၂၀၂၅ ဇွန်လ ၁၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တော်လှန်ရေး အောင်မြင်ဖို့လိုအပ်ချက်ကို မေးခွန်းထုတ်သုံးသပ်မိကြောင်း NUGနိုင်ငံခြားရေးဝန်ကြီးဆို
📌 ၂။ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတို့တွင် ဥပဒေရုံးများဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရားရေးဝန်ကြီးအသိပေးဆို
📌 ၃။ သမ္မတရုံး၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးကျော်ဇော်အသိပေး
📌 ၄။ ”၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] (စနစ်ဟောင်း ဒသမတန်း) Complaint Form ကို ဇွန်လ၁၇ရက်နေ့ပိတ်သိမ်းမည်
📌 ၅။ မွန်ပြည်နယ်ဖက်ဒရယ် ပညာရေးကောင်စီဖွဲ့စည်း
📌 ၆။ Safe Hospital, Safe Healthcare ကမ်ပိန်းအမေရိကန်ဒေါ်လာ၂သိန်းကျော်၅၈ရာခိုင်နှုန်းရရှိထား
📌 ၇။ ယူကေနိုင်ငံ လန်ဒန်မြို့ရှိ စကစသံရုံးရှေ့တွင် မြန်မာအင်အားစုများ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမည်
📌 ၈။ မြန်မာပြည်သူများ၏အိပ်မက်များနှင့် မျှော်လင့်ချက်အသံများကို ဇွန်လ ၂၇ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ quote card series တွင် နားဆင်နိုင်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီ လက်အောက်ခံ ZRA တပ်ဖွဲ့က စခန်းတခုကို CDF ပူးပေါင်းတပ်တွေ သိမ်းပိုက်
🚩 ၂။ ပုလဲမြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေပြီးကျေးရွာ ၂၀ ခန့်မှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေကြ
🚩 ၃။ ဖားကန့်က အရပ်သားပိုင် စက်ယန္တရားတွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီး
🚩 ၄။ ဖယ်ခုံနဲ့ ညောင်ရွှေမြို့နယ်အစပ်က ဖယ်ခုံအင်းအရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေရှိ
🚩 ၅။ ပေါက်ခေါင်းမြို့နယ်အတွင်း ရွာစဉ်လှည့် မီးရှို့နေတဲ့ အင်အား ၁ဝဝ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ၁ဝ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရ
🚩 ၆။ ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာကို စစ်တပ်က ဗုံးကြဲရာမှာ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ Cluster ဗုံး အသုံးပြုခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် ထုတ်ပြန်
🚩 ၇။ ကရင်နီပြည်၊လွိုင်ကော်မြို့အနီးမှာ(စကစ)စစ်ကြောင်းကို တော်လှန်ရေးတပ်များပိတ်ဆို့တိုက်ခိုက်ရာ စကစတပ်များဆုံးရှုံးထိခိုက်၍လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တော်လှန်ရေး အောင်မြင်ဖို့လိုအပ်ချက်ကို မေးခွန်းထုတ်သုံးသပ်မိကြောင်း NUGနိုင်ငံခြားရေးဝန်ကြီးဆို
ဇွန်လ ၁၁ရက်
တော်လှန်ရေးအောင်မြင်ဖို့လိုအပ်ချက်ကို မေးခွန်းထုတ်သုံးသပ်မိကြောင်း NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။
"အခုရက်ပိုင်း တွေးမိနေတဲ့ တော်လှန်ရေးအတွေးတွေထဲမှာ အခြေအနေအရပ်ရပ်တွေ ၊ စစ်ရေး နိုင်ငံရေး ကမ္ဘာ့အရေး အခြေအနေအရပ်ရပ်တွေထဲ ဖြတ်သန်းတာဝန်ထမ်းဆောင်ရင်း အထပ်ထပ်တွေး မိမေးမိ နေတာက တော်လှန်ရေးအောင်မြင်ဖို့ ဘာတွေများလိုအပ်နေသေးတာလဲဆိုတဲ့မေးခွန်းပါပဲ ။ ဒီ အတွေးနဲ့ ကိုယ့်ကိုကိုယ်လည်း သုံးသပ်၊ လိပ်ပတ်လည်အောင်လည်း အရပ်ရပ်အခြေအနေတွေကို တဖြတ် တပိုင်း break ရတိုင်း သုံးသပ် ဆင်ခြင်နေမိတဲ့ အခါ အဓိပတိ ၄ ပါး - ဆိုတာ ခဏခဏ ဆင်ခြင်မိတဲ့ တရားဖြစ်လာတယ်"လို့ဆိုပါတယ်။
ဆန္ဒာဓိပတိ၊ ဝီရိယာဓိပတိ၊ စိတ္တဓိပတိ၊ ဝီမံသာဓိပတိ ၊အဓိပတိ (၄) ပါးဟာ ဟန်ချက်ညီနေဖို့လိုအပ်ပြီး အစွန်းထွက်လို့မရဘူးဆိုတာကို ဆင်ခြင်မိကြောင်း ၄င်းကဆိုထားပါတယ်။
နွေဦးတော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များဟာ မဟာဗျူများရေးဆွဲချမှတ်အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး ရရှိဝင်ငွေရဲ့၉၀ရါခိုင်နှုန်းကျော်ကို စစ်ရေးအတွက်အသုံးပြုလျက်ရှိပါတယ်။
========================
📌📌 ၂။ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတို့တွင် ဥပဒေရုံးများဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရားရေးဝန်ကြီးအသိပေးဆို
ဇွန်လ ၁၁ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးအမှတ်စဥ် (၁/၂၀၂၅) အခမ်းအနားမှာ တရားရေးဝန်ကြီး ဦးသိန်းဦးမှ အခုလိုဆိုထားပါတယ်။
"ယခုဆိုလျှင် စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတို့တွင် ဥပဒေရုံးများဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ဥပဒေတာဝန်ခံများအနေဖြင့် မိမိတို့၏ လုပ်ပိုင်ခွင့်နှင့်အနေအထားများကို သေချာစွာ သိရှိနားလည်ပါက ပြည်သူလူထုကို များစွာအကျိုးပြုနိုင်သူများဖြစ်ကြကြောင်း၊ ယခုအချိန်တွင် အကြမ်းဖက်စစ်အုပ်စုမှာ ကျဆုံးခန်းသို့ ရောက်ရှိနေပြီး တော်လှန်ရေး အင်အား စုများမှာ အောင်ပွဲများစွာရရှိနေသော ကာလဖြစ်သောကြောင့် မကြာမီ အနှေးနှင့်အမြန် အသွင်ကူးပြောင်းရေးကာလကို ဆောင်ရွက်ကြရတော့မည် ဖြစ်သောကြောင့် တရားရေးဝန်ကြီးဌာနအနေဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဆရာဖြစ်သင်တန်းများကိုလည်း ဆောင်ရွက်ပေးခဲ့ပြီး သင်တန်းဆရာ/ဆရာမများစွာကိုလည်း မွေးထုတ်ထားပြီးဖြစ်ကြောင်း"ဝန်ကြီးကဆိုပါတယ်။
တော်လှန်ရေးကာလတွင် တရားဥပဒေစိုးမိုးရေးနှင့်အညီ ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ်အား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန်မှာ အလွန်အရေး ကြီးပြီး အာဏာဖြင့်ကာကွယ်ပေးရန် မဟုတ်ပဲ ဥပဒေနှင့်အညီကာကွယ်ပေးရန်လည်း အရေးကြီးကြောင်း ဝန်ကြီးကထပ်မံဆိုပါတယ်။
ဆက်လက်၍ ဥပဒေတာဝန်ခံများမှ မေးမြန်းထားသော ကြိုတင်မေးခွန်းများအား ပြည်ထောင်စုဝန်ကြီးဦးသိန်းဦးနှင့်တကွ သက်ဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များမှ ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် အခမ်းအနားအစီအစဉ်အရ အထွေထွေလုပ်ငန်းကိစ္စရပ်များဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၃။ သမ္မတရုံး၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက်ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးကျော်ဇော်အသိပေး
ဇွန်လ ၁၁ရက်
သမ္မတရုံး၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဦးကျော်ဇော်မှ အသိပေးဆိုလာပါတယ်။
ဇွန်လ၁၀ရက်သတင်းထုတ်ပြန်ချက်အရ"ယနေ့မှစတင်၍ ကျွန်တော် ဦးကျော်ဇော်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူတာဝန်မှ ရပ်နားကာ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှု နှင့် ပေါင်းစပ်ညှိနှိုင်းရေး တာဝန်များကို လုပ်ဆောင်သွားမယ်"လို့ အသိပေးဖော်ပြပါတယ်။
လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း ကျွန်ုပ်အား သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယုံကြည်စွာ အပ်နှင်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ အစိုးရအဖွဲ့ဝင်များနှင့် သမ္မတရုံးအတွင်းဝန်တို့အား အထူးပင် ကျေးဇူးတင်ရှိအပ်တယ်လို့လည်းဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နှင့် နွေဦးတော်လှန်ရေးအပေါ် ထားရှိသည့် ကတိကဝတ်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကာ ကျွန်တော် တာဝန်ယူလုပ်ဆောင်သွားမည့် အခန်းကဏ္ဍအသစ်သည် နိုင်ငံတော်ယာယီသမ္မတ၏ မျှော်မှန်း ဆောင်ရွက်ချက်များကို မြှင့်တင်ပေးကာ သမ္မတရုံး၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက် ပါဝင်လုပ်ဆောင်သွားမယ်လို့ဦးကျော်ဇော်ကဆိုထားပါတယ်။
========================
📌📌 ၄။ ”၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] (စနစ်ဟောင်း ဒသမတန်း) Complaint Form ကို ဇွန်လ၁၇ရက်နေ့ပိတ်သိမ်းမည်
ဇွန်လ ၁၁ရက်
"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] (စနစ်ဟောင်း ဒသမတန်း) Complaint Form ဇွန်လ၁၇ရက်နေ့ပိတ်သိမ်းမည်ဖြစ်ကြောင်းဇွန်လ၁၀ရက်ပညာရေးဝန်ကြီးဌာနကအသိပေးနှိုးဆော်ထားပါတယ်။BECA (စနစ်ဟောင်း ဒသမတန်း) Complaint Form တင်သွင်းလိုကြသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ သတိပြုမိနိုင်ရန် ကြိုတင်အသိပေးနှိုးဆော်အပ်တယ်လို့ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်၊ မေလ (၁၇) ရက်နေ့က စတင်ဖွင့်လှစ်ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] (စနစ်ဟောင်း ဒသမတန်း) Complaint Form'' တင်သွင်းနိုင်သည့်ကာလသည် လာမည့် "၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့" တွင်သတ်မှတ်ကာ လပြည့်မည်ဖြစ်ပါသောကြောင့် Complaint Form တင်သွင်းနိုင်သည့်အစီအစဥ် ပိတ်သိမ်းတော့မည် ဖြစ်ကြောင်းနှင့်"အချိန်ကာလ (၇) ရက်" သာ ကျန်ရှိတော့ကြောင်း ကြိုတင်အသိပေးနှိုးဆော်အပ်တယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၅။ မွန်ပြည်နယ်ဖက်ဒရယ် ပညာရေးကောင်စီဖွဲ့စည်း
ဇွန်လ ၁၁ရက်
မွန်ပြည်နယ်ဖက်ဒရယ် ပညာရေးကောင်စီကို အောင်မြင်စွာဖွဲ့စည်းပြီးကြောင်း ဇွန်လ(၁၀)ရက်အသိပေးဆိုပါတယ်။
မွန်ပြည်နယ် ဖက်ဒရယ်ပညာရေးကောင်စီကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁)ရက် နေ့တွင် ဖွဲ့စည်းခဲ့ပြီး မွန်ပြည်နယ်ဖက်ဒရယ်ပညာရေးကောင်စီသည် စုံလင်ကွဲပြားမှုကိုလက်ခံပြီး လူ့အခွင့်အရေးကို အခြေခံသော ဖက်ဒရယ်ပညာရေးယန္တရား ပေါ်ပေါက်စေရေး၊ ဒေသန္တရသင်ရိုးများပါဝင်သည့် ပညာရေးစနစ် ဖြစ်ထွန်းလာရေး ကျား/မ လူမျိုးဘာသာမရွေး အခွင့်အရေးတန်းတူ ရရှိစေရေး၊ ပညာရေး CDM နိုင်ငံ့ဝန်ထမ်းများ၊ CDM ကျောင်းသား/သူများ၊ ပညာရေးလုပ်သားများအားလုံးနှင့် သက်ဆိုင်သောမူဝါဒရေးဆွဲရေး၊ ပြည်နယ်ယူနစ်တစ်ခုအတွင်း ပြည်နယ်အလိုက် ဗလငါးတန်ပြည့်ဝပြီး ဘက်စုံစွမ်းဆောင်ရည်ပြည့်ဝသော ပညာရေး ကျွမ်းကျင်ပညာရှင်များ ဖြစ်လာရေး၊ ကလေးများအားလုံးအကျုံးဝင်သည့် ပညာရေးဝန်ဆောင်မှုများပေးစွမ်းနိုင်ရေး၊ သက်မွေးပညာရပ်များနှင့် ပညာရေးသုတေသန လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ပြည်နယ် ယူနစ်အတွင်း ပညာရေးလုပ်ငန်းများကို ချိတ်ဆက်ဆောင်ရွက်နိုင်ရေး စသည့်မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။
မွန်ပြည်နယ်ဖက်ဒရယ်ပညာရေးကောင်စီကို အဆင့်မြင့်ပညာကဏ္ဍ၊သက်မွေးပညာကဏ္ဍ၊အခြေခံပညာကဏ္ဍ၊ကျောင်းသားများကဏ္ဍ(အဆင့်မြင့်/အခြေခံ)၊တိုင်းရင်းသားပညာရေးကဏ္ဍ၊အခြားအစုအဖွဲ့ ကဏ္ဍ တို့ဖြင့် ဖွဲ့စည်းခဲ့ပါတယ်။
========================
📌📌 ၆။ Safe Hospital, Safe Healthcare ကမ်ပိန်းအမေရိကန်ဒေါ်လာ၂သိန်းကျော်၅၈ရာခိုင်နှုန်းရရှိထား
ဇွန်လ ၁၁ရက်
Safe Hospital, Safe Healthcare ကမ်ပိန်းအမေရိကန်ဒေါ်လာ၂သိန်းကျော်(၅၈)ရာခိုင်နှုန်းရရှိထားတယ်လို့ NUGကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။
SafeHospitalSafeHealthcareကမ်ပိန်းကို အမေရိကန်ဒေါ်လာ ၄ သိန်းရည်မှန်းချက်ထားက Campaign ကာလ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။
ဇွန်လ၁၀ရက်နေ့အထိ အလှူငွေ လက်ခံရရှိမှုအခြေအနေမှာ အမေရိကန်ဒေါ်လာ ၂၃၄,၂၀၈ ဒေါ်လာဖြစ်ပြီး စုစုပေါင်း(၅၈)ရာခိုင်နှုန်းရထားပြီလို့ဆိုပါတယ်။
မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန်ဆက်လက် ပါဝင်ကူညီလှူဒါန်းကြဖို့ ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၇။ ယူကေနိုင်ငံ လန်ဒန်မြို့ရှိ စကစသံရုံးရှေ့တွင် မြန်မာအင်အားစုများ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမည်
ဇွန်လ ၁၁ရက်
ယူကေနိုင်ငံ လန်ဒန်မြို့ရှိ စကစသံရုံးရှေ့တွင် မြန်မာအင်အားစုများက အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမည်ဖြစ်ကြောင်း Myanmar unit Movementမှ အသိပေးဆိုပါတယ်။
ယခုလာမည့် ဇွန်လ ၁၇ရက် အင်္ဂါနေ့တွင် ၂ပါတ်ခြားပြုလုပ်နေကြ စကစသံရုံးရှေ့တွင် ဆန္ဒပြကြပါမယ်။အာဏာရှင်တွန်းလှန်လိုသူများ လာရောက်နိုင်ပါတယ်လို့ ဖော်ပြထားပါတယ်။
စကစသံရုံးရှေ့တွင် အာဏာရှင်မောင်းထုတ်ရေး ဟစ်ကြွေးဆန္ဒပြခြင်းနှင့်အတူ တော်လှန်ရေးစိတ်ဓါတ်ခွန်အားများ ခိုင်မာမှုအပြည့်အဝပိုမိုရှိစေဖို့ရန်အတွက်၊ အကျဉ်းချခံနေရသော အမေစုကို သတိရတန်ဖိုးထားလျက် မြန်မာတပြည်လုံးလွတ်မြောက်ရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
ဇွန်လ ၁၇ရက် အင်္ဂါနေ့ ၁၁ နာရီမှ ၁၂:၁၅နာရီ ထိ စကစသံရုံးတည်ရာ 19a Charles St, London W1J 5DXမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
========================
📌📌 ၈။ မြန်မာပြည်သူများ၏အိပ်မက်များနှင့် မျှော်လင့်ချက်အသံများကို ဇွန်လ ၂၇ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ quote card series တွင် နားဆင်နိုင်
ဇွန်လ ၁၁ရက်
မြန်မာပြည်သူများ၏အိပ်မက်များနှင့် မျှော်လင့်ချက်အသံများကို ဇွန်လ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ quote card seriesမှာ နားဆင်နိုင်ကြောင်း UN HumanRights Asia က ဆိုရှယ်မီဒီယာမှာဖော်ပြပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းခဲ့သည့်အချိန်မှစ၍ လူ့အခွင့်အရေးအခြေအနေများ ဆိုးရွားဆုတ်ယုတ်နေသော်လည်း မြန်မာပြည်သူပြည်သားများသည် ကောင်းမွန်သော ဒီမိုကရေစီအနာဂတ်အတွက် မျှော်လင့်ချက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။
၎င်းတို့၏ အိပ်မက်များနှင့် မျှော်လင့်ချက်အသံများကို ဇွန်လ ၂၇ ရက်နေ့တွင် တင်ပြမည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ quote card series တွင် နားဆင်နိုင်တယ်လို့အသိပေးထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီ လက်အောက်ခံ ZRA တပ်ဖွဲ့က စခန်းတခုကို CDF ပူးပေါင်းတပ်တွေ သိမ်းပိုက်
ဇွန်လ ၁၁ရက်
ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ ဇိုမီးတပ် - ZRA တပ်ဖွဲ့ရဲ့ တပ်စခန်းတခုကို ချင်းဒေသကာကွယ်ရေးတပ် CDF - တွန်းဇံက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ် လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
တွန်းဇံမြို့နယ် မွာလ်ကွေရွာအနီးက ZRA တပ်ဖွဲ့ရဲ့ စစ်စခန်းကို CDF တွန်းဇံနဲ့ ပူးပေါင်းတပ်ဖွဲ့က ဇွန်လ ၉ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ ZRA တပ်ဖွဲ့ဝင် ၂ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး သေနတ် ၄ လက်၊ ဒရုန်း ၂ စင်း၊ ဆိုင်ကယ် ၇ စီး၊ ကားတစီးနဲ့ ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ZRA တပ်ဖွဲ့ဟာ မြန်မာ-အိန္ဒိယ နယ်စပ်ဒေသတွေမှာ လှုပ်ရှားနေပြီး စစ်ကောင်စီက လက်နက်တပ်ဆင်ပေးတာအပါအဝင် စစ်ကောင်စီနဲ့ စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်တယ်လို့ ချင်းတော်လှန်ရေးတပ်တွေက အသိပေးထုတ်ပြန် ထားပါတယ်။
တွန်းဇံမြို့နယ်ကို ချင်းဒေသကာကွယ်ရေးတပ်တွေက ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ ထံကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ZRA တပ်ဖွဲ့တွေဟာ တွန်းဇံမြို့ကို ပြန်လည်ရရှိဖို့ CDF-Tonzang နဲ့ ချင်းလဲန်းကောင်စီတပ်ဖွဲ့ ကို မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းကလည်း တွန်းဇံမြို့ကို ZRA တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့တာရှိပြီး အထိနာသွားတဲ့ ZRA တပ်ဖွဲ့ဟာ တပ်ပြန်ဆုတ်ချိန်မှာ ဇိုမျိုးနွယ်စုနေထိုင်တဲ့ နတ်ဇံရွာနဲ့ ဘွေန်မွလ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြ တယ်လို့ ဒေသတွင်းသတင်းတွေနဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၂။ ပုလဲမြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေပြီးကျေးရွာ ၂၀ ခန့်မှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေကြ
ဇွန်လ ၁၁ရက်
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေပြီးကျေးရွာ ၂၀ ခန့်မှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေကြတယ်လို့ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဆိုထားပါတယ်။
ပုလဲမြို့နယ်အတွင်း ကန့်ဒေါင့်စခန်းနှင့် ဇီးဖြူကုန်း ပျူစခန်းတို့ အား စခန်းသိမ်းတိုက်ပွဲများ ဖေါ်ဆောင်နေပြီးPLAအပါအဝင် မဟာမိတ်များနှင့်ပေါင်းကာ ကန့်ဒေါင့်စကစစခန်းအားဇွန်လ ၂ရက်နေ့မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
MOD တပ်ရင်းတပ်ဖွဲ့များ၊ ပကဖတပ်ဖွဲ့များမှ ဇီးဖြူကုန်းပျူစခန်းအား ဇွန်လ၁၀ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဇွန်လ၁၀ရက်နေ့လည် ၁၂:၁၅နာရီအချိန်တွင် ဇီးဖြူကုန်းပျူစခန်းအနီး ရဲဘော်များအား ဂျက်ဖိုက်တာ ၂စီး ဖြင့် ဗုံးလာကျဲစဉ် MOD တပ်ရင်းတပ်ဖွဲ့များဘက်မှရော PLA ရဲဘော်များဘက်ကပါ ပွိုင့်ဖိုက် စက်သေနတ်ကြီးများဖြင့် ၂နေရာခွဲပစ်ခတ်ခဲ့ရာ ဒုတိယ ဂျက်ဖိုက်တာအားထိမှန်ပြီး ဇီးဖြူကုန်း ကျေးရွာ အရှေ့တောင်ဘက် ၃မိုင်ခန့်အကွာ ကျေးရွာရှိ ဘုန်းကြီးကျောင်းထဲသို့ ပျက်ကျသွားခဲ့တယ်လို့ဖော်ပြပါတယ်။
ရန်သူစကစဘက်မှ သုံ့ပန်းများ၊ အလောင်းများ၊ လက်နက်များလည်း ရရှိထားပြီးစခန်းသိမ်းတိုက်ပွဲများအတွင်း အကြမ်းဖက်စကစဘက်မှ Y 12၊ ဂျက်ဖိုက်တာ၊ ပါရာမော်တာများဖြင့် ဗုံးအလုံးရေ ၅၀၀ ကျော် ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲများကြောင့် ဒေသခံ ကျေးရွာ ၂၀ ခန့်မှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေကြရကာတိုက်ပွဲများ ဆက်လက်အရှိမြင့်နိုင်သောကြောင့် ပြည်သူများဘေးကင်းရာသို့ တိမ်းရှောင်နေကြဖို့ရာလည်း မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၃။ ဖားကန့်က အရပ်သားပိုင် စက်ယန္တရားတွေကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီး
ဇွန်လ ၁၁ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲကို ရောက်ရှိနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကျောက်စိမ်းလုပ်ကွက်တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေရာ မနေ့ ဇွန်လ ၁၀ ရက် နေ့လယ်ပိုင်းကလည်း မှော်စီစာကျေးရွာမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တခုက စက်ယန္တရားတွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဖားကန့် မှော်စီစာမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တခုက စက်ယန္တရားတွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တဲ့ ရုပ်သံမှတ်တမ်းတခု လူမှုကွန်ရက်ပေါ်ပျံ့နှံနေတာနဲ့ပတ်သက်လို့ အခုလို ပြောဆိုတာဖြစ်ပါတယ်။
ကာမိုင်း - လုံးခင်း - ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ မေလ ၂၉ ရက်မှာ ဖားကန့် ဒေသကိုရောက်ရှိလာပြီး ကျောက်စိမ်းလုပ်ကွက်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်တပ် စစ်ကြောင်းကို KIA နဲ့ KPDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး စစ်အုပ်စုဘက်က ၁၈ ဦးထက်မနည်း သေဆုံးသွားတယ်လို့ စစ်ရေးသတင်းတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ ဒေသတွင်းစစ်ရေးအခြေအနေတင်းမာနေတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ဖို့နဲ့ စစ်တပ်စစ်ကြောင်းတွေအန္တရာယ်ကို သတိပြုကြဖို့ KIA KPDF ပူးပေါင်းတပ်ဖွဲ့က သတိပေးထားပါတယ်။
========================
🚩🚩 ၄။ ဖယ်ခုံနဲ့ ညောင်ရွှေမြို့နယ်အစပ်က ဖယ်ခုံအင်းအရှေ့ခြမ်းမှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေရှိ
ဇွန်လ ၁၁ရက်
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်ပါးစေ PNO/PNA ပြည်သူ့စစ်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဖယ်ခုံနဲ့ ညောင်ရွှေ မြို့နယ်အစပ်က ဖယ်ခုံအင်းအရှေ့ခြမ်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေ ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ သတင်းပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ဇွန်လတွင်း ဖယ်ခုံမြို့နယ်အစပ်တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာမှုအခြေအနေတွေနဲ့ပတ်သက်လို့ အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ စစ်တပ်လက်ပါးစေတပ်ဖွဲ့ဖြစ်တဲ့ PNO/PNA ပြည်သူ့စစ်တို့ ဖယ်ခုံအင်းအရှေ့ခြမ်းက တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ရာ ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို အင်အားအလုံးအရင်းနဲ့ ဇွန်လ ၂ ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဟာ လက်ရှိအချိန်ထိဖြစ်နေပြီး တပတ်တာကာလအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်ကျဆုံးမှုတွေရှိခဲ့ရာမှာ အကြမ်းဖက် PNO/PNA ပြည်သူ့စစ်ဘက်က ၅ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က ထိုးစစ်ဆင်နေတဲ့ ရှမ်းတောင်-ကရင်နီနယ်စပ်ဒေသ ကုန်းသာကျေးရွာမှာလည်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်နဲ့ ဖယ်ခုံ PDF 1006 တပ်ရင်းတို့ စစ်ရေးလှုပ်ရှားတာတွေရှိနေတဲ့အတွက် ဖယ်ခုံမြို့နယ် တဝှမ်းမှာ စစ်ရေးအခြေနေတွေ တင်းမာလာနိုင်ချေရှိတယ်လို့ ဆိုပါတယ်။
အခုလို တိုက်ပွဲတွေနဲ့ စစ်ရေးအခြေနေ တင်းမာနေတဲ့ကာလမှာ စစ်ကောင်စီတပ်က အများပြည်သူနေထိုင်ရာ ဖယ်ခုံမြို့နယ် အတွင်းက ကျေးရွာတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့ အဆက်အပြတ်ပစ်ခတ်နေတာ တွေကြောင့် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၆ ဦးအထိရှိခဲ့ကာ အများစုဟာ ကလေးငယ်နဲ့ အမျိုးသမီးငယ်တွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီလက်အောက် PNO/PNA ပြည်သူ့စစ်တွေရဲ့ ဦးဆောင်လမ်းပြမှုနဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းတွေဟာ သူတို့ရောက်တဲ့ ကျေးရွာတွေက အရပ်သားပြည်သူတွေကို အတင်းအကြပ် စစ်မှုထမ်းစေခြင်း၊ ငွေကြေး အတင်းအဓမ္မတောင်းခံတာတွေ ပြုလုပ်နေတဲ့အပြင် ညှင်းပန်းနှိပ်စက်တာတွေ လည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တိုက်ပွဲဖြစ်နေရာ အနီးဝန်းကျင်မှာရှိတဲ့ မိဘပြည်သူများအနေနဲ့ ကာကွယ်ရေးတပ်တွေဘက်က အသိပေး ထုတ်ပြန်ထားတဲ့ စစ်ရေးသတိပေးချက်တွေကို လိုက်နာဆောင်ရွက်ပေကြဖို့ ပြည်သူကာကွယ်ရေးတပ်မတော် ရှမ်းတောင်စစ်ဒေသ ဗျူဟာ ၁၄ သတင်း ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
========================
🚩🚩 ၅။ ပေါက်ခေါင်းမြို့နယ်အတွင်း ရွာစဉ်လှည့် မီးရှို့နေတဲ့ အင်အား ၁ဝဝ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ၁ဝ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရ
ဇွန်လ ၁၁ရက်
ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်အတွင်းမှာရှိတဲ့ ရွာတွေကို ရွာစဉ်လှည့် မီးရှို့နေတဲ့ အင်အား ၁ဝဝ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ၁ဝ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ပြောပါတယ်။
ပေါက်ခေါင်းမြို့နယ်ထဲက သိုက်ချောင်းရွာ၊ ကွမ်းအုံစုရွာ၊ အိုင်စောက်ရွာ၊ မြေနီကုန်းရွာ၊ သဖန်းကိုင်းရွာ၊ ဒလမဲရွာ၊ မရိုးကျွန်းရွာ၊ ပြန်ချီတက်ရွာ စတဲ့ရွာတွေကို ရွာစဉ်လှည့်မီးရှို့ပြီး ပေါင်းတည်မြို့နယ်အပိုင် ညောင်ပင်ရွာကထွက်လာတဲ့ အင်အား ၁ဝဝ ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၃ ရက်နေ့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၂ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ဟာ နေ့လည် ၃ နာရီကျော်အချိန်မှာ တောင်ငူလေတပ်ကတက်လာတဲ့ ဂျက် ဖိုက်တာ ၂စင်းနဲ့ ဗုံးသီး ၆ လုံးချ တိုက်ခိုက်ခဲ့သလို ညနေ ၅ နာရီအချိန်မှာလည်း ပြည်မြို့ဘက်ကတက်လာတဲ့ စက်တပ် လေထီး ၂ စင်းကလည်း ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာရှိပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူး လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ကဘက်က အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် တိုက်ပွဲပြီးချိန်မှာ စစ်ကောင်တပ် ဘက်က အသုံးပြုတဲ့ ၆ဝ မမ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ MA1၂ လက် MA 3 ၆လက်၊ လက်ပစ်ဗုံး ၂လုံး၊ ကျည်ဘောက် ၃ ခု၊ MA1 ကျည်ဘောက် ၅ ခု၊ MA3 ကျည်ဘောက် ၂ ခု၊ ၅ ပွိုင့် ၅၆ ကျည် ၅၆ တောင့်၊ ၇ ပွိုင့် ၆၂ ကျည် ၁၆ တောင့်၊အိုင်ကွန် တလုံး၊WY စိတ်ကြွဆေး ၁၅ဝ ပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ တယ်လို့ အသိပေးပါတယ်။
ရွာစဉ်လှည့် မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ဗျူဟာ ၂၁ လက်အောက်ခံ ၃၆၀၁ တပ်ရင်း၊ ၃၆၀၂ တပ်ရင်းရုံး၊ တပ်ခွဲ ၃၊ တပ်ခွဲ ၄၊ ပြည်ခရိုင် ပကဖ၊ ပေါက်ခေါင်း ပကဖနဲ့ တပ်ရင်း ၃၈၀၁ တပ်ရင်း တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့၊ တပ်ခွဲ ၆ ဧရာညီနောင်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၆။ ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာကို စစ်တပ်က ဗုံးကြဲရာမှာ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ Cluster ဗုံး အသုံးပြုခဲ့တယ်လို့ KNU ဒူးပလာယာခရိုင် ထုတ်ပြန်
ဇွန်လ ၁၁ရက်
မူလတန်းအရွယ် ကလေးငယ် ၃ ဦး အပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးစေခဲ့တဲ့ ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာက နေအိမ်စာသင်ကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲရာမှာ နိုင်ငံတကာက ပိတ်ပင်ထားတဲ့ Cluster ဗုံးအမျိုးအစားကို စစ်ကောင်စီက အသုံးပြုခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်မှာ စစ်ကောင်စီတပ်က ကျုံဒိုးမြို့နယ် ပိုင်ရပ်ကျေးရွာကို နေပြည်တော်မှာရှိ တဲ့ လေတပ် တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းက အိမ်တွေမှာ ပညာသင်ယူနေကြတဲ့ အသက် ၆ နှစ်နဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး၊ အသက် ၇ နှစ်အရွယ် ကလေးငယ်တဦး၊ အသက် ၄၀ အရွယ် ကျောင်းဆရာမတဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသား တဦး သေဆုံးခဲ့တဲ့ပြင် ကျောင်းသားကျောင်းသူ ၁၈ ဦးအပါအဝင် ၂၂ ဦး ဒဏ်ရာရကာ အိမ် ၁၀ လုံးနဲ့ ဘုန်းကြီးကျောင်း ဆောင် တဆောင် ထိမှန်ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်တွေနဲ့ ဒဏ်ရာရသွားတဲ့ ကလေးငယ်တွေဟာ Grade 1 နဲ့ Grade 2 မှာ ပညာသင်ကြားနေတဲ့ မူလတန်းကျောင်းသား ကျောင်းသူတွေဖြစ်ပြီး မိဘတွေဟာ ထိုင်းနိုင်မှာ အလုပ်လုပ်ကိုင်နေကြတဲ့အတွက် အဖိုးအဖွားတွေ ဆွေမျိုးတွေတဲ့ နေထိုင်ကြသူတွေလို့ ဆိုပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဟာ အပြစ်မဲ့ပြည်သူတွေကို ရန်သူသဖွယ် ပစ်မှတ်ထားပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ဘာသာရေးအဆောက်အအုံတွေ ပြည်သူ့ဆေးရုံ ဆေးခန်းတွေ စာသင်ကျောင်းနဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ နေထိုင် တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လိုက်လံဗုံးကြဲ သတ်ဖြတ်နေတာလို့ KNU က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ကရင်နီပြည်၊လွိုင်ကော်မြို့အနီးမှာ(စကစ)စစ်ကြောင်းကို တော်လှန်ရေးတပ်များပိတ်ဆို့တိုက်ခိုက်ရာ စကစတပ်များဆုံးရှုံးထိခိုက်၍လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့
ဇွန်လ ၁၁ရက်
ကရင်နီပြည်၊လွိုင်ကော်မြို့အနီးမှာ(စကစ)စစ်ကြောင်းကို တော်လှန်ရေးတပ်များပိတ်ဆို့တိုက်ခိုက်ရာ စကစတပ်များဆုံးရှုံးထိခိုက်၍လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ပါတယ်။
ဇွန်လ၁၁ရက်စစ်ရေးသတင်းကို ကရင်နီပြည်သူ့လွတ်မြောက်ရေးတပ်မတော်(KPLA)ကအတည်ပြုဖော်ပြပါတယ်။
ဇွန်လ(၅)ရက်နေ့ကကရင်နီပြည်၊လွိုင်ကော်မြို့အနီးမှာ (စကစ)စစ်ကြောင်းကို(ကလလတ)ဗျူဟာ(၂) အမှတ်(၉၄၂၂)တပ်ရင်း KNDFဗျူဟာ(၂)တို့အပြင် ကရင်နီတပ်ပေါင်းစုတို့ ပိတ်ဆို့တိုက်ခိုက်ရာလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။သိမ်းဆည်းလက်နက်များနဲ့အတူရဲဘော်များကမှတ်တမ်းဓာတ်ပုံများထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment