၂၀၂၅ ဇွန်လ ၁၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံမှစာသင်ကျောင်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေအတွက် အိမ်နီးချင်း နိုင်ငံတွေနှင့် နိုင်ငံတကာတိုင်းပြည်တွေ ပူးပေါင်းပါဝင်ပေးကြဖို့ NUGကဖိတ်ခေါ်
📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံသူ၊နိုင်ငံသားအပေါင်းတို့အား မေတ္တာရပ်ခံတိုက်တွန်းချက်ကို NLDပါတီထုတ်ပြန်
📌 ၃။ ”မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုတွေကိုမေ့မပစ်ဖို့ အရေးကြီးတယ်"လို့ဆို
📌 ၄။ တအာင်းပြည်ကောင်စီ (Taang Land Council TLC) ကို ဖွဲ့စည်း မှုကိုအထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု - GSCB အနေဖြင့် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်
📌 ၅။ ဆားလင်းကြီးမြို့နယ် မီးလင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
📌 ၆။ ချင်းပြည်နယ်၊တွန်းဇံမြို့အနီး၊ ရစ်ခ်တာစကေး ၄.၁ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပုလဲမြို့နယ်မှာ လေကြောင်းပစ်တိုက်ခိုက်နေတဲ့ ဂျက်ဖိုက်တာ တစ်စီးပျက်ကျ
🚩 ၂။ ရန်ကုန် မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ
🚩 ၃။ ပုဂံ-ဘီလူး အမည် သုံး၍ အလှူခံနေမှုများအပေါ် သတိပြုရန်အသိပေးထုတ်ပြန်
🚩 ၄။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆,၇၈၇)ဦး ရှိခဲ့ပြီဖြစ်
🚩 ၅။ အညာမြေ ဗုံးခိုကျင်းကမ်ပိန်း၄၀ရါခိုင်နှုန်းရရှိထား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာနိုင်ငံမှစာသင်ကျောင်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေအတွက် အိမ်နီးချင်း နိုင်ငံတွေနှင့် နိုင်ငံတကာတိုင်းပြည်တွေ ပူးပေါင်းပါဝင်ပေးကြဖို့ NUGကဖိတ်ခေါ်
ဇွန်လ ၁၀ရက်
မြန်မာနိုင်ငံမှစာသင်ကျောင်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေအတွက် အိမ်နီးချင်း နိုင်ငံတွေနှင့်နိုင်ငံတကာတိုင်းပြည်တွေ ပူးပေါင်းပါဝင်ပေးကြဖို့ NUGကဖိတ်ခေါ်လိုက်ပါတယ်။
“ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။
"မြန်မာနိုင်ငံမှာ ကလေးငယ်တွေလုံခြုံစိတ်ချစွာ အသက်အန္တရာယ်ကင်းရှင်းစွာ ပညာသင်ယူနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေအတွက် အိမ်နီးချင်းနိုင်ငံတွေ၊နိုင်ငံတကာတိုင်းပြည်တွေ၊ကလေးသူငယ်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းဖိတ်ခေါ်လိုပါတယ်။မြန်မာနိုင်ငံက ကလေးငယ်တွေ လွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်ကို မဆုံးရှုံးစေဖို့အတွက် ခေတ်မီလေကြောင်း အချက်ပေးစနစ်တွေ၊ဗုံးကြဲဒဏ်ခံနိုင်တဲ့ ခိုလှုံရာနေရာတွေအရေးတကြီးလိုအပ်နေတာဖြစ်ပါတယ်"လို့ပြောပါတယ်။
မေလ ၁၂ရက် ဒီပဲယင်းမြို့နယ် အိုးတိန်ကွင်းကျေးရွာစာသင်ကျောင်းကို စကစလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့ဆရာ၊ဆရာမ၂၄ဦးသေဆုံးခဲ့ပြီး ၁၀၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၂။ ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံသူ၊နိုင်ငံသားအပေါင်းတို့အား မေတ္တာရပ်ခံတိုက်တွန်းချက်ကို NLDပါတီထုတ်ပြန်
ဇွန်လ ၁၀ရက်
ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာနိုင်ငံသူ၊နိုင်ငံသားအပေါင်းတို့အား မေတ္တာရပ်ခံတိုက်တွန်းချက်ကို NLDပါတီမှ ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအား ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အပြည့်အဝအာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် နိုင်ငံရေးနည်းလမ်းများဖြင့် စွန့်လွှတ်စွန့်စား ကြိုးပမ်းဆောင်ရွက်မှုများကြောင့် စစ်အာဏာရှင်အဆက်ဆက်တို့၏ ဥပဒေမဲ့ မတရားဖမ်းဆီးအကျဉ်းကျခံခဲ့ရသည်မှာ ၁၉၈၉ ခုနှစ်ဇူလိုင် ၂၀ ရက်နေ့မှ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့အထိ ကာလအတွင်း ၁၅ နှစ် ၄ လ ခန့် ရှိခဲ့ပြီး ကမ္ဘာကျော် ဒီပဲယင်းအရေးအခင်းကဲ့သို့ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုများလည်းအကြိမ်ကြိမ်ရှိခဲ့တယ်လို့ဖော်ပြပါတယ်။
ကိုယ်ကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ်ကို ထူထောင်လိုသော အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥပဒေမဲ့ အာဏာသိမ်းကာ ရွေးကောက်ပွဲအနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားသည်မှာ ယနေ့ဆိုလျှင် ၁၅၉၀ ရက်တိတိ ရှိပြီဖြစ်တယ်လို့ဖော်ပြပါတယ်။
မတရားအကျဉ်းကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးသည် တိုင်းပြည် အနာဂတ်အတွက် အရေးပါဆုံးသောလုပ်ငန်းစဉ်တခု အဖြစ်ခံယူပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားချစ်မြတ်နိုးသောသူများအနေဖြင့် လုပ်ငန်းနှစ်ရပ်ကို ပါဝင်ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏အသက် ၈၀ ပြည့်မွေးနေ့ဖြစ်သော ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ၊မနက် ၈ နာရီတိတိတွင် မိမိတို့နေအိမ်တွင်း (သို့) ရောက်ရှိရာအဆောက်အဦးအတွင်း၌ မိမိတို့ကိုးကွယ်ယုံကြည်ရာ ဓလေ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကိုဆန္ဒပြုလျက် ဆုတောင်းမေတ္တာပို့ခြင်းကို ၈ မိနစ်ကြာဆောင်ရွက်ပေးကြရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် Mr. Kim (ခ) ဦးထိန်လင်း ဦးဆောင်သော မွေးနေ့ဆုတောင်း စကားပြောခြင်းအစီအစဉ် Happy Birthday SUU Video Challenge၌ ပါတီဝင်ထု တရပ်လုံးနှင့် ပြည်တွင်းပြည်ပရှိ နိုင်ငံသားအပေါင်းတို့ အပြည့်အဝ ပူးပေါင်းပါဝင်ပေးကြရန် မေတ္တာရပ်ခံတိုက်တွန်း အပ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၃။ ”မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်၏ ကျူးလွန်မှုတွေကိုမေ့မပစ်ဖို့ အရေးကြီးတယ်"လို့ဆို
ဇွန်လ ၁၀ရက်
"မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကျူးလွန်မှုတွေကို မေ့မပစ်ဖို့အရေးကြီးတယ်"လို့ အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဥ္ဇာမောင်က ဆိုရှယ်မီဒီယာမှာအသိပေးဆိုထားပါတယ်။
"မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ကျူးလွန်မှုတွေထဲက စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားပြစ်မှတ်အဖြစ် လေကြောင်းနဲ့ အစုလိုက်အပြုံလိုက်လူသတ်ပွဲတွေထဲကတချို့ကို ဒီဗီဒီယိုမှာ ဖော်ပြလိုက်ပါတယ်။စစ်အာဏာသိမ်းကာလ ၂၀၂၁ ခုနစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနစ် မေလကုန်အထိ သေဆုံးသူကလေးဦးရေဟာ ၁၁၆၂ဦး ရှိခဲ့ပါပြီ။ ပြည်သူတွေ မမေ့ဖို့ အရေးကြီးပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာစစ်ကိုင်း၊မကွေး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အပါအဝင်ကရင်နီဒေသတွေကိုနေ့စဥ်ရက်ဆက်လေကြောင်းကတိုက်ခိုက်လျက်ရှိပါတယ်။
========================
📌📌 ၄။ တအာင်းပြည်ကောင်စီ (Taang Land Council TLC) ကို ဖွဲ့စည်း မှုကိုအထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု - GSCB အနေဖြင့် အထူးပင် ဂုဏ်ယူ ဝမ်းမြောက်
ဇွန်လ ၁၀ရက်
၂၀၂၅ ခုနှစ်၊ ဇွန်လ (၉)ရက်တွင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၏ ထုတ်ပြန်ကြေညာချက်မှတဆင့် တအာင်းပြည်ကောင်စီ (Taang Land Council TLC) ကို ဖွဲ့စည်းပြီးကြောင်း ထုတ်ပြန်ကြေညာခြင်းကို သိရှိရသဖြင့် အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု - GSCB အနေဖြင့် အထူးပင်ဂုဏ်ယူ မ်းမြောက်မိတယ်လို့ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့ အထိ (၃) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော တအာင်းအမျိုးသားပါတီ (TNP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) နှင့် တအာင်း အရပ်ဖက်အစုအဖွဲ့များ ဟူသည့် အစုအဖွဲ့ (၃)ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ စုစုပေါင်း (၈၃) ဦး တက်ရောက်သော တအာင်းနိုင်ငံရေး အတိုင်ပင်ခံ ကော်မတီ (TPCC) ၏ နိုင်ငံရေး ထိပ်သီးအစည်းအဝေးကြီး၌ တအာင်းပြည် တော်လှန်ရေးကာလ အစိုးရအစီအမံကို အတည်ပြုနိုင်ခဲ့၍ တအာင်းပြည်၏ တော်လှန်ရေး ကာလတွင် အမြင့်ဆုံး နိုင်ငံရေး အာဏာပိုင် အဖွဲ့အစည်းအဖြစ် တအာင်းပြည် ကောင်စီ (Taang Land Council TLC)ကို ဖွဲ့စည်း ဆောင်ရွက်ရန် တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခဲ့ခြင်းတို့အပေါ် ရွှင်လန်းအားတက်ရတယ်လို့ဆိုပါတယ်။
၂၀၂၅ ခုနှစ်အတွင်း၌ တအာင်းပြည်ကောင်စီအနေဖြင့် ရည်ရွယ်ထားသည့်အတိုင်း တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်နိုင်ပါစေကြောင်းကိုလည်း ဆုမွန်ကောင်း ပို့သအပ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ ဆားလင်းကြီးမြို့နယ် မီးလင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
ဇွန်လ ၁၀ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျေးရွာများရှိ မီးလင်းရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာမီးကော်မတီများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒများ၊ ညွှန်ကြားချက်များ လိုက်နာရန် ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့နောက် ကျေးရွာမီးကော်မတီများနှင့် လိုင်းမန်းများလိုက်နာရမည့် စာစောင်များ ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးစာစောင်များလည်း ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၆။ ချင်းပြည်နယ်၊တွန်းဇံမြို့အနီး၊ ရစ်ခ်တာစကေး ၄.၁ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့
ဇွန်လ ၁၀ရက်
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၁၁:၅၈ မိနစ်အချိန်ခန့်တွင် ချင်းပြည်နယ်၊တွန်းဇံမြို့အနီး၊ မော်လိုက်မြို့၏အနောက်-အနောက်တောင်ဘက် ၃၁ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၁ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUGလူသားစာနာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
ငလျင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပုလဲမြို့နယ်မှာ လေကြောင်းပစ်တိုက်ခိုက်နေတဲ့ ဂျက်ဖိုက်တာ တစ်စီးပျက်ကျ
ဇွန်လ ၁၀ရက်
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာ လေကြောင်းပစ်တိုက်ခိုက်နေတဲ့ ဂျက်ဖိုက်တာ တစ်စီးပျက်ကျခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပုလဲမြို့နယ်မှာ လေကြောင်းပစ်တိုက်ခိုက်နေတဲ့ ဂျက်ဖိုက်တာ တစ်စီးပျက်ကျခဲ့တယ်လို့ UnionLiberationFron tယင်းမာပင်မြို့နယ် ပကဖလက်ရုံးတပ်ကလည်း အသိပေးကြေညာထားပါတယ်။
"ပုလဲနယ် လေကြောင်းတိုက်ခိုက်နေတဲ့ ဂျက်ဖိုက်တာ တစ်စီး မွန်းလွဲ၁၂နာရီ၁၇အချိန် မှာ ပျက်ကျသွားတာ confirm ပါ။ အခုပဲ မောင်စိုးကြီး တိုက်ပွဲတွင်းကနေ သတင်း လှမ်းပို့တာပါ"လို့ ULFကထောက်ပို့ အမေစုနိုင်ကလည်း ပြောပါတယ်။ပုလဲနယ်ကိုစစ်ကူလာတဲ့ စကစတပ်ရဲ့ဂျက်ဖိုက်တာတစီးဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်များကလည်းအတည်ပြုထားကြပြီး ပျက်ကျတဲ့လေယာဥ်မီးလောင်နေတဲ့ဗီဒီဖိုင်များလည်းပေါ်ထွက်ခဲ့ပါတယ်။
"ယနေ့ ဇွန်လ ၁၀ ရက် နေ့လယ် ၁၂:၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA မှ စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစင်းကို ပစ်ချနိုင်ခဲ့တယ်"လို့ PLAကလည်းအသိပေးဆိုထားပါတယ်။။
========================
🚩🚩 ၂။ ရန်ကုန် မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ
ဇွန်လ ၁၀ရက်
ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ လေတပ်စခန်းဌာနချုပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦးသေ ဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military – SRDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားတယ်လို့ ရန်ကုန်ခေတ်သစ်သတင်းဌာနမှ ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီခန့်အချိန် မှော်ဘီမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ် စခန်းဌာနချုပ်ကို အိုးထိန်းတွင်းရွာ စစ်ဆင်ရေးအဖြစ် Jammer ကျော်ဖြတ်နိုင်သော အဆင့်မြင့် အသေခံ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လေတပ်စခန်းကင်းစင်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး စစ်ဗိုလ် မိုးဝေကျော်နှင့် စစ်ကောင်စီ တပ်သား ဖြိုးကိုကိုတို့ သေဆုံးခဲ့ကြောင်း သိရသည်။
“Jammer ကျော်တဲ့ Suicide Drone နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ၊ မှော်ဘီလေတပ်ရဲ့ ကင်းစခန်းကို ထိ ချက်ကောင်း ကောင်း ထိမှန်ပေါက်ကွဲခဲ့ပါတယ်။ လေကြောင်းရဲဘက်က တပ်သားဖြိုးကိုကို သေ တယ်၊ ဗိုလ်မိုးဝေကျော်လည်း သေတယ်၊ အတည်ပြုလို့ရပြီ။ တပ်သားဖြိုးကိုကိုက ၇၅၇ ရခိုင်ရှေ့ တန်း စစ်မြေပြင်ကနေ ပြောင်းရွှေ့ခံလိုက်ရသူလို့ သိထားပါ တယ်။နောက်ပြီးတော့ စခမိသားစု ၆ ဦးလည်း ထိတယ်။ သေ၊ မသေတော့ မသိရဘူး။ ထိတာတွေက အတွင်းလူ တွေချည်းပဲ။ ပြည်သူတွေမပါဘူး” ဟု ပြည်သူ့ကာကွယ် ရေးတပ် မတော် Civilian Military – SRDF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military – SRDF နှင့် ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းတို့ ပူးပေါင်းကာ အိုးထမ်းတွင်းရွာ စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယခုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီသတင်းဌာနများက ပြည်သူအချို့ ထိခိုက် ဒဏ်ရာရရှိသည်ဟု ဝါဒဖြန့်ချိနေကြောင်း၊ တိုက်ခိုက်ခဲ့သည့် ရဲဘော်များအနေဖြင့် စစ်ဆင်ရေးမှတ် တမ်းများကို သေချာစွာ လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိသည်ကို အတည်ပြုနိုင်ကြောင်း အသိပေးထားသည်။
========================
🚩🚩 ၃။ ပုဂံ-ဘီလူး အမည် သုံး၍ အလှူခံနေမှုများအပေါ် သတိပြုရန်အသိပေးထုတ်ပြန်
ဇွန်လ ၁၀ရက်
ပုဂံ-ဘီလူး အမည်သုံး၍ အလှူခံနေမှုများအပေါ် ညောင်ဦးမြို့နယ်အတွင်းမှ မိဘပြည်သူများသိရှိစေရန် အထူးသတိပေးခြင်းဖြစ်တယ်လို့ ဇွန်လ၁၀ရက်နေ့မှာ ဆိုပါတယ်။
ယခုရက်ပိုင်းအတွင်း ညောင်ဦးမြို့နယ် ပကဖဟု၍သောလည်ကောင်း ၊ ပုဂံ-ဘီလူး အမည် သုံး၍သော် လည်ကောင်း၊ကိုဇီး အဖွဲ့ပါဟု၍ပြော၍သော်လည်ကောင် နည်းလမ်းအမျိုးမျိုးဖြင့် ကျွန်တော်တို့ အဖွဲ့ နာမည်ကို အလွဲသုံးစားလုပ်၍ ကျေးရွာများတွင် အလှူခံနေသည်ဟု သိရှိရတယ်လို့ဆိုပါတယ်။ပြည်သူများသိရှိစေရန်အလို့ငှာ အဖွဲ့၏ဘီလူးပုံပါ အလံအားကိုင်ဆောင်ထားပြီးအကျီပုခုံး တံစပ်များတွင်လည်း ဘီလူးလိုဂို ပါရှိတယ်လို့ဆိုပါတယ်။အဖွဲ့ နာမည်ကိုအသုံးပြု၍ ပုံမှားရိုက် အလှူခံနေသည်ဟုသိရှိရသောကြောင့် ပြည်သူများ သိရှိစေရန် တင်ပြပေးခြင်းဖြစ်တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၄။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆,၇၈၇)ဦး ရှိခဲ့ပြီဖြစ်
ဇွန်လ ၁၀ရက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၈၇) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉,၂၅၄) ဦးရှိပြီး ထိုအထဲမှ (၂၂,၁၁၅) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀,၇၉၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
========================
🚩🚩 ၅။ အညာမြေ ဗုံးခိုကျင်းကမ်ပိန်း၄၀ရါခိုင်နှုန်းရရှိထား
ဇွန်လ ၁၀ရက်
အညာမြေ ဗုံးခိုကျင်းကမ်ပိန်း၄၀ရါခိုင်နှုန်းရရှိထားတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့ ကအသိပေးဆိုပါတယ်။
"40% ရရှိထားပါပြီ ကလေးငယ်များ လုံခြုံစွာပညာသင်ကြားနိုင်ဖို့ ဆက်လက် ပါဝင်ပေးကြပါအုံး"လို့ ဆိုပါတယ်။
ကမ်ပိန်းအသေးစိတ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့လူမှုကွန်ရက်တွင်ဖော်ပြထားပြီး ကမ်ပိန်းကိုမေလ၁၅ရက်မှဇွန်လ၁၅ရက်အထိ သတ်မှတ်ထားပါတယ်။
အကြမ်းဖက်စကစရဲ့လေကြောင်းရန်ကိုကာကွယ်ရန်စီမံချက်များချမှတ်၍ အမျိုးသားညီညွတ်ရေးအစိုးရကဆောင်ရွက်နေပြီး လေကြောင်းရန်ကာကွယ်ရေးစီမံချက်များ ကျောင်းတိုင်းတွင်ရှိ၊မရှိစစ်ဆေးမှာဖြစ်ကြောင်းသိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment