၂၀၂၅ ဇွန်လ ၁၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံ အနာဂတ်နဲ့သက်ဆိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတိုင်း ပြည်သူလူထုဆန္ဒ အကျိုးစီးပွားနဲ့ ကိုက်ညီဖို့ လိုတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
📌 ၂။ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တဦး ကျဆုံး
📌 ၃။ အထွေထွေထိုးစစ်အတွက် "မကွေးဆီသို့" ကမ်ပိန်းတွင် ပြည်သူများ၏ပူးပေါင်းပါဝင်ပါဝင်ရန်CRPH - OFPကတိုက်တွန်း
📌 ၄။ အရာတော်မြို့နယ်တွင်းရှိ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြန်လည်စိစစ်ကာ တံဆိပ်တုံးပေးအပ်ခဲ့
📌 ၅။ နိုင်ငံခြားငွေ (၁၀) မျိုးကို ၈ ဂဏန်းသုံးပြီး SDB မှာ လဲလှယ်ဖို့ဖိတ်ခေါ်
📌 ၆။ Australia နိုင်ငံရဲ့ မြို့ (၃)မြို့ဖြစ်တဲ့ Sydney, Melbourne နှင့် Adelaide မြို့တို့မှာ What happened to the wolf? ရုပ်ရှင်ကိုပြသမည်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖားကန့်မှာ စစ်တပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်
🚩 ၂။ နမ္မတူမြို့နယ် မန်လီရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်တွေ ပျက်စီး
🚩 ၃။ KNU တပ်မဟာ ၇ ဌာနချုပ်ရုံးနယ်မြေကို စစ်ကောင်စီက အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်
🚩 ၄။ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်တပ် လုပ်ရပ်ကို KNU ပြင်းပြင်း ထန်ထန်ရှုတ်ချ
🚩 ၅။ ဇေယျဝတီမြို့ ဘူတာရုံနဲ့သကြားစက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုမှာ စစ်သား ၄ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာနိုင်ငံ အနာဂတ်နဲ့သက်ဆိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတိုင်း ပြည်သူလူထုဆန္ဒ အကျိုးစီးပွားနဲ့ ကိုက်ညီဖို့ လိုတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ပြော
ဇွန်လ ၁၂ရက်
နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ ဇွန်လ ၁ဝ ရက်ကကျင်းပတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ အလွတ်သဘော တင်ပြဆွေးနွေးတဲ့ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာသံအမတ်ကြီးက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
ဒီ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop က တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ လမ်းဖွင့်ထားပေမယ့် ပိုမိုကျယ်ပြန့်တဲ့ သဘောတူညီမှုတွေ လိုအပ်နေပြီး မြန်မာအရေး ဖြေရှင်းရာမှာ အပစ်ခတ်ရပ်စဲရေးရဲ့ အရေးပါမှု၊ အကြမ်းဖက်မှုလျှော့ချရေး၊ ပြည်သူများရဲ့ လိုအပ်ချက်ကို ဗဟိုပြု စဉ်းစားရေးနဲ့ အားလုံးပါဝင်တဲ့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ့်အကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အခြေခံလုပ်ငန်းစဉ်တွေချမှတ်နေချိန်မှာ အမျိုးသားညီညွတ်ရေးကိုဦးတည်တဲ့ ပြောင်းလဲဖန်တီးနိုင်တဲ့ ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို ဖော်ဆောင်နိုင်ဖို့ မိမိတို့ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကြား အတွင်းပိုင်းဆွေးနွေးမှုတွေ စတင်နေပြီလို့လည်း ဦးကျော်မိုးထွန်းက အသိပေးခဲ့ပါတယ်။
မြန်မာပြည်သူတွေကလည်း စစ်တပ်အနေနဲ့ မြန်မာ့နိုင်ငံရေးကနေ ထွက်ခွာပြီး အရပ်သားအစိုးရ လက်အောက်မှာရှိနေဖို့ ပြည်သူလူထုရဲ့ အခြေခံ လူ့အခွင့်အရေးခံစားခွင့်တွေ အပြည့်အဝရရှိဖို့ ဆန္ဒရှိနေတယ်လို့ မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။
ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ တာဝန်ယူရမှာဖြစ်တဲ့ပြင် မြန်မာအရေးကိစ္စကို ဖြေရှင်းနိုင်ရေးအတွက် ကုလသမဂ္ဂရဲ့ ပင်မအဖွဲ့အစည်းတွေဖြစ်တဲ့ အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီနဲ့ ILO ကဲ့သို့အထူး အေဂျင်စီတွေနဲ့ IIMM တို့အနေနဲ့ လည်း လုပ်ပိုင်ခွင့်အာဏာတွေကို တိကျပြတ်သားစွာ လုပ်ဆောင်သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
========================
📌📌 ၂။ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား တဦး ကျဆုံး
ဇွန်လ ၁၂ရက်
ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံ ကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ဒီနေ့ ဇွန်လ ၁၂ မှာ ထုတ်ပြန်ပါတယ်။
လှည်းကူးမြို့နယ် မြို့မရဲစခန်းမှာ ပုဒ်မ ၅၀ - ဈ နဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရတဲ့ ဦးကျော်စိုး (ခ) ဦးဇော်နှစ်ဟာ သာယာဝတီအကျဉ်းထောင်မှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရတဲ့ အတွက် နှလုံးရောဂါ၊သွေးတိုးရောဂါဝေဒနာတို့ကြောင့် အခုနှစ် မေလ ၂၃ ရက်နေ့မှာ ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလို ဆေးဝါးစောင့်ရှောက်မှု မလုံလောက်တာကြောင့် သေဆုံးခဲ့ရသူအရေအတွက်ဟာ အခုနှစ် ဇွန်လ ၁ ရက်နေ့အထိဆို ရင် ၁၀ ဦးအထိ ရှိလာခဲ့ပြီလို့ PPNM ရဲ့ စောင့်ကြည့်လေ့လာ စီစစ်မှုတွေအရ သိရပါတယ်။
မြန်မာနိုင်ငံက အကျဥ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမပေးတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းကျခံနေရသူတွေဟာ ရောဂါတွေဖြစ်နေပြီး ဆေးကုသခွင့်ဆုံးရှုံးနေတာကြောင့် ရောဂါအခံရှိသူတွေ ပိုမိုဆိုးရွားစွာ ခံစားနေရတာ သေဆုံးသင့်တဲ့အခြေနေမဟုတ်ဘဲ အသက်ပေးရတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ အထွေထွေထိုးစစ်အတွက် "မကွေးဆီသို့" ကမ်ပိန်းတွင် ပြည်သူများ၏ပူးပေါင်းပါဝင်ပါဝင်ရန်CRPH - OFPကတိုက်တွန်း
ဇွန်လ ၁၂ရက်
အထွေထွေထိုးစစ်အတွက် "မကွေးဆီသို့" ကမ်ပိန်းတွင် ပြည်သူများ၏ပူးပေါင်းပါဝင်ပါဝင်ရန်CRPH - OFPကတိုက်တွန်းပါတယ်။
"ကျနော်တို့ OFP fundraisers များနှင့် ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ လာမဲ့စစ်ဆင်ရေးတွေအတွက် ကုန်ကျစရိတ်ကြိုတင်စီစဉ်တဲ့အပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိတတ်ပါတယ်။ OFP fundraisers များ အနေနဲ့လည်း ဖြစ်လာနိုင်တဲ့ အခြေအနေတွေမှာပါဝင်လာနိုင်တဲ့ မြေပြင်ကတပ်ရင်းတပ်ဖွဲ့တွေကို တတ်နိုင်သမျှအားဖြည့်ပေးနိုင်မယ့်ကမ်ပိန်းတွေ ဖော်ဆောင်ပေးပါတယ်။ ဒါကြောင့် လက်ရှိမှာ မကွေးဆီသို့ ဆိုတဲ့ ကမ်ပိန်းလေးကို တာဝန်ခံဆောင်ရွက်ပေးနေတာပါ။ ရည်ရွယ်ချက်ကတော့ MOD အောက်က မကွေးတိုင်းအတွင်းမှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို ကျည်ကာ vest နဲ့ ဦးထုပ်တွေတပ်ဆင်ပေးနိုင်ဖို့ပါ။ ကမ်ပိန်းရည်မှန်းချက်ကတော့ အမေရိကန်ဒေါ်လာ ၂ သိန်းဖြစ်ပါတယ်။ များတယ်လို့ထင်ရပေမယ့် ပြည်သူအများရဲ့ပူပေါင်းပါဝင်မှုနဲ့ ပြည့်အောင်ဖြည့်စည်းပေးနိုင်မယ်လို့မျှော်လင့်သလို အားလုံးကို ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းလိုပါတယ်"လို့ OFP Fundraising Program ရဲ့ fundraisers တဦးကradioNUGကိုပြောပါတယ်။
မြန်မာပြည်အလယ်ပိုင်းမကွေးတိုင်းဒေသကြီးသည် ချင်း၊ စစ်ကိုင်း၊ ပဲခူးနှင့် ရခိုင်ပြည်နယ်များနှင့်ထိစပ်လျက်ရှိပြီး စစ်ရေးအရအရေးပါသောဒေသဖြစ်ကာ စစ်ကောင်စီ၏ လက်နက်စက်ရုံများက စစ်ရေးအရအရေးပါသလို ငွေစက္ကူထုတ်ရာ ဝါဇီကဲ့သို့ စီးပွါးရေးကို ကျားကန်ပေးနေသော စက်ရုံများ၊ ဆီချက်ရာဌာနများရှိရာဒေသလည်းဖြစ်ပါတယ်။
"တနိုင်ငံလုံးအတိုင်းအတာဖြင့် ရေချိန်မြင့်တက်လာပြီဖြစ်သော တော်လှန်ရေးအရွေ့တွင် မကွေးတိုင်းအတွင်းမှ မဟာဗျူဟာမြောက်စစ်ဆင်ရေးများအတွက် ကျည်ကာနှင့် ဦးထုပ်များမှာ ပြည်သူ့ကာကွယ်ရေးတပ်သား PDF များအတွက် အခြေခံကျသော လိုအပ်ချက်တခုဖြစ်ပြီး အနာဂတ်ကာလ၏ လူသားအရင်းအမြစ်များကို အကာအကွယ်ပေးနိုင်သော ထောက်ပံ့ကူညီမှုလည်းဖြစ်ပါတယ်"လို့ ကမ်ပိန်းစီစဥ်သူ CRPH - OFP fundraiser တဦးမှထပ်မံပြောပါတယ်။
========================
📌📌 ၄။ အရာတော်မြို့နယ်တွင်းရှိ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြန်လည်စိစစ်ကာ တံဆိပ်တုံးပေးအပ်ခဲ့
ဇွန်လ ၁၂ရက်
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများသည် ဇွန်လ ၁၀ ရက်က မြို့နယ်တွင်းရှိ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ပြန်လည်စိစစ်ကာ တံဆိပ်တုံးပေးအပ်ခဲ့ပါတယ်။ထို့နောက်ကျေးရွာအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံကာ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူထိခိုက်သေဆုံးမှုများ လျော့နည်းစေရန်အတွက် အိမ်တိုင်း ဗုံးခိုကျင်းတူးရန်အတွက် လမ်းညွှန်မှုပြုခဲ့တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ နိုင်ငံခြားငွေ (၁၀) မျိုးကို ၈ ဂဏန်းသုံးပြီး SDB မှာ လဲလှယ်ဖို့ဖိတ်ခေါ်
ဇွန်လ ၁၂ရက်
"စုံလင်တဲ့ နိုင်ငံခြား ငွေကြေး (၁၀) မျိုးကို ခလုတ်တချက်နဲ့ လွတ်လပ်လုံခြုံစွာ လဲလှယ်နိုင်တဲ့ SDB app ထဲမှာ နှစ်သက်ရာ မူလငွေကြေး တမျိုးကို ၈ ဂဏန်း အသုံးပြုပြီး အခြားငွေကြေး တမျိုးသို့ လဲလှယ်ရယူ၍ အမေစုရဲ့ နှစ် (၈၀) ပြည့် ကမ်ပိန်းမှာ ပါဝင်ကြဖို့ တိုက်တွန်းပါတယ်"လို့ SDB ဘဏ်မှ ဖိတ်ခေါ်ထားပါတယ်။
ဇွန်လ ၉ ရက်နေ့မှ ၁၉ ရက်နေ့အထိသာ ကမ်ပိန်း ပြုလုပ်တာဖြစ်တာကြောင့် 8 USD (သို့) 8000 Pollen ကျပန်း ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးကို အရယူပြီး အမေ့ကိုချစ်တဲ့ ပြည်သူ့အင်အားစုကို ဂုဏ်ယူစွာ ပြသပါဝင်ပေးကြဖို့ဆိုထားပါတယ်။
Campaign ၏ facebook post အား SDBxSuu80 ဖြင့် Public share ပေးသူ ကျပန်း ၁၀၀ ဦး အတွက်လည်း အမေစု မွေးနေ့ အမှတ်တရ NOH Gift Card ၂၀၀၀ ကျပ်တန် လက်ဆောင် ရဦးမှာဖြစ်ပါတယ်။
========================
📌📌 ၆။ Australia နိုင်ငံရဲ့ မြို့ (၃)မြို့ဖြစ်တဲ့ Sydney, Melbourne နှင့် Adelaide မြို့တို့မှာ What happened to the wolf? ရုပ်ရှင်ကိုပြသမည်
ဇွန်လ ၁၂ရက်
"Australia နိုင်ငံရဲ့ မြို့ (၃)မြို့ဖြစ်တဲ့ Sydney, Melbourne နှင့် Adelaide မြို့တို့မှာ What happened to the wolf? ရုပ်ရှင်ကိုပြသသွားဖို့ရှိပြီး လက်မှတ်တွေကို ဝယ်ယူလို့ ရနေပါပြီ"လို့ဆိုပါတယ်။
ဒါရိုက်တာ ဏကြီး ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးထားတဲ့ “what happened to the wolf?” ရုပ်ရှင်ထဲမှာ အဓိက သရုပ်ဆောင်များ အဖြစ် အိန္ဒြာကျော်ဇင်နှင့်ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။“What happened to the wolf?” ရုပ်ရှင် ကို ၂၀၂၀ခုနှစ်မှာ စတင်ရိုက်ကူးခဲ့ပြီး ၂၀၂၀ နှောင်းပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတစ်ခုလုံး အချောသတ်ထုတ်လုပ်ခဲ့ပါတယ်။
“What happened to the wolf?” ရုပ်ရှင်ကားကြီးမှာ Oldenburg International Film Festival မှ Seymour Cassel Award for Best Performance ဆု၊ Dili International Film Festival မှ Best Narrative Feature ဆု၊ Hobnobben Film Festival မှ Best Narrative Feature ဆု တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တိုမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖားကန့်မှာ စစ်တပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်
ဇွန်လ ၁၂ရက်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး လမ်းဘေးမှာ အလောင်းစွန့်ပစ်သွားတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
မှော်စီစာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အမျိုးသား ၃ ဦးကို မနေ့ ဇွန်လ ၁၁ ရက် ညပိုင်းက ပစ်သတ်ခဲ့ပြီး မှော်စီစာလမ်းဆုံမှာ စွန့်ပစ်ထားတာကို ဒီနေ့ ဇွန်လ ၁၂ ရက် မနက်ပိုင်းမှာတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
မှော်စီစာမှာ ကင်းပတ်နေတဲ့ စစ်တပ်စစ်ကြောင်းက အရပ်သားပြည်သူတွေကို ပစ်သတ်သွားတာဖြစ်နိုင်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။
ဖားကန့်မြို့နယ်အတွင်း အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်တွေ တုန်းကလည်း ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွေမှာရှိတဲ့ ကုမ္ပဏီပိုင်ကားတွေနဲ့ အဆောက်အအုံတွေကို မီးရှိဖျက်ဆီး ခဲ့ပါသေးတယ်။
မေလကုန်ပိုင်းကတည်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု အပါအဝင် သေနတ်နဲ့ပစ်ခတ်မှုကြောင့် မေလ ၂၇ ရက်ကနေ ဒီနေ့ ဇွန်လ ၁၂ ရက်ထိဆိုရင် အရပ်သားပြည်သူ ၂၀ ဦးထက် မနည်း သေဆုံးခဲ့တယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။
လက်ရှိအချိန်ဟာ ဒေသတွင်းစစ်ရေးအခြေအနေတင်းမာနေတဲ့အချိန်ဖြစ်တာကြောင့် အရပ်သားပြည်သူတွေအနေနဲ့ ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ကြဖို့နဲ့ စစ်ကောင်စီစစ်ကြောင်းတွေရဲ့အန္တရာယ်ကို သတိပြုကြဖို့ KIA KPDF ပူးပေါင်းတပ်က သတိပေးထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းနေတာတွေကြောင့် မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကိုလည်း အသုံးမပြု ကြဖို့ KIA၊ KPDF ပူးပေါင်းတပ်တွေက နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၂။ နမ္မတူမြို့နယ် မန်လီရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်တွေ ပျက်စီး
ဇွန်လ ၁၂ရက်
တအာင်းပြည် တပ်မဟာ ၈ နယ်မြေ နမ္မတူမြို့နယ်ထဲက မန်လီရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ အိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ် တွေက ပြောပါတယ်။
စစ်ကောင်စီဟာ အရပ်သားပြည်သူတွေကိုဦးတည်ပြီး ဒီနေ့ ဇွန်လ ၁၂ ရက် မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကလည်း အသိပေးထုတ်ပြန်ပါတယ်။
ဒီနေ့ မနက်အစောပိုင်း ၁ နာရီကျော်အချိန်မှာ ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ပြည်သူပိုင်အိမ်ချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မန်လီကျေးရွာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ဗုံးကြဲခဲ့တာ ကြောင့် ကျောင်းဆရာမတဦး သေဆုံးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အခုလို စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်နေတာတွေကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင် ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ တအာင်းတပ် TNLA က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ KNU တပ်မဟာ ၇ ဌာနချုပ်ရုံးနယ်မြေကို စစ်ကောင်စီက အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်
ဇွန်လ ၁၂ရက်
ကရင်ပြည်နယ်ထဲက KNU တပ်မဟာ ၇ နယ်မြေမှာရှိတဲ့ ဌာနချုပ်နယ်မြေကို စစ်ကောင်စီက အသေခံဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇွန်လ ၁၁ ရက် ညသန်းခေါင်းယံအချိန်မှာ စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ KNU တပ်မဟာ ၇ နယ်မြေ ဌာနချုပ်ရုံးအနီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ဒီနေ့မနက်အစောပိုင်းအချိန်ဖြစ်တဲ့ မနက် ၁ နာရီ ၁မိနစ်မှာ ကာမီကာဇေ ဒရုန်းဗုံးတလုံး၊ မနက် ၂ နာရီကနေ ၄ နာရီ အတွင်းမှာ နောက်ထပ် ၄လုံး တပ်မဟာ ၇ ဌာနာချုပ်နယ်မြေ ကလို့ယောလေးဝန်းကျင်မှာ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ ဌာနာချုပ်ရှိတဲ့နယ်မြေမှာ ဒီနေ့ ဇွန်လ ၁၂ ရက် မနက် ၁ နာရီ နောက်ပိုင်း အသေခံ ကာမီကာဇေ ဒရုန်းအမျိုးစား ၅ လုံးနဲ့ ထပ်မံတိုက်ခိုက်ခံရတယ်လို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေးက အတည်ပြုပါတယ်။
KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေးက စုစုပေါင်း ၅ လုံးမှာ ၄ လုံးပေါက်ကွဲပြီး တလုံးကတော့ ပေါက်ကွဲမှု မရှိဘူးလို့ ဆိုပါတယ်။
အခြားသော သတင်းရင်းမြစ်တွေကတော့ KNU ဗဟိုဌာနချုပ်ကို အသေခံဒရုန်း ၇ စင်းနဲ့ တိုက်ခိုက်တာဖြစ်ပြီး ၅ လုံး ပေါက်ကွဲခဲ့ရာမှာ ဆန်ဂိုထောင်အနီးနဲ့ KNU ဗဟိုဌာနချုပ် ခန်းမဆောင်အနီး ကျရောက်ပေါက်ကွဲကာ လူထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
KNU ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ အခုတကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက် ဖြစ်ပြီး အခုနှစ် ဇန်နဝါရီလမှာတကြိမ် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာတကြိမ် တိုက်ခိုက်ခံရဖူးတယ်လို့ သိရပါတယ်။
KNLA နဲ့ပူးပေါင်းတပ်တွေဟာ တပ်မဟာ ၇ နယ်မြေ ထိုင်း-မြန်မာနယ်စပ် ဒေါနတောင်တကြောမှာရှိတဲ့ စစ်ကောင်စီ စခန်းတွေကို အခုနှစ် မတ်လကနေ မေလအတွင်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီးချိန်မှာ စစ်ကောင်စီဘက်က KNU ဗဟိုဌာနချုပ်နေရာကို အသေခံဒရုန်းတွေနဲ့ ထပ်မံတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၄။ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်တပ် လုပ်ရပ်ကို KNU ပြင်းပြင်း ထန်ထန်ရှုတ်ချ
ဇွန်လ ၁၂ရက်
စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်တပ် လုပ်ရပ်ကို ကရင်အမျိုးသား အစည်းအရုံး KNU က ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဇွန်လ ၉ ရက်နေ့က အပြစ်မဲ့ ကျောင်းသားကလေးသူငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရခဲ့မှုနဲ့ပတ်သက်လို့ KNU က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်တာ ဖြစ်ပါတယ်။
ကော်သူးလေအုပ်ချုပ်နယ်မြေ အတွင်းမှာရှိတဲ့ ကလေးတွေအားလုံး ပညာသင်ကြားခွင့်ကို KNU က အသိအမှတ်ပြုပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် ကျောင်းသားကျောင်းသူတွေနဲ့ ဆရာ ဆရာမတွေအပါအဝင် စာသင်ကျောင်းများ ဘေးကင်းလုံခြုံရေးအတွက် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကော်သူးလေအုပ်ချုပ်နယ်မြေတွင်းရှိ ကျောင်းများ ဘေးကင်းမှုဆိုင်ရာကြေညာစာတမ်းထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဟာ စာသင်ကျောင်းတွေနဲ့ ကျောင်းသား ကျောင်းသူတွေအပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုင်နေဆဲလို့ အသိပေးပါတယ်။
အနာဂတ်မျိုးဆက်သစ်လူငယ်တွေဟာ လေကြောင်းရန်၊ ဗုံးဒဏ်၊ လက်နက်ကြီးဒဏ်နဲ့ စက်သေနတ်ဒဏ်တွေနဲ့ ကင်းလွတ် မယ်ထင်တဲ့နေရာတွေမှာ ပညာသင်ကြားနေပေမယ့် လက်ရှိအချိန်ထိ ဘေးကင်းလုံခြုံမှုမရှိလဲ အကြောက်တရားနဲ့ ပညာသင်ကြားနေရတာကို ဝမ်းနည်းဖွယ်တွေ့နေရတယ်လို့လည်း KNU က ဆိုထားပါတယ်။
ဒါကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေတွင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး အရည်အသွေးပြည်မီတဲ့ ပညာသင်ယူနိုင်ရေးနဲ့ ဘေးကင်းသော သင်ကြားရေးပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရေး ဝိုင်းဝန်းကူညီပေးကြဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ သက်ဆိုင်သူတွေအားလုံးကို တောင်းဆိုကြောင်း ကော်သူးလေအုပ်ချုပ်နယ်မြေတွင်းရှိ ကျောင်းများ ဘေးကင်းမှုဆိုင်ရာကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ဇေယျဝတီမြို့ ဘူတာရုံနဲ့သကြားစက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုမှာ စစ်သား ၄ ဦးသေဆုံး
ဇွန်လ ၁၂ရက်
ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်အတွင်းက ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ ဇေယျဝတီမြို့က ဘူတာရုံနဲ့ ဇေယျဝတီမြို့ အရှေ့ဘက်မှာရှိတဲ့ သကြားစက်တို့မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒရုံးနဲ့ ဗုံးသီးချ တိုက်ခိုက် ခဲ့ရာမှာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဖြူး ပကဖ က ထုတ်ပြန်ပါတယ်။
ဇွန်လ ၁ဝ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်မှာ ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ တာနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ၁၂ မှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဇေယျဝတီမြို့ တောင်ဘက်က စစ်ကောင်စီတပ်စွဲထားသော ဆားဂွန်းဂိတ်ကို ဖြူးမြို့နယ် ပကဖ ဒရုန်းအဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၄ ယောက် သေဆုံးပြီး ၂ယောက် ဒဏ်ရာရသွားတယ်လို့ မြေပြင်သတင်းပေးပို့မှုအရ သိရတယ်လို့ ဆိုပါတယ်။
ဇေယျဝတီမြို့ပေါ်က ဘူတာရုံနဲ့ သကြားစက်တို့မှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တပ်သားသစ် စုဆောင်းတာ ပြည်သူလူထုထံကနေ မတရား ငွေကြေးတောင်းယူတာတွေ ပြုလုပ်နေသူတွေလိုလည်း အသိပေးထားပါတယ်။
စစ်ကောင်စီဘက်တော်သားတွေ အကြမ်းဖက်လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့နဲ့ တပ်သားသစ်စုဆောင်းရာမှာ အသုံးပြုဖို့ စစ်ကောင်စီတပ်ကနေ အသွင်ပြောင်းထားတဲ့ ဇေယျဝတီသကြားစက်ရုံက စက်ရုံမှူးနဲ့ ဒုစက်ရုံမှူးက အိမ်စီးကားတွေ ကူညီပေးထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇေယျဝတီမြို့ ဘူတာရုံနဲ့ သကြားစက်က စစ်ကောင်စီတပ်ဖွဲ့ကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ် ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတဲ့အတွက် သူတို့စီးနင်းလာတဲ့ အိမ်စီးကား ၂စီးကို ဖြူမြို့နယ် ပကဖ အဖွဲ့ က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment