၂၀၂၅ ဇူလိုင်လ ၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မတရားမှုမှန်သမျှ ရှေ့ဆုံးက တွန်းလှန်ပါဝင်ခဲ့ကြသည့် ကျောင်းသားလူငယ်ထုသည် ယနေ့ တော်လှန်ရေးတွင်လည်း ပြည်သူလူထုနှင့် ပူးပေါင်းကာ ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ တော်လှန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဆို
📌 ၂။ (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးလှုပ်ရှားမှုနေ့ သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့
📌 ၃။ ချင်းအမျိုးသားအချင်းချင်းကြားပြဿနာကို နှစ်ဘက်တွေ့ဆုံအဖြေရှာဖို့ ကြိုးစားနေတဲ့အချိန် စစ်ရေးနည်းသုံးတာဟာ ဘယ်ဘက်ကပဲသုံးသုံး မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ဘူးလို့ဆို
📌 ၄။ "ကျောင်းသားထုတော်လှန်ရေး တည်တံ့ပါစေ"စာသားပါဘန်နာကို ချင်းမိုင်ရှိ စကစရဲ့ကောင်စစ်ဝန်ရုံးရှေ့ချိတ်ဆွဲဆန္ဒပြ
📌 ၅။ ၄၃ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာတစ်သောင်းကျော်ရရှိ
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ အထူးချေမှုန်းရေးတပ်ဖွဲ့မှ ရဲဘော်များ၏ စုဖွဲ့လေ့ကျင့်နေမှု ပုံရိပ်များထုတ်ပြန်
🚩 ၂။ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာအနီးအား တံတားဦးတက် Jet Fighterတစ်စီးဖြင့် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်
🚩 ၃။ သပိတ်ကျင်းမြို့နယ် ကွင်း(၂၉) ဂေါက်ကွင်းအားCluster ဗုံးသီးများအသုံးပြု၍စကစတပ်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့
🚩 ၄။ မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေးအကောင်အထည်ဖော်ခဲ့ကြသော တပ်မှူး (၂) ဦးအား ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်
🚩 ၅။ "အောင်ပွဲညံစီ ရှမ်းရိုးမနှင့်ကရင်နီ" Campaignပြည်သူများ ဝန်းရံပေးကြဖို့နှိုးဆော်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မတရားမှုမှန်သမျှ ရှေ့ဆုံးက တွန်းလှန်ပါဝင်ခဲ့ကြသည့် ကျောင်းသားလူငယ်ထုသည် ယနေ့ တော်လှန်ရေးတွင်လည်း ပြည်သူလူထုနှင့် ပူးပေါင်းကာ ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ တော်လှန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဆို
ဇူလိုင်လ ၇ရက်
Radio NUG
မတရားမှုမှန်သမျှ ရှေ့ဆုံးက တွန်းလှန်ပါဝင်ခဲ့ကြသည့် ကျောင်းသားလူငယ်ထုသည် ယနေ့ တော်လှန်ရေးတွင်လည်း ပြည်သူလူထုနှင့် ပူးပေါင်းကာ ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ တော်လှန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ဇူလိုင်၇ရက်မှာ ကျရောက်တဲ့ (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။
၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် နေဝင်း ဦးဆောင်သော စစ်အုပ်စုသည် လူထုရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို အင်အားသုံး၍ ဖြုတ်ချခဲ့ရုံမျှမက၊ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းကာ ကျောင်းသားများ၏ လွတ်လပ်ခွင့်ကို ဖိနှိပ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အအုံကိုလည်း ရက်ရက်စက်စက် ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဤလုပ်ဆောင်ချက်များသည် ကျောင်းသားလူငယ်တို့၏ ဒီမိုကရေစီလိုလားသော စိတ်ဓာတ်နှင့် လွတ်လပ်ခွင့်ကို ဖျက်ဆီးရန် ကြိုးပမ်းခြင်းဖြစ်ပြီး "သမဂ္ဂအဆောက်အအုံကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူး" ဟူသည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အဆိုအမိန့်အတိုင်း ကျောင်းသား လူငယ်တို့၏ သမဂ္ဂစိတ်ဓာတ်သည် ကာလကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင် ရှင်သန်လျက်ရှိပြီး၊ ခေတ်အဆက်ဆက်တော်လှန်ရေးများအတွက် ခွန်အားသစ်များ ဖြည့်ဆည်း ပေးနေသည်ကို အထင်အရှား တွေ့မြင်နိုင်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း အကြမ်းဖက်စစ် ခေါင်းဆောင်မင်းအောင်လှိုင်၏ စစ်အုပ်စုသည် လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ အာဏာကို အဓမ္မလုယူရန် ကြိုးပမ်းခဲ့ပြီး ဤကာလသည် ကျောင်းသား/သူများ၊ ရဟန်းရှင်လူ များနှင့် တိုင်းရင်းသားများအားလုံးကို လက်နက်ဖြင့် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်တွင်းအကျဥ်းချခြင်း၊ အသက်အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီးခြင်းများဖြင့် ဖက်ဆစ်ဆန်ဆန် ဖိနှိပ်မှုများ အဆိုးဝါးဆုံးဖြစ်ပွားခဲ့သော သမိုင်းဝင်ကာလတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။
မတရားမှုမှန်သမျှ ရှေ့ဆုံးက တွန်းလှန်ပါဝင်ခဲ့ကြသည့် ကျောင်းသားလူငယ်ထုသည် ယနေ့ တော်လှန်ရေးတွင်လည်း ပြည်သူလူထုနှင့် ပူးပေါင်းကာ ရှေ့တန်းမှ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ တော်လှန်ခဲ့ကြပြီး ဤမျိုးဆက်သစ် ကျောင်းသားလူငယ်များ၏ စုစည်းညီညွတ်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် တိုင်းရင်းသား မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် နိုင်မှုတို့ကြောင့် ရက်စက်ကြမ်းကြုတ်သော ဖက်ဆစ်ဝါဒကို ပြန်လည် အသက်သွင်းရန် ကြိုးပမ်းနေသည့် စစ်အုပ်စု၏ ယန္တရားသည် တဖြည်းဖြည်း ယိုယွင်းပျက်စီးလာနေပြီဖြစ်ပြီး၊ အောင်ပွဲလမ်း ကြောင်းသို့ ချီတက်နေပြီဖြစ်ကြောင်း အလေးအနက်ယုံကြည်အပ်တယ်လို့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
========================
📌📌 ၂။ (၆၃) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးလှုပ်ရှားမှုနေ့ သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့
ဇူလိုင်လ ၇ ရက်
Radio NUG
အကြမ်းဖက် စစ်အာဏာရှင် နေဝင်း ဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုသည် တက္ကသိုလ်ကျောင်းသားထုအပေါ် ဖိနှိပ်ချုပ်ချယ်သည့် ကျောင်းဆောင်စည်းကမ်း (၂၂) ချက်ကို ထုတ်ပြန်ခဲ့သည့်အတွက် ကျောင်းသားထုနှင့် ကျောင်းသားသမဂ္ဂများက ဆန့်ကျင်ဆန္ဒပြရာမှ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားအရေးအခင်းသည် ယနေ့ အချိန်တွင် (၆၃) နှစ်မြောက် ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ၆၃နှစ်မြောက် ဆဲဗင်းဂျူလိုင်ကျောင်းသား လှုပ်ရှားမှုနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာဖော်ပြထားပါတယ်။
ဇူလိုင်လ ၇ရက်နေ့သည် မြန်မာ့သမိုင်းတွင် ဒီမိုကရေစီအတွက် အသက်ပေးခဲ့ရသော ကျောင်းသားသူရဲကောင်းများကို မွေးထုတ်ပေးခဲ့သည့်အပြင် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုတ်မှုကို သိစေခဲ့သော သမိုင်းဝင်နေ့တစ်နေ့လည်း ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာ့သမိုင်း ခေတ်အဆက်ဆက်တွင် ကျောင်းသားထုသည် မတရားမှုများကို ဆန့်ကျင်တွန်းလှန်ရင်း ရှေ့တန်းမှ ဦးဆောင်ခဲ့ကြသူများဖြစ်ပြီး ယခုလက်ရှိ နွေဦးတော်လှန်ရေးတွင်လည်း မျိုးဆက်သစ် ကျောင်းသားလူငယ်တို့သည် အကြမ်းဖက်စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများစွာကို အံတုကာ ၎င်းတို့၏ ဘဝနှင့် အနာဂတ်ကို ပေးဆပ်လျက် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းပါဝင်လျက်ရှိရာ တိုင်းပြည် ပြုပြင်ပြောင်းလဲမှုများတွင် ကျောင်းသားလူငယ်တို့၏ တာဝန်ယူလိုမှု၊ တာဝန်သိမှုနှင့် တာဝန်ကျေပွန်မှုတို့ကို ထင်ရှားစွာ မြင်တွေ့ရသည်မှာ တိုင်းပြည်အတွက် ကြီးမားသော ခွန်အားတစ်ရပ်ပင် ဖြစ်တယ်လို့ဖော်ပြပါတယ်။
ခေတ်အဆက်ဆက် ဒီမိုကရေစီခရီးလမ်းတွင် ကျောင်းသားလူငယ်များစွာကို အကြမ်းဖက်စစ်အာဏာရှင်များက နည်းလမ်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သော်လည်း ကျောင်းသားလူငယ်များ၏ နှလုံးသားထဲတွင် ကိန်းအောင်းလျက်ရှိသော စစ်မှန်သည့် တော်လှန်ရေးစိတ်ဓာတ်ကိုမူ မည်သည့်အာဏာရှင်စနစ်ကမျှ ချုပ်ငြိမ်းအောင် မလုပ်ဆောင်နိုင်ခဲ့ဘဲ ဆဲဗင်းဂျူလိုင်နေ့တွင် ကျဆုံးသွားကြသော ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်းများနှင့်တကွ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြရသော ကျောင်းသားလူငယ် အာဇာနည်သူရဲကောင်းအပေါင်းတို့အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်တယ်လို့ဖော်ပြပါတယ်။
ပြည်သူလူထုအားလုံး ညီညွတ်နေပါက မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖြိုချဖျက်ဆီးနိုင်မည်မှာ မလွဲဧကန်ပင်ဖြစ်ပြီး စစ်အာဏာရှင်များသည် ပြည်သူလူထုအချင်းချင်းအကြား သပ်လျှိုသွေးခွဲမှုများလုပ်ဆောင်ခြင်းဖြင့် ညီညွတ်မှုပြိုကွဲစေရန် လုပ်ဆောင်နေမှုများကို ပြည်သူလူထုအနေဖြင့် ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် ရှောင်ရှားနိုင်ရန် အလွန်အရေးကြီးတယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ ချင်းအမျိုးသားအချင်းချင်းကြားပြဿနာကို နှစ်ဘက်တွေ့ဆုံအဖြေရှာဖို့ ကြိုးစားနေတဲ့အချိန် စစ်ရေးနည်းသုံးတာဟာ ဘယ်ဘက်ကပဲသုံးသုံး မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ဘူးလို့ဆို
ဇူလိုင်လ ၇ရက်
Radio NUG
ချင်းအမျိုးသားအချင်းချင်းကြားပြဿနာကို နှစ်ဘက်တွေ့ဆုံအဖြေရှာဖို့ ကြိုးစားနေတဲ့အချိန် စစ်ရေးနည်းသုံးတာဟာ ဘယ်ဘက်ကပဲသုံးသုံး မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ဘူးလို့ ချင်းပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၆)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာငိုင်းတမ်မောင်းက အသိပေးဆိုထားပါတယ်။
"ပြဿနာတစ်ခုကို အခြားနည်းလမ်းရှိသမျှနဲ့ဖြေရှင်းပြီး ဖြေရှင်းမရ၊ နောက်ဆုံးမဖြေရှင်းလည်းမရတဲ့အခြေအနေ အကျပ်အတည်းရောက်မှာသာ စစ်ရေးနည်းနဲ့ ဖြေရှင်းရတာဖြစ်တယ်။ အခုချိန် ချင်းအမျိုးသားအချင်းချင်းကြားပြဿနာကို နှစ်ဘက်တွေ့ဆုံအဖြေရှာဖို့ ကြိုးစားနေတဲ့အချိန် စစ်ရေးနည်းသုံးတာဟာ ဘယ်ဘက်ကပဲသုံးသုံး မှန်ကန်တဲ့ရွေးချယ်မှုမဟုတ်ပါ။ ဘယ်ရှုထောင့်ကကြည့်ကြည့် စစ်ရေးနည်းဆက်သုံးနေရင် ချင်းအမျိုးသားရေးနှင့် ချင်းပြည်သူတွေအတွက် အကျိုးရှိတာ လုံးဝလုံးဝမမြင်ပါ။ ဒါကြောင့် ချင်းပြည်သူတွေ အကျိုးကိုကြည့်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့လမ်းကြောင်းကို ရွေးချယ်ကြဖို့လိုမယ်"လို့ဆိုထားပါတယ်။
စစ်ရေးနည်းကိုသုံးရင် ချင်းအမျိုးသားရေးနှင့် ချင်းပြည်သူတွေအတွက် အကျိုးမရှိ၊ ဆုံးရှုံးမှုတွေကိုသာ သေချာဖြစ်စေမယ်ဆိုတာသေချာနေတဲ့အတွက် ဒီအမှန်တရားပေါ် အခြေခံပြီး တွေးမြင်ခံစားဆုံးဖြတ်ချက်ချကြဖို့ နှစ်ဘက်လက်နက်ကိုင်ခေါင်းဆောင်များကို အလေးအနက် တိုက်တွန်းအကြံပြုလိုတယ်လို့ ဆိုထားပါတယ်။
========================
📌📌 ၄။ "ကျောင်းသားထုတော်လှန်ရေး တည်တံ့ပါစေ"စာသားပါဘန်နာကို ချင်းမိုင်ရှိ စကစရဲ့ကောင်စစ်ဝန်ရုံးရှေ့ချိတ်ဆွဲဆန္ဒပြ
ဇူလိုင်လ ၇ ရက်
Radio NUG
"ကျောင်းသားထုတော်လှန်ရေး တည်တံ့ပါစေ"စာသားပါဘန်နာကို ချင်းမိုင်ရှိ စကစရဲ့ကောင်စစ်ဝန်ရုံးရှေ့ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။
ဇူလိုင်လ ၇ရက်မှာ ဗကသများဦးဆောင်ပြီး ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် အဖြစ်Long Live Students Revolutionစာသားပါ ဘန်နာကို ချိတ်ဆွဲခဲ့တာလို့ သိရှိရပါတယ်။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြကြသည့် ကျောင်းသူ ကျောင်းသားများအား ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ရက်စက်စွာ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး ဇူလိုင် ၈ ရက် နံနက်အာရုဏ်တက်တွင် ကျောင်းသား သမဂ္ဂအဆောက်အဦအား ဗုံးခွဲဖျက်ဆီးခံခဲ့ရပါတယ်။
========================
📌📌 ၅။ ၄၃ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာတစ်သောင်းကျော်ရရှိ
ဇူလိုင်လ ၇ရက်
Radio NUG
အမေရိကန်နိုင်ငံကနေ လစဥ် တော်လှန်ရေးရန်ပုံငွေရှာဖွေပေးလျက်ရှိတဲ့ နွေဦးလက်ဖက်ရည်ဝိုင်းကနေ ၄၃ကြိမ်မြောက်မှာ အမေရိကန်ဒေါ်လာတစ်သောင်းကျော်ရရှိတယ်လို့ သတင်းရရှိပါတယ်။
"နှစ်ပေါင်း (၇၀)ကျော် ရှိနေပြီဖြစ်တဲ့ အာဏာရှင်အမြစ်ပြတ်ရေးအတွက်က သက်ဆိုင်ရာတော်လှန်အဖွဲ့အစည်းအားလုံးက မိမိအတ္တများကို ဖယ်ရှားကြပြီး အတူတကွ ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်ကြမည်ဖြစ်တဲ့အတွက် စုစည်းညီညွတ်ကြစေလိုပါတယ်"လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုတာဝန်ခံတစ်ဦးက Radio NUGကိုပြောပါတယ်။
၄၃ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ ယနေ့ရောင်းရငွေ အလှူငွေလက်ခံရရှိမှု စုစုပေါင်းအမေရိကန်ဒေါ်လာ၁၁၇၃၉ဒေါ်လာရရှိခဲ့တာဖြစ်ပြီး
ချက်ပြုတ်လှုဒါန်းပေးသော အလှူရှင်များ ငွေသားအလှုရှင်များ၊ အပင်ရောင်းချလှူဒါန်းသော မိတ်ဆွေများ၊ ဝယ်သူအားပေးသော မိတ်ဆွေများ ဝိုင်းဝန်းကူညီသော မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိပါတယ်"လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက အသိပေးဆိုထားပါတယ်။ စျေးရောင်းပွဲမှာ ကျောင်းသားလူငယ်ဂီတဝိုင်းနဲ့ စိတ်ခွန်အားပေးတဲ့သီချင်းများလည်း ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုဟာ လစဥ်အစားအသောက်များ အမေရိကန် ဆန်ဖရန်ဗေးဧရိယာတွင် ချက်ပြုတ်ရောင်းချ၍ မြန်မာပြည်တွင် လိုအပ်သောနေရာများသို့ ငွေကြေးများပြန်လည်ထောက်ပို့စီးဆင်းလျက်ရှိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် သာကီက ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ အထူးချေမှုန်းရေးတပ်ဖွဲ့မှ ရဲဘော်များ၏ စုဖွဲ့လေ့ကျင့်နေမှု ပုံရိပ်များထုတ်ပြန်
ဇူလိုင်လ ၇ရက်
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ အထူးချေမှုန်းရေးတပ်ဖွဲ့မှ ရဲဘော်များ၏ စုဖွဲ့လေ့ကျင့်နေမှု ပုံရိပ်များကို ဇူလိုင်လ ၆ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင် ၆ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ အထူးချေမှုန်းရေးတပ်ဖွဲ့မှ ရဲဘော်များ၏ စုဖွဲ့လေ့ကျင့်နေမှု ပုံရိပ်များကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်အပ်တယ်လို့ ရန်ကုန်တိုင်းစစ်ဌာန ကဖော်ပြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်ရှိရဲဘော်များကို လတ်တလောမှာ မွမ်းမံသင်တန်းများနဲ့ လက်နက်တပ်ဆင်မှုများဆောင်ရွက်လျက်ရှိပါတယ်။
========================
🚩🚩 ၂။ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာအနီးအား တံတားဦးတက် Jet Fighterတစ်စီးဖြင့် အကြောင်းမဲ့လေကြောင်းတိုက်ခိုက်
ဇူလိုင်လ ၇ရက်
Radio NUG
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာအနီးအား တံတားဦးတက် Jet Fighterတစ်စီးဖြင့် စစ်ကောင်စီတပ်မှ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
ဇူလိုင်၆ရက်မနက်ပိုင်း ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာအနီးအား တံတားဦးတက် Jet Fighterတစ်စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူပိုင် ရေနံချက်ဖိုတစ်ခု၊ ကား၊ ဆိုင်ကယ်များနှင့် ရေနံပေပါအမြောက်အများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အတည်ပြုထားပါတယ်။
ဇူလိုင်လ ၅ရက် မနက်ပိုင်းကလည်း ကန့်ဘလူမြို့နယ်၊ အလယ်ခုံရွာမှ ထွက်လာသော စစ်ကောင်စီတပ်အင်အား သုံးဆယ်ခန့်သည် လွင်ကြီးရွာသို့ ရောက်ရှိနေပြီး ပြည်သူပိုင်နေအိမ်များအား အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
========================
🚩🚩 ၃။ သပိတ်ကျင်းမြို့နယ် ကွင်း(၂၉) ဂေါက်ကွင်းအားCluster ဗုံးသီးများအသုံးပြု၍စကစတပ်က လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့
ဇူလိုင်လ ၇ရက်
Radio NUG
သပိတ်ကျင်းမြို့နယ် ကွင်း(၂၉) ဂေါက်ကွင်းအားCluster ဗုံးသီးများအသုံးပြု၍ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ပကဖက ဖော်ပြပါတယ်။
၂၀၂၅ခုနှစ် ဇူလှိုင်လ ၆ရက်နေ့ ညနေ၄နာရီ၂၆မိနစ် နှင့် ၄နာရီ၃၂မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် မိတ္ထီလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် သပိတ်ကျင်းမြို့နယ် ကွင်း(၂၉) ဂေါက်ကွင်းအား Cluster ဗုံးသီးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ အတည်ပြုဖော်ပြပါတယ်။
ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအထိအခိုက်မရှိသော်လည်း ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်ဝေးရာတွင် နေထိုင်ကြရန်နှင့် လေကြောင်းရန် ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများ တူးထားကြရန် နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၄။ မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေးအကောင်အထည်ဖော်ခဲ့ကြသော တပ်မှူး (၂) ဦးအား ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်
ဇူလိုင်လ ၇ ရက်
Radio NUG
မာနယ်ပလောဒေသ ရရှိရေး စစ်ဆင်ရေးအကောင်အထည်ဖော်ခဲ့ကြသော တပ်မှူး (၂) ဦးအား ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ် ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ကေအဲန်ယူ-ဗဟိုက ဇူလိုင်လ ၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဌာနချုပ်ဟောင်း မာနယ်ပလော၌ နှစ်(၃၀)ကြာ တပ်စွဲထားသော ဗျူဟာစခန်းအဆင့် ပွိုင့်(၉၁၃) အကြမ်းဖက် စစ်ကောင်စီစခန်းကို ပြန်လည်ရရှိရန် စနစ်တကျစီမံ၍ အောင်ပွဲနှင့်အတူ စစ်ဆင်ရေးကို ဦးဆောင်အကောင်အထည် ဖော်ခဲ့ကြသော ဒုတိယဗိုလ်မှူးကြီး စောခင်လေး(ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်စစ်ဌာနချုပ်- ပြောက်ကြားတပ်ဖွဲ့ တာဝန်ခံ) နှင့် ဒုတိယဗိုလ်မှူးကြီး စောတင်မြင့်ထူး (တပ်မဟာ-၇၊ တပ်ရင်း(၂၂) တပ်ရင်းမှူး) တို့ နှစ်ဦးကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ကရင်အမျိုးသားတပ်မတော်နေ့က ကော်သူးလေရဲစွမ်းသတ္တိဆုတံဆိပ်အား ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။
ထို့အတူ မာနယ်ပလောဒေသရရှိရေးစစ်ဆင်ရေးတွင် ရွပ်ရွပ်ချွနံချွံ တိုက်ပွဲဝင်ခဲ့ကြသော အောင်ပွဲရ စစ်သည်တော်များကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ဌာနချုပ်မှ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
🚩🚩 ၅။ "အောင်ပွဲညံစီ ရှမ်းရိုးမနှင့်ကရင်နီ" Campaignပြည်သူများ ဝန်းရံပေးကြဖို့နှိုးဆော်
ဇူလိုင်လ ၇ရက်
Radio NUG
"အောင်ပွဲညံစီ ရှမ်းရိုးမနှင့်ကရင်နီ" Campaignပြည်သူများဝန်းရံပေးကြဖို့ နှိုးဆော်လိုက်ပါတယ်။
"ကျွန်တော်တို့ SSNDF/ KNDF ဗျူဟာအမှတ် ၉ ရဲ့ စစ်ရေးလိုအပ်ချက်တွေအတွက် စီစဥ်ပြုလုပ်တဲ့ "အောင်ပွဲညံစီ ရှမ်းရိုးမနှင့်ကရင်နီ" Campaign ကို ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ်။ ထောက်ပို့ငွေများကိုလည်း စတင်လက်ခံနေပါပြီ"လို့အသိပေးဆိုထားပါတယ်။
"အောင်ပွဲညံစီ ရှမ်းရိုးမ နှင့် ကရင်နီ" ကျပ် သိန်း (၁၀,၀၀၀) ကမ်ပိန်းဟာဆိုရင် အရေးပေါ် စစ်ရေးလိုအပ်ချက်တွေ ဖြစ်တဲ့ (လက်နက်ခဲယမ်းများ၊ ဂျန်ပါများ၊ Drone များ၊ ထုတ်လုပ်ရေးပစ္စည်းများ၊ ဆက်သွယ်ရေးစက်များ၊ မော်တော်ယဥ်များနှင့် ဆေးဝါးများ) စတဲ့ စစ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းဖို့ရာ ရည်ရွယ်ပြုလုပ်ရတဲ့ ကမ်ပိန်း ဖြစ်ပါတယ်။
SSNDF/KNDF ဗျူဟာအမှတ် (၉) အနေနဲ့ ယခုလက်ရှိ ကရင်နီ နဲ့ ရှမ်းတောင်ဒေသ တိုက်ပွဲများမှာ အရေးပေါ် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိနေပါတယ်။
"အောင်ပွဲညံစီ ရှမ်းရိုးမနှင့် ကရင်နီ" ကမ်ပိန်းကို ဇူလိုင်လ ၃ရက်နေ့မှ စတင်ဖွင့်လှစ်ကာ ၄၅ရက်ကြာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကရင်နီအစပ် ရှမ်းတောင်ဒေသဟာဆိုရင် စစ်ရေးအရ မဟာဗျူဟာမြောက် အရေးပါတဲ့ ဒေသတစ်ခုလည်း ဖြစ်ပြီး တော်လှန်ရေးအင်အားစုများရဲ့ စိုးမိုးနယ်မြေဖြစ်လာဖို့ အင်မတန်မှ အရေးကြီးကာ ဒီဒေသမှာ စကစအပြင် စကစဘက်မှာရှိနေတဲ့ PNO ကိုပါ တိုက်နေရတာလည်း ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် သာကီက ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment