၂၀၂၅ သြဂုတ်လ ၂၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က နိုင်ငံရေးရပ်တည်ချက်တွေ ထုတ်ပြန်
📌 ၂။ တရုတ်ဖိအားနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးဖိအားတွေကို စည်းလုံးညီညွတ်စွာနဲ့ ကျော်ဖြတ်ကြဖို့ KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က Mufasa: The Lion King ကာတွန်းဇတ်ဝင်ခန်းနဲ့ တိုက်တွန်း
📌 ၃။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်ပြည်သူလူထုနှင့်တွေ့ဆုံ
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေနံချောင်းမြို့နယ်က ဆေးခန်းနဲ့ မူကြိုကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ
🚩 ၂။ ဘုံရန်သူကို စည်းလုံးညီညွတ်စွာတိုက်ခိုက်ချေမှုန်းဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်
🚩 ၃။ မုံရွာ မင်းထောင့်ဆိပ်ကမ်းကနေ ဆုန်ဆင်းလာတဲ့ စစ်ရေယာဉ်တန်းကို ၁ဝ၇ မမနဲ့ တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က နိုင်ငံရေးရပ်တည်ချက်တွေ ထုတ်ပြန်
သြဂုတ်လ(၂၃)ရက်
အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ - NUCC က နိုင်ငံရေးတည်ချက်ကို မနေ့ ဩဂုတ် ၂၂ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ နိုင်ငံရေးရပ်တည်ချက် ၁၀ ချက်နဲ့ အခြေခံမူ ၈ ချက်ပါရှိပြီး ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေး ကနေ ပြည်ထောင်စုအားကောင်းရေး Buttom - Up Federalism ချည်းကပ်မှုနဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုတည်ဆောင်နိုင်ရေးအထိ လျှောက်လှမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။
အသွင်ကူးပြောင်းရေးကာလဆိုင်ရာကိစ္စရပ်တွေကို သိပေးရာမှာတော့ ဖက်ဒရယ်အသွင်ကူးပြောင်းရေးကာလ အစီမံဆိုင် ရာအခြေခံဥပဒေ - AFTA ကို အမြန်ဆုံးရေးဆွဲ အတည်ပြုပြဌာန်းပြီး လက်ရှိထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေ မှာ စတင်ကျင့်သုံးသွားမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်မှန်သမျှချုပ်ငြိမ်းပြီး အသွင်သဏ္ဍာန်နဲ့ အနှစ်သာရပြောင်းလဲမယ့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဟာ တော်လှန်ရေးအတွက် အန္တိမပန်းတိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုထား ပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေနဲ့ ပြည်သူတရပ်လုံးနဲ့လက်တွဲပြီး အခုထုတ်ပြန်ထားတဲ့ နိုင်ငံရေး ဦးတည် ချက်တွေနဲ့ တိုက်ပွဲဝင်သွားမှာဖြစ်သလို နိုင်ငံတဝန်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး တော်လှန်ရေး ရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက် Common Political Agreement တရပ် ရေးသားအတည်ပြုနိုင်အောင် ဆက်လက် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ တရုတ်ဖိအားနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးဖိအားတွေကို စည်းလုံးညီညွတ်စွာနဲ့ ကျော်ဖြတ်ကြဖို့ KIO ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က Mufasa: The Lion King ကာတွန်းဇတ်ဝင်ခန်းနဲ့ တိုက်တွန်း
သြဂုတ်လ(၂၃)ရက်
တရုတ်အစိုးရရဲ့ ဖိအားနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးဖိအားတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စည်းလုံး ညီညွတ်စွာကျော်ဖြတ်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က Mufasa: The Lion King ကာတွန်းဇတ်ဝင်ခန်းနဲ့ သတိပေးတိုက်တွန်းလိုက်ပါတယ်။
Mufasa: The Lion King ကာတွန်းရုပ်ရှင်ဇတ်ကားရဲ့ ဇတ်ရှိန်အမြင့်ဆုံးအပိုင်းကို မူဖါဆာ & မယ်လီလီလို့ ခေါင်းစဉ်တပ်ပြီး ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွန်မော်က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို တရုတ်အစိုးရက နည်းမျိုးစုံနဲ့ ဖိအားပေး နေသလို တရုတ်အစိုးရဆီကနေ လက်နက်ခဲယမ်းနဲ့ နည်းပညာအကူညအညီတွေရနေတဲ့ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်း သူတို့ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်နေချိန်မှာ မူဖါဆာ & မယ်လီလီဆိုတဲ့ ခေါင်းစဉ်နဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထုတရပ်လုံး စည်းလုံးညီညွတ်ကြဖို့ သတင်းစကားပါးလိုက်တာလည်း ဖြစ်ပါတယ်။
၁ မိနစ် ၃၆ စက္ကန့်သာကြာတဲ့ ဇာတ်မ်းအပိုင်းတိုလေးကို မနေ့ ဩဂုတ်လ ၂၂ ရက် ညပိုင်းမှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ ကနေ တင်ပြခဲ့ရာမှာ စည်းလုံးညီညွတ်ရေးအတွက် သတိပေးတဲ့ စကားလုံးတွေ များစွာပါဝင်နေတယ်လို့ နိုင်ငံရေး စစ်ရေး လေ့လာသူတွေက ဆိုပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ဟာ စာရေးကောင်းသူ တဦးဖြစ်တာကြောင့် သူပြောချင်တဲ့ အကြောင်းအရာကို လိုရင်းတိုရှင်းသာ ရေးသားဖော်ပြလေ့ရှိသူတဦးလို့ နားလည်ရပါ တယ်။
KIO/KIA ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော် တင်ပြထားတဲ့ အဲဒီဇတ်လမ်းရုပ်ရှင်တိုလေးဟာ ၂၄ နာရီ မပြည့် ခင်အချိန်လေးမှာပဲ လူပေါင်း ၆ ထောင်နီးပါး ပြန်လည်မျှဝေထားပြီး တရုတ်နဲ့စစ်တပ်ဖိအားကို စည်းလုံးညီညွတ်စွာ ရင်ဆိုင် ကျော်ဖြတ်ကြဖို့ ရေးသားတိုက်တွန်းခဲ့ကြပါတယ်။
========================
📌📌 ၃။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရခိုင်ပြည်သူလူထုနှင့်တွေ့ဆုံ
သြဂုတ်လ(၂၃)ရက်
အာရက္ခတပ် တော်(AA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်သည် AAစိုးမိုးနယ် မြေများသို့ ဆင်း၍ ပြည်သူလူထုနှင့် တွေ့ဆုံခဲ့ကြောင်း ရခိုင်အခြေစိုက် Lay Waddy FM၏ ဖော်ပြချက်အရ သိရှိရသည်။
ရခိုင်ပြည်က မြို့ ၁၄ မြို့ကို ထိမ်းချုပ်ထားတဲ့ အာရက္ခတပ်တော်ဟာ အာရက္ခပြည်သူ့အစိုးရကို ပြန်လည်ဖွဲ့စည်းပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်ကိုင်နေတာဖြစ်ပါတယ်။
ဒီနေ့ ဩဂုတ်လ ၂၃ ရက်မှာတော့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ရခိုင်လူထုနဲ့တွေ့ဆုံတဲ့ ပုံရိပ်တချို့ အွန်လိုင်းမှာ ပျံ့နှံ့လာကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေနံချောင်းမြို့နယ်က ဆေးခန်းနဲ့ မူကြိုကျောင်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရ
သြဂုတ်လ(၂၃)ရက်
မကွေးတိုင်း ရေနံချောင်းမြို့နယ်ထဲမှာရှိတဲ့ လေးတိုင်စင်ကျေးရွာက ဆေးပေးခန်း မူကြိုကျောင်းနဲ့ စမ်းကန်ကြီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရကာ လူနေအိမ်တွေနဲ့ စေတီပုထိုးတွေ ပျက်စီးခဲ့ရတယ်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ၂၁ ရက်နေ့ ည ၈ နာရီအချိန်မှာ လေးတိုင်စင်ကျေးရွာက ဆေးပေးခန်းနဲ့ မူကြိုကျောင်း ကို MI-29 ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံးကြဲချတာကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ရေနံချောင်း PDF က ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ နေထိုင်ပြီး ဆေးကုသတာမရှိဘဲ ဆေးခန်းနဲ့မူကြိုကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့လည်း အသိပေးပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ ဩဂုတ် ၂၂ ရက် နေ့လည် ၂ နာရီခန့်မှာလည်း MI29 ဂျက်ဖိုက်တာနဲ့ မကျဉ်းကန်အုပ်စုက စမ်းကန်ကြီးရွာကို ဗုံး၂လုံး ထပ်ပြီး ကြဲချခဲ့တာကြောင့် ကလေး ၂ ဦးပြင်းထန်ဒဏ်ရာရရှိပြီး သက်ကြီးပိုင်း အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီ တိုက်ခိုက်မှုကြောင့် လူနေအိမ်တွေနဲ့ ဘုရားစေတီပုထိုးတွေ ပျက်စီးခဲ့တယ်လို့ ရေနံချောင်း PDF က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဘုံရန်သူကို စည်းလုံးညီညွတ်စွာတိုက်ခိုက်ချေမှုန်းဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ ပူးပေါင်းစစ်ရေးလေ့ကျင့်
သြဂုတ်လ(၂၃)ရက်
ချင်းပြည်အလယ်ပိုင်းမှာအခြေစိုက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့ဟာ ဘုံရန်သူကို စည်းလုံးညီညွတ်စွာ တိုက်ခိုက်ဖို့ ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့ကြတယ်လို့ Senthang Revolution Force က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားပါတယ်။
ZZLMS လို့ခေါ်တဲ့ CDF- Zotung ၊ CDF-Zophei ၊ CDF-Lautu ၊ CDF-Mara နဲ့ Senthang Revolution Force စတဲ့ တပ်ဖွဲ့ ၅ ဖွဲ့ရဲ့ ပထမအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကို ZZLMS နယ်မြေနေရာမှာ အောင်မြင်စွာပြုလုပ်နိုင်ခဲ့တာနဲ့ ပတ်သက်လို့ မနေ့ ဩဂုတ်လ ၂၂ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မဟာမိတ်ညီနောင် အချင်းချင်းကြား ပိုမိုသွေးစည်းညီညွတ်ရေး၊ ဘုံရန်သူကို အတူတကွ တွန်းလှန်ချေမှုန်းရေး၊ နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များ ကာကွယ်စောင့်ရှောက်ရေး၊ ချင်းပြည်အတွင်း ပဋိပက္ခ တွေချုပ်ငြိမ်းပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ ပြည်သူလူထုကို မျက်နှာမူပြီး ပြည်သူ့ဘက်တော်သား တော်လှန်ရေးအင်အားစုတွေနဲ့အတူ ဆက်လက်တိုက်ပွဲ၀င်နိုင်ရေး စတာတွေအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ZZLMS က အသိပေးထားပါတယ်။
အခုလို စုဖွဲ့လေ့ကျင့်မှုကာလအတွင်း တဦးနဲ့တဦး ဖေးမကူညီကာ လေ့ကျင့်မှုပြီးဆုံးတဲ့အထိ ရဲစွမ်းသတ္တိ ဇွဲလုံ့လတို့နဲ့အတူ မဟာမိတ်ညီနောင်တို့ကြား သွေးစည်းညီညွတ်မှုကို ဖော်ပြခဲ့ကြတဲ့ ZZLMS တပ်ဖွဲ့ဝင်များ၊ မဟာမိတ်ညီနောင်တွေကြား စည်းလုံးညီညွတ်ရေး ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအတွက် တာဝန်ယူပေးခဲ့ ကြတဲ့ တာဝန်ရှိသူတွေနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ရှိတဲ့အနေနဲ့ မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။
အခုလို ပူးပေါင်းစစ်ရေးတွေ လေ့ကျင့်နိုင်ဖို့ အဘက်ဘက်က ပါ၀င်ကူညီပေးတဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ မုံရွာ မင်းထောင့်ဆိပ်ကမ်းကနေ ဆုန်ဆင်းလာတဲ့ စစ်ရေယာဉ်တန်းကို ၁ဝ၇ မမနဲ့ တိုက်ခိုက်
သြဂုတ်လ(၂၃)ရက်
စစ်ကိုင်းတိုင်း မုံရွာမြို့အနီး မင်းထောင့်ဆိပ်ကမ်းကနေ ဆုန်ဆင်းလာတဲ့ စစ်ရေယာဉ်အုပ်စုကို ၁ဝ၇ မမနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ဒီနေ့ ဩဂုတ် ၂၃ မှာ ထုတ်ပြန်ပါတယ်။
မုံရွာ မင်းထောင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း ဆုန်ဆင်းလာတဲ့ စစ်သင်္ဘော ၃၄ စင်း အနက် နောက်ဆုံး ၂ စင်းကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က မနေ့ သြဂုတ်လ ၂၂ ရက်နေ့မှာ ၁ဝ၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှု့မှာ စစ်သင်္ဘောတစင်းကို တည့်တည့်ထိမှန်ခဲ့ပြီး ညာဘက်အင်ဂျင်တလုံးချို့ ရွင်းသွားသလို စစ်သား ၂ ဦး ပြင်းထန် ဒဏ်ရာရရှိသွားကာ RTF က ရဲဘော်တွေ အထိခိုက်မရှိ ပြန်လည်းဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment