၂၀၂၅ ဇူလိုင်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ (၇၈) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားအား ပူးပေါင်းကြီးမှူးကျင်းပ
📌 ၂။ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုး
📌 ၃။ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ King Kong Group (KKG) စားသောက်ဆိုင်မှ အလုပ်သမား(၁၂)ဦး အလုပ်ထုတ်ခံရသဖြင့် စမွတ်ပရာကန်ခရိုင်၊ ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့
📌 ၄။ ဒေါနတပ်ရင်းတွင် ကျင်းပသည့် (၇၈)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ တက်ရောက်
📌 ၅။ မုံရွာမြို့နယ် ပကဖ နှင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး -BLDF တို့ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ
📌 ၆။ မန်တုံမြို့တွင် ပျက်စီးနေတဲ့ လမ်းကို PSLF/TNLAမှ ကွန်ကရစ်လမ်းအဖြစ် ခင်းပေး
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မင်းလှမြို့နယ် စပါးကြီးချောင်းနှင့် ခါချဉ်တောင်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၈၀ကျော် သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ဦး ကျဆုံးကာ ခါချဉ်တောင်မှ ဆုတ်ခွာပေးခဲ့ရ
🚩 ၂။ နွေဦးတော်လှန်ရေး အတွင်း Southern Eagle PDF မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့
🚩 ၃။ နွားထိုးကြီး အောင်သာရွာ သိမ်တော်ကုန်း ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော် တစ်ပါး ဒဏ်ရာရ
🚩 ၄။ ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး
🚩 ၅။ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အဓမ္မစုဆောင်းခံထားရသူ ၄ ဦး KNLA တပ်ရင်း (၉) ထံ အလင်းဝင်
🚩 ၆။ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား MDY PDFနဲ့ သပိတ်ကျင်း ပကဖတို့ ကျင်းပပြုလုပ်
🚩 ၇။ Myingyan Black Tiger နောက်တန်းဌာနချုပ်မှာ အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲ ပြုလုပ်
🚩 ၈။ မြိတ်ခရိုင် အမှတ် (၂) တပ်ရင်း နှင့် (၉၇၀၃) တပ်ရင်း ရှေ့တန်းစခန်း တနေရာမှာ (၇၈) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့ (၇၈) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားအား ပူးပေါင်းကြီးမှူးကျင်းပ
ဇူလိုင်လ ၁၉ရက်
Radio NUG
ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က ပူးပေါင်းကြီးမှူး၍ “တစ်ပြည်လုံးလွတ်မြောက်ရေးဆီ အာဇာနည်စိတ်ဖြင့် ဆက်၍ချီ” ဆောင်ပုဒ်ဖြင့် နံနက် ၀၉:၃၀ နာရီအချိန်တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ (NUCC) ၏ အဖွဲ့ဝင် အဖွဲ့အစည်းများအနက်မှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ ကိုယ်စား ဦးမောင်မောင်အေး၊ နွေဦးတော်လှန်ရေးအင်အားစုအစုအဖွဲ့ ကိုယ်စား ဆရာမ ဆောင်းနှင်း၊ ဖက်ဒရယ်ယူနစ်အစုအဖွဲ့ ကိုယ်စား ခွန်ဦးတို့က အောက်မေ့ဖွယ် အမှတ်တရစကားများ အသီးသီး ပြောကြားခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်ကော်မတီဝင် ဒေါက်တာ မေဝင်းမြင့်ကလည်း အောက်မေ့ဖွယ် အမှတ်တရစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက အမှတ်တရစကား ပြောကြားခြင်း အစီအစဉ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုဝင်ဖြစ်သော Mr. Kim Aris (ခ) ကိုထိန်လင်းနှင့် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၊ ဝန်ကြီး ဦးရာဇတ်၏ မိသားစုဝင်ဖြစ်သော ဒေါက်တာ မြတ်ထူးရာဇတ်တို့က ပေးပို့ခဲ့သည့် အောက်မေ့ဖွယ်အမှတ်တရစကား ဗီဒီယိုဖိုင်များအား ဖွင့်လှစ်ပြသခဲ့တယ်လို့ သိရပါတယ်။
၁၀:၃၇ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ခေတ်အဆက်ဆက် တိုက်ပွဲဝင်ကာ ကျဆုံးသွားကြသော သူရဲကောင်းများ၊ နွေဦးတော်လှန်ရေးအတွင်း အသက်စွန့်သွားခဲ့ကြသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား တစ်မိနစ် ငြိမ်သက်အလေးပြုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အခမ်းအနားတွင် အာဇာနည်နေ့ အမှတ်တရ Documentary Video နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ဒေသများရှိ PDF တပ်ရင်း/တပ်ဖွဲ့များမှ အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုခြင်း Short Video Clip တို့ကိုလည်း ပြသခဲ့ပါတယ်။
ဆက်လက်၍ အခမ်းအနားသို့ အထိမ်းအမှတ် သဝဏ်လွှာ ပေးပို့ခဲ့ကြသည့် အဖွဲ့အစည်းများကို ဖတ်ကြားတင်ပြခဲ့ပြီး မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပရေးကော်မတီကိုယ်စား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် မိုင်းလမင်းထွန်းက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
(၇၈) နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အာဇာနည်ခေါင်းဆောင်များ၏ မိသားစုဆွေမျိုးများနှင့် နိုင်ငံတကာသံတမန်များ၊ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။
========================
📌📌 ၂။ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် သစ်ပင်များ စိုက်ပျိုး
ဇူလိုင်လ ၁၉ရက်
Radio NUG
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော အာဇာနည်ရဲဘော်များအား အလေးပြုခြင်းနှင့် ၀မ်းနည်းခြင်း အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်းကို ကနီမြို့နယ်တွင် ပြုလုပ်ခဲ့ကြောင်း NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါသစ်ပင်စိုက်ပျိုးခြင်းကို မြို့နယ် TABNR ၀န်ထမ်းများ၊ မြို့နယ် ပကဖ တာ၀န်ခံ၊ လျှပ်စစ်နှင့် စွမ်းအင်တာ၀န်ခံ၊ သရက်ပင် ပကဖ ရဲဘော်များနှင့် ဒေသခံ ပြည်သူများမှ ကျွန်း၊ သစ်ပိတောက်၊ သပြေဘူတ ၊ မန်ဂျန်ရှား စုစုပေါင်း (၃၂၂) ပင် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ King Kong Group (KKG) စားသောက်ဆိုင်မှ အလုပ်သမား(၁၂)ဦး အလုပ်ထုတ်ခံရသဖြင့် စမွတ်ပရာကန်ခရိုင်၊ ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့
ဇူလိုင်လ ၁၉ရက်
Radio NUG
ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်ရှိ King Kong Group (KKG) စားသောက်ဆိုင်မှ အလုပ်သမား(၁၂)ဦး အလုပ်ထုတ်ခံရသဖြင့် (၁၄.၇.၂၀၂၅)တွင် တိုင်ကြားလာမှုအပေါ် အမျိုးသာညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များသည် အလုပ်သမားများမှ သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။
ဖြစ်စဉ်အသေးစိတ်အား မေးမြန်းခဲ့ရာ ဆိုင်ပိုင်ရှင်သူဌေးမှ မနက်ဖြန် အလုပ်ဆင်းပြီးရင် နောက်နေ့ကစပြီး ဆိုင်ပိတ်တော့မည်ဖြစ်၍ အလုပ်လာရန် မလိုတော့ကြောင်း၊ အလုပ်မှ ရပ်နားလိုက်ပြီးဖြစ်ကြောင်း ခေါ်ပြောသဖြင့် လုပ်အားခနှင့် နစ်နာကြေးပေးရန် တောင်းဆိုသော်လည်း မပေးနိုင်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူနှင့် MHAC မဟာမိတ်အဖွဲ့တို့ ပူပေါင်းကာ (၁၅.၇.၂၀၂၅) ရက်နေ့တွင် စမွတ်ပရာကန်ခရိုင်၊ ဆာဝါဒီကန်ရုံးတွင် အလုပ်သမားများ ရပိုင်ခွင့်ရှိသည့် နစ်နာကြေး၊ လုပ်အားခလက်ကျန် တစ်လခွဲစာနှင့် အလုပ်ပြောင်းခွင့် အထောက်အထား ဘိုင်ကျန့်အော်စာရွက်များ ရရှိနိုင်ရန်အတွက် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၄။ ဒေါနတပ်ရင်းတွင် ကျင်းပသည့် (၇၈)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ တက်ရောက်
ဇူလိုင်လ ၁၉ ရက်
Radio NUG
(၇၈)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား အစီအစဉ် (၉)ရပ်ဖြင့် ဒေါနတပ်ရင်းတွင် ကျင်းပခဲ့ကြောင်း Dawna Column P29902မှ သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် အလံတစ်ဝက်ချကာ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့ရသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင်ကျဆုံးခဲ့ရသော အာဇာနည်များ၊ ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးခဲ့ရသော အာဇာနည်ခေါင်းဆောင်များအားလုံးကို လွမ်းသူပန်းခွေများဖြင့် ဦးညွှတ်အလေးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါအခမ်းအနားသို့ ဧည့်သည်တော်အဖြစ် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီနှင့် ကိုရာပြည့်တို့တက်ရောက်ခဲ့ပြီး ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီမှ အမှာစကားများပြောကြားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မုံရွာမြို့နယ် ပကဖ နှင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး -BLDF တို့ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ
ဇူလိုင်လ ၁၉ ရက်၊
Radio NUG
မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) တို့က (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မုံရွာ ပ.က.ဖ ရဲ့ အာဇာနည်ကုန်းမှာ ကျင်းပခဲ့တဲ့ အာဇာနည်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်များကို အမှူးထားပြီး မုံရွာ ပကဖ စတင်ဖွဲ့စည်းချိန်မှ (၄) နှစ်ခွဲ ကာလအတွင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည် ရဲဘော် ၉ ဦးကိုလည်း အလေးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ တို့က အာဇာနည်တို့ ဖြစ်ချင် လိုချင်ခဲ့ကြတဲ့ ပန်းတိုင်ကို ရောက်အောင်သွားခြင်းဖြင့် လေးစားမှုကို ပြသရမယ်လို့ ပြောကြားခဲ့ပြီး ရောက်အောင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာ ပြုခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်းအတွင်း တနေရာမှာ ဗမာပြည်သူ့လွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး (BLDF) နှင့် ရပ်ရွာ ပအဖ ၊ ပကဖ ၊ ပလဖ များပူးပေါင်းပြီး အာဇာနည်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ BLDF စစ်ဒေသ ၂ ယာယီ တပ်ရင်းမှူးက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနဲ့ အာဇာနည်တို့ မျှော်လင့်ခဲ့သော ပန်းတိုင်ဆီကို ပြည်သူလူထုနှင့်အတူ ချီတက်ကြဖို့ အရေးကြီးပုံကို ပြည်သူလူထုအား ရှင်းလင်းအသိပေး တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး ရှမ်း-မန်း စစ်ဆင်ရေးအတွင်း BLDF က ပေးအပ်တဲ့ တော်လှန်ရေး တာဝန်မျာားကို ရွပ်ရွပ်ချွံချွံ ကျေပွန်စွာ ထမ်းဆောင်ရင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရတဲ့ အာဇာနည် ရဲဘော်များအား BLDF စစ်ဒေသ - ၂ အရာရှိများ အပါအဝင် ရဲဘော်များက ဂုဏ်ပြုအလေးပြု ခဲ့ကြတယ်လို့ သိရပါတယ်။
========================
📌📌 ၆။ မန်တုံမြို့တွင် ပျက်စီးနေတဲ့ လမ်းကို PSLF/TNLAမှ ကွန်ကရစ်လမ်းအဖြစ် ခင်းပေး
ဇူလိုင်လ ၁၉ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၅)နယ်မြေ၊ မန်တုံမြို့၊ မန်တောက်ရပ်ကွက်တွင် PSLF/TNLA မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်ပြီး ပြည်သူလူထုများနှင့်အတူ ပျက်စီးနေသည့် လမ်းကို ကွန်ကရစ်လမ်းအဖြစ် ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါလမ်းသည် မြေသားလမ်းဖြစ်ပြီး မိုးရွာသီတွင် လမ်းများ ပျက်စီးနေတာကြောင့် ပြည်သူ လူထုများ သွားလာရန် အခက်အခဲများ ကြုံတွေ့ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။
ထိုကြောင့် PSLF/TNLA မြို့နယ်စည်ပင်သာယာရေအဖွဲ့မှ ဇူလိုင်လ (၄)ရက်နေ့တွင် ပြည်သူလူထုများနှင့်အတူ ဝိုင်းဝန်းပူးပေါင်းကြပြီး ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းပြုလုပ်ပြီးစီးခဲ့ပြီး ၎င်းလမ်းသည် အကျယ် (၆)ပေ၊ အရှည် (၁၂၀)ပေ ရှိတယ်လို့ ဆိုထားပါတယ်။
ထို့အပြင် မန်တုံမြို့အတွင်းရှိ လမ်းများကိုလည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပြန်လည်ပြုလုပ်ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မင်းလှမြို့နယ် စပါးကြီးချောင်းနှင့် ခါချဉ်တောင်တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၈၀ကျော် သေဆုံး၊ တော်လှန်ရေးရဲဘော် ၁ဦး ကျဆုံးကာ ခါချဉ်တောင်မှ ဆုတ်ခွာပေးခဲ့ရ
ဇူလိုင်လ ၁၉ရက်
Radio NUG
ဇူလိုင်လ ၁၃ရက် မွန်းလွဲ ၁နာရီ ၄၀မိနစ်တွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမထဲရှိ စပါးကြီးချောင်း၌ စခန်းချနေသော စစ်ကောင်စီတပ်ဖွဲ့များအား သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ ရှောင်တခင် သွားရောက်တိုက်ခိုက်ခဲ့ရာ ၂နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ ၃၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ အထိနာသွားသည့် စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင်လ ၁၄ရက် နံနက် ၇နာရီ ၃၀မိနစ်ခန့်မှာ ခါချဉ်တောင်ပေါ်သို့ အင်အား ၄၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာရာ ၄၈ပေါက်၊ ဥ တစ်လုံးတောင်နှင့် ခါချဉ်တောင်တို့တွင် ညနေ ၄ နာရီအထိ တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီများဘက်မှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်၍ ဒရုန်း ၃စီးဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော်များ ခါချဉ်တောင်စခန်းကနေ ဆုတ်ခွာပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
ထိုနေ့ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၅၀ကျော် သေဆုံးခဲ့သလို အများအပြား ဒဏ်ရာရရှိခဲ့ပြီး ခါချဉ်တောင်တိုက်ပွဲ၌ တော်လှန်ရေးရဲဘော် ဇာမဏီ ဒရုန်းဗုံး ထိမှန်ကျဆုံး၍ ၇ဦး ဒဏ်ရာရရှိကာ ဆိုင်ကယ် ၂စီး၊ မိုးကာ၊ ဆိုလာပြား၊ ဆန်အိတ်များနှင့် အိုးခွက်ပန်းကန်များ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဆက်လက်၍လည်း စစ်ကောင်စီများနှင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သဖြင့် ပြည်သူများအနေနဲ့ ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြရန်နှင့် စစ်ဆင်ရေးများ ဆက်လက် ဖော်ဆောင်နိုင်ရန် ထောက်ပံ့ကူညီပေးကြရန် မေတ္တာရပ်ခံ အသိပေးထားပါတယ်။
========================
🚩🚩 ၂။ နွေဦးတော်လှန်ရေး အတွင်း Southern Eagle PDF မှ ရဲဘော် ၇ ဦး ကျဆုံးခဲ့
ဇူလိုင်လ ၁၉ ရက်၊
Radio NUG
နွေဦးတော်လှန်ရေးအတွင်း ယနေ့အထိ P29909 Southern Eagle PDF တပ်ရင်းမှ ရဲဘော် (၇) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၇ မိနစ်မှာ ကျဆုံးသွားခဲ့ရတဲ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွတ်ဂုဏ်ပြုကြောင်း Southern Eagle PDF က ထုတ်ပြန်ခဲ့တာပါ။
အာဇာနည် ခေါင်းဆောင်ကြီးများနဲ့အတူ ယနေ့ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ အာဇာနည် အပေါင်းကိုလည်း ဦးညွှတ်ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
Southern Eagle PDF တပ်ရင်းမှာလည်း ယနေ့အထိ နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးအာဇာနည် ရဲဘော် ၇ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ နွားထိုးကြီး အောင်သာရွာ သိမ်တော်ကုန်း ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော် တစ်ပါး ဒဏ်ရာရ
ဇူလိုင်လ ၁၉ ရက်၊
Radio NUG
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်သာကျေးရွာ အနောက်ဘက် သိမ်တော်ကုန်း ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃ တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နွားထိုးကြီး - Journal က ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်မှာ သိမ်တော်ကုန်း ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ကျန်းမာရေး မကောင်းတဲ့ သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး စေတီများ၊ သာသနာ အဆောက်အဦးများနဲ့ တံတိုင်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင်လ ၁၉ ရက် မနက် ၇ နာရီခန့်မှာ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အစပ်ရှိ ပန်းတောကြီး၊ လယ်တံငယ်၊ ထောက်ကြံကွင်း၊ စောပြာနဲ့ ကျားကိုက် ကျေးရွာတို့ကို စစ်ကောင်စီက Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူလူထု ထိခိုက်မှု ရှိ/မရှိ နဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိရှိရ သေးပါဘူး။
========================
🚩🚩 ၄။ ငဖဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံး
ဇူလိုင်လ ၁၉ ရက်၊
Radio NUG
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နောင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် (၈၈) နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) မှ စစ်ကောင်စီ တပ်ဖွဲ့ဟာ ဒရုန်းဖြင့် နောင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒရုန်းတိုက်ခိုက်မှုအတွင်း အသက် ၈၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အသက် ၂၀ အရွယ် အမျိုးသမီး တစ်ဦး အလတ်စားဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အသက်ဆုံးရှုံးသွားခဲ့တဲ့ မိဘပြည်သူ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းရပြီး နိုင်ငံအနှံ့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ကျူးလွန်နေသော စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း CDF (Asho) က ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အဓမ္မစုဆောင်းခံထားရသူ ၄ ဦး KNLA တပ်ရင်း (၉) ထံ အလင်းဝင်
ဇူလိုင် ၁၉ ရက်၊
Radio NUG
ပြည်သူ့စစ်မှုထမ်း ဥပဒေဖြင့် အဓမ္မ စုဆောင်းခံထားရတဲ့ စစ်ကောင်စီ တပ်သား (၄) ဦး KNU ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံ အလင်းဝင်လာခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၈ ရက်နေ့က ခမရ - ၂၀ (ညောင်လေးပင်) နဲ့ ခမရ - ၅၈၁ (ကော့သောင်း) တို့က စစ်မှုထမ်း အပတ်စဉ် ၈ သင်တန်းဆင်း တပ်သား ၂ ဦး နဲ့ အပတ်စဉ် ၅ သင်တန်းဆင်း တပ်သား ၂ ဦး လက်နက်ဖြင့် အလင်းဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင် တပ်သားများဟာ ရဲဘော် ညီညီလွင် (၃၁ နှစ်)၊ တပ်သား စိုးဌေးအောင် (၃၃ နှစ်)၊ ရဲဘော် နှင်းမောင် (၃၆ နှစ်) နဲ့ တပ်သား မြင့်မြတ်အောင် (၃၄ နှစ်) တို့ ဖြစ်ကြပြီး MA-11 သေနတ် ၂ လက်၊ MA-1 ၁ လက်၊ MA-2 ၁ လက်၊ ကျည်ဘောက်နဲ့ ကျည်ဆန်များကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
လက်နက်ချ အလင်းဝင်လာခဲ့သူများကို KNLA တပ်ရင်း ၉ က ကြိုဆိုခဲ့ပြီး ၁ ဦးကို ဆုကြေးငွေ ကျပ် ၁၀ သိန်းစီ ချီးမြှင့်ပေးခဲ့ပြီး အဓမ္မတပ်သားသစ် စုဆောင်းခံရသူများအနေဖြင့် စစ်ကောင်စီအလိုကျ တာဝန်ထမ်းဆောင်ခြင်း မပြုဘဲ နီးစပ်ရာ တော်လှန်ရေး တပ်ဖွဲ့များထံ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၆။ (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား MDY PDFနဲ့ သပိတ်ကျင်း ပကဖတို့ ကျင်းပပြုလုပ်
ဇူလိုင်လ ၁၉ရက်
Radio NUG
၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်သော (၇၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ အာဇာနည်နေ့အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ ဒေသတွင်း မိတ်ဖက်တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ပြည်သူများမှ တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးလှူသွားခဲ့သော သူရဲကောင်းအပေါင်းတို့အား ဦးညွှတ်အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပြီး စစ်အုပ်စုရဲ့ လေကြောင်း ဗုံးကြဲမှုတွေ ကြားကပဲ ချီတက်အလေးပြုခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ Myingyan Black Tiger နောက်တန်းဌာနချုပ်မှာ အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲ ပြုလုပ်
ဇူလိုင်လ ၁၉ ရက်၊
Radio NUG
(၇၈) ကြိမ်မြောက် အာဇာနည်နေ့မှာ နောက်တန်းဌာနချုပ်ရှိ တပ်မှူး၊ တပ်သားတွေနဲ့ ဝမ်းနည်းခြင်း အထိမ်းမှတ်ပွဲ ပြုလုပ်ခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ အထိမ်းအမှတ်ပွဲမှာ ဗိုလ်ချုပ်နဲ့တကွ အာဇာနည် ၉ ဦးအား အလေးပြုခြင်း၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျားမဲအလံ တဝက် လွှင့်ထူခြင်း၊ အာဇာနည်တွေကို အောင့်မေ့ သတိရတဲ့ အနေနဲ့ ဥဩဆွဲခြင်း၊ တပ်ရင်းမှူး ဗိုလ်မိုက်ခဲက အမှတ်တရ စကားပြောကြားခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တဆက်ထဲမှာ ကျဆုံးအာဇာနည် (၉) ဦး အပါအဝင် နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေကိုပါ ဦးညွှတ်အလေးပြုတဲ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အာဇာနည် ထောင်သောင်းမက ရည်မှန်းခဲ့တဲ့အတိုင်း MBT တပ်ဖွဲ့ အနေဖြင့် တောင်တန်း/ပြည်မ ခွဲခြားမှု မရှိဘဲ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ အတူတကွ ပူးပေါင်းတိုက်ထုတ်သွားမယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၈။ မြိတ်ခရိုင် အမှတ် (၂) တပ်ရင်း နှင့် (၉၇၀၃) တပ်ရင်း ရှေ့တန်းစခန်း တနေရာမှာ (၇၈) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်
ဇူလိုင်လ ၁၉ ရက်၊
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းနဲ့ (၉၇၀၃) တပ်ရင်း၊ ရှေ့တန်းစခန်း တနေရာမှာ (၇၈) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့တွင် မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းမှ ရဲဘော်၊ ရဲမေများက အာဇာနည် သူရဲကောင်းများ၊ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းများကို အစဉ်အောင့်မေ့ သတိရလျက် ရိုသေစွာ အလေးပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ (၉၇၀၃) တပ်ရင်း၊ ရှေ့တန်းစခန်း တနေရာမှာလည်း (၇၈) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားနဲ့ ခေတ်အဆက်ဆက် ဒီမိုကရေစီ တိုက်ပွဲများ အတွင်းမှာ ကျဆုံးခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းများကို ဦးညွတ် အလေးပြုခြင်း အခမ်းအနား တရပ်အား တပ်ရင်းမှူးက ဦးဆောင်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment