက်တမ်းတိုး
ဇွန်လ ၆ရက်
မန္တလေးတိုင်းလွှတ်တော်အထူးအစည်းအဝေး (၂/၂၀၂၅) ကို ၂၀၂၅ခုနှစ် ၊ ဇွန်လ (၆) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ခေါ်ယူကျင်းပခဲ့ပါတယ်။
မန္တလေးတိုင်းလွှတ်တော် ယာယီဥက္ကဌအဖြစ် မလှိုင်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီတာငြိမ်းက တာဝန်ယူဆောင်ရွက်ခဲ့ကာ တက်ရောက်ခွင့် ရှိသူ တိုင်းလွှတ်တော် ကိုယ်စားလှယ် (၈၄) ရာခိုင်နှုန်း ကျော် တက်ရောက်ခဲ့ပါတယ်။
တိုင်းလွှတ်တော်အစည်းအဝေးတွင် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိုနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ လေးလသက်တမ်းတိုးခြင်းကို တိုင်းလွှတ်တော် ကိုယ်စားလှယ် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး ဦးကိုမောင်က ဖတ်ကြားတင်သွင်းပြီး တက်ရောက်လာသူ တိုင်းလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကန့်ကွက်သူမရှိ တညီတညွတ်တည်းသဘောတူ အတည်ပြု ဆုံးဖြတ်ခဲ့ပါတယ်။
ဆက်လက်ပြီး တိုင်းလွှတ်တော် ယာယီဥက္ကဌ က မန္တလေးတိုင်း လွှတ်တော် ကိုယ်စားပြု ကော်မတီ တွင် ဖွဲ့စည်းထားသော ဥပဒေရေးရာကော်မတီ ၊ ပြည်သူ့ရေးရာ နှင့် လူမှုရေးဆိုင်ရာကော်မတီ ၊ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ ကော်မတီ တို့တွင် တိုင်းလွှတ်တော် ကိုယ်စားလှယ်များ တာဝန်ယူ ပူးပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းနှိုးဆော် ဖိတ်ခေါ်ခဲ့ပါတယ်။
========================
📌📌 ၈။ ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ်နိုင်ငံတို့က ကန့်ကွက်ခဲ့ပေမယ့် စစ်ကောင်စီကို Article 33 နဲ့ အရေးယူဖို့ ILO က ဆုံးဖြတ်မှုဟာ မြန်မာပြည်သူလူထုရဲ့ အောင်ပွဲအဖြစ် NUG ကြိုဆို
ဇွန်လ ၆ရက်
အကြမ်းဖက်စစ်အုပ်စုနဲ့ တကမ္ဘာလုံးကို နိုင်ထက်စီးနင်းပြုပြီး အနိုင်ကျင့်ဖို့ ကြိုးစားနေတဲ့ ရုရှား၊ ဘီလာရုစ်၊ လာအို၊ တရုတ် စတဲ့ နိုင်ငံတွေက ကန့်ကွက်ခဲ့ကြပေမယ့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO က စစ်ကောင်စီကို Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တာဟာ မြန်မာပြည်သူလူထုရဲ့ အောင်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG အလုပ်သမားဝန်ကြီးဌာနက ကြိုဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံမှာ ILO က အခြေခံ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အထူးသဖြင့် ILO ရဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် နဲ့ စုရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ နဲ့ အဓမ္မ အလုပ်ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ တို့ကို ကျူးလွန်ချိုး ဖောက်နေတာတွေကြောင့် Article 33 အရ စစ်ကောင်စီကို အရေးယူရန် ဆုံးဖြတ်ချက် ချမှတ်လိုက်တာကို NUG အလုပ်သမားဝန်ကြီးဌာနက ထောက်ခံ ကြိုဆိုလိုက်တာဖြစ်ပါတယ်။
ILO ရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့ အောင်ပွဲဖြစ်ပြီး မြန်မာပြည်သူလူထုက နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး စစ်တပ်ရဲ့ သေနတ်ကျည်ဆံတွေအပြင် နည်းမျိုးစုံနဲ့ ဖိနှိပ်မှုများ၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ၊ အရပ်သားပြည်သူလူထုနဲ့ စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေအပေါ် ဗုံးကြဲတိုက်ခိုက်မှုများ ကြားထဲက ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ခြင်းကနေ ရရှိခဲ့တဲ့ ပြည်သူ့အောင်ပွဲဖြစ်တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကိုယ်စား မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA/ CTUM က ဦးမောင်မောင် ညီလာခံ အဖွင့်အမှာစကားပြောကြားရာမှာ စစ်အုပ်စုကို အရေးယူနိုင်ရေး ဆုံးဖြတ်ချက် ချမှတ်နိုင်ဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ဆိုပါတယ်။
စစ်အုပ်စုကို Article 33 အရ အရေးယူတာဟာ လက်စားချေခြင်း မဟုတ်ဘဲ မြန်မာပြည်သူလူထု ဂုဏ်သိက္ခာ၊ တရားမျှတ မှု၊ မြန်မာပြည်သူလူထု တိုးတက်ရေး၊ ဘဝပြန်လည်တည်ဆောက်ရေးအတွက်ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယ ကိုယ်စားလှယ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ သုံးပွင့်ဆိုင်အဖွဲ့ဝင် အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုး MLA/ CTUM က ပြောကြားခဲ့ပါတယ်။
ILO ညီလာခံကို မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ပြီး အစိုးရ၊ လုပ်ငန်းရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများနဲ့ အခြေခံအခွင့်အရေးများ ပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွေမှာ အခုလို သမိုင်းတွင်မယ့် ဆုံးဖြတ်ချက်တရပ် ချမှတ်လိုက်ခြင်းဟာ မြန်မာပြည်သူလူထုအပေါ် တကမ္ဘာလုံးနဲ့ ILO တို့က မျက်ကွယ်ပြုမထား ဘူးဆိုတာ မျက်မြင်သက်သေပြလိုက်တာပဲလို့ NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာ့အလယ်မှာ ဖော်ထုတ် ပြသနိုင်ခဲ့တာဖြစ်သလို မြန်မာပြည်သူလူထုနဲ့အတူ ILO အဖွဲ့ဝင်နိုင်ငံတွေက အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စား လှယ်တွေ နိုင်ငံတကာမှာရှိနေတဲ့ အလုပ်သမားများ၊ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များ၊ ခေါင်းဆောင်များဟာ မြန်မာပြည်သူ တွေနဲ့အတူ တသားတည်း ရပ်တည်နေတယ်ဆိုတာ ပြသခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သပိတ်ကျင်းမြို့နယ်က ကျက်ရိုးပင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး အရပ်သား ၄ဦး ဒဏ်ရာရ
ဇွန်လ ၆ရက်
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ကျက်ရိုးပင်ရွာဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်း ကနေ တိုက်ခိုက်တဲ့အတွက် ဘုန်းကြီးတပါးပျံလွန်တော်မူပြီး အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့ ဇွန်လ ၅ ရက် ညနေ ၅ နာရီ ၁၇ မိနစ်ခန့်အချိန်မှာ တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ကျက်ရိုးပင် ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်သွားတာလို့ ဆိုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတပါး ပျံလွန်တော်မူပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး တဦး ဒဏ်ရာရ သွားတယ်လို့ အသိပေးပါတယ်။
အခုလ ၁ ရက်နေ့ မနက်ပိုင်းတုန်းကလည်း အကြမ်းဖက်စစ်တပ်ရဲ့ ဂျက်ဖိုက်တာတစင်းက သပိတ်ကျင်းနယ်ထဲက ၄ မိုင် ကန်သာ စာသင်ကျောင်းကို ပေါင် ၅ဝဝ ဗုံးသီးတလုံး ကြဲချခဲ့တာကြောင့် ကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့ရပါသေးတယ်။
အခုလို အကြမ်းဖက်စစတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဝေးတဲ့နေရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်နိုင်ရေး ပုန်းခိုကျင်း တွေ တူးထားကြဖို့လည်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာပြီး အိမ် ၂လုံး ပျက်စီး
ဇွန်လ ၆ရက်
အပစ်ရပ်သက်တမ်းတိုးထားတဲ့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ၂ ရက်ဆက် ပစ်ခတ်နိုက်ခိုက်တာကြောင့် နောင်ချိုမြို့နယ်က အရပ်သားပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၂လုံးနဲ့ ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
ဇွန်လ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့ ဈေးရပ်ကွက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး အိမ် ၂ လုံးနဲ့ ကမ္ဘောဇကျောင်းတိုက် ဘုန်းကြီးကျောင်း လက်နက်ကြီးကျည် ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အတူ ဇွန်လ ၃ ရက် မနက် ၉ နာရီခန့်အချိန်မှာလည်း စစ်ကောင်စီတပ်က ရေဖြူကျေးရွာကနေ ဂန့်ဂေါကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံးပစ်ချခဲ့ပြီး ညနေ ၄ နာရီခန့်အချိန်မှာ ကန်ကြီးကျေးရွာကို ဒရုန်းနဲ့ တကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ညီနောင်မဟာမိတ် ၃ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့ တိုက်ပွဲဖြနေရာတွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ တဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ်တလ သက်တမ်းထပ်တိုးထားမယ်လို့ ဇွန်လ ၂ရက်နေ့မှာ ထုတ်ပြန်ကြေညာထားတာကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ဆက်လက်ဗုံးကြဲတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
ဒါကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိနေဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ မတူပီ - မင်းတပ်လမ်း ပြုပြင်နေတာကြောင့် ဇွန်လ ၁၅ ရက်နေ့အထိ သွားလာတာမျိုးမလုပ်ဖို့ CDF – Matupi အသိပေး
ဇွန်လ ၆ရက်
ချင်းပြည်နယ်တောငပိုင်းမှာရှိတဲ့ မတူပီ - မင်းတပ်လမ်းကို ပြုပြင်နေတာကြောင့် ဒီလ ဇွန်လ ၆ ရက်နေ့ကနေ ဇွန်လ ၁၅ ရက်နေ့အထိ လုံးဝ ဖြတ်သန်းသွားလာခြင်း မလုပ်ကြဖို့ မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ ချင်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ CDF – Matupi က ဇွန်လ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
မတူပီပြည်သူလူထုရဲ့ ကုန်စည်စီးဆင်းရာအဓိကလမ်းဖြစ်တဲ့ မတူပီ - မင်းတပ်လမ်း မိုင်တိုင် ၉၁ မှာ ယိုယွင်းပျက်စီးနေတဲ့ အတွက် MRO/CDF – Matupi အနေနဲ့ ပြုပြင်တဲ့ကာလကို မေလ ၂၂ ရက်ကနေ ဇွန်လ ၅ ရက်နေ့အထိ သတ်မှတ်ခဲ့ပေမယ့် မိုးသည်းထန်နေတာကြောင့် လုပ်ငန်းမပြီးနိုင်သေးဘဲ ဆက်လက်ပြုပြင်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မတူပီ - မင်းတပ်လမ်းပိုင်းမှာ သွားလာနေတဲ့ ယာဉ်တွေအားလုံး ဇွန်လ ၁၅ ရက်နေ့အထိ အသုံးမပြုကြသေးဖို့ အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မတူပီမြို့ကို CDF – Matupi ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပြီး မြို့အုပ်ချုပ်ရေးလုပ်ငန်းတွေကိုလည်း CDF – Matupi က ဆက်လက်ဆောင်ရွက်နေ တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment