၂၀၂၅ ဇူလိုင်လ ၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကောင်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကန့်ကွက်ကြဖို့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ တိုက်တွန်း
📌 ၂။ စစ်အာဏာရှင်အုပ်စုဟာ အာဏာတည်မြဲရေးနဲ့ အကျိုးစီးပွားကိုကြည့်တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်မှာမဟုတ်ဘူးလို့ KNU ဥက္ကဋ္ဌ ပြော
📌 ၃။ စစ်ကောင်စီက CRPH ၊ NUG နဲ့ PDF တွေကြား သွေးခွဲတဲ့စကားလုံးတွေသုံးလာ
📌 ၄။ နှစ်ဖက်စလုံးအကျိုးရှိမယ့် ရင်းနှီးမြုပ်နှံမှုများကို တအာင်းဒေသက ဖိတ်ခေါ်လိုက်ပေမယ့် တိုက်ပွဲတွေကတော့ ပြင်းထန်နေဆဲ
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရခိုင့်တပ်တော်သိမ်းပိုက်ထားတဲ့ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်
🚩 ၂။ မိုးဗြဲမြို့ လက်လွှတ်ရတာကို စိတ်ဓာတ်မကျဖို့နဲ့ စတေးမှုတွေအလဟသမဖြစ်စေရေး ပြန်လည်သိမ်းယူနိုင်အောင် ကြိုးပမ်းဖို့ မိုးဗြဲ PDF ကယ်ဆယ်ရေးဆေးတပ်ဖွဲ့ တိုက်တွန်း
🚩 ၃။ မကွေးမှာ စစ်မှုထမ်းကြေးကောက်ပြီး အရပ်သား ၃ ဦးကို စစ်မှုထမ်းဖို့ထည့်ပေးလိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကောင်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကန့်ကွက်ကြဖို့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီ တိုက်တွန်း
ဇူလိုင် ၅ရက်
စစ်ကောင်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ကန့်ကွက်ကြဖို့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကသာ နိုင်ငံရေးအရ တရားဝင်မှုရှိနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ပြည်သူတို့ရဲ့သဘောဆန္ဒမပါဘဲ တရားမဝင် ရွေးကောက်ပွဲ ဖန်တီးပြုလုပ်ခြင်းဟာ ဒီမိုကရေစီကျင့်စဉ်ကို ချိုးဖောက်တာဖြစ်တဲ့အပြင် ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူရန် ကြိုးစားခြင်းသာ ဖြစ်တယ်ဆိုတဲ့မူကို တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီက လက်ကိုင် ထားတယ်လို့သိရပါတယ်။
ဒါကြောင့် ဒီအခြေခံမူကိုလက်ကိုင်ထားပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဆောင်ရွက်နေတဲ့ အကြမ်းဖက်စစ်အုပ်စု ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆန့်ကျင်ကြဖို့ တော်လှန်ရေး အင်အားစုတွေကို တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီက မေတ္တာရပ်ခံ ပန်ကြားချက် တစောင်ပေးပို့ခဲ့ပါတယ်။
အဲဒီပန်ကြားချက်မှာ အကြမ်းဖက်စစ်အုပ်စု အသက်ဆက် အသာစီးရယူရေးနဲ့ စစ်အာဏာရှင်စနစ် တည်မြဲ အားကောင်းရေး ရည်ရွယ်ဆောင်ရွက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲနဲ့ ဟန်ပြငြိမ်းချမ်းရေး၊တွေ့ဆုံ ဆွေးနွေးရေး လုပ်ဆောင်မှုတွေကို တော်လှန်ရေးသတိကြီးစွာနဲ့ ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်းမပြုဘဲ ပြတ်သားခိုင်မာတဲ့ သဘောထားရပ်တည်ချက်တွေနဲ့ အတူတကွ တုန့်ပြန် ဆန့်ကျင်သွားကြဖို့ တိုက်တွန်းထားပါတယ်။
တိုင်းရင်းသားဒေသတွေအပါအဝင် တော်လှန်ရေးဒေသအသီးသီးက နယ်မြေတွေမှာ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲ လာရောက်စီစဉ်ကျင်းပတာမျိုး မလုပ်နိုင်အောင် ဒေသခံပြည်သူတွေနဲ့အတူ ပူးပေါင်းဆန့်ကျင် တိုက်ဖျက်ကြ ဖို့၊ လုံးဝကျင်းပခွင့်ပြုမှာမဟုတ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာကြဖို့၊ တော်လှန်ရေးဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ပေါ်ထွန်းရေး ရည်မှန်းချက် ပြည့်မြောက်အောင်မြင်တဲ့အထိ စုစည်းညီညွတ်စွာနဲ့ အတူတကွ ဆက်လက်ချီတက်ကြဖို့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလုပ်ငန်းကော်မတီက တိုက်တွန်း နှိုးဆော်ထားပါတယ်။
========================
📌📌 ၂။ စစ်အာဏာရှင်အုပ်စုဟာ အာဏာတည်မြဲရေးနဲ့ အကျိုးစီးပွားကိုကြည့်တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်မှာမဟုတ်ဘူးလို့ KNU ဥက္ကဋ္ဌ ပြော
ဇူလိုင် ၅ရက်
စစ်အာဏာရှင်အုပ်စုဟာ သူတို့ အာဏာတည်မြဲရေးနဲ့ သူတို့နဲ့ဆက်နွယ်နေသူတွေရဲ့ အကျိုးစီးပွားကိုသာကြည့်တဲ့ လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့အတွက် ငြိမ်းချမ်းရေး ဆောင်ကြဉ်းနိုင်မှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး - KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပါတယ်။
ဒီနေ့ ဇူလိုင် ၅ ရက်မှာကျရောက်တဲ့ ၇၆ ကြိမ်မြောက် ကရင့်အမျိုးသားတပ်မတော်နေ့ - ကော်သူးလေတပ်မတော်နေ့ အတွက် ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာကနေ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
စစ်အုပ်စုဟာ အာဏာဆုတ်ကိုင်ရေးနဲ့ အတင်းအဓမ္မအုပ်ချုပ်တဲ့နည်းလမ်းကို အသုံးပြုနေတာကြောင့် နိုင်ငံငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်မှာမဟုတ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်လာမှာလည်း မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်အောင် နည်းလမ်းအမျိုးမျိုးသုံးပြီး ဆန့်ကျင်ကြရမယ် လို့ တိုက်တွန်းထားပါတယ်။
အာဏာရှင်စစ်တပ်ဟာ အတင်းအဓမ္မ အာဏာရယူပြီး သူတို့ အာဏာတည်မြဲရေးနှင့် အကျိုးစီးပွားကို ထောက်ခံ အားပေးဖို့ လူမျိုးရေးနဲ့ ဘာသာရေးကိုအသုံးပြုနေသလို စစ်ရေးနည်းဗျူဟာတွေ ချမှတ်တာ နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းတွေ အသုံးပြုနေတဲ့အပြင် သံတမန်ရေးနဲ့ နိုင်ငံရေးနည်းလမ်းတွေချမှတ်ပြီး အကောင်အထည်ဖော်နေတယ်လို့ KNU ဥက္ကဋ္ဌရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံရေးတရားမျှတမှု၊ နိုင်ငံငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စတာတွေကို ပြန်လည်ရယူတည်ဆောက် နိုင်ဖို့ စစ်အာဏာရှင်နဲ့ အာဏာရှင်တွေကို ခုခံတော်လှန်နေကြတဲ့ လူမျိုးစု တော်လှန်ရေး အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေအားလုံး လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို အတူတကွ ပူးပေါင်း တိုက်ဖျက်သွားရမယ်လို့ KNU ဥက္ကဋ္ဌ က တိုက်တွန်းထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲကလည်း တပ်ဗိုလ်၊ တပ်မှူးနဲ့ ပြည်သူလူထုကို တိုက်တွန်းစကား ပြောကြားခဲ့ရာ ကျနော်တို့ သားသမီးတွေ နောင်လာနောက်သားတွေ အေးချမ်းစွာ နေထိုင်သွားနိုင်ဖို့အတွက် ကျနော်တို့ အနစ်နာခံနိုင်ရမယ်လို့ ပြောကြားထားပါတယ်။
ငြိမ်းချမ်းရေးလမ်းစဉ်ကို ကျနော်တို့ အကြိမ်ကြိမ်သွားခဲ့ပြီးပြီ။ နောက်ဆုံးတော့ လက်နက်ကိုင် တော်လှန်ရေးနဲ့ပဲ ကျနော်တို့ ရဲ့ တပ်ကို ထူထောင်ပြီးတော့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကို ပြန်ပြီး တိုက်ယူရတာဖြစ်တယ်လို့ ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောပါတယ်။
အသက်တွေ ကိုယ်လက်အင်္ဂါတွေ ပေးလှူသွားပြီဖြစ်တဲ့ ရဲဘော်ရဲဘက်များရဲ့ ရည်မှန်းချက် ပြည့်၀အောင် လက်ရှိ ကိုယ်လက်အင်္ဂါ အပြည့်အစုံနဲ့ သက်ရှင်ထင်ရှားရှိနေသေးတဲ့ ကျနော်တို့တတွေဟာ တသွေးတသားတည်းထားပြီး လက်တွဲ ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း ဒုဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ဆက်ပြောထားပါတယ်။
ရည်မှန်းချက် အပြည့်အ၀ရရှိဖို့ အခြားလူမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အားကောင်းလာပြီး မျှော်လင့်ချက်တွေ ပိုပြီး ထင်သာမြင်သာရှိလာတာကို တွေ့ရမှာဖြစ်ပြီး ကော်သူးလေတပ်မတော် တခုတည်းသာမက ဗမာ၊ မွန် အပါအဝင် အခြားလူမျိုးတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ KNLA ဒုစစ်ဦးစီးချုပ်က ပြောကြားထားပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီက CRPH ၊ NUG နဲ့ PDF တွေကြား သွေးခွဲတဲ့စကားလုံးတွေသုံးလာ
ဇူလိုင် ၅ရက်
အကြမ်းဖက်စစ်ကောင်စီက CRPH ၊ NUG နဲ့ PDF တွေကြား သွေးခွဲတဲ့စကားလုံးတွေသုံးလာပြီး လက်နက်ကိုင်လမ်းစဉ်မှာ PDF တွေပါဝင်နေရင် မိဘညီအစ်ကိုမောင်နှမတွေနဲ့ ဆွေမျိုးသားချင်းတွေ အတိဒုက္ခရောက်လိမ့်မယ်လို့ ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။
PDF တွေအနေနဲ့ စစ်ကောင်စီနဲ့ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ထားတဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီက အခုလို ဖော်ပြထား တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ PDF တွေ လက်နက်ကိုင်လမ်းစဉ်မှာ ပါဝင်နေတဲ့အတွက် မိဘညီအစ်ကိုမောင်နှမတွေအပြင် ဆွေ မျိုးသားချင်းတွေရဲ့ လူမှုစီးပွားဘဝတွေ ထိခိုက်ပျက်စီးနေတယ်လို့လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ အရင်က PDF တွေကို PDF အမည်ခံ အကြမ်းဖက်လို့ သုံးနှုန်းခဲ့ရာကနေ အခုထုတ်ပြန်ချက်မှာ တော့ PDF အမည်ခံများလို့ သုံးနှုန်းလာတာကိုတွေ့ရပါတယ်။
ဒါဟာ စစ်ကောင်စီအနေနဲ့ PDF တွေကို လက်နက် ဆက်မကိုင်တော့ပဲ သူတိုနဲ့ လာရောက်ပူးပေါင်းဖို ဒူးထောက် တောင်းပန် တဲ့ တောင်းပန်လွှာတစောင် ထုတ်ပြန်လာပဲလို့ နိုင်ငံရေးစစ်ရေးလေ့လာနေသူတွေက မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ သူတို့စစ်ကြောင်းတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက စစ်ကြောင်းလိုက်ပြုတ်အောင် တိုက်ခိုက်လာနိုင်ပြီဖြစ်တဲ့အတွက် PDF တွေကို အကြမ်းဖက်တွေလို့ မသုံးနှုန်းရဲတော့တာလည်းဖြစ်ပါတယ်။
========================
📌📌 ၄။ နှစ်ဖက်စလုံးအကျိုးရှိမယ့် ရင်းနှီးမြုပ်နှံမှုများကို တအာင်းဒေသက ဖိတ်ခေါ်လိုက်ပေမယ့် တိုက်ပွဲတွေကတော့ ပြင်းထန်နေဆဲ
ဇူလိုင် ၅ရက်
နှစ်ဖက်စလုံးအကျိုးရှိမယ့် ရင်းနှီးမြုပ်နှံမှုများကို တအာင်းဒေသကဖိတ်ခေါ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့(တွဲဖက်အထွေထွေအတွင်းရေးမှူး- ၂ )ဗိုလ်မှူးကြီး တာပန်လ ကဇူလိုင်လ ဇူလိုင်၅ရက်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
"ရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ နှစ်ဖက်စလုံးအကျိုးရှိမယ့် ရင်းနှီးမြုပ်နှံမျိုးဆိုဖိတ်ခေါ်ပါတယ်။ တအာင်းဒေသကဖြစ်စေ၊ အခြားကဖြစ်စေ ရင်းနှီးမြုပ်နှံမယ့်သူကို ကြိုဆိုလက်ခံပြီး စောင့်ရှောက်မှုလည်းပေးသွားမှာဖြစ်တယ်"လို့ပြောပါတယ်။တအာင်းဒေသတွင် TNLAစိုးမိုးနယ်မြေအများအပြားရှိကာ ဒေသတွင်းစီးပွားရေးလုပ်ငန်းများလည်း ပြည်သူ့အကျိုးအတွက်လုပ်ကိုင်ဆောင်ရွက်မှုများရှိနေပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက အပစ်ရပ်ကြေညာပေမယ့် တကယ့်မြေပြင်မှာ အပစ်ရပ်တာမရှိဘဲ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဇူလိုင်၅ရက်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သတင်းနှင့်ပြန်ကြားရေးဌာနမှ လွေးယေဦးက ပြောဆိုထားပါတယ်။
"စစ်ကောင်စီက သူကိုယ်တိုင်အပစ်ရပ်ကြေညာပေမယ့်တကယ့် မြေပြင်မှာအပစ်ရပ်တာမရှိဘဲ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ကျမတို့ကတော့မိမိကိုယ်မိမိခုခံကာကွယ်တာနဲ့ရပ်တည်နေပါတယ်။စစ်ကောင်စီအနေနဲ့ကတော့တနိုင်ငံလုံးမှာအရပ်သားတွေကိုရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့မြင်ပါတယ်"လို့ပြောပါတယ်။လက်ရှိမှာတောင်ခမ်းနဲ့နောင်ချိုအနီးရှိ ကျေးရွာ၁၂ရွာတွင်စကစနဲ့TNLAတပ်ဖွဲ့များတိုက်ပွဲ ဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။
လက်ရှိတွင်စကစလော်ဘီများဝါဒဖြန်သလိုနောင်ချိုကိုပြန်လည်လက်လွှတ်ရခြင်းမရှိသေးဘဲ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ လွေးယေဦးက ဆက်လက်ပြောဆိုထားပါတယ်။
နောင်ချိုမြို့နယ်တွင်စစ်ကောင်စီနဲ့TNLAတိုက်ပွဲပေါင်း၈၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က နောင်ချို၊ကျောက်မဲ၊နမ္မတူ၊မိုးကုတ်မြို့နယ်များသို့ပေါင်၅၀၀၊၂၀၀၊၃၀၀ဗုံး အလုံး၁၅၄လုံးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရခိုင့်တပ်တော်သိမ်းပိုက်ထားတဲ့ အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်
ဇူလိုင် ၅ရက်
အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်ထဲက အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်ကို စစ်ကောင်စီက မနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရခိုင်ပြည် အမ်းမြို့မှာရှိတဲ့ ပျဥ်းတောရပ်ကွက်က စာသင်ကျောင်းကို စစ်ကောင်စီက ဇူလိုင် ၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့် အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဆောင် လုံးဝပျက်စီးသွားပြီး အနီးမှာရှိတဲ့ လူနေအိမ်အချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် - နပခ ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၀ မှာ သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်ကင်းစင်သွားချိန်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။
မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ကိုလည်း ဇူလိုင်လ ၄ ရက်နေ့ နေလည် ၁ နာရီခန့်အချိန်မှာ စစ်ကောင်စီက လေကြောင်း ကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတစ်လုံးကြဲချခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းဌာနအချို့က ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အမ်းမြို့ပေါ်ကို ဗုံးကြဲပြီးတာနဲ့ မြေပုံမြို့နယ်ကို ဗုံးလာကြဲတာလို့ ဒေသနေပြည်သူတွေက ဆိုပါတယ်။
အဲ့ဒီလို စစ်ကောင်စီရဲ့ ဗုံးကြဲချမှုကြောင့် ကမ်းထောင်ကြီးမြို့ပေါ်က နေအိမ်တွေ ထိခိုက်ပျက်စီးမှုများတယ်လို့ သိရပါတယ်။
စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ရှုံးကောင်စီဟာ အရပ်သားပြည်သူတွေနေထိုင်တဲ့ နေရာတွေကို နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက် ခိုက်နေရာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ မင်းပြားမြို့နယ်နဲ့ ၂၂ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်တိုကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၂။ မိုးဗြဲမြို့ လက်လွှတ်ရတာကို စိတ်ဓာတ်မကျဖို့နဲ့ စတေးမှုတွေအလဟသမဖြစ်စေရေး ပြန်လည်သိမ်းယူနိုင်အောင် ကြိုးပမ်းဖို့ မိုးဗြဲ PDF ကယ်ဆယ်ရေးဆေးတပ်ဖွဲ့ တိုက်တွန်း
ဇူလိုင် ၅ရက်
ကရင်နီပြည် မိုးဗြဲမြို့ လက်လွှတ်လိုက်ရတာကို စိတ်ဓာတ်မကျဖို့နဲ့ စတေးမှုတွေအလဟသမဖြစ်စေရေး ပြန်လည် သိမ်းယူနိုင်အောင် ကြိုးပမ်းဖို့ မိုးဗြဲ PDF ကယ်ဆယ်ရေးဆေးတပ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
မိုးဗြဲမြို့ပြန်လည်ရရှိရေးအတွက် အကြမ်းဖက်စစ်တပ်နဲ့ စစ်ကောင်စီလက်ပါးစေ PNO/PNA တို့ ပူးပေါင်းပြီး အင်အား အလုံးအရင်းနဲ့ ၆ လကျော်ကြာ ထိုးစစ်ဆင်လာတာကြောင့် မိုးဗြဲမြို့ကို တော်လှန်ရေးအင်အားစုတွေ လက်လွှတ်လိုက်ရပြီ လို့ သိရပါတယ်။
မိုးဗြဲမြို့ကို ပြန်လိုချင်နေတဲ့ စစ်ကောင်စီဟာ PNO/PNA ပူးပေါင်းပြီး အင်အားရာချီ အသုံးပြုကာ ထိုးစစ်ဆင်ခဲ့သလို ဒရုန်းတွေ၊ အဆိပ်ဗုံး၊ မီးလောင်ဗုံး၊ လက်နက်ကြီး၊ လေယာဉ် စတာတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ကာ မြို့ကို ပြန်လည်သိမ်းပိုက်ခဲ့တယ်လို့ Mobye PDF Rescue Team – MPRT က ဆိုပါတယ်။
မိုးဗြဲမြို့ ကျဆုံးသွားခြင်းဟာ မည်သူမည်ဝါရဲ့ အမှားကြောင့် လုံးဝမဟုတ်ခဲ့ပါ။ အားလုံး တာဝန်ကျေကြပါတယ်။ တာဝန်ကျေတယ်ဆိုတာထက် ပိုကြပါတယ်။ စစ်တပ်နဲ့ PNA ရဲ့ ၆လကျော် ထိုးစစ်ကို ခုခံကာကွယ်ရင်း ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေကို ပြန်လည် ဖြည့်စွက်ပြီး အကောင်းဆုံး ပြန်လာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ် လို့ MPRT အဖွဲ့က အသိပေးထားပါတယ်။
ဒါ့အပြင် မိုးဗြဲမြို့အတွက် ဒေသနေပြည်သူလုထုအတွက် ရှေ့တန်းမှာ မားမားမတ်မတ် ခုခံကာကွယ်ပေးရင်း အသက်ပေးခဲ့ ရတဲ့ သူရဲကောင်းစစ်သည်တွေအတွက် အင်မတန် စိတ်မကောင်းဖြစ်မိတယ်လို့လည်း MPRT ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဆီကနေ့ မိုးဗြဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သလို အချိန်တခုအထိလည်း ထိန်းချုပ်ထားနိုင်ခဲ့တဲ့အတွက် ဒီမြို့ကို ပြန်လည်သိမ်းပိုက်နိုင်လိမ့်မယ်လို့ MPRT အဖွဲ့က ယုံကြည်ထားပါတယ်။
တော်လှန်ရေးတပ်ပေါင်းစုများ၊ ဗျူဟာမှူး၊ တပ်ရင်းမှူး၊ တပ်ခွဲမှူးများ၊ စစ်ကြောင်းမှူးများ၊ ရဲဘော်များအပါအဝင် သက်ဆိုင် သူတွေအားလုံး မိုးမြဲမြို့ကို ပြန်ပေးလိုက်ရတဲ့အပေါ် စိတ်ဓာတ်မကျဘဲ အကောင်းဆုံးပုံစံနဲ့ ပြန်လုပ်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း MPRT အဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ မကွေးမှာ စစ်မှုထမ်းကြေးကောက်ပြီး အရပ်သား ၃ ဦးကို စစ်မှုထမ်းဖို့ထည့်ပေးလိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း
ဇူလိုင် ၅ရက်
မကွေးမြို့နယ်မှာ စစ်မှုထမ်းကြေးကောက်ပြီး အရပ်သား ၃ ဦးကို စစ်မှုထမ်းဖို့ထည့်ပေးလိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး တဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မကွေးပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
မကွေးမြို့နယ် သစ်ရာကောက်တိုက်နယ် ငါးဆောင်ကျေးရွာက အုပ်ချုပ်ရေးမှူး ဘ်ုဝင်းဌေးဆိုသူကို ဇူလိုင်လ ၃ ရက်နေ့ နေ့လည် ၁ နာရီ ဝန်းကျင်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီကျေးရွာအုပ်ချုပ်ရေးမှူဟာ စစ်အုပ်စုနဲ့ပေါင်းပြီး ဒေသနေပြည်သူတွေဆီကနေ တအိမ်ထောင်ကို ကျပ် ၂သောင်းဆီ ကောက်ခံတာ၊ ငါးဆောင်ရွာက အရပ်သားပြည်သူ ၃ ဦးကို စစ်မှုထမ်းတပ်သားအဖြစ် ထည့်သွင်းပေးခဲ့တာတွေကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရတာလို့ တော်လှန်ရေးတပ်ဖွဲ့တွေက ရှင်းပြပါတယ်။
အဲဒီမစ်ရှင်ကို မကွေးပြောက်ကျားတပ်ဖွဲ့၊ နဂါးမင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တောင်တွင်းကြီးနဲ့ တောင်တွင်းကြီး ဖိုက်တာဖို့စ်တို့ကရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
မကွေးခရိုင်ထဲမှာရှိတဲ့ စစ်တပ်ထောက်တိုင်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာမျိုးမလုပ်ဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
အခုလို သတိပေးထားတဲ့ကြားက စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်နေသူတွေကို အချိန်မရွေး ပစ်ခတ်ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
မကွေးတိုင်းမှာအခြေစိုက်တဲ့ ညီနောင်မဟာမိတ်တပ်တွေအနေနဲ့ စစ်အာရှင်စနစ် အမြစ်ပြတ်ကျဆုံးတဲ့အထိ ဆက်လက် တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံထားပြီး စစ်ကောင်စီတပ် ဖွဲ့ဝင်တွေရှိတဲ့နေရာကို ရှောင်ရှားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment