၂၀၂၅ ဇူလိုင်လ ၁၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ (၇၈)နှစ်မြောက် အာဇာနည်နေ့ အလေးပြုအခမ်းအနားအစီအစဉ်နှင့်အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ရှုံ့ချပွဲ ဂျပန်မှာကျင်းပမည်
📌 ၂။ မတ္တရာမြို့နယ်၊ တိုက်နယ်(၄) ပကဖမှ လုံခြုံရေးဘန်ကာများ ဆောက်လုပ်ပေးခဲ့
📌 ၃။ ရှစ်လေးလုံး အရေးတော်ပုံ (၃၇) နှစ်ပြည့်ဆန္ဒပြပွဲ UKမှာကျင်းပမည်
📌 ၄။ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၃ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကေအဲန်ယူ-ခလယ်လွီထူခရိုင်မှာ (၆)လတာအတွင်း တိုက်ပွဲအကြီး၊အငယ် စုစုပေါင်း အကြိမ်(၃၀၀) ဖြစ်ပွားခဲ့ပြီးကောင်စီဘက်မှ ၂၀၀ ရာကျော်သေဆုံးခဲ့
🚩 ၂။ ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက်နေ့ နံနက်ပိုင်းအထိ စစ်အုပ်ကလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း (၁၁)ကြိမ်ကျူးလွန်ခဲ့ပြီး ပြည်သူလူထု (၉)ဦးသေဆုံးခဲ့ရတယ်လို့ TNLAသတင်းထုတ်ပြန်
🚩 ၃။ မုံရွာမြို့အခြေစိုက် နမခမှစစ်ကောင်စီတပ်သား ၃ ဦးမုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၂) ပကဖ တိုက်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး အလင်းဝင်
🚩 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၆၂) ဦးအထိရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ (၇၈)နှစ်မြောက် အာဇာနည်နေ့ အလေးပြုအခမ်းအနားအစီအစဉ်နှင့်အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ရှုံ့ချပွဲ ဂျပန်မှာကျင်းပမည်
ဇူလိုင်လ ၁၅ရက်
(၇၈)နှစ်မြောက် အာဇာနည်နေ့ အလေးပြုအခမ်းအနားအစီအစဉ်နှင့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအားဆန့်ကျင်ရှုံ့ချပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။
ဇူလိုင်လ ၁၉ရက်နေ့တွင် Shinagawa စစ်ကောင်စီရဲ့သံရုံးရှေ့မှာ ကျင်းပသွားမယ်လို့သိရပါတယ်။
"အာဇာနည်နေ့ ဒို့မမေ့"ဆိုသော စကားရပ်အတိုင်း သတိတရားကြီးစွာ မမေ့မလျော့ဘဲ ပြည်ပရောက်မြန်မာနိုင်ငံသားအားလုံးသည် ရောက်ရှိသောနေရာ၊အရပ်မှ ကျေးဇူးသိတတ်စွာ ကျင်းပနိုင်ရေးအတွက် အကြောင်းကြောင်းသော အလုပ်တာဝန်များ မအားမလပ်သောကြားမှ မပျက်မကွက် တက်ရောက်ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းနှိုးဆော် ဖိတ်ကြားအပ်တယ်"လို့ NUG support team japan ကအသိပေးဆိုထားပါတယ်။
လာရောက်သူများအနေနဲ့ နှစ်သက်ရာလွမ်းသူ့ပန်းခွေ၊ပန်းခြင်း၊ပန်းစည်းစသည်များ ယူဆောင်လာကြရန် နှင့်။ မိမိတို့ အဆင်ပြေသော အနက်ရောင်ဝတ်စုံများ ဝတ်ဆင်လာကြရန် နှိုးဆော်ထားပါတယ်။
========================
📌📌 ၂။ မတ္တရာမြို့နယ်၊ တိုက်နယ်(၄) ပကဖမှ လုံခြုံရေးဘန်ကာများ ဆောက်လုပ်ပေးခဲ့
ဇူလိုင် ၁၅ရက်
မတ္တရာမြို့နယ်၊ တိုက်နယ်(၄) ပကဖမှ လုံခြုံရေးဘန်ကာများ ဆောက်လုပ်ပေးခဲ့တယ်လို့ ဇူလိုင်၁၅ရက်တွင် အသိပေးဖော်ပြပါတယ်။
မြေပြင်မှ ကလေးသူငယ်များ အန္တရာယ်ကင်းစွာ စာသင်ကြားနိုင်ရေးအတွက် မတ္တရာမြို့နယ်၊ တိုက်နယ်(၄) ပကဖမှ လုံခြုံရေးဘန်ကာများ ဆောက်လုပ်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၃။ ရှစ်လေးလုံး အရေးတော်ပုံ (၃၇) နှစ်ပြည့်ဆန္ဒပြပွဲ UKမှာကျင်းပမည်
ဇူလိုင် ၁၅ရက်
ရှစ်လေးလုံး အရေးတော်ပုံ( ၃၇ )နှစ်ပြည့် ဆန္ဒပြပွဲ UKမှာ ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။
သြဂုတ်လ၈ရက် သောကြာနေ့တွင် Parliament Squareမှာ နေ့လည် ၁၂ နာရီမှ စတင်မှာဖြစ်ပြီးတော့ မြန်မာအင်အားစုများအားလုံး လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ရှစ်လေးလုံးကစခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံကြီး ခရီးမဆုံးသေးဘဲ အဆုံးသတ်တိုက်ပွဲအတွက် အားလုံးသွေးမအေးကြောင်းပြဖို့ ယူကေရောက်မြန်မာအင်အားစုများကို လာရောက်ဖို့ဆိုထားပါတယ်။
========================
📌📌 ၄။ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၃ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်
ဇူလိုင် ၁၅ရက်
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၉:၄၉ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏ အနောက် - အနောက်တောင်ဘက် ၂၄ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၃ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUGလူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ငလျင်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးကြေညာထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကေအဲန်ယူ-ခလယ်လွီထူခရိုင်မှာ (၆)လတာအတွင်း တိုက်ပွဲအကြီး၊အငယ် စုစုပေါင်း အကြိမ်(၃၀၀) ဖြစ်ပွားခဲ့ပြီးကောင်စီဘက်မှ ၂၀၀ ရာကျော်သေဆုံးခဲ့
ဇူလိုင် ၁၅ရက်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ တပ်မဟာ(၃) အုပ်ချုပ်မှုနယ်မြေအတွင်း ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ (၆)လတာအတွင်း တိုက်ပွဲအကြီး/ငယ် စုစုပေါင်း အကြိမ်(၃၀၀) ဖြစ်ပွားခဲ့တယ်လို့ ဇူလိုင်၁၅ရက်တွင် သတင်းထုတ်ပြန်ပါတယ်။
ယင်းတိုက်ပွဲတွင် ကေအဲန်ယူဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၄၄)ဦး အသက်ပေးခဲ့ရပြီး (၁၂၇)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီဘက်မှ (၂၄၂)ဦး သေဆုံးပြီး (၁၈၉)ဦး ထိခိုက်ဒဏ်ရာရကာ (၇)ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီးကေအဲန်ယူဘက်မှ ရန်သူ(၂၅)ဦးကို အရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ(၂၀၉)လက် သိမ်းပိုက်ရရှိခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီဘက်မှ (၆)လတာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဒေသခံပြည်သူလူထု အမျိုးသမီး(၂၉)ဦး၊ အမျိုးသား(၂၀)ဦး စုစုပေါင်း(၄၉)ဦး သေဆုံးခဲ့ရပြီး အမျိုးသား(၉၃)ဦး၊ အမျိုးသမီး(၈၈)ဦး စုစုပေါင်း(၁၈၁)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူလူထု အမျိုးသား(၁၄)ဦး၊အမျိုးသမီး(၃)ဦးကိုလည်း ဖမ်းဆီးချုပ်နှောင်ခဲ့တယ်လို့သိရပါတယ်။
========================
🚩🚩 ၂။ ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက်နေ့ နံနက်ပိုင်းအထိ စစ်အုပ်ကလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း (၁၁)ကြိမ်ကျူးလွန်ခဲ့ပြီး ပြည်သူလူထု (၉)ဦးသေဆုံးခဲ့ရတယ်လို့ TNLAသတင်းထုတ်ပြန်
ဇူလိုင် ၁၅ရက်
ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက်နေ့ နံနက်ပိုင်းအထိ စစ်အုပ်ကလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း (၁၁)ကြိမ်ကျူးလွန်ခဲ့ပြီး ပြည်သူလူထု (၉)ဦးသေဆုံးခဲ့ရတယ်လို့ TNLAကသတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်သည် ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက်နေ့ နံနက်ပိုင်းအထိ လေကြောင်းဖြင့် ကျောက်မဲမြို့တွင် (၆)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ မိုးကုတ်မြို့တွင် (၂)ကြိမ်နှင့် သီပေါမြို့တွင် (၂)ကြိမ်တို့ စုစုပေါင်း (၁၁)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLAကဖော်ပြပါတယ်။
ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု (၉)ဦးသေဆုံးခဲ့ရပြီး ကလေးငယ် (၄)ဦးနှင့် ပြည်သူလူထု (၄၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၆၃)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီး ကျောင်း (၄)ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါတယ်။
ထိုကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်တယ်လို့ PSLF/TNLAက နှိုးဆော်ထားပါတယ်။
========================
🚩🚩 ၃။ မုံရွာမြို့အခြေစိုက် နမခမှစစ်ကောင်စီတပ်သား ၃ ဦးမုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၂) ပကဖ တိုက်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး အလင်းဝင်
ဇူလိုင် ၁၅ရက်
စစ်ကိုင်းတိုင်း၊မုံရွာမြို့အခြေစိုက် နမခမှစစ်ကောင်စီတပ်သား ၃ ဦး မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၂) ပကဖ တိုက်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ပါတယ်။
ဇူလိုင်၁၃ရက်တွင် မုံရွာမြို့အခြေစိုက် နမခမှ စစ်ကောင်စီတပ်သား ၃ ဦးသည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တိုက်နယ် (၂) ပကဖ တိုက်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး (လက်နက်မပါ) အလင်းဝင်ရောက်ခဲ့တယ်လို့ မုံရွာပကဖက အတည်ပြုထားပါတယ်။
၎င်း တို့ကို ကောင်းမွန်စွာ ထားရှိပြီး စစ်ရာဇဝတ်အမှုများဖြင့် ပတ်သက်မှုမရှိသဖြင့် ၎င်းတို့ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။
========================
🚩🚩 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၆၂) ဦးအထိရှိလာ
ဇူလိုင် ၁၅ရက်
အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၆၂) ဦးအထိရှိလာတယ်လို့AAPPကဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ဇူလိုင် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၉၆၂) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဆိုပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၃၈၀) ဦးရှိပြီး ထိုအထဲမှ (၂၂၁၇၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၈၈၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment