၂၀၂၅ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အဖွဲ့  IPU လွှတ်တော်ဖိုရမ်မှာ စစ်ကောင်စီ ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ၊ CRPH ဥက္ကဋ္ဌ နှင့်  ကုလသမဂ္ဂဆိုင်ရာ မလေးရှားအမြဲတမ်းကိုယ်စားလှယ်တို့ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့အရေးအခြေအနေများကို တွေ့ဆုံဆွေးနွေး 

📌 ၂။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များကို ပြည်ထောင်စုဝန်ကြီး ရှင်းလင်း 

📌 ၃။ အာဆီယံသည် အကြမ်းဖက်စစ်အုပ်စုအဖွဲ့အား  ဆက်လက်ကာကွယ်ပေးနေဆဲဖြစ်တယ်လို့ Defend Myanmar Democracy ဆို 

📌 ၄။ ဒေါင်း ဖော် တစ်နှစ်ပြည့် အငြိမ့်သဘင်ပွဲ ကြည်ရှု့ကြဖို့ အတွက် ပွဲကြည့်လက်မှတ်များကို စတင်ဝယ်ယူနိုင် 


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ လောင်းလုံးနှင့် ဘီးလင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် တစ်ဦးအပါအဝင် သုံးဦး သေဆုံး 

🚩၂။ အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာတွင် ကျန်ရှိနေသော စကစတပ်များကို တိုက်ခိုက်ရာ ထွက်ပြေးသွား 

🚩၃။ ဝီဖာ ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ ပြည်သူလူထုအား အရေးပေါ် သတိပေးချက် KNU ထုတ်ပြန် 

🚩၄။ အာရက္ခပြည်၌ မိုးများစွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွား၍ အရေးပေါ်အကူအညီများ လိုအပ်နေ 

🚩၅။ ကလိန်အောင် စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်းအနီးတွင် အမည်မသိအမျိုးသား အလောင်းတစ်လောင်း တွေ့ရှိ 

🚩၆။ ကျောက်မဲနှင့် နမ္မတူတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား () ဦးနှင့် ရောင်းဝယ်သူ () ဦးတို့ကို ဖမ်းဆီးရမိ 

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အဖွဲ့  IPU လွှတ်တော်ဖိုရမ်မှာ စစ်ကောင်စီ ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ၊ CRPH ဥက္ကဋ္ဌ နှင့်  ကုလသမဂ္ဂဆိုင်ရာ မလေးရှားအမြဲတမ်းကိုယ်စားလှယ်တို့ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့အရေးအခြေအနေများကို တွေ့ဆုံဆွေးနွေး 


ဇူလိုင်လ ၂၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌  နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က “Gender equality and health: fast forwarding progress” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် ရေရှည်တည်တံ့ဖွံ့ဖြိုးမှုဆိုင်ရာ ကုလသမဂ္ဂ အဆင့်မြင့် နိုင်ငံရေးဖိုရမ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့မှစစ်အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ကြီးကြီးမာမား ဖျက်ဆီးခံနေရပါကြောင်း၊ ဆင်းရဲမွဲတေမှုကြောင့် မြန်မာပြည်သူများအနေဖြင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရကြောင်း၊ စစ်ရှောင်ပြည်သူများအနေဖြင့် အမိုးအကာ၊ အစားအသောက်၊ သောက်ရေသန့်နှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေပြီး နိုင်ငံတကာအနေဖြင့် အကူအညီများ တိုးမြှင့်ပေးအပ်သင့်ပါကြောင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် စစ်အာဏာသိမ်းမှုမတိုင်မီ မြန်မာလွှတ်တော်တွင် အမျိုးသမီးပါဝင်မှုသည် (၁၅) ရာခိုင်နှုန်း ရှိခဲ့ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မတီတို့ ခေါင်းဆောင်နေမှုများတွင်လည်း အမျိုးသမီးများပါဝင်၍ မူဝါဒများ ချမှတ်မှုတွင် ပါဝင်နေလျက်ရှိပါကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံကို တည်ဆောက်ရာတွင် ဂျန်ဒါတန်းတူမှုရှိရေးသည် မိမိတို့၏ အဓိက ရည်မှန်းချက်ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် ရုပ်ပိုင်းဆိုင်ရာသာမက အွန်လိုင်းပလက်ဖောင်များတွင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ ကျူးလွန်နေမှုများ၊ လုပ်ဆောင်နေမှုများကို စစ်တပ်က ကာလရှည် ကျူးလွန်လုပ်ဆောင်ခဲ့ပါကြောင်း၊ အကျဉ်းချခံထားရသည့် အမျိုးသမီးများသည် ထောင်အတွင်း၌ ဆိုးရွာသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရရုံသာမက လုံလောက်သော ဆေးကုသမှုများ မရရှိကြောင်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လွှတ်တော်ဖိုရမ်သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်အတူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်မြတ်သီတာထွန်း (ဥက္ကဋ္ဌ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ) ဒေါ်မြမျိုးအေး၊ ဒေါ်ဖြူဖြူလွင်တို့ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရှိပါတယ်။

