၂၀၂၅ ဇူလိုင်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ပြုလုပ်
📌 ၂။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ လူသားချင်းစာနာမှုအကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို ထောက်ပံ့ပေးခဲ့
📌 ၃။ ကရင်နီ O1 ဆေးရုံတွင် ၂၀၂၅ ပထမ နှစ်ဝက်အတွင်း ဆေးရုံတက်ရောက်သူ (၇၆၃) ဦးနဲ့ ပြင်ပလူနာ (၈၉၂) ဦးကို ကုသမှု ပေးနိုင်ခဲ့
📌 ၄။ "ဝ" ပြည်နယ်အတွင်း ဂိတ်အားလုံး ဖျက်သိမ်း၍ လွတ်လပ်စွာ သွားလာခွင့်ပြု
📌 ၅။ ၂၀၂၅ ပထမ (၆) လတာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် လူဦးရေ ၁,၀၀၀ ခန့် သေဆုံးခဲ့
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ထိုင်းနယ်စပ် ဝေါလေဒေသကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
🚩 ၂။ ဖားကန့်တွင် တိုက်ပွဲပြင်းထန်နေပြီး၊ တိုက်ပွဲအတွင်း အမျိုးသား ၂ ဦး သေဆုံး၊ နေအိမ်တချို့ မီးလောင်
🚩 ၃။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KPLA မှ ဒုတပ်ခွဲမှူး တစ်ဦး ကျဆုံး
🚩 ၄။ နေပြည်တော် အဆရ (၂) က စစ်ကောင်စီ တပ်သားတစ်ဦး ဝက်လက်မြို့နယ် ပကဖ ထံ အလင်းဝင်
🚩 ၅။ ဟားခါးမြို့တွင် ရဲ တစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
🚩 ၆။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တပ်သားသစ်များ ခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေး ပြုလုပ်
ဇူလိုင်လ ၁၃ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၇/၂၀၂၅)ကို ဇူလိုင်လ ၁၃ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ တာဝန်ရှိသူမှ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
ထို့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ လူသားချင်းစာနာမှုအကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို ထောက်ပံ့ပေးခဲ့
ဇူလိုင်လ ၁၃
Radio NUG
၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၃၄၃.၃၅) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
တော်လှန်ပြည်သူများ၏ ပြည်သူမှပြည်သူ အလှူငွေ ငွေကျပ် (၃၄၃.၃၅) သန်းကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၄၅,၉၅၄) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၇၅.၇၆) သန်း၊ ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၅၆) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၁၆) ဦးအတွက် အရေးပေါ်လူသားချင်းစာနာမှု အကူအညီအဖြစ် ငွေကျပ် (၁၃.၄၀) သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၀.၄၀) သန်း၊ သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက် ငွေကျပ် (၂၄၇.၇၇) သန်း၊ ထိခိုက်လွယ် ပြည်သူများနှင့် ၎င်းတို့၏ မိသားစုများ ငွေကျပ် (၀.၀၀) သန်း၊ CDM ဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုများ ငွေကျပ် (၀.၇၀) သန်းနှင့် အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄.၃၂) သန်း စသည်ဖြင့် ထောက်ပံ့မှုများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ ကရင်နီ O1 ဆေးရုံတွင် ၂၀၂၅ ပထမ နှစ်ဝက်အတွင်း ဆေးရုံတက်ရောက်သူ (၇၆၃) ဦးနဲ့ ပြင်ပလူနာ (၈၉၂) ဦးကို ကုသမှု ပေးနိုင်ခဲ့
ဇူလိုင်လ ၁၃ ရက်၊
Radio NUG
ကရင်နီပြည် တနေရာမှာ ဖွင့်လစ်ထားတဲ့ O1 ဆေးရုံမှာ ပြီးခဲ့တဲ့ ၂၀၂၅ ပထမနှစ်ဝက်တာ ကာလအတွင်း ဆေးရုံ တက်ရောက်ရသူ (၇၆၃) ဦးနဲ့ ပြင်ပလူနာ (၈၉၂) ဦးကို ကုသမှုပေးနိုင်ခဲ့တယ်လို့ ‘နှစ်ဝက်အစီရင်ခံစာ’ မှာ ဖော်ပြထားပါတယ်။
အိုဝမ်းဆေးရုံမှာ နှစ်ဝက် ကာလအတွင်း ဖျားနာလူနာ ၁၇၇ ဦး၊ ခွဲစိတ်ကုသလူနာ ၄၃၅ ဦး၊ မိခင်နှင့် ကလေးလူနာ ၁၅၁ ဦး တက်ရောက်ကုသခဲ့ရပြီး ဆေးရုံတက်ရောက် ကုသရသူ ၂၅% ဟာ စစ်ကြောင့် ရောဂါ အနာတရ ဖြစ်ခဲ့သူများ ဖြစ်ကာ ၎င်းတို့ကို ၁၀၀% စရိတ်ငြိမ်း ကုသပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ပြင်ပလူနာ ဌာနအနေနဲ့ လူနာ ၈၉၂ ဦးကို ကုသမှု ပေးနိုင်ခဲ့ပြီး အဖြစ်များဆုံး ရောဂါများမှာ သွေးတိုး၊ နှလုံး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
၂၀၂၅ ပထမ ခြောက်လပတ်အတွင်း O1 ဆေးရုံမှာ ခွဲစိတ်မှုပေါင်း ၄၅၉ ခုကို ပြုလုပ်ပေးနိုင်ခဲ့ပြီး O1 ဓါတ်ခွဲခန်း ကလည်း သွေးတွင်းအဖြေစစ်ဆေးမှု (၁၄,၈၁၇) ခုထိ ပြုလုပ်ပေးနိုင်ခဲ့ကာ စစ်ဆေးမှု ၈,၉၈၇ ကို အခမဲ့ စစ်ဆေး ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ငှက်ဖျားလူနာ ၂၁၇ ယောက်ကို ရှာဖွေကုသမှု ပေးနိုင်ခဲ့သလို တီဘီလူနာ ၃၃ ယောက်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးဝါးမပြတ်တောက်သွားနိုင်ဖို့ စီစဉ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
သွေးသွင်းကုသမှုအနေဖြင့် သွေးထုပ်ပေါင်း ၄၈၁ ထုပ်ကို ပထမ နှစ်ဝက်အတွင်း ဖြည့်တင်းကုသ ပေးနိုင်ခဲ့ပြီး လာရောက် လှူဒါန်းပေးခဲ့ကြတဲ့ သွေးအလှူရှင်များနဲ့ ချိတ်ဆက်ပေးခဲ့သူ အားလုံးကို အထူး ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။
တက်ရောက်ကုသခဲ့ကြတဲ့ လူနာများ၊ လူနာစောင့်များနဲ့ ဆေးရုံဝန်ထမ်းများကို တစ်နေ့ ထမင်း (၃) နပ် ကျွေးမွေး နိုင်ခဲ့သလို လုံခြုံရေးအတွက် ဗုံးခိုကျင်းများကိုလည်း ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့ သိရရှိပါတယ်။
========================
📌📌 ၄။ "ဝ" ပြည်နယ်အတွင်း ဂိတ်အားလုံး ဖျက်သိမ်း၍ လွတ်လပ်စွာ သွားလာခွင့်ပြု
ဇူလိုင်လ ၁၃ ရက်
Radio NUG
"ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဗဟိုကော်မတီက ပြည်နယ်အတွင်းရှိ ဂိတ်အားလုံးကို ဖျက်သိမ်းလိုက်ပြီး ပြည်သူလူထု လွတ်လပ်စွာ သွားလာနိုင်ရေး ညွှန်ကြားချက်ကို ဇူလိုင် ၁၁ ရက်က ထုတ်ပြန်ခဲ့ပြီး "ဝ" ပြည်နယ်အတွင်းရှိ ခရိုင်လေးခုဖြစ်သည့် မိုင်းပေါက်၊ မိုင်းလင်း၊ မိုင်းမောနှင့် ဟိုပန်တို့ရှိ ဂိတ်အားလုံးပါဝင်သည်ဟု UWSA ပြောခွင့်ရသူ ဦးညီရန်းက "ဝ" လူငယ့်အသံသို့ ပြောကြားထားပါတယ်။
ပြည်နယ်အတွင်းဂိတ်များကိုသာ ဖျက်သိမ်းမည်ဖြစ်ပြီး နယ်စပ်ဂိတ်များမှာ ပုံမှန်အတိုင်း ဆက်လက်တည်ရှိမည်ဖြစ်ကာ မြို့တော်ပန်ဆန်းအပြင် မိုင်းပေါက်နှင့် မိုင်းမောမြို့များတွင်လည်း ဂိတ်ဖျက်သိမ်းမှုများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ၂၀၂၅ ပထမ (၆) လတာ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် လူဦးရေ ၁,၀၀၀ ခန့် သေဆုံးခဲ့
ဇူလိုင်လ ၁၃ ရက်၊
Radio NUG
အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် ၂၀၂၅ ခုနှစ် ပထမ (၆) လတာ ကာလအတွင်း အရပ်သား ပြည်သူများနှင့် တော်လှန်ရေး ရဲဘော်များ စုစုပေါင်း ၁,၀၀၀ ဝန်းကျင်ခန့် သေဆုံးခဲ့တယ်လို့ Spring Revolution Database (SRD) က ဖော်ပြထားပါတယ်။
၂၀၂၅၊ ဇန်နဝါရီလမှ ဇွန်လအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် တော်လှန်ရေး ရဲဘော်များနဲ့ အရပ်သား ပြည်သူ စုစုပေါင်း ၈၈၁ ဦးထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃၈ ဦးနဲ့ တော်လှန်ရေးရဲဘော် ၁၅ ဦး စုစုပေါင်း ၅၃ ဦး သေဆုံးခဲ့ကာ စက်တပ်လေထီးဖြင့် ဗုံးကြဲချ တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၆၆ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
(၆) လတာ ကာလအတွင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၁,၁၃၄) ကြိမ်ခန့် ကျူးလွန်ခဲ့ပြီး Y-12၊ K-8W၊ Yak-130၊ MiG-29 လေယာဥ်များနဲ့ Mi-35 ရဟတ်ယာဥ်များကို အဓိက အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကို ကျူးလွန်ရာတွင် မိတ္ထီလာ ရှမ်းတဲလေတပ်၊ တံတားဦး လေတပ်၊ နေပြည်တော် လေတပ်တို့ကို အများဆုံး အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ထိုင်းနယ်စပ် ဝေါလေဒေသကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဇူလိုင်လ ၁၃ ရက်၊
Radio NUG
ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသကို စစ်ကောင်စီက ရုရှားနိုင်ငံထုတ် YAK-130 တိုက်လေယာဉ်နဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံး (၇) လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဝေါလေဗျူဟာ စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၁၁ ရက်နေ့က ဗျူဟာလက်နက်တိုက်ကို ဒရုန်းဗုံး ထိမှန်ခဲ့ပြီး ကြီးမားတဲ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ Force for Federal Democracy - FFD အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ဇူလိုင်လ ၁၂ ရက်နေ့မှာ ဝေါလေဗျူဟာ အနီး၊ ထိုင်း-မြန်မာ နယ်စပ်က ဥကရစ်ထ စခန်းကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးတဲ့နောက် ဝေါလေ ဒေသကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေတာပါ။
KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ ထိုင်းနယ်စပ်က စစ်ကောင်စီ တပ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက် နေရာမှာ မြဝတီမြို့ တောင်ဘက်တွင် ဝေါလေ ဗျူဟာ နဲ့ တိသဲလယ် ကာကင်းစခန်း နှစ်ခုပဲ ကျန်တော့တာလည်း ဖြစ်ပါတယ်။
========================
🚩🚩 ၂။ ဖားကန့်တွင် တိုက်ပွဲပြင်းထန်နေပြီး၊ တိုက်ပွဲအတွင်း အမျိုးသား ၂ ဦး သေဆုံး၊ နေအိမ်တချို့ မီးလောင်
ဇူလိုင်လ ၁၃ ရက်၊
Radio NUG
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ကာ နေအိမ်တချို့ မီးလောင်နေပြီး တိုက်ပွဲအတွင်း ပိတ်မိခဲ့တဲ့ အမျိုးသား ၂ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ People Spring က ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက အမှိုက်ပုံကျေးရွာနဲ့ မရှီကထောင်ရပ်ကွက်၊ ဆိပ်မူကျေးရွာသွား လမ်းမပေါ်က ရွှေမြန်မာ ဆီဆိုင်ရှေ့မှာ KIA, KPDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အမျိုသား ၂ ဦး သေဆုံးခဲ့ပါတယ်။
သေဆုံးသူ တစ်ဦးဟာ စစ်ကောင်စီ တပ်သားတွေနဲ့ အတူလိုက်ပါလာတဲ့ အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌ(ဟောင်း) ဖြစ်သူ ကိုမင်းစိုးဖြစ်ပြီး ၎င်းရဲ့ ရုပ်အလောင်းကို စစ်ကောင်စီ တပ်သားတွေက ကားပေါ်က တွန်းချကာ မောင်းပြေးသွားခဲ့တာလို့ ဆိုပါတယ်။
နောက်ထပ် သေဆုံးခဲ့သူ တစ်ဦးဟာ အပြင်ကနေ ကားမောင်းပြန်လာတဲ့ ဦးဘရန်မွန်း ဆိုသူဖြစ်ပြီး တိုက်ပွဲအတွင်း ပိတ်မိကာ ကျည်ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။
ထို့အပြင် ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာလည်း တောင်ပြိုကျေးရွာ အနီးက ကချင်အမျိုးသားများ ဖွံ့ဖြိုး- တိုးတက်ရေး ကျောက်တူးဖော်ရေး ကုမ္ပဏီ အဆောင်ပေါ်ကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ဝန်ထမ်း ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အမှိုက်ပုံကျေးရွာက မူလက KIA, KPDF စိုးမိုးထားတဲ့ နေရာဖြစ်ပြီး စစ်ကောင်စီ စစ်ကြောင်းက ဇွန်လကုန်မှာ ဝင်ရောက်လာခဲ့ရာ KIA, KPDF က ယာယီ ဆုတ်ခွာထားခဲ့ရပြီး ယခုအခါ ပြန်လည် ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန် နေတာလို့ သိရပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ ၉ နာရီခန့်ကလည်း ဖားကန့်၊ မှော်မောင်းလျှံ ကျေးရွာအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်တချို့ မီးလောင်ခဲ့ရတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး KPLA မှ ဒုတပ်ခွဲမှူး တစ်ဦး ကျဆုံး
ဇူလိုင်လ ၁၃ ရက်၊
Radio NUG
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး-KPLA၊ ဗျူဟာအမှတ် (၂) တပ်ရင်းအမှတ် (၉၄၂၄) မှ ဒုတပ်ခွဲမှူး တစ်ဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရတယ်လို့ KPLA (၉၄၂၄) တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၀ ရက်နေ့က KPLA (၉၄၂၄) တပ်ရင်းက ဒု-တပ်ခွဲမှူး ရဲဘော်ပေါလူဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်ပေါလူ ကျဆုံးခဲ့ခြင်းဟာ တပ်ရင်းအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခုဖြစ်ပြီး ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ရဲဘော်ကောင်းတစ်ဦးအဖြစ် အမှတ်ရနေမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ နေပြည်တော် အဆရ (၂) က စစ်ကောင်စီ တပ်သားတစ်ဦး ဝက်လက်မြို့နယ် ပကဖ ထံ အလင်းဝင်
ဇူလိုင်လ ၁၃ ရက်၊
Radio NUG
နေပြည်တော် ကောင်စီနယ်မြေက အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အဆရ (၂) မှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်လာခဲ့တယ်လို့ ဝက်လက်မြို့နယ် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။
အဆရ (၂) မှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သား မိုးကောင်း ဆိုသူဟာ မိသားစုနဲ့အတူ ဝက်လက်မြို့နယ် ပကဖ ထံ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင် စစ်ကောင်စီတပ်သားကို ဝက်လက်မြို့နယ် ပကဖ က စစ်ဆေးလက်ခံကာ မိသားစုနှင့်အတူ ထားရှိပြီး လူ့အခွင့်အရေးနှင့်အညီ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားတယ်လို့ ဖော်ပြထားပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီ တပ်သားများကိုလည်း အလင်းဝင်ရောက်လာဖို့ ဖိတ်ခေါ်ထားပါတယ်။
========================
🚩🚩 ၅။ ဟားခါးမြို့တွင် ရဲ တစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
ဇူလိုင်လ ၁၃ရက်
Radio NUG
ဇူလိုင်လ ၆ရက်နေ့တွင် ဟားခါးမြို့ရှိ ရဲ တစ်ဦးသည် စစ်ကောင်စီကို ဆန့်ကျင်ပြီး ပြည်သူ့တော်လှန်ရေးသို့ ပူးပေါင်းပါဝင်ရန် လက်နက်ခဲယမ်းများနှင့်အတူ Chinland Defense Force - Hakha ထံသို့ အလင်းဝင်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထိုအလင်းဝင်လာသူကို နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို Chinland Defense Force - Hakha မှ အမြဲတမ်းကြိုဆိုကြောင်း နှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၆။ မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တပ်သားသစ်များ ခေါ်ယူ
ဇူလိုင်လ ၁၃ရက်
Radio NUG
မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ တပ်သားသစ်များ ခေါ်ယူလျက်ရှိကြောင်း အသိပေးထားပါတယ်။
တပ်သားသစ်များဟာ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား ရှိသူဖြစ်ရမှာ ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
MSRF တပ်ဖွဲ့မှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ပြီး တပ်ဖွဲ့မှ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment