၂၀၂၅ သြဂုတ်လ ၂၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကရင်နီပြည် ကြားကာလလွှတ်တော်ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် IEC ဂုဏ်ပြုသဏ်လွှာပို့
📌 ၂။ ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ တားဆီးသွားမယ်လို့ KSCC ဆို
📌 ၃။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ပထမအကြိမ်တွေ့ဆုံ
📌 ၄။ နမ့်ခမ်းမြို့မှာ တအာင်းရဲတပ်ဖွဲ့က အိမ်ဖောက်ထွင်းသူနဲ့ဆိုင်ကယ်ခိုးသူတွေ ဖမ်းဆီးရမိ
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ညီညွတ်ရေးတပ်ဦး အမှတ် (၁၀၂) စစ်ဒေသဦးစီးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အကြမ်းဖက်စစ်တပ်မှ အရာရှိအဆင့်(၁)ဦး၊ တပ်သား (၁) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုရှိခဲ့
🚩 ၂။ ငါန်းဇွန်နယ် ဆုံရွာကထွက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှုမှာ စစ်သား ၆ ဦးထပ်မံသေဆုံး
🚩 ၃။ ပေါက်မြို့ကိုရောက်နေတဲ့ စစ်တပ်ယာဉ်တန်း ပခုက္ကူဘက် ပြန်ထွက်လာတဲ့အတွက် ဒေသနေပြည်သူတွေ သတိနဲ့နေကြဖို့ တော်လှန်ရေး အင်အားစုတွေ တိုက်တွန်း
🚩 ၄။ အင်းစိန် မြို့သစ် - ဂ ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်
🚩 ၅။ သံဖြူဇရပ်မြို့အဝင်မှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သားတဦးသေပြီး ၃ ဦး ဒဏ်ရာရ
🚩 ၆။ ပဲခူးရိုးမတနေရာမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကရင်နီပြည် ကြားကာလလွှတ်တော်ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် IEC ဂုဏ်ပြုသဏ်လွှာပို့
သြဂုတ်လ(၂၄)ရက်
ကရင်နီပြည် ကြားကာလလွှတ်တော်ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဖက်ဒရယ်စနစ် ပေါ်ထွန်းလာရေးဆိုတဲ့ ရည်မှန်းချက်နဲ့ ကရင်နီပြည် ကြားကာလလွှတ်တော်ဖွဲ့စည်းခြင်းခဲ့တာ ဒီနေ့ ဩဂုတ် ၂၄ ရက်မှာ ၂ နှစ် ပြည့်မြောက်ခဲ့ပြီလို့ ဆိုပါတယ်။
ကရင်နီပြည်ရဲ့ ကြားကာလအစီအမံနဲ့အညီ ကရင်နီပြည် ကြားကာလလွှတ်တော်ဖွဲ့စည်းခဲ့တဲ့ ၂ နှစ်အတွင်းမှာ ကရင်နီပြည် အတွက် အရေးတကြီးလိုအပ်နေတဲ့ ဥပဒေတွေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့တဲ့အပြင် ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုတဲ့ မဏ္ဍိုင် ၃ ရပ်ကိုလည်း အပြန်အလှန် ထိန်းကျောင်းမှုကို လက်တွေ့ကျင့်သုံးရာမှာ ဦးဆောင်ဦးရွက် ပြုနိုင်ခဲ့တယ်လို့ IEC က ဂုဏ်ပြုချီးကျူးထားပါတယ်။
ဒါကြောင့် ကရင်နီပြည် ကြားကာလလွှတ်တော်အနေနဲ့ အနာဂတ်ကာလမှာလည်း ကရင်နီပြည်ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ပိုပြီး အထောက်အကူဖြစ်စေမယ့် ဥပဒေပြုရေးလုပ်ငန်းစဉ်တွေကို အခုထက်ပိုပြီး ဦးဆောင်ဦးရွက်ပြုဖို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ကရင်နီပြည်အတွင်း အကြမ်းဖက်စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံနဲ့ တားဆီးသွားမယ်လို့ KSCC ဆို
သြဂုတ်လ(၂၄)ရက်
ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်ကလုပ်မယ့် ရွေးကောက်ပွဲတွေကို နည်းလမ်းမျိုးစုံနဲ့ တားဆီးသွားမယ် လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ - KSCC က ဒီနေ့ ဩဂုတ် ၂၄ မှာ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲရလာဒ်ဟာ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ကို ဖြေရှင်းနိုင်မှာမဟုတ်ဘဲ စစ်ပွဲတွေသာ ရေရှည် ဦးတည်စေပြီး လူထုဒုက္ခတွေကို လျော့ကျစေမှာမဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာလည်း အကြမ်းစစ်တပ်ဟာ တော်လှန်ရေးနယ်မြေတွေမှာရှိတဲ့ ပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကာ အသက်အန္တရာယ်ကို ချိန်းခြောက်နေတယ်လို့ ဆိုပါတယ်။
စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံတာဟာ မြန်မာလူထုဆန္ဒကို ဖော်ထုတ်နိုင်မှာ မဟုတ်ဘဲ စစ်တပ်ရဲ့ နိုင်ငံရေးကဏ္ဍမှာ ဝင်ရောက်စွက်ဖက်နေမှုနဲ့ စစ်အာဏာရှင် သက်ဆိုးရှည်ရေးကိုသာ ဖြစ်စေတဲ့အတွက် စစ်တပ်အနေနဲ့ အမြင်မှန်ရရှိရေး ဖိအားပေးဆောင်ရွက်သင့်တယ်လို့ နိုင်ငံတကာအသိုင်း အဝိုင်းကို KSCC က တိုက်တွန်းထားပါတယ်။
ကရင်နီပြည်နယ်အတွင်း စစ်ကော်မရှင်ဘက်က ရွေးကောက်ပွဲလုပ်မှာကို KSCC ဘက်က နည်းလမ်းမျိုးစုံနဲ့ တားဆီးသွား မှာဖြစ်တဲ့အတွက် ကရင်နီပြည် လူထုတရပ်လုံးအနေနဲ့လည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မှုမှာ ပူးပေါင်းပါဝင်ပေး ကြဖို့ တောင်းဆိုထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့တယ်လို့ စွပ်စွဲပြီး မတရား အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကစပြီး ရွေးကောက်ပွဲတွေကို အပိုင်းလိုက်ကျင်းပမယ်လို့ သြဂုတ် ၁၈ မှာ ကြေညာထားပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်တခုလုံးကို မဲဆန္ဒနယ်အဖြစ် အာဏာသိမ်းခဲ့စစ်တပ်က သတ်မှတ်ထားပြီး ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ်ကျင်းပမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ လွိုင်ကော်နဲ့ ဘောလခဲမြို့နယ်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ပထမအကြိမ်တွေ့ဆုံ
သြဂုတ်လ(၂၄)ရက်
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ မကွေးဒေသ တော်လှန်ရေးအင်အားစုများ ကွန်ရက်တို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ပူးတွဲထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ မကွေးဒေသတော်လှန်ရေးအင်အားစုကွန်ရက်တို့ မနေ့ ဩဂုတ်လ ၂၃ ရက်နေ့က အွန်လိုင်းကနေ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ အခုလို ပူးတွဲထုတ်ပြန်လိုက်တာဖြစ် ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်တဲ့ ဗဟို အလုပ်အမှုဆောင် ကိုယ်စားလှယ်အဖွဲ့နဲ့ မကွေးဒေသတော်လှန်ရေးအင်အားစုများကွန်ရက်က တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့တာလို့ သိရပါတယ်။
အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ လူထုအကျိုးသယ်ပိုရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မယ်လို့ ပူးတွဲကြေညာ ချက်က ဆိုပါတယ်။
ဒီတွေဆုံမှုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးဘက်က ၂ဝ၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံရေး စစ်ရေးအခြေအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။
မကွေးဒေသတော်လှန်ရေးအင်အားစုများကွန်ရက်ဘက်ကလည်း သူတို့ရဲ့နောက်ခံသမိုင်း၊ နိုင်ငံရေး၊ စစ်ရေး၊ လူသားချင်း စာနာမှု၊မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲပြင်ဆင်နေမှုနဲ့ နိုင်ငံတကာရေးရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ပြင်ဆင်နေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီဆွေးနွေးမှုကနေ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ မကွေးဒေသတော်လှန်ရေးအင်အားစု များကွန်ရက်တို့ကြား နိုင်ငံရေးဆိုင်ရာ ကိစ္စတွေ၊ နိုင်ငံတကာရေးရာလုပ်ငန်းတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ကူညီမှုနဲ့ အရပ်သားပြည်သူကာကွယ်ရေး စတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ဖျက်ရေး၊ လူထုအကျိုး သယ်ပိုရေးလုပ်ငန်းတွေကို စနစ်တကျနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ကြေညာချက်က ဆိုထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF အနေနဲ့ လက်ရှိမှာ တော်လှန်ရေးအဖွဲ့အစည်း ၁၅ ခု ထက်မနည်း တွေ့ဆုံထားပြီး ၁၉၈၈ ခုနှစ်ကတည်းက လှုပ်ရှားမှုတွေဆောင်ရွက်နေတဲ့ မျိုးဆက်တွေနဲ့ နွေဦးတော်လှန်ရေး မျိုးဆက်တွေကြား ကြိုးပမ်းနေတဲ့ အားထုတ်မှုလို့ သိရပါတယ်။
========================
📌📌 ၄။ နမ့်ခမ်းမြို့မှာ တအာင်းရဲတပ်ဖွဲ့က အိမ်ဖောက်ထွင်းသူနဲ့ဆိုင်ကယ်ခိုးသူတွေ ဖမ်းဆီးရမိ
သြဂုတ်လ(၂၄)ရက်
ရှမ်းမြောက်ဒေသ နမ့်ခမ်းမြို့မှာ တအာင်းမြို့နယ်ရဲတပ်ဖွဲ့က နေအိမ်ဖောက်ထွင်းသူနဲ့ ဆိုင်ကယ်ခိုးသူအပါအဝင် ၅ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ PSLF/TNLA က ဒီနေ့ ဩဂုတ် ၂၄ မှာ ထုတ်ပြန်လာပါတယ်။
တအာင်းပြည် တပ်မဟာ ၆ နယ်မြေ နမ့်ခမ်းမြို့အတွင်း ဆိုင်ကယ်တွေ လိုက်ခိုးနေတဲ့အပြင် အိမ်တွေကိုလည်း ဖောက်ထွင်း ဝင်ရောက်ပြီး ခိုးယူနေတယ်လို့ ပြည်သူလူထုက မြို့နယ်ရဲတပ်ဖွဲ့ထံ တိုင်ကြားလာတဲ့အတွက် စုံစမ်းမှုတွေလုပ်ခဲ့ရာက ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိသူတွေဟာ အသက် - ၃၄ နှစ်အရွယ် ဦးအားခေါ်၊ အသက် ၄၀ အရွယ် ဦးယိုကျုံထွန်း၊ အသက် ၂၄ နှစ်အရွယ် ကိုကောင်းလင်း၊ အသက် ၃၃ နှစ်အရွယ် ဦးဖါယီနဲ့ အသက် ၄၁ နှစ်အရွယ် ဦးမြတ်ရွှေတို့ဖြစ်ကြတယ်လို့ သိရပါတယ်။
တအာင်းမြို့နယ်ရဲတပ်ဖွဲ့ဟာ သူတို့ခိုးယူထားတဲ့ ဆိုင်ကယ် ၁၂ စီးနဲ့အတူ ယာမစိတ်ာာကွဆေးပြား ၄၈၄ ပြား၊ ဖုန်း ၅ လုံး သိမ်းဆည်းရမိခဲ့ပြီး ဆိုင်ကယ်တွေကို သက်ဆိုင်ရာပိုင်ရှင်တွေဆီ မြို့နယ်ရဲတပ်ဖွဲ့က ပြန်လည်အပ်နှံ့ပေးခဲ့သလို သူခိုးတွေကို ပြည်သူလူထုသိရအောင် မြို့တွင်း လှည့်လည်ပြသပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ သူခိုးတွေကို တအာင်းရဲတပ်ဖွဲ့က ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ညီညွတ်ရေးတပ်ဦး အမှတ် (၁၀၂) စစ်ဒေသဦးစီးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အကြမ်းဖက်စစ်တပ်မှ အရာရှိအဆင့်(၁)ဦး၊ တပ်သား (၁) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုရှိခဲ့
သြဂုတ်လ(၂၄)ရက်
ပြည်သူ့ညီညွတ်ရေးတပ်ဦး အမှတ် (၁၀၂) စစ်ဒေသဦးစီးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အကြမ်းဖက်စစ်တပ်မှ အရာရှိအဆင့်(၁)ဦး၊ တပ်သား (၁) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုရှိခဲ့တယ်လို့ သြဂုတ်လ(၂၄)ရက်နေ့မှာ ပြည်သူ့ညီညွတ်ရေးတပ်ဦး သတင်းပြန်ကြားရေးက ထုတ်ပြန်လာပါတယ်။
ပြည်သူ့ညီညွတ်ရေးတပ်ဦး အမှတ် (၁၀၂) စစ်ဒေသဦးစီးကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ပဲခူးတိုင်း အရှေ့ခြမ်း၊ ရွှေကျင်မြို့နယ်၊ ဒုံစရစ်ကျေးရွာ အခြေစိုက် အမှတ် ၅၈၉ ၊ ခြေမြန်တပ်ရင်း (ခမရ ၅၈၉) မှ ဖက်ဆစ်တပ်မှ စစ်သားများ အထိုင်ချဆက်ကြေးကောက်နေသော စစ်ဆေးရေးဂိတ်အား ယနေ့ မနက် ဝေလီဝေလင်းအချိန်တွင် ပြည်သူ့ညီညွတ်ရေးတပ်ဦးမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိအဆင့်(၁)ဦး၊ တပ်သား (၁) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။
အဆိုပါ ခလရ ၅၈၉ မှ ဖက်ဆစ်စစ်တပ်မှ တပ်ဖွဲ့ဝင်များသည် ကျေးရွာချင်းဆက်လမ်းများအားပိတ်ဆို့ခြင်း၊ လူသွားလမ်းလာပြည်သူများအား မတရားဖမ်းဆီး ငွေညှစ်ခြင်း၊ အတင်းအဓမ္မဆက်ကြေးကောက်ခံခြင်းများကို ၂၀၂၃ နှစ်လယ်ပိုင်းမှစ၍ ပြုလုပ်ခဲ့ကြရာ ယခုနှစ် အစောပိုင်းမှ စ၍ လူငယ်များအား အတင်းအကြပ်စစ်သားစုဆောင်းခြင်းများကိုလည်း ပြုလုပ် နေခြင်းဖြစ်သည်။
အဆိုပါ ဖက်ဆစ် စစ်တပ် တပ်ဖွဲ့ဝင်များ အခြေစိုက်သော စစ်ဆေးရေးဂိတ်အား ပြည်သူ့ညီညွတ်ရေးတပ်ဦး အမှတ် (၈၁) တပ်ဖွဲ့နှင့်အတူ ဒေသခံ တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ မနက် (၃:၁၀) အချိန်မှစ၍ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဖက်ဆစ်တပ်မှ (၂) ဦး သေဆုံးခဲ့ပြီး ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ဆင်ရေးဂိတ်အတွင်း မူးယစ်သောက်စား အိပ်ပျော်နေသော စစ်သားတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ မိမိတို့ဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ပြီး ဒုံစရစ် ကျေးရွာနှင့် အနီးတဝိုက် ကျေးရွာများတွင် ဖက်ဆစ်စစ်တပ်မှ အစစ်အဆေးများ တင်းကြပ်ထားပါသည်။
========================
🚩🚩 ၂။ ငါန်းဇွန်နယ် ဆုံရွာကထွက်လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်မှုမှာ စစ်သား ၆ ဦးထပ်မံသေဆုံး
သြဂုတ်လ(၂၄)ရက်
မန္တလေးတိုင်း မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဆုံရွာကထွက်လာတဲ့ စစ်သားတွေ၊ရဲနဲ့ ပျူစောထီးတွေကို တိုက်ခိုက်မှုမှာ စစ်သား ၆ ဦး ထပ်မံ သေဆုံးသွားတယ်လို့ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက ဒီနေ့ ဩဂုတ်လ ၂၃ မှာ ထုတ်ပြန်လာပါတယ်။
ဆုံရွာက ပျူစောထီး၊ ရဲနဲ့ စစ်သား ၁၈ ဦးခန့်ဟာ ဆုံရွာကနေ ငါန်းမြာကြီးရဲစခန်းဘက်ကို ဆိုင်ကယ်တစီး၊ ထော်လာဂျီတစီး နဲ့ ထွက်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေ ဩဂုတ်လ ၂၁ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အခုလို အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဩဂုတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီကျော်အချိန်မှာ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ပျူစောထီး၊ ရဲနဲ့ စစ်သား စုစုပေါင်း ၈ ဦး သေဆုံးပြီး ပြင်းထန်ဒဏ်ရာရသွားသူတွေလည်း ရှိတယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုဆီကနေ G3 ၃ လက်၊ MA-11 တလက်၊ ကျည်ဘောက် ၅ ခု၊ G3 ကျည် ၄၇ တောင့်နဲ့ ကလစ်ဆိုင်ကယ်တစီး သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မနေ့ ဩဂုတ်လ ၂၃ ရက်နေ့မှာ ထပ်မံရရှိတဲ့သတင်းတွေအရ စစ်အုပ်စုဘက်က ၆ ဦး ထပ်မံ သေဆုံး သွားတဲ့အတွက် ပျူစောထီး၊ ရဲနဲ့ စစ်သား စုစုပေါင်း သေဆုံးသူ ၁၄ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူတွေ ဆေးကုသမှုခံနေရ တယ်လို့ သိရကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းက အသိပေးပါတယ်။
ငါန်းဇွန်မြို့နယ် ဆုံရွာကထွက်လာတဲ့ စစ်သားတွေ၊ရဲနဲ့ ပျူစောထီးတွေကို မန္တလေးခရိုင် အမှတ် - ၅ တပ်ရင်း၊ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ - ငါန်းဇွန်၊ မြင်းခြံမြောက်ပိုင်းသားများပြောက်ကျားတပ်ဖွဲ့၊ အမရပူရမြို့နယ် ပ.က.ဖ၊ အောင်တံခွန် ပြောက်ကျားတပ်ဖွဲ့ - ငါန်းဇွန်၊ မြင်းခြံခရိုင် အမှတ် - ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် - ၁၀ တပ်ရင်း၊ ငါန်းနတ်ပြောက်ကျား တပ်ဖွဲ့၊ ကျားမင်းပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၃။ ပေါက်မြို့ကိုရောက်နေတဲ့ စစ်တပ်ယာဉ်တန်း ပခုက္ကူဘက် ပြန်ထွက်လာတဲ့အတွက် ဒေသနေပြည်သူတွေ သတိနဲ့နေကြဖို့ တော်လှန်ရေး အင်အားစုတွေ တိုက်တွန်း
သြဂုတ်လ(၂၄)ရက်
မကွေးတိုင်း ပေါက်မြို့ကိုရောက်နေတဲ့ စစ်တပ်ယာဉ်တန်းဟာ ပခုက္ကူဘက်ကို ပြန်ထွက်လာပြီဖြစ်တဲ့အတွက် ဒေသနေ ပြည်သူတွေ သတိနဲ့နေထိုင်သွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေ တိုက်တွန်းလိုက်ပါတယ်။
ပေါက်မြို့ အမှတ် - ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၂၄ ကို ရောက်နေတဲ့ စစ်ယာဉ်တန်းမှာ ကားအစီးရေ ၁၀၀ ကျော် ပါဝင်ပြီး ဒီနေ့ ဩဂုတ် ၂၄ ရက် မနက် ၇ နာရီမှာ ပခုက္ကူမြို့ဘက်ကို ပြန်လည်ထွက်ခွာလာ မနက် ၁ဝ နာရီဝန်းကျင်မှာ ယာကြီးပြင်ရွာကို ရောက်ရှိလာခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။
ယာကြီးပြင်ကိုရောက်လာတဲ့ စစ်ယာဉ်တန်းက စစ်သား ၇ဝ ခန့်ဟာ အုန်းတောတံတားကိုဖြတ်ပြီး အုန်းတောတံတား အနောက်ဘက် ယူကလစ်တောကိုရောက်ရှိနေသလို အင်းတောဘုန်းကြီးကျောင်းမှာလည်း စစ်သားတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ယာဉ်တန်းမှာ Non CDM ဝန်ထမ်းတွေ၊ Non CDM ဆရာဆရာမတွေလဲပါသလို ပေါက်မြို့ပေါ်ကနေ ထွက်ချင်နေတဲ့ ပျူစောထီး အကြီးစားတွေ ခရိုနီတွေ၊ပြည်သူတွေနဲ့ ချောဆွဲထားတဲ့ ကားတွေလည်းပါတယ်လို့ ပေါက်မြို့နယ် မြောက်ပိုင်း ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။
လက်ရှိမှာ အုန်းတောကျေးရွာအနီး၊ အုန်းတောတံတားထိပ် ယူကလစ်တော၊ ဖိုးဖြူလုံးကန်၊ ပေခုနှစ်ပင်၊ဘုရားတောင်၊ ရေပြာလမ်းမကြီးဘေးတလျှောက်မှာ စစ်တပ်ကင်းပုန်းတွေချထားတယ်လို့လည်း ပြောပါတယ်။
စစ်သားတွေဟာ pdfဝတ်စုံများ ဝတ်ဆင်ထားတဲ့အတွက် ပြည်သူလူထုအနေနဲ့ ကျေးရွာတွေထဲ ပြန်လည်ဝင်ရောက်မယ် ဆိုရင် သေချာစုံစမ်းပြီးမှ ဝင်ရောက်ကြဖို့ လမ်းခရီးသွားလာချိန်မှာ သတိနဲ့ နေထိုင်သွားလာကြဖို့ အသိပေးနှိုးဆော်ထား ပါတယ်။
ပခုက္ကူနဲ့ပေါက်မြို့ဟာ မိုင် ၅၀ လောက်သာဝေးပေမယ့် စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက အကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် ၃ လနီးပါးကြာမှသာ ပေါက်မြို့ ကပစ ၂၄ ကို စစ်ကားအချို့တဝက် ရောက်ရှိလာခဲ့တာလို့ စစ်ရေး သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပခုက္ကူကနေထွက်လာတဲ့ စစ်ယာဉ်တန်း ပေါက်မြို့ကိုရောက်လာချိန်မှာ အနီးအနားကရွာတွေကို လေကြောင်းကနေ တိုက်ခိုက်တာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသနေပြည်သူ ထိခိုက်မှုတွေရှိခဲ့ပြီး စစ်ဘေးရှောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၄။ အင်းစိန် မြို့သစ် - ဂ ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်
သြဂုတ်လ(၂၄)ရက်
ရန်ကုန်မြို့တော် အင်းစိန် မြို့သစ် - ဂ ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျားအဖွဲ့တွေ လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြတော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်တပ်ကလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲအတွက် ကူညီပေးနေသလို လူငယ်တွေကိုပြန်ပေးဆွဲပြီး စစ်မှုထမ်းဖို့အတွက် ရောင်းစားနေတဲ့ အင်းစိန်မြို့နယ် မြို့သစ် - ဂ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အပေါင်းအပါတွေကို မနေ့ ဩဂုတ်လ ၂၃ ရက် ည ၁ဝ နာရီကျော်မှာ ပြင်းအားမြင့် လက်ပစ်ဗုံး ၂လုံး နဲ့ တိုက်ခိုက်ခဲ့တာလို့ မြို့ပြပြောက်ကျားအဖွဲ့တွေက ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးက ကျင်ဟုတ်ရဲ့တပည့် ဖိုးဇင်ဟာ လက်နက်ကိုင်ထားပြီး လူမိုက်တွေ နဲ့ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်းလိုအပ်နေတဲ့နေရာတွေကို ရောင်းစားနေသူလို့ သိရပါတယ်။
အခုလို စစ်တပ်ကလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲအတွက် ကူညီပေးနေသလို လူငယ်တွေကိုပြန်ပေးဆွဲပြီး လူကုန်ကူး နေတာကြောင့် တိုက်ခိုက်ရတာလို့ မြို့ပြပြောက်ကျားတော်လှန်ရေးအဖွဲ့တွေက အသိပေးထားပါတယ်။
အင်းစိန်မြို့နယ် မြို့သစ် - ဂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေကို Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကို မသိရေးသေးဘူးလို့ ထုတ်ပြန်ထား ပါတယ်။
Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖ တို့ဟာ ဩဂုတ် ၂ ရက်ကလည်း ရွေးကောက်ပွဲအတွက်ဆောင်ရွက်နေတဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်က လူဝင်မှုကြီးကြပ်ရေးရုံးမှာရှိတဲ့ အစောင့်စစ်သားတွေကို ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးမစ်ရှင်တွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ဆိုင်တဲ့ ပစ်မှတ်တွေအပြင် တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါဝင်လုပ်ကိုင်နေသူတွေကို Yangon Army နဲ့ အနောက်ပိုင်းခရိုင်ပကဖ တို့က ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၅။ သံဖြူဇရပ်မြို့အဝင်မှာရှိတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သားတဦးသေပြီး ၃ ဦး ဒဏ်ရာရ
သြဂုတ်လ(၂၄)ရက်
မွန်ပြည်နယ် သံဖြူဇရပ် မြို့အဝင်မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သားတဦးသေပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး/ ရာမညမွန်တပ်တော် - NMSP-AD/RMA က ထုတ်ပြန်ထားပါတယ်။
မုဒုံမြို့နယ်က ရာမညမွန်တပ်တော် - RMA တပ်ဖွဲ့ဝင်တွေဟာ သံဖြူဇရပ်မြို့ဝင်ပေါက်မှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်လို့ခေါ်တဲ့ Tollgate ကို ဩဂုတ်လ ၂၂ ရက်နေ့မနက် ၅ နာရီ ၄၅ မိနစ် အချိန်မှာ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုနဲ့ ၁၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူအကြမ်းဖက် စစ်တပ်ဘက်ဘက်က တဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရသွားတာလို့ အသိပေးပါတယ်။
စစ်တပ်စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်ခဲ့တဲ့ ရာမညမွန်တပ်တော် - RMA က တပ်ဖွဲ့ဝင်အားလုံး အထိအခိုက်မရှိ အောင်မြင် စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၆။ ပဲခူးရိုးမတနေရာမှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ
သြဂုတ်လ(၂၄)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ရဲဘော်တွေရဲ့ အပတ်စဥ် - ၇ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲကို ပဲခူးရိုးမတနေရာမှာ ဩဂုတ်လ ၂၂ ရက်က ကျင်းပခဲ့တယ်လို့ အဲဒီတပ်ရင်းက ထုတ်ပြန်ပါတယ်။
အဲဒီနေ့ မနက် ၉ နာရီ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေရဲ့ စစ်ရေးပြစစ်ကြောင်း ဝင်ရောက်လာကာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ယာယီတပ်ရင်းမှူး ဗိုလ်သက်အောင်နဲ့ တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် အပါအဝင် တက်ရောက်လာတဲ့ တာဝန်ရှိသူတွေက အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် သင်တန်းဆင်း ရဲဘော်တွေကို သစ္စာရေတိုက်ကြွေးပြီး စစ်ရေးပြစစ်ကြောင်း ပြန်လည်ထွက်ခွာသွားတာနဲ့ အခမ်းအနားအစီအစဥ် ပိတ်သိမ်းကြောင်း ကြေညာခဲ့တဲ့အတွက် အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က ထုတ်ပြန်ထာပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့် နှင့်နွေဦးရွှေဝါတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။








No comments:
Post a Comment