အဲ့ဒီနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ ကုလသမဂ္ဂဆိုင်ရာ မလေးရှား အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး H.E. Mr. Ahmed Faisal Muhamad အား သွားရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့အရေးအခြေအနေများ၊ အာဆီယံ၏ မြန်မာ့အရေးကူညီဖြေရှင်းမှု ကြိုးပမ်းချက်များ၊ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၏ မြန်မာ့အရေးဆိုင်ရာ လုပ်ဆောင်နေမှုများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက မလေးရှားနိုင်ငံက ဆောင်ရွက်နေသည့် မြန်မာ့အရေးဆိုင်ရာ ကြိုးပမ်းချက်များအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာပြည်သူများနှင့်အတူ ဆက်လက်ရပ်တည်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါတွေ့ဆုံမှုတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါ်ဖြူဖြူလွင်နှင့် ဒေါ်မြမျိုးအေးတို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များကို ပြည်ထောင်စုဝန်ကြီး ရှင်းလင်း 


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၇/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက အဖွင့်အမှာစကား ပြောကြားကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဝန်ကြီးဌာန၏ နိုင်ငံခြားရေးကဏ္ဍတွင် နိုင်ငံခြားရေးမူဝါဒ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဖြစ်ပေါ်ပြောင်းလဲမှု၊ လက်ရှိ NUG နိုင်ငံခြားရေးမူဝါဒ အခြေခံများ၊ တော်လှန်ရေးကာလအတွင်း ဦးစားပေးဆောင်ရွက်ရန် လုပ်ငန်းတာဝန်များ၊ Strategic Planning (Review & Forward) နိုင်ငံတကာဆက်ဆံရေး အခြေအနေများ၊ မဟာမိတ်များနှင့် ဆက်ဆံမှုအခြေအနေများနှင့် လုပ်ငန်းများ နောက်ဆုံးဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါတယ်။

၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ အာဆီယံသည် အကြမ်းဖက်စစ်အုပ်စုအဖွဲ့အား  ဆက်လက်ကာကွယ်ပေးနေဆဲဖြစ်တယ်လို့ Defend Myanmar Democracy ဆို 


အာဆီယံအနေဖြင့် မြန်မာပြည်သူလူထုနှင့် ဒီမိုကရေစီဘက်တွင် ရပ်တည်ကာ ယူနီဖောင်းဝတ် လူသတ်သမားများအား တရားဝင်မှုပေးနေခြင်းကို ရပ်တန်းက ရပ်ရမည့် အချိန်တန်ပြီဖြစ်ကြောင်း Defend Myanmar Democracy က အသိပေးဆိုလိုက်ပါတယ်။

"လွန်ခဲ့သော၂၈ နှစ်က အာဆီယံသည် မြန်မာစစ်အုပ်စုကို အာဆီယံဒေသတွင်းအဖွဲ့အစည်းသို့ ကြိုဆိုခဲ့ပြီး "အပြုသဘောဆောင်သည့် စေ့စပ်ညှိနှိုင်းရေး" က ပြုပြင်ပြောင်းလဲမှုများ ဆောင်ကြဉ်းလာလိမ့်မယ်လို့ ဆိုပါတယ်။ ယင်းအစား အာဆီယံသည် စစ်အုပ်စုအား နိုင်ငံတကာအသိအမှတ်ပြုမှုအား ပေးအပ်ခဲ့ပြီး ၄င်းတို့၏ အာဏာချုပ်ကိုင်မှု ပိုမိုအားကောင်းစေခဲ့ကာ၊ မြန်မာပြည်သူလူထုအပေါ်  ဆယ်စုနှစ်များစွာကြာ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများအား ရင်ဆိုင်စေခဲ့ပါတယ်။ ယနေ့တိုင် သွေးများစွန်းထင်နေဆဲဖြစ်ပြီး အာဆီယံသည် တစ်ချိန်က ယင်းတို့ တရားဝင်မှုပေးခဲ့သော အကြမ်းဖက်အဖွဲ့အား ဆက်လက်ကာကွယ်ပေးနေဆဲဖြစ်တယ်" လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၄။ ဒေါင်း ဖော် တစ်နှစ်ပြည့် အငြိမ့်သဘင်ပွဲ ကြည်ရှု့ကြဖို့ အတွက် ပွဲကြည့်လက်မှတ်များကို စတင်ဝယ်ယူနိုင် 


ဒေါင်း ဖော် တစ်နှစ်ပြည့် အငြိမ့်သဘင်ပွဲ ကြည်ရှု့ကြဖို့ အတွက် ပွဲကြည့်လက်မှတ်များကို စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း ကြေညာပါတယ်။

"သြဂုတ်လ၁၉ရက်မှာ ပြသမယ့် ဒေါင်း ဖော် အငြိမ့်သဘင်ကို ဘယ်လိုကြည့်ရှုရမလဲ ဆိုရင် Telegram Private Channel ကနေ တဆင့် ကြည့်ရှုရပြီးမှာ ဖြစ်ပြီးတော့ လက်မှတ် တစ်စောင်ကို မြန်မာကျပ် ၄၀၀၀၀၊ ထိုင်းဘတ် - 300 THB Singapore - 15 SGD US - 10 USD EURO - 10 EUR စတဲ့ စျေးနှုန်းများနဲ့ ဝယ်ယူကြည့်ရှုနိုင်ပါတယ်" လို့ ဆိုပါတယ်။

ဒီအငြိမ့်သဘင်ကနေ ရရှိလာတဲ့ ငွေကြေးတွေရဲ့ (၅၀%) ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖြစ်ကြတဲ့  မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် အောင်သပြေညီနောင်အဖွဲ့ ၊စစ်ရေးနယ်မြေ () ဗျူဟာ အမှတ် (၂၃) တောင်ငူခရိုင်တို့ကို တိုက်ရိုက်စီးဆင်းစေမှာဖြစ်ပြီးတော့ ကျန်တဲ့ ၅၀ရာခိုင်နှုန်းကိုတော့ ပါဝင်ဖျော်ဖြေပေးကြတဲ့ တော်လှန်အနုပညာရှင်တွေရဲ့ ဆက်လက်ရပ်တည်ရေးအတွက် ထောက်ပံ့ငွေအဖြစ် စီးဆင်းစေမှာပဲ ဖြစ်ပါတယ်။ 

ပွဲကြည့် လက်မှတ်များကို ဒေါင်း ဖော် Facebook Page မှာဖြစ်စေ၊ နိုင်ငံတကာ Fundriser များမှ ဖြစ်စေ၊ ပါဝင်သော အနုပညာရှင်များထံမှ ဖြစ်စေ တိုက်ရိုက် ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေ Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။ လောင်းလုံးနှင့် ဘီးလင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် တစ်ဦးအပါအဝင် သုံးဦး သေဆုံး 


လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာအတွင်းသို့ ယနေ့ ဇူလိုင် ၂၃ ရက်တွင် မောင်းမကန်ရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦးနှင့် အရပ်သား တစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်

အလားတူ၊ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးအရှေ့ရွာတွင် ဇူလိုင်လ ၂၃ ရက်‌ မွန်းလွဲ ၁၂ နာရီခန့်က စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၀ အရွယ် မနိုနို ဆိုသူ အမျိုးသမီးတစ်ဦး ဝမ်းဗိုက်တွင် ကျည်စထိမှန်ကာ သေဆုံးခဲ့ပြီး နောက်ထပ်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား အလူးအထပ်သား စက်ရုံရှေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာတွင် ကျန်ရှိနေသော စကစတပ်များကို တိုက်ခိုက်ရာ ထွက်ပြေးသွား 


ဇူလိုင်လ ၂၃ ရက်နေ့တွင် အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာတွင် ကျန်ရှိနေသော စစ်ကောင်စီ တပ်များကိုပစ်ခတ်ရှင်းလင်းရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိပြီး ထွက်ပြေးသွားကြတယ်လို့ ပကဖ အသံမှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုအတွင်း G-3 အတောင့်၊ 40/60 သီး တစ်လုံး၊ အီနာကာ နှစ်လုံး၊ လက်ပစ်ဗုံး တစ်လုံး၊ စစ်ယူနီဖေါင်းများ၊ ဖုန်း လေးလုံးနှင့် ဆိုင်ကယ် တစ်စီး သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ ပကဖတိုက်ခိုက်ရေး အမှတ် () တပ်ခွဲ () ရွှေတန်းမြေနှင့် တပ်ခွဲ () မိုးညိုပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဇီးကုန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ဝီဖာ ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ ပြည်သူလူထုအား အရေးပေါ် သတိပေးချက် KNU ထုတ်ပြန် 


မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည့် ဝီဖာ ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ ပြည်သူလူထုအား အရေးပေါ် သတိပေးချက် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ထုတ်ပြန်ထားပါတယ်။

မိုးလေဝသပညာရှင်များ၏ ခန့်မှန်းချက်အရ ဝီဖာဆိုင်ကလုန်းသည် ကော်သူးလေအပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းသို့ ဇူလိုင် ၂၃ ရက်နှင့် ၂၄ ရက်တွင် ဝင်ရောက်တိုက်ခတ်နိုင်ဖွယ်ရှိပြီး ထိုမုန်တိုင်းသည် အားကောင်းလာနေကာ ရပ်ရွာများအတွက် သိသာထင်ရှားသည့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည်ဟု သတိပေးထားပါတယ်။

ဝီဖာဆိုင်ကလုန်းသည် ပြင်းထန်သော မိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနှင့် ရေလွှမ်းမိုးမှုများကို ဖြစ်ပေါ်စေနိုင်ပြီး မြေနိမ့်ပိုင်းဒေသများ၊ မြစ်ကမ်းနံဘေးရှိ နေရာများနှင့် တောင်ကုန်းဒေသများတွင် ရုတ်တရက် ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ၊ ဓာတ်အားလိုင်းများ၊ သစ်ပင်များနှင့် လယ်ယာမြေများ ပျက်စီးနိုင်ပြီး၊ အစားအသောက် ထောက်ပံ့မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုများ ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။

ပြည်သူလူထုအနေဖြင့် အရေးပေါ်ပြင်ဆင်မှုများ ချက်ချင်းလုပ်ဆောင်ရန်၊ ရေသန့်၊ အစားအစာခြောက်၊ ဆေးဝါးများ၊ ဓာတ်မီးများ၊ ဘက်ထရီများနှင့် အရေးကြီးစာရွက်စာတမ်းများကို ရေစိုခံအိတ်များဖြင့် သိမ်းဆည်းထားရန်၊ မိသားစုများအနေဖြင့် ရွှေ့ပြောင်းရေးလမ်းကြောင်းကို ကြိုတင်စီစဉ်ထားပြီး လိုအပ်ပါက အနီးဆုံး ဘေးကင်းလုံခြုံသည့်နေရာသို့ အမြန်ပြောင်းရွှေ့ရန်၊ မွေးမြူထားသော တိရစ္ဆာန်များနှင့် အဖိုးတန်ပစ္စည်းများကို လုံခြုံသောနေရာသို့ ရွှေ့ပြောင်းထားရန်လည်း တိုက်တွန်းအကြံပြုထားပါတယ်။

ဒေသတွင်းရေဒီယိုများနှင့် ယုံကြည်ရသည့် သတင်းရင်းမြစ်များမှ နောက်ဆုံးသတင်းအချက်အလက်များကို လိုက်နာနားဆင်ရန်နှင့် အိမ်နီးချင်းများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့် ကလေးသူငယ်များရှိသည့် မိသားစုများကို ဂရုစိုက်ကူညီရန် ကေအန်ယူက တောင်းဆိုထားပါတယ်။

ဤသတိပေးချက်ကို အလေးအနက်ထားပြီး အတူတကွ ပြင်ဆင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ယခုလုပ်ဆောင်ခြင်းဖြင့် အသက်များကို ကယ်တင်နိုင်ပြီး မုန်တိုင်းဖြတ်သန်းပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ကေအန်ယူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


========================


🚩🚩၄။ အာရက္ခပြည်၌ မိုးများစွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပွား၍ အရေးပေါ်အကူအညီများ လိုအပ်နေ 


အာရက္ခပြည်အတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လအကုန်ပိုင်းမှစတင်၍ မိုးများစွာရွာသွန်းမှုကြောင့် တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော အစရှိသည့် မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ သတင်းထုတ်ပြန်ပါတယ်။

ယင်းရေလွှမ်းမိုးမှုကြောင့် နေအိမ်များ ပျက်စီးခြင်း၊ စပါးခင်းများ ပျက်စီးခြင်း၊ လမ်း၊ တံတားများပျက်စီး၍ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းများအပြင် လူသေဆုံးမှုများပင် ဖြစ်ပွားလျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ရေလွှမ်းမိုးခံရသည့် ဒေသများသို့ HDCO မှ သွားရောက်ကာ အရေးပေါ်အကူအညီများ ဆောင်ရွက်မှုနှင့်အတူ ရေဘေးသင့်အချက်အလက်များကိုပါ ကောက်ခံလျက်ရှိပြီး ကောက်ခံထားသောစာရင်းများအရ ဒုက္ခသည်စခန်းများအပါအဝင် ကျေးရွာ (၉၀) မှ အိမ်ထောင်စု (,၄၆၁) စု၊ လူဦးရေ (၁၂,၂၄၉) ဦး ရေဘေးသင့်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။

ရေလွှမ်းမိုးခံရသောနေရာအများစုမှာ အကူအညီများ လက်လှန်းမီရန်ခက်ခဲသောကြောင့် အကူအညီရရှိမှုများ နည်းပါးလျက်ရှိပြီး ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အမိုးအကာများ၊ မျိုးစပါးများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးပေါ်လိုအပ်လျက်ရှိနေတာ‌ကြောင့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများအနေဖြင့် လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သို့ဆက်သွယ်ကာ ထိခိုက်ခံရသောနေရာများသို့ လိုအပ်သည့်အကူအညီများ ဝိုင်းဝန်းထောက်ပံ့ပေးကြပါရန် တိုက်တွန်း နှိုးဆော်ထားပါတယ်။


========================


🚩🚩၅။ ကလိန်အောင် စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်းအနီးတွင် အမည်မသိအမျိုးသား အလောင်းတစ်လောင်း တွေ့ရှိ 


ဇူလိုင်လ (၂၂) ရက်နေ့တွင် ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မြိတ်ထားဝယ်ခရိုင်၊ လယ်ဒိုစိုးမြို့နယ်၊ ထားဝယ်ခီးကျေးရွာအုပ်စုအတွင်းရှိ ကလိန်အောင်စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်းဧရိယာ ဓါတ်ငွေ့ပိုက်လိုင်း အနီးတွင် အမည်မသိအမျိုးသား အလောင်းတစ်လောင်းအား ဒေသခံများတွေ့ရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်မှ သတင်းထုတ်ပြန်ပါတယ်။

အလောင်းတွေ့ရှိသည့်နေရာသည် စစ်ကောင်စီ ခလရ (၂၈၂) တပ်ရင်း နောက်တန်းဌာနချုပ်နှင့်မီတာ ၂၀၀၀ခန့်သာ ဝေးပြီး တပ်ရင်း တာဝန်ယူ ထားသည့် လုံခြုံရေးနေရာ ဖြစ်ကာ ဖြစ်စဉ်မတိုင်ခင် ရက်လောက်က အလောင်းတွေ့ရှိသည့် နေရာနှင့် မီတာ၅၀၀ခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့များ အခြေပြု လှုပ်ရှားနေတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သူတို့ မသင်္ကာသည့် ရွာသား တစ်ဦးအား စစ်ဆေးပြီး ယခုကဲ့သို့ လူမဆန်စွာ အပြစ်မဲ့ ပြည်သူတစ်ဦးအား သတ်ဖြတ်ခဲ့ခြင်းသာဖြစ်‌သည်ဟု ဒေသခံများထံမှ သိရပြီး အသတ်ခံရသည့် အမျိုးသားအား မည်သူမည်ဝါဖြစ်ကြောင်း ဘယ်ရွာသားဖြစ်ကြောင်း ရပ်မိရပ်ဖ၊ ဒေသခံများ ဆက်လက် စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။

စစ်ရေးတင်းမာမှုဖြစ်ပွား‌နေတဲ့ အရပ်တွင် နေထိုင်တဲ့ ဒေသခံများအနေဖြင့် အထူးအသိကပ်၊ သတိချပ်ပြီး ပြုမူ နေထိုင် လှုပ်ရှားသွားလာကြဖို့ တိုက်တွန်းအသိပေးထားပါတယ်။


========================


🚩🚩၆။ ကျောက်မဲနှင့် နမ္မတူတွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား () ဦးနှင့် ရောင်းဝယ်သူ () ဦးတို့ကို ဖမ်းဆီးရမိ 


ကျောက်မဲနှင့် နမ္မတူမြို့နယ်တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား () ဦးနှင့် ရောင်းဝယ်သူ () ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၂၀) ရက် ညနေ (၃း၀၀)နာရီခွဲအချိန်၌ ကျောက်မဲမြို့တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှုပြုလုပ်နေစဉ်  မူးယစ်ဆေးဝါးရောင်းဝယ်သူ အသက် (၆၁)နှစ်အရွယ် ဦးဟန်နုထံမှ ယာမဆေးပြာ (၁၃၉)လုံး၊ ငွေသားသိန်း (၁၀၁၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ ဇူလိုင်လ (၂၂) ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီးတွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၆၀) နှစ်အရွယ် ဦးနန္ဒာ၊ အသက် (၂၂) နှစ်အရွယ် ကိုဖြိုးဖြိုးကိုနှင့် ရောင်းဝယ်သူ အသက် (၅၃) နှစ်အရွယ် ဦးအောင်လွင်တို့ကို ဘိန်းဖြူဆပ်ပြာခွက် (၁၁) ခွက်၊ ခါးခူး () ထုတ်၊ ယာမဆေးပြား (၁၀၇) ပြား၊ ဖုန်း () လုံး၊ ငွေသား (၄၉၈,၀၀၀) ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အလားတူ နမ္မတူမြို့နယ်၊ မန်စံကျေးရွာစစ်ဆေးရေးဂိတ်တွင်လည်း မူးယစ်ဆေးဝါးသုံးစွဲသူ အသက် (၂၆) နှစ်အရွယ် ကိုထွန်းလူနှင့် အသက် (၁၆) နှစ်အရွယ် ကိုကျော်သန်းတို့အား ယာမဆေးပြား (၁၀) ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေ Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment