၂၀၂၅ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တာချီလိတ်နှင့် ရှမ်းတောင်ဒေသများတွင် ရေကြီးမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ဖြစ်ပေါ်
📌 ၂။ ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေး သဘောတူညီ
📌 ၃။ လောင်းလုံမှာ အမျိုးသား ၂ ဦးအား ခိုးရာပါ ဆိုင်ကယ်နှင့်အတူ လောင်းလုံ ပ.လ.ဖ ဖမ်းဆီးနိုင်ခဲ့
📌 ၄။ လမ်းတံတား ပြုပြင်ခြင်းလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် မိုးကုတ်ခရိုင်အတွင်းက လမ်းပိုင်း (၆) ခုကို ယာယီ အသုံးပြုခွင့်ပိတ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မုံရွာမှာ Jummer ကားတစ်စီး အပါအဝင် သံပြားကာ ကားသုံးစီးအား မိုင်းဆွဲတိုက်ခိုက်
🚩 ၂။ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်း (၃)စီးဖြင့် ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်
🚩 ၃။ ရေဖြူ ခလရ (၂၈၂) တပ်ရင်းမှ ပေါ်တာဆွဲ ခံထားရတဲ့ အသက် ၁၆ နှစ်အရွယ် တပ်သားသစ် ၁ ဦး အလင်းဝင်
🚩 ၄။ ကျားသစ်နက်စစ်ကြောင်း ရဲဘော်သစ်များ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ
🚩 ၅။ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တာချီလိတ်နှင့် ရှမ်းတောင်ဒေသများတွင် ရေကြီးမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ဖြစ်ပေါ်
ဇူလိုင်လ ၂၈ ရက်
Radio NUG
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
မယ်ဆိုင်ချောင်းရေသည် ဇူလိုင်လ ၂၇ ရက် ည ၁၁ နာရီကျော်မှ စတင်မြင့်တက်လာခဲ့ပြီး၊ မြို့အတွင်းရှိ ပုန်းထွန်၊ ဆန်ဆိုင်း၊ တာလော့၊ လွယ်တော်ခမ်း၊ မယ်ခေါင်ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံလူဦးရေ ၁၀၀၀ ခန့်သည် ရေဘေးမှ လွတ်မြောက်ရန် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေရပြီး၊ ပရဟိတအဖွဲ့များနှင့် မီးသတ်တပ်ဖွဲ့များက ကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်လှစ်ကာ စက်လှေများဖြင့် ဒေသခံများကို ရေလွတ်ရာနေရာများသို့ ပို့ဆောင်ပေးနေသည့်အပြင် ထမင်းနှင့် အခြေခံလိုအပ်ချက်များကို ပရဟိတအဖွဲ့များက လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။
ထို့အပြင် ဇူလိုင်လ ၂၈ ရက် နံနက်ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီ စစ်ကားတစ်စီးသည် အရှိန်ပြင်းစွာ မောင်းနှင်လာရာ လမ်းဘေးရှိ ဆိုင်ခန်းများအတွင်း ရေလှိုင်းများ ဝင်ရောက်ခဲ့တာကြောင့် ဆိုင်ခန်းများအတွင်းရှိ ပစ္စည်းများ ပျက်စီးခဲ့ပြီး တံခါးများလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်တွင်လည်း ကလောချောင်းရေ မြင့်တက်လာမှုကြောင့် ရပ်ကွက် ၄ နှင့် ရပ်ကွက် ၂ ရှိ နေအိမ်များ ရေနစ်မြုပ်နေပြီး၊ ရေစီးသန်စွာဖြင့် မြို့တွင်းအနိမ့်ပိုင်းနေရာများသို့ စီးဝင်နေတယ်လို့ သိရပါတယ်။
ထို့အတူ ပင်းတယမြို့နယ်ရှိ ကုန်းစောင်းနှင့် သိမ်းကုန်းကျေးရွာများတွင် တောင်ကျရေကန်မှ ရေကြီးမှုကြောင့် အိမ်ခြေ ၇၀ နီးပါး ရေထဲမျောပါသွားခဲ့ပြီး၊ လူ ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်အတွင်း နမ့်ခမ်း၊ လောက်ကိုင်၊ မိုင်းပေါက်၊ ပန်ဆန်း၊ ရွာငံစသည့် မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ လူနေအိမ်များ ပျက်စီးမှုနှင့် လူသေဆုံးမှုများ မြင့်တက်လာနေတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ထိုင်း-ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေး သဘောတူညီ
ဇူလိုင်လ ၂၈ရက်
Radio NUG
ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်တလျှောက် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဆုံးသတ်ရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် ချက်ချင်းအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၏ အိမ်တော်၌ ကျင်းပခဲ့သော အဆိုပါဆွေးနွေးပွဲသို့ ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်နှင့်အတူ အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်များ လေ့လာစောင့်ကြည့်သူများအဖြစ် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားဝန်ကြီးချုပ် အန်ဝါက ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ဇူလိုင်လ ၂၈ရက်နေ့ ညသန်းခေါင်ယံမှစတင်ကာ “ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေး” အကောင်အထည်ဖော်မည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့ပြီး “ဒါဟာ ပဋိပက္ခလျှော့ချရေးနဲ့ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ဖို့ ပထမဆုံး ခြေလှမ်းတစ်ခုပါ” လို့ အန်ဝါက ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က “ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ အချိန်တန်ပြီ” လို့ သတင်းထောက်များကို ပြောကြားခဲ့သလို ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ်ကလည်း ငြိမ်းချမ်းရေးထိန်းသိမ်းရန် ကတိကဝတ်ပြုထားကြောင်း အစည်းအဝေးတွင် “ကောင်းမွန်သော ယုံကြည်ချက်” ဖြင့် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲအပြီး ပူးတွဲကြေညာချက်အရ မလေးရှားသည် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှုကို သေချာစေရန် လေ့လာရေးအဖွဲ့တစ်ခု ဖွဲ့စည်းပြီး ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်သည့်အပြင် နှစ်နိုင်ငံသည် ဝန်ကြီးချုပ်များ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများအကြား တိုက်ရိုက်ဆက်သွယ်မှု ပြန်လည်စတင်ရန်လည်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။
ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခသည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက် လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ နှစ်ဖက်စလုံးမှ လူပေါင်း ၂၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
========================
📌📌 ၃။ လောင်းလုံမှာ အမျိုးသား ၂ ဦးအား ခိုးရာပါ ဆိုင်ကယ်နှင့်အတူ လောင်းလုံ ပ.လ.ဖ ဖမ်းဆီးနိုင်ခဲ့
ဇူလိုင်လ ၂၈ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ ဆိုင်ကယ်ခိုးသူ အမျိုးသား ၂ ဦးအား ခိုးရာပါ ဆိုင်ကယ် နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့မှာ လောင်းလုံမြို့နယ်၊ ကျေးရွာတစ်ရွာမှာ ဆိုင်ကယ်ခိုးခံရတဲ့ ပိုင်ရှင်ဖြစ်သူရဲ့ တိုင်ကြားချက်အရ လောင်းလုံ မြို့နယ် ပလဖ၊ ရပ်ကျေး ပလဖ တပ်ဖွဲ့ဝင်များ ပကဖ ဇုံ ၃ တပ်ဖွဲ့ဝင်များ၊ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များ ပူးပေါင်းကာ သွားရောက်ရှာဖွေ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ထိုသို့ သွားရောက်ရှာဖွေ ဖမ်းဆီးရာမှာ အမျိုးသား (၂) ဦးအား ခိုးရာပါ ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပြီး ၎င်းအမျိုးသား ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းထားကာ ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်ကို မူလပိုင်ရှင်ထံ ပြန်လည် အပ်နှံခဲ့ပြီး ဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၄။ လမ်းတံတား ပြုပြင်ခြင်းလုပ်ငန်းများ လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် မိုးကုတ်ခရိုင်အတွင်းက လမ်းပိုင်း (၆) ခုကို ယာယီ အသုံးပြုခွင့်ပိတ်
ဇူလိုင်လ ၂၈ ရက်၊
Radio NUG
ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းခြင်းနှင့် လမ်းတံတားများ ပြင်ဆင်ခြင်းလုပ်ငန်းများ လျင်မြန်စွာ ပြီးစီး ဆောင်ရွက်နိုင်ရန် လမ်းပိုင်း (၆) ခုကို ဖြတ်သန်းသွားလာ အသုံးပြုခွင့် ယာယီ ပိတ်ထားကြောင်း PSLF/TNLA မိုးကုတ်ခရိုင်က အသိပေးထားပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ မြေပြိုခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လမ်းတံတားများ ပျက်စီးခဲ့ရပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သို့ဖြစ်ပါ၍ လမ်းတံတား ပြင်ဆင်ခြင်း လုပ်ငန်းများ လျင်မြန်စွာ ပြီးစီး ဆောင်ရွက်နိုင်ဖို့ (၁) မိုးကုတ် - ကျောက်မဲ ကားလမ်း (၂) မိုးကုတ် - မိုးမိတ် ကားလမ်း (၃) မိုးကုတ် - စဉ့်ကူး ကားလမ်း (၄) မိုးကုတ် - သပိတ်ကျင်း ကားလမ်း (၅) ပြင်ဦးလွင် - အုမ္မတီး - အုမ္မခါး - မိုင်းလုံ ကားလမ်း နဲ့ (၆) တကောင်း - တွင်းငယ် - မိုးမိတ် ကားလမ်းတို့ကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားကြောင်း အသိပေးထားပါတယ်။
ယာဉ်ကြီး/ငယ်များ အားလုံးကို ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့ထိ ယာယီအသုံးပြုခွင့် ပိတ်ထားပြီး အိမ်စီး မော်တော်ယာဉ်များအား ဩဂုတ်လ ၆ ရက်နေ့မှာ ပြန်လည်ဖြတ်သန်း သွားလာခွင့်ပြုမှာဖြစ်ကာ ကုန်တင် ယာဉ်ကြီးများကိုတော့ နောက်ထပ် ထုတ်ပြန်ချက် တစုံတရာ မထုတ်ပြန်မီကာလအထိ အသုံးပြုခွင့်ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မုံရွာမှာ Jummer ကားတစ်စီး အပါအဝင် သံပြားကာ ကားသုံးစီးအား မိုင်းဆွဲတိုက်ခိုက်
ဇူလိုင်လ ၂၈ ရက်၊
Radio NUG
မုံရွာအခြေစိုက်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) မှ ဗောဓိတစ်ထောင် တာဝါတိုင်ကုန်းတွင် အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ရိက္ခာပို့ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Golden Peacock Attack Force က ထုတ်ပြန်ထားပါတယ်။
ကိုယ့်မိုင်းကို နင်းမိပြီး သေဆုံးသွားတဲ့ စစ်ကောင်စီ ဒု-ဗိုလ်တစ်ဦး အလောင်းကို လာရောက်ယူဆောင်ရန်နဲ့ ရိက္ခာပို့ ထွက်လာတဲ့ Jummer ကား တစ်စီးနဲ့ သံပြားကာ ကား ၂ စီးတို့ကို ဇူလိုင်လ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီ ၃၃ မိနစ် က မြေနဲ့ ဗောဓိတစ်ထောင်ကြား လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ကင်းပုန်းအထပ်ထပ်အကြားမှ ၎င်းကားတန်းကို ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ပြီး တတိယမြောက် နောက်ဆုံးကား မိုင်းထိပြီး ထိုးရပ်သွားကာ ကားပေါ်မှ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ကင်းပုန်းများက လက်နက်ငယ်များ၊ ၄၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ယခုတိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး မိုင်းအဖွဲ့ ၊ Golden Peacock Attack Force နဲ့ Area 71 Local People Defence Force တို့က ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ ဒရုန်း (၃)စီးဖြင့် ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်
ဇူလိုင်လ ၂၈ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပန်ပေါင်းကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်း (၃)စီးဖြင့် ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
ဖြစ်စဥ်မှာ ဇူလိုင်လ၂၇ရက် နံနက် (၁၁း၃၀)နာရီအချိန်တွင် တစ်ကြိမ်၊ (၁၁း၃၂)နာရီအချိန်တွင် တစ်ကြိမ်နှင့် (၁၁း၃၄)နာရီအချိန်တွင် တစ်ကြိမ် စုစုပေါင်း (၃)ကြိမ်ဖြင့် စစ်ကောင်စီတပ်မှ ပြည်သူလူထုများကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLက အတည်ပြုထုတ်ပြန်ပါတယ်။
========================
🚩🚩 ၃။ ရေဖြူ ခလရ (၂၈၂) တပ်ရင်းမှ ပေါ်တာဆွဲ ခံထားရတဲ့ အသက် ၁၆ နှစ်အရွယ် တပ်သားသစ် ၁ ဦး အလင်းဝင်
ဇူလိုင်လ ၂၈ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ခလရ (၂၈၂) တပ်ရင်းမှ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ အသက် ၁၆ နှစ် အရွယ် တပ်သားသစ် ၁ ဦး အလင်းဝင်လာခဲ့တယ်လို့ နည်းဗျူဟာ ၃၃ - Tactics 33 က ထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်း တပ်သားသစ် မောင်နန်းကိုကိုဟာ ပေါ်တာဆွဲ ဖမ်းဆီးခံရချိန်မှာ အသက် ၁၆ နှစ် ၅ လသာ ရှိသေးပြီး အသက်မပြည့်သေးကြောင်း ပြောဆိုခဲ့ပေမယ့် လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံး ကနေ မှတ်ပုံတင် အတုပြုလုပ်ပေးကာ စစ်သင်တန်းကျောင်း ပို့ဆောင်ခဲ့တာလို့ ဆိုပါတယ်။
၎င်းအလင်းဝင် တပ်သားဟာ ဇူလိုင်လ ၂၅ ရက်နေ့မှာ ခလရ (၂၈၂) တပ်ရင်းကနေ လက်နက်ယူဆောင်လာခြင်း မရှိဘဲ ထွက်ပြေးလာခဲ့တာဖြစ်ပြီး ၂၆ ရက်နေ့မှာ နည်းဗျူဟာ ၃၃ - Tactics 33 ထံ အလင်းဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
နန်းကိုကိုဟာ စစ်မှုထမ်း အပတ်စဉ် (၈) သင်တန်းဆင်းဖြစ်ပြီး လက်နက် ယူဆောင်လာခဲ့ခြင်း မရှိပေမယ့်လည်း ဂုဏ်ပြုဆုငွေ ၅ သိန်းကျပ် ချီးမြှင့်ပေးထားတယ်လို့ သိရပြီး ၎င်း အလင်းဝင် တပ်သားရဲ့ ရင်ဖွင့်စကားသံ ဗီဒီယိုကို နည်းဗျူဟာ ၃၃ က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
========================
🚩🚩 ၄။ ကျားသစ်နက်စစ်ကြောင်း ရဲဘော်သစ်များ အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲ ကျင်းပ
ဇူလိုင်လ ၂၈ရက်
Radio NUG
ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အထူးတိုင်းစစ်ဒေသ ၊ ဗျူဟာအမှတ် (၃၂) ၊ ကျားသစ်နက်စစ်ကြောင်း P-29905 မှ တပ်သားသစ်များအား အခြေခံစစ်ပညာသင်ကြားပေးခဲ့ပြီး အောင်မြင်စွာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း Black Panther Columnမှ သတင်းထုတ်ပြန်ပါတယ်။
ကျားသစ်နက်စစ်ကြောင်းအနေဖြင့် စစ်ဆင်ရေးအရှိန် ပိုမိုအားကောင်းလာသည်နှင့်အမျှ စစ်ကောင်စီ၏ တပ်စခန်းပေါင်းများစွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ရန်သူအင်အားများကြီးမားစွာ ဆုံးရှုံးလျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့၀င်များအောင်မြင်မှုသည် ပြည်သူလူထု၏ နေရာပေါင်းစုံ ၊ ထောင့်ပေါင်းစုံမှ ပါ၀င်နေမှုကြောင့်သာဖြစ်ကာ လူထုတိုက်ပွဲမှသည် လူထုအောင်ပွဲပေါင်းများစွာ ဆင်နွှဲနိုင်ဖို့ တိုက်ပွဲ၀င်သွားမယ်လို့ အသိပေးထားပါတယ်။
ထို့အပြင် တပ်သားသစ်များ စိစစ်ခေါ်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ SOF ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
ဇူလိုင်လ ၂၈ ရက်၊
Radio NUG
အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ P29999 - အထူးစစ်ဆင်ရေး တပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အမှတ်တရ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ SOF တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းအတွင်းရှိ တပ်ရင်းအထိုင်ချ စခန်းများမှာ တစ်ပြိုင်တည်း ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ အမှတ်တရအနေနဲ့ တပ်ဖွဲ့ရုံး၊ စစ်ကြောင်းရုံး၊ တပ်ခွဲများမှ ကိုယ်စားပြု အသင်းအလိုက် စုဖွဲ့ကာ ပိုက်ကျော်ခြင်းလုံးခတ်ပြိုင်ပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပြိုင်ပွဲမှာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု နဲ့ နှစ်သိမ့်ဆုများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ၄ နှစ်ပြည် အမှတ်တရပွဲအား အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့တယ်လို့ ဆိုပါတယ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေးအဖွဲ့က စတင်ဖွဲ့စည်း ပေးခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment