၂၀၂၅ ဇူလိုင်လ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း မဝတ်ရည်အောင် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ NUG ပညာရေးဝန်ကြီးဌာန ပေးပို့
📌 ၂။ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) များအတွက် MoD Verified NUGPay Account များ ဖွင့်လှစ်ပေးထား
📌 ၃။ မြန်မာနိုင်ငံမှ ကျားဖျန့်ကုမ္ပဏီများသည် ထိုင်းအာဏာပိုင်များ၏ အင်တာနက်ဖြတ်တောက်မှုကို ရှောင်လွှဲရန် Starlink အသုံးပြု
📌 ၄။ ထိုင်းနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ ကာမိကာဇေ ဒရုန်း ပျက်ကျ
📌 ၅။ အကျဉ်းထောင်အတွင်း အသက်သေဆုံးရမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် PPNMမှ အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်တွင်းကြီး - မြို့သစ် လမ်းပိုင်း တစ်နေရာမှာ စစ်ကောင်စီ အရာရှိ တစ်ဦးအား ဖမ်းဆီးရမိ
🚩 ၂။ ကျောက်ဖြူမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာတော်ကြီး တစ်ပါး ဒဏ်ရာရ
🚩 ၃။ ကော့ကရိတ်၊ ထီးသဲလယ် အထက်တန်းကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
🚩 ၄။ ချောင်းဦး ထွေအုပ်ရုံးမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ ကလေးငယ် ၁ဦး သေဆုံး၊ ကလေးငယ် ၁ဦး ဒဏ်ရာရ
🚩 ၅။ အုတ်ဖို၊ ကြို့ကိုးပင်ရွာထိပ်တွင် အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းအား တိုက်ခိုက်၊ ၅ဦးသေဆုံး၊ ပြည်သူ ၅ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ
🚩 ၆။ တနင်္သာရီ နဲ့ မင်းကွန်း ဒေသတို့မှာ စစ်ကောင်စီ တပ်သား ၁၂ ဦး အလင်းဝင်
🚩 ၇။ ယခုတပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၂ ဦး ရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း မဝတ်ရည်အောင် ကျဆုံးခြင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာ NUG ပညာရေးဝန်ကြီးဌာန ပေးပို့
ဇူလိုင်လ (၂၂) ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် မဝတ်ရည်အောင်အား အာဇာနည်သူရဲကောင်းတစ်ဦး အဖြစ် အသိအမှတ်ပြုပြီး မိသားစုနှင့်ထပ်တူ၊ ဒဂုံတက္ကသိုလ် ကြားကာလတက္ကသိုလ် အုပ်ချုပ်ရေးကောင်စီတို့နှင့် ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သော မဝတ်ရည်အောင်သည် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်တွင် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် (၅) ဦးနှင့်အတူ စစ်တပ်၏ မတရား ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
စစ်ကြောရေးတွင် ပြင်းထန်စွာနှိပ်စက်ခံရပြီး ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၅၂(က) ဖြင့် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်သတ်မှတ်ခံရပြီး ဒိုက်ဦးအကျဉ်းထောင်နှင့် အင်းစိန်အကျဉ်းထောင်များအတွင်း ဆိုးရွားသော အကျဉ်းထောင် စနစ်များနှင့် ဆေးကုသမှုလုံလောက်စွာမရရှိဘဲ ဒဏ်ရာအခံများကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက် နံနက် (၃) နာရီတွင် အင်းစိန်အကျဉ်းထောင်အတွင်း၌ ကျဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။
ဝန်ကြီးဌာနအနေဖြင့် မဝတ်ရည်အောင်ကဲ့သို့သော အာဇာနည်လူငယ်များနှင့် ခေတ်အဆက်ဆက် အာဏာရှင်ကို အသက်၊ ဘဝ၊ ခန္ဓာများပေးဆပ်၍ တိုက်ပွဲဝင်နေကြသည့် တော်လှန်ပြည်သူများအား လေးစားဂုဏ်ပြုပြီး မြန်မာနိုင်ငံတွင် ကျောင်းသားများနှင့် ရဟန်းရှင်လူ ပြည်သူများကို နည်းမျိုးစုံဖြင့် နှိပ်စက်နေသည့် စစ်အာဏာရှင် စနစ်နှင့် အာဏာရှင်စနစ်များ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် လက်တွဲ၍ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) များအတွက် MoD Verified NUGPay Account များ ဖွင့်လှစ်ပေးထား
ဇူလိုင် ၂၂ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူလူထုများ လုံခြုံစိတ်ချစွာဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၊ မြို့နယ် ၊ ခရိုင် ၊ တိုင်း အဖွဲ့များကို ထောက်ပံ့ပို့ဆောင်နိုင်ရန် NUGPay Team ဖြင့် ပူးပေါင်း၍ ဖွင့်လှစ်ပေးထားပြီး ဖြစ်တယ်လို့ ဇူလိုင်လ ၂၂ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မြို့နယ်၊ ခရိုင်၊ တိုင်းများ၏ တရားဝင် NUGPay Wallet တွင် သက်ဆိုင်ရာ မြို့နယ်/ ခရိုင်/ တိုင်း ကုဒ်နှင့်အတူ ကာကွယ်ရေးဝန်ကြီးဌာန (MOD Verified) ၏ .mod extension ပါဝင်မည် ဖြစ်ကြောင်း သိရပါတယ်။
စစ်ကိုင်းတိုင်း ပ.က.ဖ အဖွဲ့ထံ ထောက်ပို့မည် ဆိုပါက sgg.mod*nugpay.app ကို ထောက်ပို့နိုင်မည် ဖြစ်ကာ ယခု အကောင့်များကို စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်၊ ခရိုင်၊ တိုင်း ပ.က.ဖ များအတွက်သာ ထုတ်ပေးထားခြင်းဖြစ်ပြီး အခြား တိုင်းနှင့်ပြည်နယ်များကို ထုတ်ပြီးပါက ထပ်မံ ကြေညာမည် ဖြစ်ကြောင်း အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖွင့်လှစ်ပေးထားသည့် သက်ဆိုင်ရာ ပ.က.ဖ များ၏ တရားဝင် NUGPay Wallet ကိုသာ လုံခြုံဘေးကင်းစွာဖြင့် ထောက်ပို့ပြုလုပ်ပေးပါရန်နှင့် အခြားသောလူပုဂ္ဂိုလ်အကောင့်များသို့ လွှဲပြောင်းခြင်း မပြုရန် တိုက်တွန်း နှိုးဆော်ထားပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံမှ ကျားဖျန့်ကုမ္ပဏီများသည် ထိုင်းအာဏာပိုင်များ၏ အင်တာနက်ဖြတ်တောက်မှုကို ရှောင်လွှဲရန် Starlink အသုံးပြု
ဇူလိုင်လ ၂၂ရက်
Radio NUG
မြန်မာနိုင်ငံမှ ကျားဖျန့်လုပ်နေသူများသည် ထိုင်းအာဏာပိုင်များက ကန့်သတ်ထားသည့် အင်တာနက်ဖြတ်တောက်မှုများကို ရှောင်လွှဲရန် အီလွန်မတ်စ်၏ Starlink ဂြိုဟ်တုအင်တာနက်ကို အသုံးပြုနေကြောင်း ထိုင်းသတင်းများမှာ ဖော်ပြထားပါတယ်။
Starlink စက်ပစ္စည်းများ၏ သယ်ယူရလွယ်ကူမှုသည် ၎င်းတို့ကို လျှို့ဝှက်သယ်ယူရန် လွယ်ကူစေပြီး၊ လိမ်လည်လှည့်ဖြားမှု လုပ်ငန်းများကို တားဆီးရန် ထိုင်းအာဏာပိုင်များ၏ အင်တာနက်ကြိုးများ ဖြတ်တောက်မှုကို ထိရောက်မှု မရှိစေခဲ့တာကြောင့် အာဏာပိုင်များသည် Starlink ၏ ဝန်ဆောင်မှုကို ပိတ်ပင်ရန် ပူးပေါင်းဆောင်ရွက်မှု ရယူရန် ကြိုးပမ်းနေတယ်လို့ ဆိုထားပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားမျှတမှု မစ်ရှင် (IJM) ၏ အချက်အလက်များအရ မြဝတီနှင့် အနီးဝန်းကျင်ရှိ ရာဇဝတ်မှုဆိုင်ရာ အဓိကနေရာ ရှစ်ခုတွင် ၂၀၂၅ ခုနှစ် ဧပြီလတွင် Starlink ချိတ်ဆက်မှု ၂,၄၉၂ ခု ရှိခဲ့ပြီး၊ ၎င်းသည် ထိုင်းနိုင်ငံ၏ အင်တာနက်ပေါ်တယ်ပိတ်ပင်မှု အပြည့်အဝမစတင်မီ ၂၀၂၄ ခုနှစ် ဧပြီလကထက် နှစ်ဆထက်မက တိုးမြင့်လာခြင်း ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
၂၀၂၅ ခုနှစ် Google Earth ပုံရိပ်များတွင်လည်း ရာဇဝတ်ဂိုဏ်းများ၏ အဆောက်အအုံများပေါ်တွင် Starlinkပုံစံများ ထင်ရှားစွာ တွေ့ရပြီး၊ ယခင်နှစ်က ဤသို့သော တည်ဆောက်ပုံများ လုံးဝမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
========================
📌📌 ၄။ ထိုင်းနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ ကာမိကာဇေ ဒရုန်း ပျက်ကျ
ဇူလိုင်လ ၂၂
Radio NUG
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဘန်ခွန်မဲဝေကျေးရွာအနီး တောအုပ်ထဲတွင် ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက မြန်မာစစ်တပ်ပိုင် ကာမိကာဇေ အသေခံဒရုန်း တစ်စီး ပျက်ကျခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားပါတယ်။
အဆိုပါ ဒရုန်းသည် ရုရှားထုတ် Shahed ဒရုန်း၏ ပုံစံကွဲတစ်မျိုး ဖြစ်နိုင်ပြီး၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မဟာ ၇ ဌာနချုပ်ကို တိုက်ခိုက်ရန် ပျံသန်းလာစဉ် ထိန်းချုပ်မှု လွတ်ထွက်ကာ ထိုင်းနယ်မြေအတွင်း ပျက်ကျခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထိုင်းသတင်းများက သုံးသပ်ထားပါတယ်။
ပျက်ကျသည့် ဒရုန်းတွင် ဓာတ်ငွေ့ဆလင်ဒါ တပ်ဆင်ထားပြီး၊ မြန်မာစစ်တပ်က KNU အခြေစိုက်စခန်းများကို တိုက်ခိုက်ရာတွင် အသုံးပြုသည့် ဒရုန်းများနှင့် ဆင်တူပြီး ထိုင်းစစ်တပ်က ဒရုန်းအား သယ်ဆောင်ကာ စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို စုံစမ်းနေသည့် TNISO အဖွဲ့က “မြန်မာစစ်တပ်က ရုရှားထုတ် Shahed ဒရုန်းများကို တိုက်ရိုက် ဝယ်ယူအသုံးပြုနေခြင်း ဖြစ်နိုင်သည်။ ဤဒရုန်းများသည် ယူကရိန်းစစ်မြေပြင်တွင် အသုံးပြုနေသည့် အဆင့်မြင့် အသေခံဒရုန်းများနှင့် ဆင်တူပြီး၊ တော်လှန်ရေးတပ်ဖွဲ့များအတွက် ခြိမ်းခြောက်မှု ဖြစ်ပေါ်စေနိုင်သည်”လို့ ပြောဆိုထားပါတယ်။
========================
📌📌 ၅။ အကျဉ်းထောင်အတွင်း အသက်သေဆုံးရမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် PPNMမှ အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်
ဇူလိုင် ၂၂ရက်
Radio NUG
အကျဉ်းထောင်အတွင်း အသက်သေဆုံးရမှုများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် PPNMမှ ဦးဆောင်ပြုလုပ်လျက်ရှိသည့် အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး လှုပ်ရှားတောင်းဆိုမှု ကမ်ပိန်းတွင် "ချမ်းမြသာစည်မြို့နယ် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ)နှင့် မဟာမိတ်ကျောင်းသားသမဂ္ဂများ"မှ ပူးပေါင်းပါဝင် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ထိုကဲ့သို့ တောင်းဆိုလှုပ်ရှားမှုကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလမှစ၍ လစဉ် တောင်းဆိုခဲ့ကြပြီး "အသက်တွေကို ပိတ်မထားနဲ့ ဖွင့်ပေး"ရဲ့ တောင်းဆိုချက်များအနေဖြင့် မိသားစုဝင်များ ပို့ဆောင်သည့် ဆေးဝါးများကို အကျဉ်းထောင်အာဏာပိုင်များအနေဖြင့် အပြည့်အဝလက်ခံပြီး အကျဉ်းသားများထံ အပြည့်အဝပို့ဆောင်ရန်၊ အရေးပေါ်လူနာများနှင့် နာတာရှည်ဝေဒနာခံစားနေရသူများကို အချိန်နှင့်တပြေးညီ ပြင်ပဆေးရုံများကို ပို့ဆောင်ပေးရန်၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးများကို လုံလောက်စွာထားရှိရန်၊ အရေးပေါ်ဖြစ်နေစဉ် ငွေကြေးအခက်အခဲရှိနေသည့် အကျဉ်းသားများအတွက် ဖမ်းဆီးထိန်းသိမ်းထားသူများမှ ကုန်ကျစာရိတ်များကိုပါ အကုန်ကျခံရန်စတဲ့အချက်များ ပါဝင်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်တွင်းကြီး - မြို့သစ် လမ်းပိုင်း တစ်နေရာမှာ စစ်ကောင်စီ အရာရှိ တစ်ဦးအား ဖမ်းဆီးရမိ
ဇူလိုင်လ ၂၂ ရက်၊
Radio NUG
မကွေးတိုင်း၊ တောင်တွင်းကြီး - မြို့သစ် လမ်းပိုင်း တစ်နေရာတွင် အိမ်စီးကား တစ်စီးအား ရှောင်တခင် စစ်ဆေးရင်း စစ်ကောင်စီ အရာရှိ တစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။
၎င်းအရာရှိမှာ မြဝတီ အမှတ် (၁၀၁၈) နယ်ခြားစောင့်တပ်မှ မြစ်ကြီးနား ခလရ (၂၉) တပ်ကို ပြောင်းရွှေ့ရမယ့် ဗိုလ်ကြီး နိုင်သူရ ဆိုသူဖြစ်ပြီး မန္တလေးမှ မြစ်ကြီးနားကို လေယာဉ်ဖြင့်သွားဖို့ ရောက်ရှိလာတာလို့ သိရပါတယ်။
၎င်းစစ်သုံ့ပန်းဟာ လုံခြုံရေး တာဝန်ကျ ရဲဘော်အား အပေါ့သွားချင်တယ်ဟု ဆိုတာကြောင့် ထိပ်တုံးမှ ဖြုတ်ပြီး လိုက်ပို့ရာတွင် တံတွေးဖြင့် ထွေးခြင်း၊ သတ်ချင်သတ်ပစ်လိုက်ဟုဆိုကာ လက်ထိပ်ခတ်လျှက်ဖြင့် နပမ်းလုံးခြင်း (လက်နက်လုခြင်း) တို့ကို ပြုလုပ်ခဲ့တာကြောင့် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်မတော် အနေနဲ့ ဖမ်းဆီးခံ စစ်သုံ့ပန်းများကို အသက်အန္တရာယ် လုံးဝမထိခိုက်ဖို့ တာဝန်ယူမှာဖြစ်ပြီး NUG မှ ထုတ်ပြန်ထားတဲ့ စစ်သုံ့ပန်း ဥပဒေအား အပြည့်အဝ လိုက်နာကာ ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ထို့ကြောင့် နောက်နောင် စစ်ကောင်စီ အရာရှိ အရာခံများ အနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များထံ ဖမ်းဆီးခံခဲ့ရပါက မည်သည့်အကြောင်းပြချက်နှင့်မှ ပြန်လည်ခုခံခြင်း မပြုကြဖို့ သတိပေးထားပါတယ်။
========================
🚩🚩 ၂။ ကျောက်ဖြူမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာတော်ကြီး တစ်ပါး ဒဏ်ရာရ
ဇူလိုင်လ ၂၂ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ရွာမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဆရာတော်ကြီး တစ်ပါး ဒဏ်ရာရခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့ မနက် ၁၂ နာရီ ၁၀ မိနစ် အချိန်မှာ ကျောက်ပြောက်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းမှာ သတင်းသုံးနေတဲ့ ဇိုင်ချောင်းရွာ ကျောင်းထိုင် ဆရာတော်ကြီး အသျှင် အာစိဏ္ဏ (သက်တော် ၉၃ နှစ်) ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဘုရားကျောင်းဆောင် ခန်းမတခုလုံး ပြိုကျပျက်စီးခဲ့ပြီး ကျောင်းဝင်းအတွင်းက ဓမ္မာရုံနဲ့ သိမ်တို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကော့ကရိတ်၊ ထီးသဲလယ် အထက်တန်းကျောင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဇူလိုင်လ ၂၂ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး (KNU)၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မော်ခီးကျေးရွာအုပ်စု၊ ထီးသဲလယ် အထက်တန်းကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့၊ နေ့လယ် ၁ နာရီ ၄၈ မိနစ်မှာ ထီးသဲလယ် အထက်တန်းကျောင်းကို လေကြောင်းကနေ ဗုံး တစ်လုံး ကြဲချတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းအဆောက်အအုံများ၊ အားကစားခန်းမ၊ အိမ်သာနှင့် ကျောင်းဈေးဆိုင်ငယ်များ၊ ထိခိုက်ပျက်စီးခဲ့တဲ့အပြင် ကျောင်းအနီးက လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ချောင်းဦး ထွေအုပ်ရုံးမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လို့ ကလေးငယ် ၁ဦး သေဆုံး၊ ကလေးငယ် ၁ဦး ဒဏ်ရာရ
ဇူလိုင်လ ၂၂ရက်
Radio NUG
ဇူလိုင်လ ၂၁ရက် မနက် ၁၀:၃၀ ခန့်တွင် ချောင်းဦးမြို့ပေါ် အထွေအုပ်ရုံး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်မှုကြောင့် မှန်ချိုကျေးရွာ ရွာထိပ်ကျရောက်ပြီး လက်နက်ကြီးပေါက်ကွဲခဲ့ကြောင်း လျှပ်စီးတပ်ခွဲ မုံရွာခရိုင် အမှတ်-၁၂တပ်ရင်း၊ တပ်ခွဲ-၃ မှ သတင်းထုတ်ပြန်ပါတယ်။
လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဈေးဝယ်သွားတဲ့ ၁၄နှစ်အရွယ် ကလေးငယ် တစ်ဦး လက်မောင်းဒဏ်ရာရရှိပြီး ၈နှစ်အရွယ် ကလေးငယ် တစ်ဦးနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။
၈နှစ်အရွယ် ကလေးငယ်သည် ကျောင်းက ပြန်လာစဉ် လက်နက်ကြီးကျတာကြောင့် သူ့ခါးကြောကို လက်နက်ကြီးစက ဒဲ့ထိုးဖောက်ပြီး ဟိုဘက်ဒီဘက်ပေါက်ထွက်ကာ သေဆုံးသွားတာဖြစ်ပါတယ်။
========================
🚩🚩 ၅။ အုတ်ဖို၊ ကြို့ကိုးပင်ရွာထိပ်တွင် အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းအား တိုက်ခိုက်၊ ၅ဦးသေဆုံး၊ ပြည်သူ ၅ဦး လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရ
ဇူလိုင်လ ၂၂ရက်
Radio NUG
ဇူလိုင်လ ၂၀ရက် နံနက် ၁၀နာရီခန့်တွင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာထိပ်တွင် အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၆ Black Dragon GBK-PDF ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ စောင့်ကြိုတိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြပြီး စစ်ကောင်စီဘက်မှ (၅)ဦး နေရာတွင် သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိကာ အထိနာသွားသည့် စစ်ကောင်စီမှ ဒေသခံပြည်သူ (၅)ဦးကို လူသားဒိုင်းလုပ်ရန် ဖမ်းဆီးထားတယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ပြည်သူများအား လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူများအနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်များအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၆။ တနင်္သာရီ နဲ့ မင်းကွန်း ဒေသတို့မှာ စစ်ကောင်စီ တပ်သား ၁၂ ဦး အလင်းဝင်
ဇူလိုင်လ ၂၂ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ်မှာ စစ်ကောင်စီ တပ်သား ၉ ဦးနဲ့ စစ်ကိုင်းတိုင်း၊ မင်းကွန်း ဒေသမှာ စစ်မှုထမ်း တပ်သား ၃ ဦး အသီးသီး အလင်းဝင်လာကြကြောင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တနင်္သာရီမြို့နယ်၊ မြိတ် - မောတောင် အာရှလမ်းမကြီးဘေးက သိမ်ခွန်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ တပတ်အတွင်း စစ်ကောင်စီ တပ်သား ၉ ဦး KNU တပ်မဟာ ၄ ထံ လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
အလင်းဝင် စစ်ကောင်စီတပ်သား ၉ ဦးဟာ MA-1 သေနတ် ၄ လက်၊ MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၁၅ ခု၊ စပ်ဆက်ကျည်များကိုပါ တပါတည်း ယူဆောင်လာတာကြောင့် KNU တပ်မဟာ ၄ ၊ တပ်ရင်း ၁၁ ရင်းမှူး က ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မင်းကွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့မှ အဓမ္မ ပေါ်တာဆွဲ စစ်မှုထမ်းစုဆောင်း ခံထားရသူ ၃ ဦး လက်နက် တစ်လက်နှင့်တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်းတပ်သားသစ်များအနေဖြင့် ကြောက်ရွံ့ပြီး မထွက်ပြေးပါက တိုက်ပွဲများအတွင်း အသက်ဆုံးရှုံးနိုင်ကာ အခြေအနေပေးပါက လက်နက်ပါ ယူဆောင်ပြီး လွတ်မြောက်အောင် ထွက်ပြေးကြဖို့ တိုက်တွန်းထားပါတယ်။
တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် ဘက်ပြောင်းခိုလှုံလာသူများကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိမိ ဆန္ဒရှိတဲ့အတိုင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၇။ ယခုတပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၂ ဦး ရှိခဲ့
ဇူလိုင်လ ၂၂ ရက်၊
Radio NUG
၂၀၂၅ ခုနှစ် ဇူလိုင်လ ဒုတိယ အပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် (၄၂) ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီ ၏ "ပြေးဟပရောဂျက် ယခုတစ်ပတ်" မှာ ဖော်ပြထားပါတယ်။
ယခုတပတ်အတွင်း စစ်သား ၁၇ ဦး၊ ရဲ ၁ ဦးနဲ့ ပြည်သူ့စစ် ၁ ဦး စုစုပေါင်း ၁၉ ဦး အလင်းဝင်လာခဲ့ပြီး အလင်းဝင် စစ်သားများအနက် ၄ ဦးဟာ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်သား ၂၂ ဦး၊ ပြည်သူ့စစ် ၁ ဦး စုစုပေါင်း ၂၃ ဦး စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့ထဲက ၂ ဦး ဟာ စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ယခု ဇူလိုင်လ ဒုတိယပတ် အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံပန်း စုစုပေါင်း - ၁,၆၄၃ ဦးထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment