၂၀၂၅ သြဂုတ်လ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကျန်းမာရေးဝန်ကြီးဌာန၏ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ရှင်းလင်းတင်ပြ
📌 ၂။ ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ရေးနဲ့ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်တားစီးကြဖို့ NLD CWC ဆုံးဖြတ်
📌 ၃။ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်က လုပ်ကြံဝါဒဖြန့် နိုင်ငံရေး အောက်လုံးသာဖြစ်တယ်လို့ AA တုံ့ပြန်
📌 ၄။ တန်းလျှောက်ခံ ရွာသား (၆၀၀) ကျော်ကို AA က သတ်ဖြတ်ခဲ့တယ်ဆိုတာ လုပ်ကြံဖန်တီး ဝါဒဖြန့်မှု ဖြစ်တယ်လို့ မောင်တောခရိုင် အစ္စလာမ် ဘာသာဝင် အကြီးအကဲများ ထုတ်ပြန်
📌 ၅။ နိုင်ငံရေးအကျဥ်းသားဟောင်းစာရေးဆရာ နောင်ကျော်ရဲ့ ဈာပန ရေဝေးသုသန်မှာကျင်းပ
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ (ကပစ-၂၂) သို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်စီး
🚩 ၂။ ညောင်လေးပင်ရှိ စစ်ကောင်စီ၏ တာပြတ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်၊ စစ်သား ၁ ဦး သေဆုံး
🚩 ၃။ လင်းဇင်းတိုက်နယ်ရှိ ရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ နင်းမိုင်း နင်းမိ
🚩 ၄။ ဒေါငံခါးလမ်းခွ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုမှ ရဲဘော် ၄ ဦး ကျဆုံးခဲ့
🚩 ၅။ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊ ကွန်စလမ်းကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ
🚩 ၆။ မတ္တရာမြို့နယ်၊ စကားပင်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်
🚩 ၇။ ရာမညမွန်တပ်တော် အပတ်စဉ် (၅) အခြေခံ စစ်သင်တန်းဆင်းပွဲ ကျင်းပ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကျန်းမာရေးဝန်ကြီးဌာန၏ တော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ရှင်းလင်းတင်ပြ
ဩဂုတ်လ ၂၃ရက်
Radio NUG
ဩဂုတ်လ ၂၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၂/၂၀၂၅)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း CRPHမှ သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရွှေပုံက ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းတင်ပြရာတွင် တော်လှန်ရေးကာလအတွင်း တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် အရေးပေါ်ကျန်းမာရေး၊ ပဏာမကျန်းမာရေးစောင့်ရှောက်မှုနှင့် ပြည်သူ့ကျန်းမာရေးဟူ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် ဆေးရုံ (၁၀၆) ရုံ၊ ဆေးခန်း (၈၀၈) ခု၊ ရွေ့လျားဆေးခန်း (၂၅၀) ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် မြေပြင်ဆေးရုံ၊ ဆေးခန်းအရေအတွက်မှာ (၃၅) ဆကျော် ပိုမိုများပြားလာကြောင်း၊ ထို့အပြင် မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ အမျိုးသားကာကွယ်ဆေးထိုးခြင်းအစီအစဉ်၊ ကျောင်းကျန်းမာရေးပညာပေးအစီအစဉ်၊ အာဟာရဖွံ့ဖြိုးမှုအစီအစဉ်၊ ကူးစက်ရောဂါကာကွယ်ခြင်းလုပ်ငန်းများ၊ သဘာဝဘေး တုန့်ပြန်မှုလုပ်ငန်းများ၊ ပြန်လည်သန်စွမ်းရေးနှင့် ခြေတုလက်တုများ တပ်ဆင်ပေးခြင်းများကို ကျန်းမာရေး CDM များ ဖြစ်သည့် ပြည်နယ်နှင့်တိုင်း ကျန်းမာရေးတာဝန်ခံများ၊ မြို့နယ်ကျန်းမာရေးတာဝန်ခံများဖြင့် စနစ်တကျ လုပ်ငန်းများ လည်ပတ်လျက်ရှိသည်ကိုလည်း တင်ပြခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဝန်ကြီးဌာနအနေဖြင့် စိတ်ကျန်းမာရေး ဝန်ဆောင်မှုများပေးခြင်း၊ Online မှတစ်ဆင့် ဆေးကုသမှုများ ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်၍ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သင်တန်းများ ပို့ချခြင်းနှင့် ဆေးပညာ သင်ကြားရေးလုပ်ငန်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ CDM Medical Network အနေဖြင့် CDM ကျန်းမာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား (၄) နှစ်တာကာလအတွင်း ထောက်ပံ့ငွေ စုစုပေါင်း (၇၄,၇၉၀၀၀၀) ကျပ် ပေးအပ်ခဲ့ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများကို မြေပြင်သို့ ပို့ဆောင်ပေးခြင်းလုပ်ငန်းစဉ်တွင် (၄) နှစ်တာကာလအတွင်း ကျပ်ငွေ (၂၁,၆၄၅.၃၅) သန်း အသုံးပြုခဲ့ခြင်း၊ ၂၀၂၄ ခုနှစ်အတွင်း ဆေးရုံနှင့်ဆေးခန်းများကို အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်ရေ (၁၅၈၂) ကြိမ်၊ ကျန်းမာရေးအဆောက်အဦများ ထိခိုက်ပျက်စီးမှု (၃၅၂) ခုနှင့် ကျန်းမာရေးဝန်ထမ်းများ (၁၃၅) ဦးအထိ သေဆုံးခဲ့ရမှုများအား ကြုံတွေ့ခဲ့ရသည့် အခြေအနေများ၊ ကျန်းမာရေးနှင့် ပတ်သက်၍ ပူးပေါင်းညှိနှိုင်းရေးဆိုင်ရာ အခက်အခဲများ တွေ့ကြုံရခြင်း၊ ဘဏ္ဍာရေးပြတ်တောက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း အသေးစိတ် ရှင်းလင်းပြောကြားခဲ့တယ်လို့ အသိပေးထားပါတယ်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက မြေပြင်ဆေးရုံနှင့် ဆေးတက္ကသိုလ် အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းခဲ့ကာ အကြံပြုခဲ့ကြပြီး ဒုတိယဝန်ကြီးများနှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ပညာရေးကော်မတီ၊ အလုပ်သမားရေးရာကော်မတီနှင့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီတို့က ဆောင်ရွက်ထားရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ကြပြီး အစည်းအဝေးအား ရပ်နားခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်သည့် ဒေါက်တာရွှေပုံနှင့် ဒေါက်တာခင်မောင်လွင်အပါအဝင် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ရေးနဲ့ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်တားစီးကြဖို့ NLD CWC ဆုံးဖြတ်
ဩဂုတ်လ ၂၃ ရက်၊
Radio NUG
ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးနဲ့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်တားစီးကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၉ နာရီမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီရဲ့ ကြားကာလ ဆဌမအကြိမ် အစည်းအဝေးကို Zoom မှတဆင့် ကျင်းပခဲ့ပြီး သဘာပတိ အဖွဲ့ဝင် ၁ ဦး၊ ဗဟို အလုပ်မှုဆောင် ၂ ဦး၊ အရံဗဟိုအလုပ်မှုဆောင် ၄ ဦး၊ ဗဟိုကော်မတီဝင် ၃၆ ဦး၊ အရန်ဗဟိုကော်မတီဝင် ၁၀ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလုပ်မှုဆောင် ၂၅ ဦးနဲ့ ဗဟို ရေးရာကော်မတီများမှ ၁၄ ဦး စုစုပေါင်း (၉၂) ဦး တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အစည်းအဝေးတွင် “မတရား ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး နည်းလမ်းမျိုးစုံ အသုံးပြု ကြိုးပမ်းဆောင်ရွက်ရန်၊ အာဏာလု အကြမ်းဖက် စစ်ကောင်စီ/စစ်ကော်မရှင်က ကျင်းပဖို့ကြံစည်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို အသိမှတ်မပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်းကို ကန့်ကွက်တားဆီးကြရန်၊ သတင်းစီးဆင်းမှု မြန်ဆန်ချောမွေ့စေဖို့ တိုင်းနဲ့ပြည်နယ်အလိုက် သတင်းပြန်ကြားရေး အဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခြင်း၊ ယာယီပြင်ဆင် ဖွဲ့စည်းခြင်းများကို ဗဟိုပြန်ကြားရေး ကော်မတီ (သို့) သက်ဆိုင်ရာ အလုပ်မှုဆောင် အဖွဲ့ရဲ့ ကြီးကြပ် တာဝန်ခံမှုဖြင့် ဆောင်ရွက်ရန် အစရှိတဲ့ ဆုံးဖြတ်ချက် (၉) ချက်ကို အတည်ပြု ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ဗဟိုလုပ်ငန်း ကော်မတီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့မှ ဗဟိုကော်မတီဝင်များ၊ ဗဟို ရေးရာကော်မတီများက လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြု စာတမ်းများ တင်ပြဆွေးနွေးခဲ့ပြီး ဗဟိုအလုပ်ကော်မတီရဲ့ လုပ်ငန်းအစီရင်ခံစာကို အတည်ပြုခဲ့ပြီး တင်သွင်းလာတဲ့ အစီရင်ခံစာများ အကြံပြုချက်များကို မှတ်တမ်းတင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်က လုပ်ကြံဝါဒဖြန့် နိုင်ငံရေး အောက်လုံးသာဖြစ်တယ်လို့ AA တုံ့ပြန်
ဩဂုတ်လ ၂၃ ရက်၊
Radio NUG
နယ်စပ်ဖြတ်ကျော် ပို့ဆောင်မယ့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု နောက်ကွယ်တွင် အာရက္ခတပ်တော် အရာရှိ ပါဝင်ပတ်သက်နေကြောင်း စစ်ကောင်စီရဲ့ စွပ်စွဲချက်က လုပ်ကြံဖန်တီး ဝါဒဖြန့်ထားတဲ့ နိုင်ငံရေး အောက်လုံးသာ ဖြစ်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုပါတယ်။
ရန်ကုန်တိုင်းအတွင်း ကျပ် ၂၅၇ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်ဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) မှ ဗိုလ်မှူး စိုင်းစု ဆိုသူက အဓိကစီမံပြီး အာရက္ခ တပ်တော် (AA) မှ ဗိုလ်မှူးအဆင့်ရှိ အကောက်ခွန်မှူး ကိုရေး ဆိုသူ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲထားတာပါ။
“ဒီဟာကတော့ အကြမ်းဖက် စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ မတရား လုပ်ကြံစွပ်စွဲ နိုင်ငံရေးအောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ ဝါဒဖြန့်တိုက်ခိုက်မှုတွေပဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါပဲ မြန်မာပြည်မှာ မူးယစ်ဆေးဝါး၊ လောင်းကစား၊ ကျားဖြန့်၊ လူကုန်ကူးမှု စတဲ့ မကောင်းမှု ဒုစရိုက်လုပ်ငန်း ဟူသမျှကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ရာဇဝတ်ဂိုဏ်းက ဦးဆောင်ထိန်းချုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဥပမာပြရမယ် ဆိုလို့ရှိရင် မကြာခင်က ပဲခူးဖက်မှာ သူတိုအချင်းချင်း စားခွက်လုရာကနေ မူးယစ်ဆေးဝါး ပမာဏ အများကြီးနဲ့ လက်ပူးလက်ကြပ် ဖမ်းမိတဲ့ စစ်ကောင်စီ အရာရှိတွေက သက်သေပါပဲ” လို့ ဦးခိုင်သုခ က ပြောပါတယ်။
ထို့အပြင် ULA/AA အနေဖြင့် လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမယ့် မူးယစ်ဆေးဝါး ဟူသမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မည်သည့် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့ (မူး/ယစ် ရဲတပ်ဖွဲ့) အနေနဲ့ နယ်စပ်ဖြတ်ကျော် ပို့ဆောင်မယ့် တန်နဲ့ချီသော မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတိုင်း နောက်ကွယ်တွင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများမှ အရာရှိများ ပါဝင်ပတ်သက်နေတယ်လို့ ထည့်သွင်းထုတ်ပြန်လေ့ရှိတာလည်း ဖြစ်ပါတယ်။
========================
📌📌 ၄။ တန်းလျှောက်ခံ ရွာသား (၆၀၀) ကျော်ကို AA က သတ်ဖြတ်ခဲ့တယ်ဆိုတာ လုပ်ကြံဖန်တီး ဝါဒဖြန့်မှု ဖြစ်တယ်လို့ မောင်တောခရိုင် အစ္စလာမ် ဘာသာဝင် အကြီးအကဲများ ထုတ်ပြန်
ဩဂုတ်လ ၂၃ ရက်၊
Radio NUG
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင် မြို့နယ်၊ တန်းလျောက်ခံရွာမှာ အစ္စလမ်ဘာသာဝင် ရွာသား ၆၀၀ ကျော်ကို အာရက္ခတပ်တော် က သတ်ဖြတ်ခဲ့တယ်ဆိုတာ မဟုတ်မမှန် လုပ်ကြံဖန်တီး ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ မောင်တောခရိုင် အစ္စလာမ် ဘာသာဝင် အကြီးအကဲများ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နဲ့ ၃ ရက်နေ့တို့တွင် ဘူးသီးတောင် မြို့နယ်၊ တန်းလျောက်ခံရွာမှာ စစ်ကောင်စီတပ်များနဲ့ အာရက္ခ တပ်တော်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကောင်စီ တပ်သားများ ကြွင်းကျန်သော အရိုးစုများကို AA က သတ်ဖြတ်ခဲ့တဲ့ ရွာသား ၆၀၀ ကျော်ရဲ့ အရိုးစုများ ဖြစ်တယ်လို့ စွပ်စွဲပြောဆို၊ ရေးသား ဖော်ပြမှုများဟာ မဟုတ်မမှန် လိမ်လည်လုပ်ကြံ ဖန်တီးခြင်းသာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
တန်းလျောက်ခံရွာမှာ ၂၀၂၃ က စစ်ကောင်စီ ရဲ့ လဝက လူဦးရေ စာရင်းကောက်ယူ ဖော်ပြထားချက်အရ အိမ်ခြေ ၁၁၄ ဆောင်၊ လူဦးရေ ၉၃၃ ဦး ရှိတယ်လို့ သိရပြီး လက်ရှိ စာရင်းကောက်ယူမှုအရ နေထိုင်သူ ၇၉၀ ဦး၊ ပြည်ပ ထွက်ခွာသွားသူ ၁၃၈ ဦး စုစုပေါင်း ၉၂၈ ဦး ရှိတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် လူဦးရေ ၆၀၀ ကျော် အသတ်ခံခဲ့ရတယ်ဆိုတာ လုံးဝယုတ္တိမရှိသော မှားယွင်းတဲ့ လုပ်ကြံသတင်းသာ ဖြစ်တယ်လို့ သိရပါတယ်။
ထိုသို့ လုပ်ကြံဖန်တီး ဝါဒဖြန့်မှုများကြောင့် ဒေသတွင်းအတူနေ ရက္ခိုင်နဲ့ မူဆလင် လူမျိုးများအကြား သဟဇာတ ဖြစ်ရေး၊ အတူယှဉ်တွဲ နေထိုင်ရေးကို ထိခိုက်ပျက်ပြားစေရုံမက အမုန်းအာဃာတများ အထင်အမြင်လွဲမှားမှုများ မယုံကြည်မှုများကိုသာ ဖြစ်ပေါ်အောင် နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ ရန်တိုက်ပေးတဲ့ လုပ်ရပ်များသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုသို့ လုပ်ကြံဖန်တီးဝါဒဖြန့်နေတဲ့ ပြည်ပရောက် နိုင်ငံရေးသမားအရေခြုံ ကိုယ်ကျိုးရှာသူများ၊ ဘက်လိုက်သော သတင်းဌာန တချို့နဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လုံးဝ ကန့်ကွက်ရှုတ်ချပါကြောင်း မောင်တောခရိုင်၊ မူဆလင် ဘာသာဝင် အကြီးအကဲများ၊ လူမှုရေး အသင်းအဖွဲ့ ခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ တက်ကြွလှုပ်ရှားသူများနဲ့ လူငယ်ခေါင်းဆောင်များ စုစုပေါင်း (၁၆၀) ဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
========================
📌📌 ၅။ နိုင်ငံရေးအကျဥ်းသားဟောင်းစာရေးဆရာ နောင်ကျော်ရဲ့ ဈာပန ရေဝေးသုသန်မှာကျင်းပ
ဩဂုတ်လ ၂၃ရက်
Radio NUG
ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ 4828 ပါတီကော်မတီအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားဟောင်း၊ ရန်ကုန်တက္ကသိုလ်မြန်မာစာနည်းပြဟောင်းနဲ့ စာရေးဆရာလည်းဖြစ်သူ နောင်ကျော်ရဲ့ နောက် ဆုံးခရီးဈာပန အခမ်းအနားကို ဩဂုတ်လ ၂၃ ရက်နေ့ ညနေ ၃နာရီအချိန်မှာ ရန်ကုန်မြို့က ရေဝေးသုသန်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
၎င်း၏ နောက်ဆုံးခရီးမှာ 4828 ပါတီအဖွဲ့ဝင်ဟောင်းတွေက နောက်ဆုံး အလေးနီပြု ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပြီး စာပေအသိုင်းအဝိုင်း၊ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ တက္ကသိုလ် ရပ်ဝန်းအသိုင်းအဝိုင်းကပါ လာရောက်ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။
စာရေးဆရာ နောင်ကျော်သည် ပြီးခဲ့တဲ့ လူထုတော်လှန်ရေး ရှစ်လေးလုံးကာလမှာ အထွေထွေသပိတ်ကော်မတီ၊ တက္ကသိုလ်ဆရာများသမဂ္ဂတို့မှာ ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရကာ အကျဥ်းထောင်ထဲမှာ ၁၄နီးပါး နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။
အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ၂၀၂၀ - ၂၀၂၁ ပြည့်နှစ် ငြိမ်းချမ်းရေးဖိုရမ်တွေမှာ ဦးဆောင်ဆွေးနွေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၁၉၇၆ - ၇၇ ခုနှစ်ကထဲက စာပေနယ်ထဲဝင်ရောက်ခဲ့ပြီး ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတိုများအပါအဝင် လုံးချင်းစာအုပ်ပေါင်း ၁၇ အုပ်ရေးသားထုတ်ဝေခဲ့တဲ့အပြင် မိုးဂျာနယ်၊ ပိတောက်ပွင့်သစ်၊ လှိုင်းသစ်စတဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာလည်း အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အမည်ရင်း ဦးဌေးသိန်းဖြစ်တဲ့ စာရေးဆရာနောင်ကျော်ဟာ ဩဂုတ်လ ၂၁ရက် မနက်ပိုင်းမှာ ရုတ်တရက် (၉၆)ပါးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်အချိန် အသက်( ၆၈)နှစ်ရှိပြီ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မကြေးမုံ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးက ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ (ကပစ-၂၂) သို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်စီး
ဩဂုတ်လ ၂၃ ရက်
Radio NUG
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ထုတ်လုပ်ရေးစက်ရုံ (ကပစ-၂၂) သို့ သွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင်များကို ဖောက်ခွဲဖျက်စီးခဲ့ကြောင်း ဆိပ်ဖြူ ပြောက်ကျားတကိုယ်တော်ကျားဇိုးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
ဩဂုတ် ၁၇ ရက်က ဆိပ်ဖြူမြို့နယ်ရှိ ကပစ-၂၂ စက်ရုံသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ရန် သွယ်တန်းထားသည့် တာဝါတိုင်များကို ဆိပ်ဖြူမြောက်ပိုင်းတပ်ဖွဲ့၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ဆိပ်ဖြူ ပြောက်ကျားတကိုယ်တော်ကျားဇိုးအဖွဲ့တို့ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကို မိုးရွာသည့် ရာသီဥတုကြားတွင် လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကာ လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ ဖျက်ဆီးခံရသည့် တာဝါတိုင်များကို ပြင်ဆင်ရန်လာရောက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
========================
🚩🚩 ၂။ ညောင်လေးပင်ရှိ စစ်ကောင်စီ၏ တာပြတ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်၊ စစ်သား ၁ ဦး သေဆုံး
ဩဂုတ်လ ၂၃ရက်
Radio NUG
ဩဂုတ် ၂၃ ရက် နံနက် ၁၀ နာရီ ၃၉ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ မဒေါက်-ရွှေကျင်လမ်းပိုင်းရှိ စစ်ကောင်စီ၏ တာပြတ်ဂိတ်စခန်းကို Fire Dragon ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုတွင် စစ်သား ၁ ဦး နေရာတွင် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအပြီး ပုဇွန်မြောင်းကျေးရွာရှိ သာသနာ့ဗိမာန်တွင် တပ်စွဲထားသည့် စစ်သားများက ၄၀ မမ လက်နက်ကြီးများနှင့် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။
ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းတွင် စစ်ကောင်စီ၏ မုက္ခမှုဂိတ်၊ တာပြတ်ဂိတ်နှင့် ရေကြည်ချောင်းဂိတ်စခန်းများ တည်ရှိပြီး ခမရ ၂၀ နှင့် ခမရ ၂၆၄ တပ်ရင်းများမှ စစ်သားများ၊ ပျူစောထီးများနှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ လင်းဇင်းတိုက်နယ်ရှိ ရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများ နင်းမိုင်း နင်းမိ
ဩဂုတ်လ ၂၃ရက်
Radio NUG
ဩဂုတ် ၂၂ ရက်တွင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရှိ ရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများသည် လင်းဇင်းရဲစခန်းနှင့် ဘူးခါးကျေးရွာအကြား သနပ်ခါးခြံလမ်းပေါ်တွင် ဒေါင်းညီနောင်ပြောက်ကျားတပ်ဖွဲ့က ထောင်ထားသည့် နင်းမိုင်းကို နင်းမိခဲ့ပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲသည် ၅ မိနစ်ခန့် ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ထိခိုက်သေဆုံးသူများကို သယ်ထုတ်ကာ လင်းဇင်းရဲစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ဒေါငံခါးလမ်းခွ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမောဆိုမှ ရဲဘော် ၄ ဦး ကျဆုံးခဲ့
ဩဂုတ်လ ၂၃ ရက်၊
Radio NUG
ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့၊ ဒေါငံခါးလမ်းခွ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (Deemawso Local PDF) တပ်ရင်း (၂) မှ ရဲဘော် ၄ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၈ ရက်က တိုင်းပြည်နဲ့ လူမျိုးအတွက် ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ရင်း ဒီးမောဆို LPDF တပ်ရင်း (၂) မှ တပ်စုမှူး ခွန်းအောင်သက် (၂၁ နှစ်)၊ တပ်စုမှူး စောနီကဲထူး (ခ)ခွားစီ (၂၁ နှစ်)၊ တပ်စိတ်မှူး ခွန်းတီးယာ (၂၁ နှစ်) နဲ့ တပ်သား အောင်လင်းဦး (၂၃ နှစ်) တို့ မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ငါတို့၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါသည်။" ဆိုတဲ့ သစ္စာတရားကို စွဲမြဲစွာကိုင်စွဲရင်း ကျဆုံးခဲ့ရတဲ့ ရဲဘော် ၄ ဦးအား ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို တပ်ရင်း ၂ မှ အာဇာနည် သူရဲကောင်းအဖြစ် အလေးနီပြုကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၅။ ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊ ကွန်စလမ်းကျေးရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ
ဩဂုတ်လ ၂၃ ရက်
Radio NUG
ဩဂုတ် ၂၃ ရက် မနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းသည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအတွင်းသို့ ရထားလမ်းအနီးထိ ဝင်ရောက်လာပြီး ငွေကြေးအခက်အခဲကြောင့် ရွာတွင်ကျန်ရစ်ခဲ့သည့် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။
သေဆုံးသူမှာ နောင်ပိန်ရွာအနီးရှိ ဇီးပင်ကျေးရွာမှာ နေထိုင်သူတစ်ဦးဖြစ်ပြီး တိုက်ပွဲများကြောင့် နောင်ပိန်ရွာသို့ ထွက်ပြေးတိမ်းရှောင်လာရင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထို့ပြင် မနက်ပိုင်းတွင်လည်း နောင်ပိန်စျေးအနီးသို့ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရသူများ ရှိခဲ့တယ်လို့ သိရပါတယ်။
နောင်ပိန်ရွာ၊ ဘူတာရပ်ကွက် (၄) တွင် ကလေးငယ်များအပါအဝင် ဒေသခံ ၆ ဦး တိုက်ပွဲများကြားတွင် ပိတ်မိနေပြီး ပိတ်မိနေသူများထဲတွင် အသက် ၃ နှစ်မှ ၇၀ ကျော်အရွယ်ထိ ပါဝင်ကာ ၎င်းတို့အနက် ဒဏ်ရာရသူများလည်း ရှိနေတာကြောင့် ဆေးကုသမှုအတွက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။
အလားတူ ကွန်စလမ်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဩဂုတ် ၂၃ ရက် နေ့လယ် ၃ နာရီခွဲခန့်တွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်များ အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး ထိခိုက်သေဆုံးသူ ရှိနိုင်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မတ္တရာမြို့နယ်၊ စကားပင်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်
ဩဂုတ်လ ၂၃ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ဖြင့် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ Voice of Mandalay က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၉ နာရီ ၁၆ မိနစ်အချိန်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထို့အပြင် ၂၂ ရက် ည ၇ နာရီခွဲ အချိန်ကလည်း စကားပင်ရွာ ဘုန်းကြီးကျောင်းကို suicide drone ဖြင့် တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၂ မိနစ်ခန့်မှာလည်း မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာ အနီးတဝိုက်က နေအိမ်များကို စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
========================
🚩🚩 ၇။ ရာမညမွန်တပ်တော် အပတ်စဉ် (၅) အခြေခံ စစ်သင်တန်းဆင်းပွဲ ကျင်းပ
ဩဂုတ်လ ၂၃ ရက်၊
Radio NUG
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) / ရာမည မွန်တပ်တော် (NMSP-AD/RMA) က ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ် (၅) စစ်အခြေခံသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၀ ရက်နေ့က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သင်တန်းဆင်းပွဲ အခမ်းအနားကို ရာမည မွန်တပ်တော်မှ ဒု-ဗိုလ်မှူးကြီး နိုင်မာဃနဲ့ မဟာမိတ် ပျံလွှားစစ်ကြောင်းမှ စစ်ကြောင်းမှူး ပျံလွှားတို့ တက်ရောက်ခဲ့ကြပြီး ခွန်အားဖြည့် မိန့်ခွန်းများ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းကာလအတွင်း အခက်အခဲများကို ဇွဲ၊ လုံလ၊ ဝီရိယ ဖြင့် ကျော်ဖြတ်ခဲ့ကြပြီး သင်တန်းတစ်လျောက်လုံး ထူးချွန်သော စွမ်းဆောင်ရည်ကို ပြသခဲ့ကြတဲ့ ရဲဘော်များအား ရာမည မွန်တပ်တော် (RMA) က ဂုဏ်ပြုလွှာများ ချီးမြှင့်ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment