၂၀၂၅ သြဂုတ်လ ၃၁ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ KNU တပ်မဟာ ၆ ကြေညာ
📌 ၂။ ဝိုင်းမော် လမြန်ဒေသကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ KIA ပြော
📌 ၃။ ရေနံချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို နေ့ခင်းကြောင်တောင် ပေါ်တာဆွဲဖမ်းဆီး
📌 ၄။ ဘေးကင်းလုံခြုံတဲ့ လူမှုပတ်ဝန်းကျင်ဖြစ်အောင် ဒေသနေပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ အထူးဒေသ ၁ တိုက်တွန်း
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၃၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရွေးကောက်ပွဲကိစ္စတွေဆောင်ရွက်နေတဲ့ လှည်းကူး အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်
🚩 ၂။ ဒီမော့ဆို ငွေတောင်ရွာသစ်တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးထက်မနည်းသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
🚩 ၃။ ကမ္မရဲစခန်းကို M9 အီနာဂါဗုံးသီးအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
🚩 ၄။ ပခုက္ကူ ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်
🚩 ၅။ ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာကို စစ်တပ်က တညတည်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူပိုင်အိမ် ၄ လုံး ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ KNU တပ်မဟာ ၆ ကြေညာ
သြဂုတ်လ(၃၁)ရက်
အကြမ်းဖက်စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင် ကူညီ ပံ့ပိုးတာမျိုး လုံး၀မလုပ်ဖို့ KNU တပ်မဟာ ၆ က တားမြစ်လိုက်ပြီး မလိုက်နာတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သတိပေးကြေညာ လိုက်ပါတယ်။
အကြမ်းဖက်အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်း အရုံး KNU တပ်မဟာ ၆ က သူတို့ရဲ့ ရပ်တည်ချက် သဘောထားကို မနေ့ ဩဂုတ်လ ၃ဝ ရက် ညပိုင်းမှာ ထုတ်ပြန်ကြေညာ လိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ တရားမဝင်တော့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုသလို အသုံးချနေ ပြီး ပြည်သူလူထုတရပ်လုံးကို ရေရှည် ဖိနှိပ် အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ KNU တပ်မဟာ ၆ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထု တရပ်လုံးရဲ့သဘောထားကို ဆန့်ကျင်ပြီး အကြမ်းဖက်မှု ခြိမ်းခြောက်မှု အတင်း အဓမ္မ ဖမ်းဆီးမှု စတဲ့ လုပ်ရပ်တွေကျူးလွန်ပြီးမှ လုပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် လက်ရှိ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်း နိုင်မှာမဟုတ်ဘူးလို့ KNU တပ်မဟာ ၆ က ဝေဖန်ထောက်ပြထားပါတယ်။
ဒီရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ အကြမ်းဖက်အာဏာသိမ်း စစ်ကော်မရှင်က ဗိုလ်ချုပ်တွေနဲ့ သူတို့ မိသားစုဝင်အသိုင်းအ၀ိုင်းနဲ့ အပေါင်းအပါတွေ စစ်တပ်က လက်သပ်မွေးထားတဲ့ နိုင်ငံရေးအမည်ခံ ပါတီတွေ အာဏာရရှိရေးအတွက်သာဖြစ်ပြီး တိုင်းရင်းသားပြည်သူတရပ်လုံးအတွက် ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်ဘူး လို့ KNU တပ်မဟာ ၆ က ဆိုပါတယ်။
ဒါကြောင့် KNU တပ်မဟာ ၆ နယ်မြေအတွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ NGOs ၊ INGOs တွေအနေနဲ့ တဦးချင်းဖြစ်စေ အဖွဲ့အစည်းအရဖြစ်စေ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ကူညီပံ့ပိုးတာ ပူးပေါင်းပါဝင်တာတွေ လုံး၀ မလုပ်ဖို့ တိုက်တွန်းထားပါတယ်။
KNU တပ်မဟာ ၆ ရဲ့ ကြေညာချက်နဲ့တိုက်တွန်းချက်တွေကို လေးစားလိုက်နာမှုမရှိတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို KNU တပ်မဟာ ၆ က ချမှတ်ထားတဲ့ ကော်သူးလေ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေး ကြေညာ ထားပါတယ်။
KNU ဗဟိုကလည်း စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်သူတွေဟာ အဆိပ်ပင်ကိုရေလောင်းတဲ့ သမိုင်း တရားခံတွေ ဖြစ်သွားနိုင်တယ်လို့ ဩဂုတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထို့အတူ KNU တပ်မဟာ - ၅ ဖာပွန် ခရိုင်ကလည်း စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ ဘယ်သူကို မဆို ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သတိပေးကြေညာထားပါတယ်။
========================
📌📌 ၂။ ဝိုင်းမော် လမြန်ဒေသကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ KIA ပြော
သြဂုတ်လ(၃၁)ရက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ဒေသကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တကျော့ပြန် တိုက်ပွဲ တွေ ဆက်တိုက်ဖြစ်နေရာမှာ စစ်တပ်က လေကြောင်းကပါ တိုက်ခိုက်ခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် - KIA သတင်းပြန်ကြားရေးဌာနက မနေ့ ဩဂုတ်လ ၃၀ ရက် ညပိုင်းမှာ သတင်းဖော်ပြခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်က လမြန်ဒေသအနီးတဝိုက်ကို ဩဂုတ် ၂၇ ကစပြီး ထိုးစစ်ဆင်လာတဲ့အတွက် ဩဂုတ် ၂၉ ရက်နေ့ထိ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၂၈ ရက် ညနေပိုင်းမှာ လမြန်ဒေသကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သလို ဝါးရှောင် ဘက်ကရွာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်လုပ်ခဲ့ကာ မနေ့ ဩဂုတ် ၃၀ ရက် မနက်ပိုင်းမှာလည်း စစ်တပ်က လမြန်ဒေသကို လေကြောင်းတိုက်ခိုက်မှုထပ်လုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
ဒါ့အပြင် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် - မပခ ကလည်း လမြန်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ် တာတွေရှိခဲ့တယ်လို့ သိရပါတယ်။
KIA သတင်းပြန်ကြားရေးဌာနက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထိခိုက်ကျဆုံးမှုအခြေအနေတွေကို ထည့်သွင်းမဖော်ပြပေမယ့် ဒေသသတင်းရင်းမြစ်တွေကတော့ လမြန်ဒေသက စစ်တပ် တပ်စွဲရာနေရာအချို့နဲ့ စစ်သုံ့ပန်းတွေ လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိထားတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသိပေးထားပါတယ်။
လတ်တလောမှာ ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့မှာလည်း KIA နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲတွေ တကျော့ပြန် ဖြစ်နေသလို ဖားကန့်မြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။
========================
📌📌 ၃။ ရေနံချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို နေ့ခင်းကြောင်တောင် ပေါ်တာဆွဲဖမ်းဆီး
သြဂုတ်လ(၃၁)ရက်
မကွေးတိုင်း ရေနံချောင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းစေဖို့ နေ့ခင်းကြောင်တောင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရေနံချောင်းမြို့နယ် ဂျုပ်ပင်ကျေးရွာက ရွာဦးဘုန်းကြီးကျောင်းမှာ ဆွမ်းလောင်းပွဲအတွက် ရေစက်ချပွဲ လုပ်နေချိန်မှာ စစ်တပ်က ဘုန်းကြီးကျောင်းသားတွေကို စစ်မှုထမ်းခိုင်းစေဖို့ ပေါ်တာဆွဲဖမ်းဆီးခဲ့တာကြောင့် လူငယ် ၄ ဦး အဖမ်းခံလိုက် ရတယ်လို့ သိရပါတယ်။
မနေ့ ဩဂုတ်လ ၃၀ ရက်နေ့ဟာ ဝါတွင်းကာလ ဥပုသ်နေ့ဖြစ်တာကြောင့် ရေနံချောင်းမြို့နယ် ဂျုပ်ပင်ရွာက ရွာဦးဘုန်းကြီး ကျောင်းမှာ ဆွမ်းလောင်းရေစက်ချပွဲလုပ်နေချိန်မှာ ရေနံချောင်းမြို့နယ် လက်မှတ်ကုန်းနယ်မြေရဲစခန်းက ရဲစခန်းမှူးနဲ့ စစ်သားတွေ ရဲတွေက ဘုန်းကြီးကျောင်းသားတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် ဆွမ်းလောင်း ရေစက်ချပွဲဟာလည်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင် ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့က ဘုန်းကြီးကျောင်းသား ၄ ဦးကို စစ်မှုထမ်းဖို့ ဖမ်းဆီးသွား ခဲ့ပေမယ့် ကျေးရွာဒေသခံတွေနဲ့ ဘုန်းကြီးတွေက ငွေပေးပြီး ရွေးထုတ်ခဲ့တာကြောင့် လူငယ် ၃ ဦး လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ဘေးကင်းလုံခြုံတဲ့ လူမှုပတ်ဝန်းကျင်ဖြစ်အောင် ဒေသနေပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ အထူးဒေသ ၁ တိုက်တွန်း
သြဂုတ်လ(၃၁)ရက်
ဘေးကင်းလုံခြုံတဲ့ လူမှုပတ်ဝန်းကျင်ဖြစ်အောင် ဒေသနေပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေကြဖို့ သိန္နီခရိုင် အထူးဒေသ ၁ ရဲတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
သိန္နီခရိုင်ရဲတပ်ဖွဲ့က ဒေသတွင်းလုံခြုံရေး စောင့်ကြပ်ကြည့်ရှုမှုတွေမှာ အပြည့်အဝအားဖြည့်ပါဝင်ပြီး ဘေးကင်းလုံခြုံတဲ့ လူနေမှုပတ်ဝန်းကျင်ဖြစ်အောင် ဆောင်ရွက်နေတာနဲ့ပတ်သတ်လို့ အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
နယ်မြေအတွင်း ငြိမ်ဝပ်ပိပြားမှုနဲ့ လုံခြုံရေးအခြေအနေ ပိုမိုကောင်းမွန်လာစေဖို့ အထူးဒေသ - ၁ သိန္နီခရိုင် ရဲတပ်ဖွဲ့ဟာ ပုံမှန် လုံခြုံရေးကင်းလှည့်စောင့်ကြပ်တာတွေ လုပ်ဆောင်နေရာမှာ မြို့နယ်အတွင်းမှာရှိတဲ့ ညဈေးတွေနဲ့ လူစည်ကားတဲ့ နေရာတွေကို အထူးဦးစားပေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
မှုခင်းစစ်ဆေးရေးတပ်ဖွဲ့ဟာ လုံခြုံရေးစောင့်ကြပ်မှုဆိုင်ရာလုပ်ငန်းတွေ ပိုပြီး အားကောင်းလာစေဖို့ ရဲတပ်ဖွဲ့ဝင်အင်အား ၃၀ ကျော်နဲ့ အဓိကထားစောင့်ကြပ်ရမယ့် နေရာဒေသတွေမှာ နေရော ညပါ ယူနီဖောင်းအပြည့်အစုံနဲ့ တာဝန်ထမ်းဆောင် နေတယ်လို့ ဆိုပါတယ်။
ဒါဟာ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်နေတာဖြစ်ပြီး ပြည်သူလူထု ဘေးကင်းလုံခြုံတဲ့ ခံစားချက်ရရှိအောင်နဲ့ ကျေနပ်မှုရှိအောင် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ဒေသနေပြည်သူတွေအနေနဲ့လည်း ဘေးကင်းလုံခြုံတဲ့ လူမှု ပတ်ဝန်းကျင်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ဖို့ ကင်းလှည့်စောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပံ့ပိုးကူညီဖို့ မိမိကိုယ်မိမိ ကာကွယ်စောင့်ကြည့်နိုင်စွမ်းကို မြှင့်တင်ဖို့ သံသယဖြစ်စရာတွေ့ရင် ကင်းလှည့်စောင့်ကြပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို အသိပေး တိုင်ကြားဖို့ သိန္နီခရိုင် အထူးဒေသ ၁ ရဲတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရွေးကောက်ပွဲကိစ္စတွေဆောင်ရွက်နေတဲ့ လှည်းကူး အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်
သြဂုတ်လ(၃၁)ရက်
အကြမ်းဖက်စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကိစ္စတွေဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် မိုင်း၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army YA အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အနေ့ ဩဂုတ်လ ၃၀ ရက် ညနေ ၆ နာရီ ၅၀ မိနစ်အချိန်မှာ အောင်မင်္ဂလာရပ်ကွက်မှရှိတဲ့ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးကို Yangon Army YA ရဲဘော်တွေက ပြင်းအားမြင့် မိုင်း ၂ လုံးနဲ့ ပစ်မှတ်ကို ထိအောင် တိုက်ခိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လူမိုက်အဖွဲ့ဟာ တရားမဝင်ရွေးကောက်ပွဲကိစ္စတွေ ဆောင်ရွက်နေတာ၊ လူငယ် လူရွယ်တွေကို ပေါ်တာဆွဲပြီး စစ်မှုထမ်းလိုအပ်တဲ့ နေရာတွေကို ရောင်းစားတဲ့ လူကုန်ကူးမှုတွေ လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်တာလို့ အသိပေးထားပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့ လူမိုက်အဖွဲ့တွေ အဝင်အထွက်လုပ်နေချိန်မှာ တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး မိုးတွေရွာနေချိန်မှာ လုပ်ဆောင်ရ တာဖြစ်တဲ့အတွက် ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ စုံစမ်းနေဆဲလို့လည်း ဆက်ပြီး အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တဲ့ ပစ်မှတ်တွေ၊ စစ်တပ်ကလုပ်မယ့် တရားမဝင်ရွေးကောက်ပွဲအတွက် ပါဝင်လုပ်ကိုင်နေ သူတွေကို ပြင်းပြင်းထန်တိုက်ခိုက်သွားမယ်လို့ Yangon Army YA အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဒီမော့ဆို ငွေတောင်ရွာသစ်တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးထက်မနည်းသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
သြဂုတ်လ(၃၁)ရက်
ကရင်နီပြည် ဒီမောဆိုမြို့နယ်ထဲက ငွေတောင်ရွာသစ်မှာဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးထက်မနည်းသေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ရှမ်းတောင်၊ ကရင်နီစစ်တိုင်း ဗျူဟာအမှတ် - ၁၁ က ဒီနေ့ ဩဂုတ် ၃၁ မှာ ထုတ်ပြန်လာပါတယ်။
အင်အားတရာကျော်နဲ့ တပ်စွဲထားတဲ့ စစ်သားတွေကို ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ - ၁၁နဲ့ ကရင်နီ ပြည်မှာ ရှိတဲ့ တပ်ပေါင်းစုတွေ ဩဂုတ်လ ၂၉ ရက်မှာ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
မနက် ၁၀ နာရီကနေ နေ့လည် ၃ နာရီထိကြာခဲ့တဲ့ အဲတိုက်ပွဲမှာ စစ်တပ်ဘက်က ၁၅ ဦးထက်မနည်းသေပြီး ၃၀ ကျော် ဒဏ်ရာရသွားသလို စစ်သားတွေကိုင်တဲ့ MA 1 ၄ လက်၊ MA-2 တလက်၊ MA-3 တလက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ အသိပေးပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပေမယ့် တော်လှန်ရေးတပ်ပေါင်းစုတွေဘက်က မစိုးရိမ်ရတဲ့ ဒဏ်ရာရသူ ၂ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။
ငွေတောင်ရွာသစ်မှာ အင်အားတရာကျော်နဲ့ တပ်စွဲနေတဲ့ စစ်သားတွေကို ကရင်နီဗျူဟာ ၁၁ နဲ့အတူ ရှမ်းတောင် ဒရုန်းတပ်ဖွဲ့၊ ဗျူဟာ ၁၁ ဒရုန်းတပ်ဖွဲ့၊ DOM local ဒရုန်းတပ်ဖွဲ့၊ UAV ဒရုန်းတပ်ဖွဲ့၊ KNA ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။
တော်လှန်ရေးတပ်ပေါင်းစုတွေ စည်းလုံးညီညွတ်စွာနဲ့ ပူပေါင်းတိုက်ခိုက်နိုင်ခဲ့တာကြောင့် ဒီးမော့ဆိုကနေ ဖရူဆိုဘက် ဦးတည်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်း စစ်ဦးကျိုးပြီး အထိနာသွားတယ်လို့လည်း ရှမ်းတောင်၊ ကရင်နီစစ်တိုင်း ဗျူဟာအမှတ် - ၁၁ က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ကမ္မရဲစခန်းကို M9 အီနာဂါဗုံးသီးအပါအဝင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်
သြဂုတ်လ(၃၁)ရက်
မကွေးတိုင်း ကမ္မမြို့က ရဲစခန်းကို မနေ့ ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီခန့်မှာ M9 အီနာဂါဗုံးသီးအပါအဝင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Three Brother Defence Force-TBDF က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ပြီးနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ် တာတွေလုပ်ခဲ့ပြီး ကမ္မရဲစခန်းထဲမှာရှိတဲ့ စစ်သားတွေနေတဲ့ နောက်ချန်အင်အားအနေနဲ့ထားခဲ့တဲ့ စစ်သားတွေဟာ ကမ္မမြို့ အရှေ့ဘက်ခြမ်းက ရပ်ကွက်တွေကို ကင်းပတ်ပြီး အရပ်သားပြည်သူတဦးရဲ့ ဖုန်းကို ယူဆောင်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
ည ၈ နာဝန်းကျင်မှာလည်း ကမ္မရဲစခန်းမှာရှိတဲ့ စစ်သားတွေဟာ ဆဲဆိုကြိမ်းမောင်းတာတွေလုပ်ခဲ့ပြီး သေနတ်တွေနဲ့ ပစ်ဖောက်တာတွေလုပ်ခဲ့တယ်လို့လည်း အသိပေးပါတယ်။
အခုလို အကြမ်းဖက်စစ်သားတွေ ဆဲဆိုကြိမ်းမောင်းပစ်ခတ်တာတွေ လုပ်ခဲ့တဲ့အတွက် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု တွေရှိနိုင်ပြီး ထိခိုက်သေဆုံးမှုအခြေအနေသိရအောင် စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို Three Brother Defence Force-TBDF၊ Kamma Revolution Force နဲ့ PDF Kmmama -ကမ္မတပ်ပေါင်းစု တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
========================
🚩🚩 ၄။ ပခုက္ကူ ညောင်ဂျစ်ပင်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်
သြဂုတ်လ(၃၁)ရက်
မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲက ညောင်ဂျစ်ပင်ပျူစောထီးရွာကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ် လို့ အညာမြေတပ်ပေါင်းစုက ပြောပါတယ်။
ညောင်ဂျစ်ပင်ပျူစောထီးရွာမှာ အကြမ်းဖက်စစ်အုပ်စုက အင်အား ၁၀၀ နီးပါးတပ်စွဲထားတာဖြစ်ပြီး အညာမြေတပ်ပေါင်းစု ရဲ့ ပထမဆုံး ဒရုန်းမစ်ရှင်အဖြစ် သြဂုတ်လ ၂၉ ရက် မနေ့က နေ့လည်ပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင် သင်္ဃန်းဝတ် ဝါယမ အခြေချတဲ့ ညောင်ဂျစ်ပင်ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်း နဲ့ ဗုံးသီး ၂၈ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗုံးသီးတွေဟာ ဝါယမရဲ့ ကျောင်းအပါအဝင် ပျူစခန်းအတွင်းက ဘန်ကာတွေနဲ့ စစ်တန်းလျားတွေပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အညာမြေတပ်ပေါင်းစုဘက်က စုံစမ်းနေဆဲ လို့ ဆိုပေမယ့် ဒေသတွင်းသတင်းတွေအရ စစ်အုပ်စုဘက်က တဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
အညာမြေတပ်ပေါင်းစုရဲ့ Drone Team စတင်ဖွဲ့စည်းတဲ့ ပွဲဦးထွက်အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးမှာ အလင်းတန်း ပြောက်ကျားတပ်ဖွဲ့နဲ့ PI PDF အဖွဲ့လည်း ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ပေါက်မြို့နယ်ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းဟာ ဆိပ်ဖြူနယ်ဘက် ဦးတည်နေတာကြောင့် လမ်းတလျောက်မှာရှိတဲ့ အရပ်သားပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်ကို သတိထားကြဖို့ အညာမြေတပ်ပေါင်းစုက အသိပေးနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၅။ ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာကို စစ်တပ်က တညတည်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူပိုင်အိမ် ၄ လုံး ပျက်စီး
သြဂုတ်လ(၃၁)ရက်
ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ - ၂ နယ်မြေထဲက ကျောက်မဲမြို့နယ် နားခေါ်ကျေးရွာကို စစ်တပ်က တညတည်း ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူပိုင်အိမ် ၄ လုံး ပျက်စီးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဒီနေ့ ဩဂုတ် ၃၁ မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ မနေ့ ဩဂုတ်လ ၃ဝ ရက် ည ၉ နာရီ ၄၈ မှာတကြိမ်၊ ၉ နာရီ ၅၀ မိနစ်မှာတကြိမ် နားခေါ်ရွာထဲကို ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်အိမ်တွေ ဗုံးစထိမှန် ပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိတဲ့ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း TNLA က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ၂၉ ရက်နေ့တုန်းကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ မိုင်းလုံမြို့ ပန်သပြေကျေးရွာကို ပေါင် ၂၅၀ ဗုံး ၄ လုံး လာရောက်ကြဲချတိုက်ခိုက်တာကြောင့် သီလရှင်၊ သံဃာတော်နဲ့ အရပ်သားပြည်သူတွေ ထိခိုက် သေဆုံး ဒဏ်ရာရခဲ့ပြီး အိမ် ၄ လုံး၊ ကျောင်းဆောင် ၅ ဆောင်နဲ့ ဓမ္မာရုံတရုံ ဗုံးစထိမှန်ပျက်စီးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိဖို့လိုပြီး လေကြောင်းရန် ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။







No comments:
Post a Comment