၂၀၂၅ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အာဇာနည်နေ့အခမ်းအနား ဗိုလ်အောင်ဆန်း အစ်ကိုရဲ့ မြေးဖြစ်သူ တက်ရောက်ခဲ့မှု အာဇာနည်တွေကို တန်ဖိုးထားလေးစားမှု မရှိသူတွေရဲ့ နိုင်ငံရေးပြဇာတ်ခုံ မဖြစ်သင့်ဘူးလို့ ကိုထိန်လင်း ဆို
📌 ၂။ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်
📌 ၃။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နမ့်လန်မှာ ဒေသခံတွေ ကိုယ်ထူကိုယ်ထ သူခိုးဝိုင်းဖမ်းရာ သူခိုး ၁၃ ဦး ဖမ်းမိ
📌 ၄။ အမေရိကန်သမ္မတ ဖုန်းဆက်ညှိနှိုင်းခဲ့သော်လည်း ထိုင်းနဲ့ ကမ္ဘောဒီယား ၄ရက်မြောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
📌 ၅။ Crochet for Karenni လက်မှုပညာသင်တန်းကျောင်း ၁ နှစ်ပြည့်အခမ်းအနားနှင့် ထုတ်ကုန်ပြပွဲ ကျင်းပ
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကမ္မမြို့ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ဝင်ရောက်ရှင်းလင်း
🚩 ၂။ KNU သထုံခရိုင် အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး သေဆုံး
🚩 ၃။ မြိုင်မြို့နယ်၊ သရက်ကန် ပျူရွာမှ ပြည်သူ ၅ ဦးကို အန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့
🚩 ၄။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း - ၁၉ ရဲ့ (၄) နှစ်ပြည့် အခမ်းအနား ကျင်းပ
🚩 ၅။ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF က အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အာဇာနည်နေ့အခမ်းအနား ဗိုလ်အောင်ဆန်း အစ်ကိုရဲ့ မြေးဖြစ်သူ တက်ရောက်ခဲ့မှု အာဇာနည်တွေကို တန်ဖိုးထားလေးစားမှု မရှိသူတွေရဲ့ နိုင်ငံရေးပြဇာတ်ခုံ မဖြစ်သင့်ဘူးလို့ ကိုထိန်လင်း ဆို
ဇူလိုင်လ ၂၇ရက်
Radio NUG
အာဇာနည်နေ့အခမ်းအနား ဗိုလ်အောင်ဆန်း အစ်ကို ဦးအောင်သန်းရဲ့ မြေးဖြစ်သူ ဦးရဲအောင်သန်းနှင့် ဇနီး တက်ရောက်ခဲ့မှု အာဇာနည်တွေကို တန်ဖိုးထားလေးစားမှု မရှိသူတွေရဲ့ နိုင်ငံရေးပြဇာတ်ခုံ မဖြစ်သင့်ဘူးလို့ ကိုထိန်လင်းက ဇူလိုင်လ ၂၇ရက်နေ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးဆိုထားပါတယ်။
"မသိသူများအတွက် ပြောရရင်၊ ဒီမိသားစုဟာ ဖိုးဖိုးရဲ့ အမွေအနှစ်ကို မထိန်းသိမ်းသလို မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နီးစပ်ခြင်း မရှိခဲ့ပါဘူး။ မေမေ့အကို ဦးအောင်ဆန်းဦးကလည်း သူ့ရဲ့သွေးချင်းညီမကို မယုံနိုင်လောက်တဲ့ အပြုအမူတွေ လုပ်တယ်၊ လူသိရှင်ကြားဘဲ မချေမငံဆက်ဆံတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေဟာ ဖိုးဖိုးနဲ့ မေမေရဲ့တည်မြဲခိုင်မာတဲ့ အယူအဆတွေ တန်ဖိုးထားမှုတွေနဲ့ ဘယ်တော့မှ မကိုက်ညီခဲ့ဘူး။ မေမေ မတရားချုပ်နှောင်ခံနေရချိန်မှာ စေတီတော်ခြေတော်ရင်းက ဂုဏ်သိက္ခာကြီးမားတဲ့ အာဇာနည်ဂူဗိမာန်မှာ သူတို့ကိုယ် သူတို့ ဖိုးဖိုးရဲ့ အမွေအနှစ်ကို စောင့်ထိန်းသူအဖြစ် ဟန်ဆောင်နေကြတာကို ကြည့်ရတာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ အာဇာနည်ဂူဗိမာန်ဟာ အာဇာနည်တွေကို ဂုဏ်ပြုအမှတ်တရထားတဲ့နေရာဖြစ်တယ်။ အာဇာနည်တွေကို တန်ဖိုးထားလေးစားမှုမရှိသူတွေရဲ့ နိုင်ငံရေးပြဇာတ်ခုံ မဖြစ်သင့်ဘူး” လို့ ရေးသားထားပါတယ်။
၂၀၂၅ခုနှစ်တွင် ဦးအောင်ဆန်းဦးကိုယ်စား ဦးရဲအောင်သန်းနှင့်ဇနီး တက်ရောက်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံနှုတ်ဆက်ခဲ့သည်ကို စစ်ကောင်စီ မီဒီယာများ၌ ဖော်ပြထားပါတယ်။
ဦးရဲအောင်သန်းသည် ၂၀၂၁ ခုနှစ် အာဇာနည်နေ့ကလည်း ဦးအောင်ဆန်းဦး ကိုယ်စား တက်ရောက်ခဲ့သလို၊၂၀၁၈ အခမ်းအနားတွင်လည်း ဦးအောင်ဆန်းဦး ကိုယ်စား တက်ရောက်ကာ လွမ်းသူ့ ပန်းခွေချခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာ၌ ပုံများနှင့်တကွ ဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကိုဖြစ်သည့် ဦးအောင်သန်းမှာ အင်္ဂလိပ်အစိုးရ၏ ဘီစီအက်ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၁၉၄၅ ခုနှစ်တွင် အစိုးရအလုပ်မှထွက်၍ နိုင်ငံရေးလောကသို့ ဝင်ရောက်ကာ ဆိုရှယ်လစ်ပါတီ၌ လုပ်ကိုင်ခဲ့ကာ ၁၉၅၆ ခုနှစ်တွင် ပုဒ်မ ၅ နှင့် အဖမ်းခံရပြီးနောက် ကိုကိုးကျွန်းအကျဉ်းစခန်းသို့ အပို့ခံရတယ်လို့ သိရပါတယ်။
ဦးအောင်သန်း၏ သားသမီးများအနက်မှ ဦးချိုအောင်သန်းနှင့် ဒေါ်ငယ်မမသန်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ ဖြစ်ပါတယ်။
========================
📌📌 ၂။ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်
ဇူလိုင်လ ၂၇ရက်
Radio NUG
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ကာ ၈၅၀ စင်တီမီတာအထိ မြင့်တက်လာပြီး မြို့တွင်းရပ်ကွက်များသို့ ရေများ ဝင်ရောက်လာသဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဇူလိုင် ၂၅ ရက်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ လျင်မြန်စွာ မြင့်တက်လာပြီး အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရပ်ကွက် ၁၊ ၂၊ ၅ အပြင် ဘားအံတိုင်းရင်းဆေးရုံ၊ အင်းလေးလမ်း၊ ရေပေါ်ဈေးထိပ်၊ ဘားအံရွှေဖားစည်အိမ်ရာ၊ ဆင်နှစ်ကောင်ရှေ့လမ်းမအပါအဝင် မြစ်ကမ်းနီးနေရာများသို့ ရေများ ဝင်ရောက်နေတယ်လို့ ဆိုကြပါတယ်။
ဒေသခံများနှင့် မြစ်ကမ်းနီးနေထိုင်သူများသည် ရေဘေးကြောင့် အနီးနားရှိ အထက်တန်းကျောင်း (၁)၊ (၃) နှင့် မိုးလုံလေလုံအားကစားရုံများသို့ ယာယီကယ်ဆယ်ရေးစခန်းများတွင် ပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။
ထို့အတူ၊ မွန်ပြည်နယ် သထုံမြို့နယ်၊ ကျိုက်ကော်ဈေးရှေ့ မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး လမ်းများကို ယာယီပိတ်ထားရပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နမ့်လန်မှာ ဒေသခံတွေ ကိုယ်ထူကိုယ်ထ သူခိုးဝိုင်းဖမ်းရာ သူခိုး ၁၃ ဦး ဖမ်းမိ
ဇူလိုင်လ ၂၇ ရက်၊
Radio NUG
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသ သီပေါမြို့နယ်၊ နမ့်လန်မြို့မှာ ဒေသခံတွေ ကိုယ်ထူကိုယ်ထ သူခိုး ဝိုင်းဖမ်းကြရာကနေ သူခိုး ၁၃ ဦး ဖမ်းမိခဲ့တယ်လို့ ရွှေဖီမြေ သတင်းဌာနက ဖော်ပြထားပါတယ်။
ဇူလိုင်လ ၂၆ ရက်၊ နေ့လယ် ၃ နာရီ ဝန်းကျင်က နမ့်လန် မြို့လယ်မှာ ပစ္စည်းလိုက်ခိုးဖို့ လုပ်နေတဲ့ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိထားတဲ့ သူခိုးတွေထဲက အမျိုးသမီး ၂ ဦးကိုတော့ နောက်တစ်ခါ ထပ်မလုပ်ဖို့ ပြောပြီး ပြန်လွှတ်ပေးခဲ့ကာ အမျိုးသား ၁၁ ဦးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆီ သွားအပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ခိုးမှုနဲ့ ဓားပြတိုက်မှုတွေ မကြာခဏ ဆိုသလို ဖြစ်ပွားနေပေမယ့် ဖမ်းဆီး အရေးယူပေးခြင်း မရှိနေတာကြောင့် ဒေသခံတွေက အခုလို ကိုယ်ထူကိုယ်ထ စနစ်နဲ့ သူခိုးဖမ်းနေရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ အမေရိကန်သမ္မတ ဖုန်းဆက်ညှိနှိုင်းခဲ့သော်လည်း ထိုင်းနဲ့ ကမ္ဘောဒီယား ၄ရက်မြောက် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
ဇူလိုင်လ ၂၇ရက်
Radio NUG
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နှစ်နိုင်ငံ ဝန်ကြီးချုပ်များနှင့် ဖုန်းဆက်သွယ်ပြီး ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ကြားဝင်ညှိနှိုင်းခဲ့သော်လည်း၊ မြေပြင်တွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေကြာင်း နိုင်ငံတကာသတင်းများအရ သိရပါတယ်။
ဇူလိုင်လ ၂၆ရက်နေ့က တိုက်ပွဲများအတွင်း ထိုင်းစစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကမ္ဘောဒီးယားစစ်တပ်၏ အမှတ် ၇ စစ်တိုင်း ဗိုလ်ချုပ် Doung Somneang သေဆုံးခဲ့သည့်အပြင်၊ ထိုင်းနိုင်ငံမှ ထောင်သောင်းချီသော ကမ္ဘောဒီးယားအလုပ်သမားများ နေရပ်ပြန်လည်ထွက်ခွာနေကြပြီး၊ နယ်စပ်အနီးရှိ နေအိမ်များမှာ ဒုံးကျည်ထိမှန်မှုကြောင့် ပျက်စီးမီးလောင်နေတယ်လို့ သိရပါတယ်။
ထို့အပြင် အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ထိုင်းနှင့် ကမ္ဘောဒီးယားတို့အား ဇူလိုင် ၂၈ ရက်တွင် ကွာလာလမ်ပူ၌ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားထားပြီး၊ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး အဆိုပြုချက်များကို ဆွေးနွေးမှာဖြစ်ကာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က “နှစ်ဖက်စလုံးက မလေးရှားကို ယုံကြည်မှုအပြည့်ရှိပြီး ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်”လို့ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း နှစ်ဖက်စလုံးအား “ချက်ချင်းအပစ်ရပ်ရန်” နှင့် ရေရှည်တည်တံ့သော အဖြေရှာဖွေရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းထားပြီး သောကြာနေ့က နယူးယောက်မြို့တွင် ကျင်းပခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးတွင် ကမ္ဘောဒီးယားသံအမတ်က သူတို့နိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
========================
📌📌 ၅။ Crochet for Karenni လက်မှုပညာသင်တန်းကျောင်း ၁ နှစ်ပြည့်အခမ်းအနားနှင့် ထုတ်ကုန်ပြပွဲ ကျင်းပ
ဇူလိုင်လ ၂၇ ရက်
Radio NUG
ကရင်နီပြည်နယ်တွင် Crochet for Karenni လက်မှုပညာသင်တန်းကျောင်း၏ ၁ နှစ်ပြည့်အခမ်းအနားနှင့် ထုတ်ကုန်ပြပွဲကို ဇူလိုင် ၂၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း KPV News မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် စတင်တည်ထောင်ခဲ့သော သင်တန်းကျောင်းသည် အပတ်စဉ် ၆ ခုအထိရှိနေပြီဖြစ်သလို အပတ်စဉ် ၅အထိ သင်တန်းသား ၂၀၀ ကျော်အား လက်မှုပညာသင်ကြားပေးခဲ့ပြီး အပတ်စဉ်တစ်ခုလျှင် ၂ လကြာ သင်ကြားပေးထားကာ လက်ရှိအပတ်စဉ် ၆ တွင် ကျောင်းအိပ်ကျောင်းစားပုံစံဖြင့် သင်ကြားလျက်ရှိတယ်လို့ သင်တန်းကျောင်း တည်ထောင်သူ မသန္တာက ပြောကြားထားပါတယ်။
Crochet for Karenni လက်မှုပညာသင်တန်းကျောင်းတွင် ချည်ထိုးနည်း၊ စက်ချုပ်နည်းအပြင် အင်္ဂလိပ်စာ၊ တရုတ်စာ၊ ကွန်ပြူတာအခြေခံ နှင့် ခဲပန်းချီဆွဲခြင်းတို့ကိုလည်း သင်ကြားပေးထားပြီး သင်တန်းဆင်းသူများသည် ၎င်းတို့၏ လက်မှုပညာကျွမ်းကျင်မှုများကို အသုံးချ၍ ဒေသတွင်း စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။
ထုတ်ကုန်ပြပွဲတွင် သင်တန်းသားများထုတ်လုပ်ထားသော လက်မှုပစ္စည်းများကို ပြသခဲ့ပြီး၊ ဒေသခံများနှင့် ဧည့်သည်များထံမှ စိတ်ဝင်စားမှုရရှိခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကမ္မမြို့ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ကို ၂ ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ဝင်ရောက်ရှင်းလင်း
ဇူလိုင်လ ၂၇ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ကို နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ RED GIANT အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့က ကမ္မမြို့ပေါ်ရှိ စစ်ကောင်စီ တပ်သားများ တပ်စွဲထားတဲ့ ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ်ပြောက်ကျားတပ်ဖွဲ့၊ PI PDF ၊ TWF နဲ့ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့ (မြိုင်) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အလားတူ ဇူလိုင်လ ၂၇ ရက်နေ့၊ မနက် ၁၁ နာရီမှာလည်း ကမ္မမြို့ပေါ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်ကို ဒရုန်း၊ ၄၀ မမ များဖြင့် ၂ ကြိမ်တိုင် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့ပြင် နေ့လည် ၂ နာရီခန့်မှာလည်း ကမ္မမြို့ပေါ်ကို RED GIANT နဲ့ မဟာမိတ် တပ်ဖွဲ့များက ဝင်ရောက်ရှင်းလင်းခဲ့ပြီး ပြည်သူတွေဆီကနေ စစ်ကောင်စီတပ်မှ သိမ်းယူထားတဲ့ ဆိုင်ကယ်များကို ပြည်သူတွေထံ ပြန်လည်အပ်နှံနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို RED GIANT ၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ်ပြောက်ကျားတပ်ဖွဲ့ ၊ PI PDF ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့ (မြိုင်) ၊ TWF ၊ THURAIN TR နဲ့ HUNTER PAKOKKU တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ KNU သထုံခရိုင် အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး သေဆုံး
ဇူလိုင်လ ၂၇ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူ ခရိုင်၊ သထုံမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် (၁၅) နှစ်အရွယ် ကလေး နှစ်ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှာ စစ်ကောင်စီရဲ့ အမတ (၃၁၀) အမြောက်တပ်က ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ သုံးခွရွာနဲ့ ကျောက်ပုံကြီးရွာ ကွင်းရွာကြား ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၁၅) နှစ်အရွယ် စောသိန်းထူး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ၈ မိနစ်မှ ၁၆ မိနစ် အတွင်းမှာ ခလရ (၈)၊ ရန်ကုန်-မော်လမြိုင် လမ်းလုံခြုံရေး လှုပ်ရှားတပ်ဖွဲ့ တို့က ၆၀ မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ အလူးလေး အရှေ့ရွာလေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
၎င်းလက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၁၅) နှစ်အရွယ်ရှိ နော်ခင်နန်းမွေး ထိမှန်သေဆုံးခဲ့ကာ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၂ နာရီမှာ ကျိုက်ထိုမြို့နယ်၊ ဝင်းကလော ကျေးရွာအုပ်စု၊ ဆောင်နိုင်ကြီးရွာ (ဟောင်း) ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။
အလားတူ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့ တို့မှာလည်း သထုံမြို့နယ်၊ ကြက်ခပ်ချောင်းအုပ်စု၊ ရွှေကြည်ရွာနဲ့ ကျောက်တောင်အုပ်စု၊ နောင်ကတုတ် အထက်ရွာ အနီးတို့ကို ၁၂၀ မမ လက်နက်ကြီးများ ပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ မြိုင်မြို့နယ်၊ သရက်ကန် ပျူရွာမှ ပြည်သူ ၅ ဦးကို အန္တရာယ်ကင်းစွာ ကယ်ထုတ်နိုင်ခဲ့
ဇူလိုင်လ ၂၇ ရက်၊
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ် တောင်ပိုင်း၊ သရက်ကန် ပျူရွာမှ ကလေး ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးအား အန္တရာယ်ကင်းစွာဖြင့် ကယ်ထုတ်နိုင်ခဲ့တယ်လို့ TYK ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ကျော် အထိုင်ချတပ်စွဲထားတဲ့ သရက်ကန် ပျူရွာက ပြည်သူ ၂ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်သူ ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပြီး နောက်ထပ် ထွက်ချင်သူများကိုလည်း အန္တရာယ်ကင်းစွာဖြင့် ခေါ်ထုတ်ပေးမယ်လို့ အသိပေးထားပါတယ်။
ယခု ရက်ပိုင်းအတွင်း ကယ်ထုတ်ခဲ့တဲ့ ပြည်သူ ၅ ဦးတွင် ဆယ်ကျော်သက်အရွယ် ကလေး ၂ ဦး၊ ဒေါ်အေး ( ၅၈ နှစ်) ဒေါ်ငြိမ်း (၆၀ နှစ်) နဲ့ ကိုဆန်းလင်း (၃၀ ကျော် အရွယ်) တို့ ပါဝင်ပါတယ်။
အဆိုပါ ကယ်ထုတ်မှုကို မြိုင် ပကဖ အဖွဲ့ဝင်များ ဖြစ်ကြတဲ့ TYK ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းမာန်အဖွဲ့ တပ်ခွဲ (၁) ၊ တပ်ခွဲ (၄) စင်္ကြာဒေသကာကွယ်ရေးအဖွဲ့ နဲ့ အညာမြေ တပ်ပေါင်းစုတို့က ဆောင်ရွက်ခဲ့တာလို့ သိရရှိပါတယ်။
========================
🚩🚩 ၄။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း - ၁၉ ရဲ့ (၄) နှစ်ပြည့် အခမ်းအနား ကျင်းပ
ဇူလိုင်လ ၂၇ ရက်၊
Radio NUG
ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF၊ တပ်ရင်း အမှတ် - ၁၉ ၊ (၄) နှစ်ပြည့် အခမ်းအနားကို ကရင်နီ ပြည်(နယ်) တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ KNDF အမှတ် - ၁၉ တပ်ရင်း ၄ နှစ်ပြည့် အခမ်းအနားမှာ KNDF တပ်ဦး အလံအား အလေးပြုခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရတဲ့ အာဇာနည် သူရဲကောင်းများအား အလေးပြုခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်များအား ဂုဏ်ပြုခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားတွင် တပ်ရင်း အမှတ် - ၁၉ တပ်ရင်းမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧည့်သည်တော်များမှ အားပေးစကားများ ပြောကြားခဲ့ကြကာ ဒုတပ်ရင်းမှူးမှ ကျေးဇူးတင်စကား ပြောကြားပြီး အစီအစဉ်ကို ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၁၉) အနေဖြင့် အာဏာရှင်စနစ် ကျရှုံးသည်အထိ တော်လှန်ပြည်သူများနှင့်အတူ တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာ ပြုထားပါတယ်။
KNDF တပ်ရင်း အမှတ် - ၁၉ အနေဖြင့် ၄ နှစ်တာ ကာလ တိုက်ပွဲများအတွင်း အာဇာနည် သူရဲကောင်း ရဲဘော် ၁၃ ဦး ကျဆုံးခဲ့ရကာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော် ၇ ဦးအထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၅။ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ - PLF က အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲ ပြုလုပ်
ဇူလိုင်လ ၂၇ ရက်၊
Radio NUG
ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PEOPLE'S LIBERATION FORCE) က အခြေခံစစ်ပညာသင်တန်း တစ်ရပ် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“ရန်သူကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်အနိုင်ယူမယ့် ကျွန်တော်တို့ရဲ့ ရဲဘော်သစ်တွေဟာ ခက်ခဲကြမ်းတမ်းတဲ့ စစ်သင်တန်းကို အောင်မြင်စွာ ပြီးဆုံးလို့ မိုးထဲရေထဲမှာပဲ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။” လို့ PLF က ဆိုပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သင်တန်းဆင်းပွဲနဲ့ သစ္စာရေသောက်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ မဟာမိတ် တပ်ဖွဲ့အသီးသီးမှ တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ကြောင်း၊ PLF ရဲဘော်တွေဟာ ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ တိုင်းပြည် ငြိမ်းချမ်းရေးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း သစ္စာပြု အသိပေးထားပါတယ်။
ထို့အပြင် ပြည်သူလူထု လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်လိုသူများ၊ စစ်ကောင်စီရဲ့ မတရား စစ်မှုထမ်းဥပဒေ နဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်လိုသူများကို ဖိတ်ခေါ်ထားပြီး သင်တန်းသား အသစ်များ လက်ခံ ခေါ်ယူနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment