၂၀၂၅ စက်တင်ဘာလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာ့အရေးအတွက် အရေးပေါ်ဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ အရေးပေါ်စာတစ်စောင် ပေးပို့ခဲ့
📌 ၂။ "Safe Schools, Safe Education" Campaign ကာလ စက်တင်ဘာ ၁၅ရက်နေ့အထိ တိုးမြှင့်
📌 ၃။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ပြင်ဆင်နေတဲ့ ပလက်ဝမြို့နယ်၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပယ်
📌 ၄။ တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်များအား မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက် နေမှုများကို ရပ်တန့်ရန် Justice for Myanmar ထုတ်ပြန်
📌 ၅။ မြန်မာ့အရေးအတွက် ကမ္ဘာ့အာရုံစိုက်မှု ရယူရန် မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးခဲ့တဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၏ သမီး ဂင်းနစ်စံချိန်တင်
📌 ၆။ ကျောက်မဲနှင့် သီပေါမြို့နယ်မှ စစ်ဘေးရှောင်များကို TWOနှင့် SSPP/SSAတို့မှ စားနပ်ရိက္ခာနှင့် အကူအညီများ ထောက်ပံ့
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဘုရင့်နောင် တိုက်ခိုက်ရေးသင်တန်းကျောင်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုအတွင်း ၃၀ နီးပါး သေဆုံးဟုဆို
🚩 ၂။ စလင်းမြို့မှာ ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲ ပြုလုပ်နေတဲ့ နေရာကို အသံမိုင်းဖြင့် သတိပေးဖောက်ခွဲ
🚩 ၃။ ဒီးမော့ဆိုတွင် စစ်ရှောင်စခန်းအား လေကြောင်းတိုက်ခိုက်မှု အရပ်သားသုံးဦး ဒဏ်ရာရ၊ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ ထွက်ပြေး
🚩 ၄။ ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊ ဝိုင်းမော်တွင် စစ်ဘေးရှောင်ကလေးငယ် သေဆုံး၊ အရပ်သား ၄ ဦး ဒဏ်ရာရ
🚩 ၅။ TNLA ထိန်းချုပ်နယ်မြေမှာ ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄၆ ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာ့အရေးအတွက် အရေးပေါ်ဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ထံ အရေးပေါ်စာတစ်စောင် ပေးပို့ခဲ့
စက်တင်ဘာ ၁
Radio NUG
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် သြဂုတ်လ ၂၉ ရက်နေ့တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် H.E. Mr. Antonio Guterres ထံသို့ မြန်မာနိုင်ငံ၏ ဆိုးရွားလှသည့် အခြေအနေများနှင့် ပတ်သက်၍ အရေးပေါ်စာတစ်စောင် ပေးပို့ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါစာတွင် သြဂုတ်လ ၁၅ ရက်အထိ နောက်ဆုံးရရှိသည့် မြန်မာ့အခြေအနေ အချက်အလက်များ ပူးတွဲပါရှိပြီး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ၇၉ ကြိမ်မြောက်ဥက္ကဋ္ဌ H.E. Mr. Philemon Yang၊ ၈၀ ကြိမ်မြောက် ဥက္ကဋ္ဌရွေးချယ်ခံ H.E. Ms. Annalena Baerbock နှင့် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များနှင့် လေ့လာသူများထံသို့လည်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
သံအမတ်ကြီး၏ အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား ၇,၀၆၆ ဦး သေဆုံးခဲ့ပြီး ၂၉,၅၄၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများမှာလည်း ငလျင်မတိုင်မီ ၃၄၆ ကြိမ်မှ ၅၃၆ ကြိမ်အထိ သိသိသာသာ မြင့်တက်လာခဲ့ပြီး ငလျင်အလွန် ၃ လအတွင်း အရပ်သား ၇၅၀ ကျော် သေဆုံးပြီး ၁,၄၀၀ ကျော် ဒဏ်ရခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံရေးအကျဉ်းသား ၁၉၀ ဦး နှိပ်စက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိခြင်းကြောင့် သေဆုံးခဲ့ပြီး၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ အကျဉ်းထောင်အတွင်း သေဆုံးသူ စုစုပေါင်း ၁,၈၀၀ ကျော်ရှိကြောင်း ရေးသားထားပါတယ်။
ထို့အပြင် ပဋိပက္ခဒဏ်ခံစားနေရသည့် ပြည်သူ ၃.၅ သန်းကျော် နေရပ်စွန့်ခွာနေရပြီး၊ အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၀.၄ သန်း၊ ကလေးငယ် ၆.၃ သန်းကျော်အပါအဝင် လူဦးရေ ၂၀ သန်းကျော်မှာ စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုနှင့် အကူအညီပေးပို့မှု တားမြစ်ခြင်းကြောင့် အကျပ်အတည်းများ ပိုမိုဆိုးရွားလာနေကြောင်း၊ ရခိုင်ပြည်နယ်တွင် အငတ်ဘေးအရေးပေါ်အခြေအနေ ဖြစ်ပေါ်နေပြီး၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ သြဂုတ်လ ၁၂ ရက်ထုတ်ပြန်ချက်အရ ရခိုင်အလယ်ပိုင်းရှိ မိသားစု ၅၇ ရာခိုင်နှုန်းသည် အခြေခံစားသောက်ကုန်များ မတတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း အသိပေးထားပါတယ်။
အလားတူ သြဂုတ်လ ၁၉ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမှု မရှိသည့်အပြင် စစ်တပ်၏ ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်ခွင့်ပြုမည့် လိုင်စင်တစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး IWAYA Takeshi နှင့် International IDEA အဖွဲ့တို့ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လက်ခံနိုင်စရာမရှိကြောင်း ထောက်ခံပြောဆိုခဲ့ကြောင်း၊ Independent Press Council Myanmar (IPCM) ကလည်း စစ်ကောင်စီ၏ မီဒီယာလွတ်လပ်ခွင့်နှင့် အင်တာနက်အသုံးပြုမှုကို ထိန်းချုပ်သည့် ဥပဒေများကို ပြစ်တင်ရှုတ်ချခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။
ထို့ကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခကို အဆုံးသတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြတ်သားပြီး ထိရောက်စွာ အရေးယူရန်၊ စစ်တပ်၏ ရက်စက်မှုများကို ထိန်းချုပ်ရန်အတွက် လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးထောက်ပံ့မှုများကို ချက်ချင်းရပ်တန့်ရန်၊ မြန်မာ့အရေးသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ စဉ်ဆက်မပြတ် အာရုံစိုက်မှုနှင့် ထိရောက်သည့် လုပ်ဆောင်မှုများ လိုအပ်နေပြီး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူများကို အပြည့်အဝ ထောက်ပံ့ပေးရန် ထပ်လောင်းတောင်းဆိုထားပါတယ်။
========================
📌📌 ၂။ "Safe Schools, Safe Education" Campaign ကာလ စက်တင်ဘာ ၁၅ရက်နေ့အထိ တိုးမြှင့်
စက်တင်ဘာ ၁
Radio NUG
ကလေးများ ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် ပြုလုပ်တဲ့ “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းကို အချိန်တိုးမြှင့်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
USD 400,000 မူလ ကမ်ပိန်းကာလသည် ဇူလိုင်လ (၁၅) ရက်နေ့မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ သတ်မှတ်ထားသော်လည်း စက်တင်ဘာလ (၁၅) ရက်နေ့အထ ကမ်ပိန်းကာလ တိုးမြှင့်ထားရှိတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ ကာကွယ်ရေးအစီအမံများရှိသည့် ကျောင်းများတွင် ကလေးများ ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ယူခွင့် ရရှိနိုင်စေရန်အတွက် “ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး” ကမ်ပိန်းတွင် ပါဝင်လှူဒါန်းကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၃။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ပြင်ဆင်နေတဲ့ ပလက်ဝမြို့နယ်၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပယ်
စက်တင်ဘာ ၁ ရက်၊
Radio NUG
အကြမ်းဖက် စစ်ကော်မရှင်က ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေတဲ့ ပလက်ဝ မြို့နယ်၊ ပြည်နယ်လွတ်တော် ကိုယ်စားလှယ်၊ ဦးစိုးထက် (ခ) ဆလိုင်းမဲလု အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် အဖြစ်က ထုတ်ပယ်လိုက်ကြောင်း အသိပေးထားပါတယ်။
အဓမ္မ အာဏာလု စစ်ကော်မရှင်က နိုင်ငံရေးအရ တရားဝင်မှု ရှိစေရန် အတုအယောင် ရွေးကောက်ပွဲ ကျင်းပရန် ကြံစဉ်အားထုတ်နေမှုကို အသိမှတ်မပြုဖို့နဲ့ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားကာလ ဗဟိုကော်မတီ အစည်းအဝေးက တားမြစ်ထားတယ်လို့ ဆိုပါတယ်။
အဖွဲ့ချုပ်ရဲ့ တားမြစ်ချက်ကို မျက်ကွယ်ပြုပြီး ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဝင်မယ့် ဦးစိုးထက် (ခ) ဆလိုင်းမဲလုအား ပါတီရဲ့ ဆုံးဖြတ်ချက်များကို လိုက်နာခြင်း မရှိသူအဖြစ် သတ်မှတ်ကာ ပါတီမှ ထုတ်ပယ်လိုက်ကြောင်း အသိပေး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဦးစိုးထက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပလက်ဝမြို့နယ်မှ မြို့နယ်အလုပ်မှုဆောင် အဖွဲ့ဝင် တဦးဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပလက်ဝမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တယ်လို့ သိရပါတယ်။
ဦးစိုးထက်ဟာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ ချင်းပြည်သစ် ကွန်ဂရက်ပါတီ (NCC) ကို ဇူလိုင်လ ၁၀ ရက်နေ့က မှတ်ပုံတင်ခဲ့တာ ဖြစ်ပြီး ၂ လနီးပါးအကြာ စက်တင်ဘာလ ၁ ရက်နေ့မှာ NLD ပါတီဝင် အဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
========================
📌📌 ၄။ တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်များအား မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက် နေမှုများကို ရပ်တန့်ရန် Justice for Myanmar ထုတ်ပြန်
စက်တင်ဘာ ၁ ရက်၊
Radio NUG
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ တို့က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နေမှုနဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်စုက ပြည်သူများအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကို ရပ်တန့်နိုင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ Justice for Myanmar မှ ထုတ်ပြန်ထားပါတယ်။
တရုတ်သမ္မတ ရှီက မင်းအောင်လှိုင်အား တီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးဆွေးနွေးပွဲကို ဖိတ်ကြားခဲ့ပြီး အဆိုပါအစည်းအဝေးကို အိန္ဒိယဝန်ကြီးချုပ်နဲ့ ရုရှသမ္မတတို့လည်း တက်ရောက်ခဲ့ပါတယ်။
ထိုဆွေးနွေးပွဲမှာ လုံခြုံရေး၊ နယ်စပ် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် တရုတ်အကူအညီများဖြင့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားဖို့ ကတိပြုခဲ့သလို မြန်မာစစ်အုပ်စုအား စစ်လက်နက်၊ ငွေကြေးနှင့် အခြားအကူအညီများကို ဆက်လက်ထောက်ပံ့ လျက်ရှိပြီး ၎င်းလုပ်ရပ်က စစ်အုပ်စုက ပြည်သူများ အပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုများကို အားပေးနေတယ်လို့ ထောက်ပြထားပါတယ်။
အလားတူ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ကလည်း SCO အစည်းအဝေးမှာ မင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့ပြီး စစ်အုပ်စုကို စစ်လက်နက် ထောက်ပံ့မှုများ တိုးမြှင့်ဖို့ နဲ့ လူထုဆန္ဒပြပွဲများကို ဖိနှိပ်ရာမှာ အထောက်အကူ ဖြစ်စေနိုင်တယ်လို့ အသိပေး ထားပါတယ်။
ထို့အပြင် တရုတ်နဲ့ အိန္ဒိယတို့က မြန်မာ စစ်အုပ်စုကို SCO အဖွဲ့ဝင်ဖြစ်ရေး ထောက်ခံထားပြီး ၎င်းဟာ စစ်အုပ်စုရဲ့ တရားမဝင် ရွေးကောက်ပွဲများကို နိုင်ငံရေးအရ အသိမှတ်ပြုရာရောက်တယ်လို့ ဝေဖန်ထားပြီး လူ့အခွင့်အရေး လှုပ်ရှားသူများက တရုတ်နဲ့ အိန္ဒိယအား စစ်အုပ်စုနှင့် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် စစ်လက်နက်ရောင်းချမှုများကို ပိတ်ပင်ရန် တောင်းဆိုထားပါတယ်။
========================
📌📌 ၅။ မြန်မာ့အရေးအတွက် ကမ္ဘာ့အာရုံစိုက်မှု ရယူရန် မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးခဲ့တဲ့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၏ သမီး ဂင်းနစ်စံချိန်တင်
စက်တင်ဘာ ၁
Radio NUG
သြစတြေးလျနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Sydney Marathon 2025 ပြိုင်ပွဲတွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့၏ သမီးဖြစ်သူ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကာ ၄၂.၂ ကီလိုမီတာ (၂၆.၂ မိုင်) အကွာအဝေးကို ၄ နာရီ ၁၂ မိနစ် ၁၉ စက္ကန့်ဖြင့် ပန်းဝင်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့ကြောင်း Heart Beams Risingမှ သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃၁ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် ဒေါက်တာ မြင့်မိုရ်ဦးသည် အားကစားဝတ်စုံအစား မြန်မာရိုးရာဝတ်စုံကို ဝတ်ဆင်ပြီးယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် မြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ စီစဉ်မှု၊ အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် ရက်စက်သတ်ဖြတ်မှုများကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ကျောက်မဲနှင့် သီပေါမြို့နယ်မှ စစ်ဘေးရှောင်များကို TWOနှင့် SSPP/SSAတို့မှ စားနပ်ရိက္ခာနှင့် အကူအညီများ ထောက်ပံ့
စက်တင်ဘာ ၁
Radio NUG
သီပေါမြို့နယ် ဆွတ်လန်းကျေးရွာတွင် ရောက်ရှိနေတဲ့ စစ်ဘေးရှောင်များကို ဩဂုတ်လ ၂၈ ရက်နေ့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လိုအပ်သည့် စားနပ်ရိက္ခာများ သွားရောက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဆွတ်လန်းကျေးရွာတွင် ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ သီပေါမြို့ပေါ် ရပ်ကွက်များမှ ဒေသခံများ တိမ်းရှောင်လာကြပြီး အမျိုးသမီး ၂၁၁ ဦး၊ အမျိုးသား ၁၈၈ ဦး စုစုပေါင်း ၃၉၉ ဦး အတွက် ကူညီပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခြေခံအစားအသောက်များဖြစ်သည့် ဆန်၊ စားသုံးဆီ၊ အာလူး၊ ကုလားပဲ၊ အသားတု၊ ပိန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ယံယံခေါက်ဆွဲထုတ်များ အပြင် ဟင်းစိမ်းများနှင့် ကလေးငယ်များအတွက် အာဟာရမုန့်များတို့ကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဩဂုတ်လ (၂၆) ရက်နေ့ မှ (၂၈) ရက် အထိ ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၏ ဗဟိုဌာနချုပ် ကော်မတီအဖွဲဝင်များနှင့် ခရိုင် အမှတ်(၇) မြို့နယ် အမှတ်(၂၄) ကျောက်မဲ မြို့နယ်မှ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ၊ တပ်ဖက်ဆိုင်ရာ တာဝန်ရှိသူများတို့သည် ဟဲကွီ ကျေးရွာအုပ်စု ၊ ပုံဝိုး ကျေးရွာအုပ်စု အတွင်းသို့ ရောက်ရှိနေကြသည့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာမှ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်သိန်း (၅၀၀) ကျော် တန်ဖိုးရှိ ဆန် ၊ ဆီ ၊ ဆား ၊ ဟင်းချိုမုန့် ၊ သွားတိုက်တံ ၊ မိုးကာ ၊ နိုင်လွန်ကြိုး စသည့် စားသောက်ဖွယ်ရာ ကုန်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကို သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ထို့အပြင် (SSPP/SSA) ဗဟိုဌာနချူပ်၏ ကျန်းမာရေးဌာနမှ ကျန်းမားရေးတပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင် ပြည်သူများ၏ ကျန်းမာရေးကို ကြည့်ရှုစစ်ဆေးပေးခဲ့ပြီး ကျန်းမာရေးချို့ယွင်းသည့် စစ်ဘေးရှောင် လူနာစုစု ပေါင်း (၁၀၀) ကျော်အား ဆေးကုသမှုအကူအညီများ ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျောက်မဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူ (၆၇၀၀) ကျော်သည် နောင်ပိန်ကျေးရွာအုပ်စုအတွင်းက ပန်တီး၊ နောင်ပစ်၊ ပန်မခေါ်၊ လုံကိန်၊ ပင်တိန်၊ နောင်ပိန်၊ လုပ်ပါ၊ လုပ်အင်၊ ခွန်ညု၊ နောင်ပိန်လမ်းခွဲ ကျေးရွာများမှ နေထိုင်သူများ ဖြစ်ကြပြီး ၎င်းဒေသအတွင်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသေးသည့်အတွက်ကြောင့် နေရပ် မပြန်နိုင်သေးကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဘုရင့်နောင် တိုက်ခိုက်ရေးသင်တန်းကျောင်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုအတွင်း ၃၀ နီးပါး သေဆုံးဟုဆို
စက်တင်ဘာ ၁ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် တပ်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေး သင်တန်းကျောင်းကို ရှေ့ာတိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှုအတွင်း ၃၀ နီးပါး သေဆုံးခဲ့တယ်လို့ Brave Warrior for Myanmar က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့က ဘုရင့်နောင် တိုက်ခိုက်ရေးသင်တန်းကျောင်းကို BWM, MKCDF, ACPLF နဲ့ KNLA တပ်မဟာ (၂) တပ်ရင်း ၅ တို့က ရှော့တိုက်ဒုံး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း ဒုကျောင်းအုပ်ကြီး နေအိမ်ကို ထိမှန်ခဲ့တာကြောင့် နေအိမ်မီးလောင်ခဲ့ကာ ဒုကျောင်းအုပ်ကြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ ၎င်းနေအိမ်ရှိ စစ်သည် ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် စာသင်ဆောင်အတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သင်တန်းသား အရာရှိ ၂၀ ကျော် ပွဲချင်းပြီး သေဆုံးခဲ့ကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပြီး၊ စာသင်ဆောင်နဲ့ ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် အိပ်ဆောင် ၂ ဆောင်ကို ထိမှန်ခဲ့ပြီး အိပ်ဆောင်မှူး အပါအဝင် ၆ ဦး ပွဲချင်းပြီး သေဆုံးကာ အိပ်ဆောင် ၂ ဆောင် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် သင်တန်းကျောင်း အတွင်းရှိ လက်နက်ကြီး အထိုင်နေရာ ၂ ခု၊ ကား ၃ စီး၊ သင်ကြားရေး ပစ္စည်းများနှင့် ပရိဘောဂများလည်း ပျက်စီးမှု ရှိခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၂။ စလင်းမြို့မှာ ရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲ ပြုလုပ်နေတဲ့ နေရာကို အသံမိုင်းဖြင့် သတိပေးဖောက်ခွဲ
စက်တင်ဘာ ၁ ရက်၊
Radio NUG
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့က စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲ ပြုလုပ်နေတဲ့ နေရာကို အသံမိုင်းဖြင့် သတိပေး ဖောက်ခွဲခဲ့တယ်လို့ မြို့ပြ (UG) ကျားပေါက် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃၁ ရက် နေ့လယ် ၃ နာရီခွဲ အချိန်မှာ ဆန္ဒမဲပေးခြင်း သရုပ်ပြပွဲ ပြုလုပ်နေတဲ့ အထွေထွေအုပ်ချုပ်ရေး ရုံးထဲနဲ့ စလင်းမြို့ အထက - ၁ ကျောင်းထဲကို အသံမိုင်း တစ်လုံးဖြင့် သတိပေး ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့ပြ (UG) ကျားပေါက်အဖွဲ့၊ စလင်း ပြည်သူ့လုံခြုံရေး (ပလဖ) ယာယီ တပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
တရားမဝင် အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေး သူများ၊ ထောက်ခံအားပေးသူများနဲ့ ပါဝင်ပတ်သက်သူ မှန်သမျှကို ပြင်းထန်စွာ အပြစ်ပေး အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
========================
🚩🚩 ၃။ ဒီးမော့ဆိုတွင် စစ်ရှောင်စခန်းအား လေကြောင်းတိုက်ခိုက်မှု အရပ်သားသုံးဦး ဒဏ်ရာရ၊ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံများ ထွက်ပြေး
စက်တင်ဘာ ၁
Radio NUG
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုအား စက်တင်ဘာ ၁ ရက် နံနက် ၈:၄၀ ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Jobs for Kayah မှ သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တပ်စခန်းများလည်း မရှိသည့်နေရာဖြစ်သော်လည်း စစ်ကောင်စီတပ်သည် အရပ်သားများနေထိုင်ရာ စစ်ရှောင်စခန်းအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် နေ့လယ်ပိုင်းတွင် ငွေတောင်ဆည်ဘက်မှ စစ်ကောင်စီတပ်စစ်ကြောင်းသည် ပတိုငံရွာအနီးသို့ ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပတိုငံရွာနှင့် ကွိုင်ငံရွာသစ်တို့မှ ဒေသခံများ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ဖားကန့်မြို့တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ၊ ဝိုင်းမော်တွင် စစ်ဘေးရှောင်ကလေးငယ် သေဆုံး၊ အရပ်သား ၄ ဦး ဒဏ်ရာရ
စက်တင်ဘာ ၁
Radio NUG
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ သုခဆေးခန်းအနီးတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၃၁ ရက်က ကျောက်ဝိုင်းအတွင်းရှိ ဆိုင်ကယ်ဝပ်ရှော့ဆိုင်မှ ဆရာတစ်ဦးနှင့် အလုပ်သင်လုပ်သား ၃ ဦးအပြင်၊ လမ်းပေါ်ဖြတ်သန်းသွားလာနေသည့် ကားနှစ်စီးမှ လူများကိုပါ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ ဩဂုတ်လ ၂၇ ရက်မှ စက်တင်ဘာလ ၁ ရက်အထိ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က လေယာဉ်နှင့် တင့်ကားများဖြင့် ၆ ရက်ဆက် တိုက်ခိုက်ခဲ့ရာ အသက် ၆ နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ် မခေါင်နော သေဆုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် မဇယ်ညွယ်၊ အသက် ၁၅ နှစ်အရွယ် မဇယ်ယန်းနှင့် အသက် ၃၆ နှစ်အရွယ် ဦးတိန်းဘောမ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်မှစ၍ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က ဆက်လက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ TNLA ထိန်းချုပ်နယ်မြေမှာ ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၄၆ ဦး သေဆုံး
စက်တင်ဘာ ၁ ရက်၊
Radio NUG
တအောင်း တပ်မတော် (TNLA) ထိန်းချုပ်နယ်မြေ ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါနဲ့ မိုင်းလုံ မြိုနယ်တို့မှာ ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် သံဃာတော်၊ သီလရှင်၊ ကလေးငယ် အပါအဝင် ပြည်သူ ၄၆ ဦး သေဆုံးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ကျောက်မဲမြို့နယ်မှာ သံဃာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့ကာ သံဃာတော် ၃ ပါး၊ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး နေအိမ် ၄၀ လုံး၊ အဆောက်အဦး ၁ ခု၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၅ ကျောင်းနဲ့ ကား ၄ စီး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့နယ်မှာလည်း သံဃာတော် ၂ ပါး၊ ကလေးငယ် ၄ ဦး၊ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီး ၁၇ ဦး သေဆုံး ခဲ့ပြီး သံဃာတော် ၁ ပါး၊ အမျိုးသား ၂၀ ဦးနဲ့ အမျိုးသမီး ၄ ဦး ထိမှန်ဒဏ်ရာ ရခဲ့ကာ နေအိမ် ၃၈ လုံး၊ အဆောက် အဦး ၁ ခု၊ ဘုန်းကြီးကျောင်း ၆ ကျောင်း၊ ကား ၃ စီးနဲ့ ဆိုင်ကယ် ၃ စီး ထိမှန်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
အလားတူ သီပေါမြို့မှာလည်း အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၄ လုံး ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းလုံမြို့မှာလည်း သီလရှင် ၁ ပါး၊ အမျိုးသမီး ၁ ဦးသေဆုံးပြီး သံဃာတော် ၂ ပါး၊ သာမဏေ ၃ ပါး၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ၄ လုံး၊ ကျောင်းဆောင် ၅ ဆောင် နဲ့ ဓမ္မာရုံ ၁ ရုံ ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် မိုင်းငေါ့ မြို့မှာလည်း ကလေးငယ် ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး၊ သာမဏေ ၃ ပါးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၁၂ လုံး၊ ကျောင်းဆောင် ၄ ဆောင်နဲ့ ဘုန်းကြီးကျောင်း ၁ ကျောင်း ထိမှန်ပျက်စီးခဲ့ပါသေးတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment