24 Aug 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ α€žြဂုတ်α€œ ( ၂၄ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား

πŸ“ŒπŸ“Œ ၁။ α€…α€…်တပ် α€œα€€်α€”α€€်တွေ့α€›ှိပြီး ထပ်α€”ှံα€œာα€žူ α€’ေα€žα€ံတွေα€€ို ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်α€€ ဆုငွေပေးထပ်

 

မင်းတပ်α€™ြို့α€žိα€™်းα€€ာα€œα€‘α€ွင်း ထွα€€်ပြေးα€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တွေ ဝှα€€်ထားတဲ့ α€œ၊α€€်α€”α€€်တွေ့α€›ှိပြီး ပြα€Š်α€žူတွေα€€ တူးα€–ော် ထပ်α€”ှံα€œာα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်α€€ ဩဂုတ်α€œ ၂၂ α€›α€€်α€”ေ့ ထုတ်ပြα€”်α€œာပါα€α€š်။

 

MA 15 (α€…α€€်α€œα€်) ၁ α€œα€€်၊ RPG 7 ၁ α€œα€€်၊ MA4 ၁ α€œα€€်၊ MA 3 ၁ α€œα€€်α€”ဲ့ ဆက်စပ်ပစ္α€…α€Š်းတွေ ပါဝင်α€α€š်α€œို့ ထုတ်ပြα€”်ထားပါα€α€š်။ α€œα€€်α€”၊α€€်α€œာα€›ောα€€်ထပ်α€”ှံတဲ့ တာ၀န်α€žိ ပြα€Š်α€žူတွေα€€ို ဆုα€€ြေး‌ငွေ ချီးα€™ြှင့်ခဲ့α€α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။

 

မင်းတပ်α€™ြို့α€€ို ၂၀၂၄ α€”ိုဝင်α€˜ာ ၉ α€›α€€်α€”ေ့ကချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးα€–ော်ဆောင်ခဲ့တာα€–ြα€…်ပြီး α€›α€€်ပေါင်း ၄၀ α€€ျော်ထကြာ α€’ီဇင်α€˜ာ ၂၁ α€›α€€်α€”ေ့α€™ှာ ထပြα€Š့်ထဝ α€žိα€™်းပိုα€€်α€”ိုင်ခဲ့တာ α€–ြα€…်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ ချင်းပြα€Š် α€€ိုးα€™ြို့α€”α€š်α€œုံးα€™ှာ α€›ွေးα€€ောα€€်ပွဲα€œုပ်α€™α€š်α€œို့ α€…α€…်α€€ော်α€™α€›ှင် α€€ြေα€Šာ

 

ချင်းပြα€Š် α€Ÿားခါးα€™ြို့၊ တီးတိα€”်α€™ြို့ α€”ှα€…်α€™ြို့α€™ှာ ထထိုင်ချထားတဲ့ α€…α€…်α€€ော်α€™α€›ှင်α€Ÿာ α€™ြို့α€”α€š် α€€ိုးခုα€œုံးα€™ှာ α€›ွေးα€€ောα€€်ပွဲα€œုပ်α€™α€š်α€œို့ α€…α€…်α€€ော်α€™α€›ှင်α€€ ဩဂုတ်α€œ ၁၅ α€›α€€်α€”ေ့ α€€ြေα€Šာα€œာပါα€α€š်။

 

α€Ÿားခါး၊ ထန်α€α€œα€”်၊ မင်းတပ်၊ မတူပီ၊ α€€α€”်ပက်α€œα€€်၊ α€–α€œα€™်း၊ တွα€”်းဇံ၊ α€•α€œα€€်ဝ ထပါထဝင် တီးတိα€”်α€™ြို့ထားα€œုံးα€™ှာ α€›ွေးα€€ောα€€်ပွဲα€œုပ်α€™α€š် α€€ြေα€Šာတာ α€–ြα€…်ပါα€α€š်။

 

မင်းတပ်၊ မတူပီ၊ α€€α€”်ပက်α€œα€€်၊ α€–α€œα€™်းα€€ိုချင်းα€Šီα€”ောင်ထိα€”်းချုပ်ထားပြီး တွα€”်းဇံα€€ိုချင်းα€œဲα€”်းα€€ောင်α€…ီထိα€”်းချုပ်ထားတာပါ။ α€•α€œα€€်ဝခရိုင်α€”ေα€›ာ ထများα€…ုα€€ိုတော့ AA α€€ ထိα€”်းချုပ်ထားပါα€α€š်။

 

ထန်α€α€œα€”်α€™ှာ α€…α€…်α€€ော်α€™α€›ှင်တပ်α€–ွဲ့ဆက်α€›ှိα€”ေα€žα€œို α€Ÿားခါး၊ တီးတိα€”်α€™ှာတော့ α€…α€…်α€€ော်α€™α€›ှင်တပ်α€€ ထပြα€Š့်ထဝနီးပါး ထိα€”်းချုပ်ပါα€α€š်။

 

α€…α€…်α€€ော်α€™α€›ှင်α€›ဲ့ α€€ြေα€Šာချα€€်ထဲα€™ှာ ထမျိုးα€žားα€œွှတ်တော် (α€™ဲထများဆုံးα€›α€žူ ထနိုင်α€›α€…α€”α€…်၊ ထချိုးα€€ျα€…α€”α€…်) ချင်းပြα€Š် ခရိုင်ခြောα€€်ခုα€™ှာ α€€ိုα€š်α€…ားα€œှα€š် ၆ ဦး၊ ပြα€Š်α€”α€š်α€œွှတ်တော် (α€™ဲထများဆုံးα€›α€žူ ထနိုင်α€›α€…α€”α€…်၊ ထချိုးα€€ျ) ထတွα€€် α€™ြို့α€”α€š် α€€ိုးခုα€™ှာ α€€ိုα€š်α€…ားα€œှα€š် ၉ ဦးပါဝင် α€šှဉ်ပြိုင်α€™α€š်α€œို့ ပြောပါα€α€š်။ ချင်းပြα€Š်α€™ြို့α€”α€š်α€€ိုးခုα€œုံးα€™ှာ α€…α€…်α€€ော်α€™α€›ှင်ထနေα€”ဲ့ α€›ွေးα€€ောα€€်ပွဲα€€ို α€˜α€š်α€œိုပုံα€…ံα€œုပ်α€™α€š်ဆိုတာတော့ α€™α€žိရပါα€˜ူး။

 

တဖက်α€™ှာ α€›ွေးα€€ောα€€်ပွဲα€€ျင်းα€•α€™α€š့် α€™ဲဆန္α€’α€”α€š်α€™ြေထဖြα€…် α€€ြေα€Šာတဲ့ထဲ ကချင်၊ ကရင်α€”ီ၊ ကရင်၊ α€›ှα€™်း ရခိုင်၊ α€€ိုးα€€α€”့်၊ တထာင်း၊ ချင်းα€”ဲ့ထိစပ်α€”ေတဲ့ α€™α€€ွေး၊ α€…α€…်α€€ိုင်းတိုင်းထဲα€€ NUG α€”ဲ့ တော်α€œှα€”်α€›ေးထင်ထားα€…ုတွေ ထိα€”်းချုပ်တဲ့ α€’ေα€žα€ွေα€œα€Š်း ပါဝင်ပါα€α€š်။

 

မင်းထောင်α€œှိုင်ဦးဆောင်တဲ့ α€…α€…်α€€ော်α€™α€›ှင်α€Ÿာ ၂၀၂၀ α€›ွေးα€€ောα€€်ပွဲထနိုင်ရတဲ့ NLD ထပါထဝင် α€”ိုင်ငံα€›ေးပါတီတချို့α€€ို α€•α€š်α€–ျα€€်ပြီး α€œာα€™α€š့် ၂၀၂၅ α€’ီဇင်α€˜ာα€”ဲ့ ၂၀၂၆ ဇန်နဝါα€›ီα€œα€‘α€ွင်း α€›ွေးα€€ောα€€်ပွဲα€€ို ပြုα€œုပ်α€™ှာ α€–ြα€…်ပါα€α€š်။ 

 

α€™ြို့α€”α€š်ပေါင်း ၂၆၇ α€™ြို့α€”α€š်α€™ှာ α€›ွေးα€€ောα€€်ပွဲα€€ျင်းပဖို့ α€œျာထားα€žα€œို ပြα€Š်ထောင်α€…ုထဆင့်α€šှဉ်ပြိုင်α€™α€š့် ပါတီ ၉ ခုα€›ှိα€α€š်α€œို့α€œα€Š်း α€€ြေα€Šာထားပါα€α€š်။

 

၂၀၂၅ α€’ီဇင်α€˜ာα€œα€…α€α€„်α€™α€š့် α€›ွေးα€€ောα€€်ပွဲ ထပိုင်း ၁ α€™ှာ α€Ÿားခါး၊ တီးတိα€”်α€™ြို့α€”α€š်α€™ှာ စတင်ပြုα€œုပ်α€™α€š်α€œို့α€œα€Š်း α€…α€…်α€€ော်α€™α€›ှင်α€€ ဩဂုတ်α€œ ၂၀ α€›α€€်α€”ေ့ α€€ြေα€Šာပါα€α€š်။

 

တီးတိα€”်α€™ြို့α€”α€š် ထခြေα€…ိုα€€်တဲ့ PDF Zoland ကတော့ α€…α€…်α€€ော်α€™α€›ှင် α€€ျင်းα€•α€™α€š့် ၂၀၂၅ α€›ွေးα€€ောα€€်ပွဲα€Ÿာ α€œူထုα€›ဲ့ ထကျိုးα€…ီးပွားထတွα€€် α€™α€Ÿုတ်α€˜ဲ α€…α€…်တပ်α€›ဲ့ ထာဏာα€α€Š်α€™ြဲα€›ေးထတွα€€်α€žာα€–ြα€…်တာα€€ြောင့် α€œူထုα€”ဲ့ α€œα€€်တွဲပြီး α€Ÿα€”့်တားα€žွားα€™α€š်α€œို့ PDF Zoland α€€ ဩဂုတ် ၁၉ α€›α€€်α€”ေ့ ထုတ်ပြα€”်ထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ ပခုα€€္α€€ူα€€α€”ေထွα€€်တဲ့ α€›ိα€€္ခာတင် α€…α€…်α€šာဉ်တန်း ၂ α€œα€€ျော်ထကြာα€™ှာ ပေါα€€် (ကပစ ၂၄) ထဲဝင်α€›ောα€€်α€”ိုင်ခဲ့α€α€š်α€œို့ဆို

 

α€™α€€ွေးတိုင်း၊ ပခုα€€္α€€ူα€™ြို့α€€α€”ေ ပေါα€€်α€™ြို့α€”α€š်α€›ှိ α€€ာα€€ွα€š်α€›ေးပစ္α€…α€Š်းα€…α€€်α€›ုံ (ကပစ ၂၄) α€€ို α€›ိα€€္ခာပို့α€–ို့α€žွားတဲ့ α€…α€…်ထုပ်α€…ု α€…α€…်α€€ြောင်းα€Ÿာ α€”ှα€…်α€œα€ွဲခန့်ထကြာα€™ှာ ပေါα€€်α€™ြို့α€”α€š် α€›ောα€€်α€›ှိα€α€š်α€œို့ α€žိရပါα€α€š်။

 

ထဲα€’ီα€…α€…်α€€ြောင်းα€Ÿာ ပြီးခဲ့တဲ့ ဇွα€”်α€œ ၁ α€›α€€်α€”ေ့ကစပြီး ပခုα€€္α€€ူတပ်α€™ - ၁၀၁ α€€α€”ေ ၄၇ α€™ိုင်ခန့်ထကွာα€™ှာα€›ှိတဲ့ ပေါα€€်α€™ြို့α€€ို α€›ိα€€္ခာပို့α€…α€…်α€€ြောင်းထဖြα€…် ပို့ဆောင်α€”ေတာα€–ြα€…်ပြီး α€”ှα€…်α€œα€ွဲခန့်ထကြာ (ဩဂုတ် တတိα€šα€‘α€•α€်) α€™ှာတော့ α€€ာα€€ွα€š်α€›ေးပစ္α€…α€Š်းα€…α€€်α€›ုံ (ကပစ ၂၄) α€€ို α€›ောα€€်α€›ှိα€žွားတာ α€–ြα€…်ပါα€α€š်။

 

ထဲα€’ီ α€›ိα€€္ခာတင် α€…α€…်α€€ြောင်းα€€ို Non CDM ပျူα€…ောထီးα€”ဲ့ α€…α€…်ထုပ်α€…ုထောα€€်ခံα€žူတွေ ဝိုင်းဝန်းα€€ြိုဆိုα€€ြတာα€œို့ α€’ေα€žα€ံတဦးα€€ို α€€ိုးα€€ားပြီး Mandalay Free Press – MFP α€€ α€›ေးα€žားပါα€α€š်။

 

ထဲα€’ီα€…α€…်α€€ြောင်းα€Ÿာ α€™α€€ွေးတိုင်း ပေါα€€်α€™ြို့α€”α€š်α€”ဲ့ ထီးα€œα€„်းα€”α€š်တွေα€€ို α€…α€…်α€€ြောင်းထိုးα€œာα€”ိုင်တာα€€ြောင့် α€’ေα€žα€ံပြα€Š်α€žူတွေထနေα€”ဲ့ α€œွတ်‌ကင်းα€›ာα€”ေα€›ာα€€ို α€›ှောင်တိα€™်းα€”ေα€€ြα€–ို့ α€’ေα€žα€ံတော်α€œှα€”်α€›ေးတပ်‌α€–ွဲ့တွေα€€ α€žα€ိပေး ထုတ်ပြα€”်α€”ေα€α€š်α€œို့ ဆိုပါα€α€š်။ α€™α€€ွေးတိုင်းα€Ÿာ ချင်းပြα€Š်တောင်ပိုင်းα€”ဲ့ ထိစပ်α€”ေပြီး ပေါα€€်α€™ြို့α€”α€š်α€”ဲ့ မင်းတပ်၊ α€€α€”်ပက်α€œα€€်ထကြား α€™ိုင် ၆၀ ဝန်းα€€ျင်α€žာ α€€ွာဝေးပါα€α€š်။

 

ထဆိုပါ α€…α€…်α€€ောင်α€…ီα€šာဉ်တန်းα€Ÿာ ပေါα€€် (ကပစ ၂၄) α€€ို α€›ိα€€္ခာပို့ဆောင်တာဆိုတဲ့ α€žα€α€„်းထွα€€်ပေါ်α€”ေα€žα€œို ချင်း၊ α€™α€€ွေးα€™ှာ ထိုးα€…α€…်ဆင်α€”ိုင်α€–ို့ စတင်ပြင်ဆင်တာဆိုတဲ့ α€™ှα€”်းဆချα€€်α€™ျိုးα€œα€Š်း α€›ှိα€”ေပါα€α€š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment