၂၀၂၅ ဇူလိုင်လ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းမှ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ တာဝန်ခံများနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်
📌 ၂။ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အနီး ရစ်ခ်တာစကေး ၄.၇ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့
📌 ၃။ မူးမြို့နယ် KNLA တပ်ရင်း ၈ နှင့် ခလယ်လွီထူ Junior College တို့မှာ ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲ ကျင်းပ
📌 ၄။ မာနယ်ပလော တိုက်ပွဲမျာ ပါဝင်ခဲ့ကြတဲ့ ABSDF ရဲဘော် (၁၀) ဦးကို KNLA မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်
📌 ၅။ မြန်မာ့နွေဦးတက္ကသိုလ် ဒုတိယအကြိမ်ဘွဲ့နှင်းသဘင် တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများစာရင်း ကြေညာ
📌 ၆။ ကိုရီးယားအစိုးရကို တောင်းဆိုသည့် မြန်မာ့ဒီမိုကရေစီရေး လက်မှတ်ထိုးကမ်ပိန်း စတင်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်
🚩 ၂။ CDF-မတူပီ (တပ်မဟာ ၂) ဌာနချုပ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
🚩 ၃။ ဒီးမော့ဆိုအနောက်ခြမ်း၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီး
🚩 ၄။ ဝက်လက် အရှေ့ခြမ်းမှာ စစ်ကောင်စီ စစ်သင်္ဘောက ရမ်းသမ်းပစ်ခတ်နေ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးခန့် သေဆုံး
🚩 ၅။ ကန့်ဒေါင့်နယ်မြေ ရဲစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းများအား PLA မှ ပြန်လွှတ်ပေးခဲ့
🚩 ၆။ ဇူလိုင်လ ပထမပတ်အတွင်း စစ်ကောင်စီ တပ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၁၀၉ ဦး အလင်းဝင်၊ လက်နက်ချ
🚩 ၇။ ပဲခူးတိုင်း၊ အင်းတကော် တပ်မ (၉၀၆) BEတပ်မှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းမှ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ တာဝန်ခံများနှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး တက်ရောက်
ဇူလိုင်လ ၁၇ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့မှ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာတာဝန်ခံများနှင့် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့က တွေ့ဆုံခဲ့ကြကြောင်း သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးမှ ဌာန၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး အမျိုးသမီးနှင့် ဂျဲန်ဒါရေးရာဌာန၊ လူငယ်ရေးရာဌာန၊ ကလေးသူငယ်ရေးရာဌာနများ၏ ဌာနမှူးများမှလည်း ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လုပ်ဆောင်ရမည့် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကာ တာဝန်ခံများ၏ မြေပြင်တွင် တွေ့ကြုံနေရသည့် အခြေအနေနှင့် အခက်အခဲများအား ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာဌာနမှူးများမှ တာဝန်ခံများ၏ မေးမြန်းမှုများနှင့် အခက်အခဲများကို ဆွေးနွေး ဖြေကြားမှုများပြုလုပ်ခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်း၊ ကလေးဝမြို့အနီး ရစ်ခ်တာစကေး ၄.၇ မြေငလျင် တစ်ခု လှုပ်ခတ်ခဲ့
ဇူလိုင်လ ၁၇ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၂:၂၄ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၏တောင်ဘက် ၄၃ ကီလိုမီတာအကွာ၊ ကလေးဝမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၃။ မူးမြို့နယ် KNLA တပ်ရင်း ၈ နှင့် ခလယ်လွီထူ Junior College တို့မှာ ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲ ကျင်းပ
ဇူလိုင်လ ၁၇ ရက်၊
Radio NUG
၇၈ ကြိမ်မြောက် ကရင့်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲအခမ်းအနားကို ခလယ်လွီထူခရိုင်၊ မူးမြို့နယ် KNLA တပ်ရင်း (၈)၊ ခလယ်လွီထူဂျူနီယာ ကောလိပ်ကျောင်းနဲ့ Wisdom လူငယ်စွမ်းရည် မြှင့်တင်ရေးကျောင်းတို့မှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့က KNLA တပ်ရင်း (၈) မှာ ကျင်းပခဲ့တဲ့ ဂုဏ်ပြုအခမ်းအနားကို မူးမြို့နယ်မှ ပြည်သူလူထု၊ မြို့နယ်တာဝန်ရှိ ခေါင်းဆောင်များ၊ တပ်ရင်း (၈) မှ တာဝန်ရှိ ခေါင်းဆောင်များနဲ့ တာမလာပေါညား အထက်တန်း ကျောင်းမှ ကျောင်းသား/သူများ လူဦးရေ စုစုပေါင်း ၃၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားတွင် KNU ဗဟိုက ပေးပို့တဲ့ သဝဏ်လွှာများ၊ ခရိုင်အဆင့် အမြဲတမ်းကော်မတီအဖွဲ့ဝင် ပညာရေးနှင့် ယဉ်ကျေးမှုဌာနမှူး ပဒိုစောလာစေး၊ မြို့နယ်အဆင့် အမြဲတမ်း ကော်မတီနှင့် အလုပ်မှုဆောင် ကော်မတီ အဖွဲ့ဝင် ပဒို စောမာနေစေး၊ တပ်ရင်း (၈) တပ်ရေးမှူး ဗိုလ်ကြီး စောရှီးထူး၊ ကြေးနန်းဆက်သွယ်ရေး တာဝန်ခံ ဒုဗိုလ် စောကလယ်မူး စတဲ့ခေါင်းဆောင်များက တိုက်တွန်းအားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ပြီး အထိမ်းမှတ်နေ့ အားကစားပွဲများ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အလားတူ Klerlweehtu Junior College - KJC ကျောင်းနှင့် လူငယ်စွမ်းရည် မြင့်တင်ရေးကျောင်း (Wisdom) တို့မှာလည်း ဇူလိုင်လ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ (၇၈) ကြိမ်မြောက် ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုပွဲကို ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားတွင် KNU - ဥက္ကဋ္ဌ၊ ကရင့်အမျိုးသမီး အစည်းအရုံး၊ ကရင်လူငယ် အစည်းအရုံး၊ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဌာနချုပ်တို့မှ ပေးပို့ခဲ့တဲ့ သဝဏ်လွှာများကို ဖတ်ကြားခဲ့ကာ KJC ကျောင်းမှာ ခလယ်လွီထူခရိုင် တွဲဘက်အတွင်းရေးမှူး ပဒိုစောနဲထူးဗျိုင်း၊ ခရိုင်အဆင့် အမြဲတမ်းကော်မတီဝင် ရုံးထိုင်မှူး ပဒို စောတောဒို၊ အမြဲတမ်းကော်မတီ အဖွဲ့ဝင် တရားသူကြီး ပဒိုစောခါးမဲ၊ KJC ကျောင်းအုပ် ဆရာမနော်ထူးရေစေး၊ ဒုကျောင်းအုပ် ဆရာစောသာထူးနဲ့ ဓမ္မဆရာ ဆရာစောသေဖလယ်ထူးတို့က မိန့်ခွန်းပြောကြားခြင်းနှင့် အားပေး ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြပြီး Wisdom ကျောင်းမှာ ကျောင်းဆရာများဖြစ်ကြတဲ့ ဆရာမနော်သောစေးနဲ့ ဆရာရန်ကျော်တို့မှ အားပေးဂုဏ်ပြုစကား ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ မာနယ်ပလော တိုက်ပွဲမျာ ပါဝင်ခဲ့ကြတဲ့ ABSDF ရဲဘော် (၁၀) ဦးကို KNLA မှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်
ဇူလိုင်လ ၁၇ ရက်၊
Radio NUG
(၇၈) နှစ်မြောက် ကရင့်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ - KNDO နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - ABSDF မှ ရဲဘော်တပ်ဖွဲ့ဝင် ၁၀ ဦးအား KNLA ဗဟိုမှ ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ပေးခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။
ကရင့်အမျိုးသား အစည်းအရုံး - KNU တပ်မဟာ (၇) နယ်မြေရှိ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ပြန်လည် ရရှိရေး စစ်ဆင်ရေးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော် ၅၇ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့မှာ ကျရောက်တဲ့ KNDO နေ့ အခမ်းအနားတွင် ဂုဏ်ပြုသဝဏ်လွှာများ ချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အခမ်းအနားတွင် မာနယ်ပလောဒေသတိုက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ KNDO ရဲဘော် ၄၁ ဦး၊ ABSDF ရဲဘော် ၁၀ ဦးနဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ဝင် ၆ ဦး တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး မှတ်တမ်းတင် ဂုဏ်ပြု ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မြန်မာ့နွေဦးတက္ကသိုလ် ဒုတိယအကြိမ်ဘွဲ့နှင်းသဘင် တက်ရောက်ရမည့် ကျောင်းသား၊ ကျောင်းသူများစာရင်း ကြေညာ
ဇူလိုင်လ ၁၇ရက်
Radio NUG
တော်လှန်ရေးကာလအတွင်း တက္ကသိုလ် တက်လက်စ ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားရေး အဆက်မပြတ်သွားစေရန် ရည်ရွယ်၍ စတင်ဖွင့်လှစ်ခဲ့သည့် မြန်မာ့နွေဦးတက္ကသိုလ်တွင် ပညာသင်ကြားမှု ပြီးမြောက်သူများကို ဘွဲ့လက်မှတ်အပ်နှင်းရန် မြန်မာ့နွေဦးတက္ကသိုလ် “ဒုတိယအကြိမ်ဘွဲ့နှင်းသဘင်အခမ်းနား” ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာ့နွေဦးတက္ကသိုလ်တွင် သက်ဆိုင်ရာဘာသာရပ်အလိုက် နောက်ဆုံးနှစ်စာမေးပွဲဖြေဆို အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများစာရင်းကို ထုတ်ပြန်ကြေညာထားပါတယ်။
ဘွဲ့လက်မှတ်ရယူနိုင်ရန်အတွက် လျှောက်လွှာများကို ဇူလိုင်လ (၁၇) ရက်မှာ စတင်ခေါ်ယူမှာဖြစ်ပြီး ဇူလိုင်လ (၃၁) ရက်မှာ လျှောက်လွှာပိတ်မှာဖြစ်ကာ registration form တွင် လိုအပ်သည့် အချက်လက်များနှင့် ဘွဲ့လက်မှတ်ကြေး ၁၀၀၀၀ ကျပ်တို့ကို (၃၁-၀၇-၂၀၂၅ ) ရက် ကြာသပတေးနေ့ (ည ၁၂ နာရီ) နောက်ဆုံးထားဖြည့်သွင်းပေးရန်၊ ဘွဲ့လက်မှတ်ကြေးပေးရာတွင် Spring Development Bank (SDB) ဖြင့် သာ ပေးသွင်းရန် အသိပေးထားပါတယ်။
========================
📌📌 ၆။ ကိုရီးယားအစိုးရကို တောင်းဆိုသည့် မြန်မာ့ဒီမိုကရေစီရေး လက်မှတ်ထိုးကမ်ပိန်း စတင်
ဇူလိုင် ၁၇ရက်
Radio NUG
မြန်မာဒီမိုကရေစီနှင့် လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ အစိုးရသို့ တောင်းဆိုသည့် လက်မှတ်စုရေးထိုး လှုပ်ရှားမှုကို ယခုရက်ပိုင်းတွင် စတင်လိုက်ပြီး လက်မှတ်ပေါင်း 8,888 ရရှိအောင် စုဆောင်းမည်ဟု တာဝန်ခံများက ကြေညာထားပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)၊ MFDMC, , KOCO, စသည့် တော်လှန်ရေးအဖွဲ့အစည်းများ ဦးဆောင်၍ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ (8888 ) ၃၇-နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဤလက်မှတ်ထိုးလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အွန်လိုင်းလက်မှတ်ရေးထိုး ကင်ပိန်းကို https://campaigns.do/campaigns/1624 တွင် မည်သူမဆို ပါဝင် လက်မှတ်ရေးထိုးနိုင်ပြီး မိမိအချက်အလက်များကို စာရင်းသွင်းစရာ မလိုဘဲ လက်မှတ်ထိုးနိုင်ကာ အီးမေးလ်၊ ဖုန်းနံပတ်၊ လိပ်စာတို့ကို ထည့်လိုက ထည့်သွင်းနိုင်ပြီး၊ မထည့်လိုက မထည့်ဘဲ ထားနိုင်တယ်လို့ သိရပါတယ်။
စုဆောင်းရရှိသည့် လက်မှတ်များနှင့်အတူ ကိုရီးယားအစိုးရသို့ တောင်းဆိုချက်များကို သြဂုတ်လ ၈ ရက်နေ့တွင် ဆိုးလ်မြို့ သမ္မတရုံးရှေ့၌ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပေးပို့သွားမှာဖြစ်ပါတယ်။
အဆိုပါ တောင်းဆိုစာတွင် အချက် ၇-ချက် ပါဝင်ပြီး၊ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွေ့ကျသော ထောက်ခံအားပေးမှုများ ဆောင်ရွက်ပေးရန်နှင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်တို့ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် KIA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်
ဇူလိုင်လ ၁၇ရက်
Radio NUG
ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များတွင် စစ်ကောင်စီတပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များအကြား ဇူလိုင်လ ၁၇ရက်မှာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရပါတယ်။
နံနက် ၉ နာရီခန့်တွင် မြစ်ကြီးနားမြို့မြောက်ဘက် မြစ်ဆုံအထက်ရှိ တန်ဖဲရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များသည် တန်ဖဲရွာမှ ပူတာအိုဘက်သို့ လမ်းကြောင်းပြန်ဖွင့်ရန် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အလားတူ ဝိုင်းမော်မြို့နယ်တွင်လည်း နံနက် ၉ နာရီမှ နေ့လယ် ၁၁ နာရီခန့်အထိ နှစ်နာရီကြာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များသည် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီသည် ဝိုင်းမော်မြို့နယ်တွင် အင်အား ၂,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး KIA ထိန်းချုပ်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီ ဒေသများကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းထားကြောင်း သိရပါတယ်။
========================
🚩🚩 ၂။ CDF-မတူပီ (တပ်မဟာ ၂) ဌာနချုပ်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဇူလိုင်လ ၁၇ရက်
Radio NUG
CDF-မတူပီ (တပ်မဟာ ၂)၏ ဌာနချုပ်ကို ဇူလိုင်လ ၁၇ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Matupi Revolution News မှ သတင်းဖော်ပြထားပါတယ်။
စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတစ်လုံးဖြင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ရဲဘော်များထိခိုက်ဒဏ်ရာရရှိမှု မရှိဘူးလို့ သိရပြီး CDF-မတူပီ (တပ်မဟာ ၂)၊ ဌာနချုပ်ကို ပထမအကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ဒီးမော့ဆိုအနောက်ခြမ်း၌ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီး
ဇူလိုင်လ ၁၇ရက်
Radio NUG
ဇူလိုင်လ ၁၇ ရက်၊ နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်တွင် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့ရာ လူနေအိမ်တစ်လုံးနှင့် အဆောက်အအုံတစ်လုံး ထိမှန်ပျက်စီးခဲ့ကြောင်း KPV သတင်းဌာနမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လပထမ ၂ ပတ်အတွင်း ကရင်နီပြည်နယ်တွင် အရပ်သားများနေထိုင်ရာ နေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်ပြုလုပ်ခဲ့ရာ အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံ ၁၃ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
========================
🚩🚩 ၄။ ဝက်လက် အရှေ့ခြမ်းမှာ စစ်ကောင်စီ စစ်သင်္ဘောက ရမ်းသမ်းပစ်ခတ်နေ၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦးခန့် သေဆုံး
ဇူလိုင်လ ၁၇ ရက်၊
Radio NUG
မန္တလေးမြို့၊ ဂေါ်ဝန်ဆိပ်ကမ်းကနေ ဆန်တက်လာတဲ့ စစ်ကောင်စီ စစ်သင်္ဘောဟာ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကား ကျေးရွာကို ပွိုင့်ဖိုက်ဖြင့် ရမ်းသမ်းပစ်ခတ်နေတယ်လို့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်ရေးသင်္ဘော ၅ စီး၊ နောက်တွန်း ထောက်ပို့သင်္ဘော ၇ စီး ပါဝင်တဲ့ စစ်သင်္ဘော အုပ်စုဟာ ရှိမ်းမကားရွာ အရှေ့ က မြစ်ကြောင်းထဲ ကျောက်ဆူးချ ရပ်တန့်ထားပြီး ပွိုင့်ဖိုက်ဖြင့် ရမ်းသမ်းပစ်ခတ်နေကာ ဓါတ်မီးများဖြင့် လျှောက်ပတ်ထိုးနေတယ်လို့ ဆိုပါတယ်။
အဆိုပါ သင်္ဘောများ ဆန်တက်ရာ ကမ်းရိုးတလျောက်ကို တံတားဦး လေတပ်က ဂျက်ဖိုက်တာများဖြင့် ပျံဝဲပေးခဲ့ကာ Y-12 တစ်စီးဖြင့် ဝက်လက် အရှေ့ခြမ်းရှိ ရှားကွဲရွာ၊ ငါးပတ်ချောင်းရွာနဲ့ ရေလည်မော် ရွာတို့ကို ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
၎င်း လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၁၅ ဦးခန့် သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ များပြားခဲ့ပြီး နွား ၁ ကောင် သေဆုံးခဲ့တယ်လို့ သတင်းရရှိထားကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ကန့်ဒေါင့်နယ်မြေ ရဲစခန်းသိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းများအား PLA မှ ပြန်လွှတ်ပေးခဲ့
ဇူလိုင်လ ၁၇ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်နယ်မြေ ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၄ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်ထားပါတယ်။
တပ်သား ရဲကျော်ကျော်၊ တပ်သား နေထက်လင်း၊ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော်နဲ့ တပ်သား ထွန်းမြေ့အေးတို့ ၄ ဦးကို ဇူလိုင်လ ၁၁ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
၎င်းတို့ထဲမှ တပ်သား နေထက်လင်းဟာ အသက် ၁၅ နှစ်သာ ရှိသေးပြီး ရန်ကုန်မှာ အကင်ရောင်းနေစဉ် စစ်တပ်က အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
၎င်းတို့ ၄ ဦး အပြင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ တပ်သား စိုးတာ ဆိုသူဟာ ထိန်းသိမ်းထားစဉ် ရောဂါဖြင့် ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - PLA အနေဖြင့် စစ်မြေပြင်မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းများကို လူသား ဂုဏ်သိက္ခာ၊ စစ်သား ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံကာ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး ဒဏ်ရာရ သုံ့ပန်းများကို ဆေးကုသ၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်သုံ့ပန်းများကို ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သုံ့ပန်းပေါ်လစီအတိုင်း ထိန်းသိမ်းထားပြီး ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်တယ်လို့ အသိပေးထားပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက် အသေခံမတိုက်ဘဲ လက်နက်ချကြဖို့ စစ်ကောင်စီ တပ်သားများကို PLA က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၆။ ဇူလိုင်လ ပထမပတ်အတွင်း စစ်ကောင်စီ တပ်သား၊ ရဲနဲ့ ပြည်သူ့စစ် ၁၀၉ ဦး အလင်းဝင်၊ လက်နက်ချ
ဇူလိုင်လ ၁၇ ရက်၊
Radio NUG
၂၀၂၅၊ ဇူလိုင်လ ပထမအပတ်အတွင်း စစ်ကောင်စီ တပ်သား၊ ရဲ နဲ့ ပြည်သူ့စစ် ၁၀၉ ဦး အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတယ်လို့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ စာရင်းတွေအရ ဇူလိုင် ပထမပတ် အတွင်း စစ်ကောင်စီ တပ်သား ၃၁ ဦး၊ ရဲ ၃ ဦးနဲ့ ပြည်သူ့စစ် ၁၇ ဦး အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင် စစ်သား ၃၁ ဦးအနက် ၂၂ ဦးဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အဓမ္မ စုဆောင်းခံထားရတဲ့ စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ထို့အပြင် ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းတို့မှာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီတပ်သား ၅၈ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ယခုနှစ် ၂၀၂၅ ဇန်နဝါရီလမှ ဇူလိုင်လ ပထမပတ်အတွင်း အလင်းဝင် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း (၁,၆၀၁) ဦးထိ ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင် ရဲ့ စာရင်းတွေအရ သိရှိရပါတယ်။
========================
🚩🚩 ၇။ ပဲခူးတိုင်း၊ အင်းတကော် တပ်မ (၉၀၆) BEတပ်မှ စစ်ကောင်စီတပ်သား တစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
ဇူလိုင်လ ၁၇ရက်
Radio NUG
၂၀၂၅ခုနှစ်၊ ဇွန်လ (၇)ရက် နံနက်(၅)နာရီခန့်တွင် စစ်ဆင်ရေးနယ်မြေအမှတ် - (၂)အတွင်းရှိ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း (၉၀၁)ထံ စစ်ကောင်စီတပ်သား တစ်ဦး MA1နှင့်အတူ အလင်းဝင်ရောက်လာကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်း၊ အင်းတကော် တပ်မ (၉၀၆) BEတပ်မှ လုပ်သက် (၆)နှစ်ရှိတဲ့ စစ်ကောင်စီတပ်သား မင်းဟိန်းကျော်၊ ကိုယ်ပိုင်အမှတ် - တ ၅၈၄၃၈၃သည် MA1 (၁)လက်၊ ကျည်ဘောက်(၃)ခု၊ ကျည်ဆံ(112)နှင့်အတူ ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာ စစ်ကောင်စီ အထိုင်တပ်စခန်းမှ စွန့်ခွာလာခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment