၂၀၂၅ စက်တင်ဘာလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံတွင် တော်လှန်ရေးအင်အားစုများ တနိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေ
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
📌 ၃။ မြန်မာစစ်အုပ်စုနှင့်ဆက်နွှယ်သော လူ့အခွင့်အရေးကော်မရှင်ကို ဖယ်ရှားရန် ကမ္ဘာ့သမဂ္ဂများ တောင်းဆို
📌 ၄။ (၁၂) မိုင်ကျေးရွာတွင် ဒီဇယ်တင်ဆောင်လာသည့် ကားမှ လမ်းမတွင် ပျက်နေသည့် ကားတစ်စီးကို ဆွဲပေးရန်လုပ်စဉ် တိမ်းမှောက်သွားရာမှ နေအိမ် (၂) လုံး မီးလောင်
📌 ၅။ ရန်ကုန် - စလင်း - ဆင်ဖြူကျွန်း ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီ ကားမှ ခရီးသည် ၃ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရ
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူ့ခုခံ တွန်းလှန်စစ် (၄) နှစ်တာကာလမှာ စစ်အုပ်စုက မြို့နယ် စုစုပေါင်းရဲ့ (၃၉) ရာခိုင်နှုန်းခန့်သာ စိုးမိုးထား နိုင်တော့တယ်လို့ MOD ထုတ်ပြန်
🚩 ၂။ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးကို ရက်ပေါင်း (၅၀၃) ကျော် ဟန့်တားနိုင်ခဲ့ခြင်းက စိတ်ဓါတ်ရေးရာ အောင်နိုင်ခြင်း အမှတ်သင်္ကေတ ဖြစ်ကြောင်း KNU ထုတ်ပြန်
🚩 ၃။ မူး(မုန်း) မြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံး
🚩 ၄။ သပိတ်ကျင်းမှာ စာသင်ကြားရာ နေအိမ်ကို လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံး၊ ကလေး ၅ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရ
🚩 ၅။ ဩဂုတ်လ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း ၂၂ဦး ရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာနိုင်ငံတွင် တော်လှန်ရေးအင်အားစုများ တနိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေ
စက်တင်ဘာ ၇
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနသည် တော်လှန်ရေး၏ အရေးပါသော အလှည့်အပြောင်းတရပ်ကို ဖန်တီးရန် နိုင်ငံတဝန်း ဒေသအသီးသီးတွင် ဟန်ချက်ညီညီ စစ်ဆင်ရေးများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း စက်တင်ဘာလ ၇ရက်နေ့က ထုတ်ပြန်တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို နေရာအနှံ့ တပ်ဖြန့်တည်ဆောက်ထားနိုင်ပြီး၊ ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကလည်း မရပ်မနား တိုက်ပွဲဝင်နေခြင်းက အလှည့်အပြောင်းအတွက် အခြေအနေပေးမှုများ ဖန်တီးပေးထားတယ်လို့ ဆိုထားပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေထိုးစစ်ဆင်နွှဲနိုင်ရန် တပ်ဖွဲ့များကို ပြင်ဆင်ခြင်း၊ ဘဏ္ဍာရန်ပုံငွေစုစည်းခြင်း၊ ခဲယမ်းမီးကျောက်ဖြည့်တင်းခြင်းတို့ကို လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် တပ်တည်ဆောက်ရေးကို ဦးစားပေး ဆောင်ရွက်နေပြီး၊ တော်လှန်ရေးအစပြုစဉ်က အချိန်တိုအတွင်း လေ့ကျင့်စုဖွဲ့ခဲ့ရသည့် PDF တပ်ဖွဲ့များကို ယခုအခါ စနစ်တကျ လေ့ကျင့်မှု၊ စုဖွဲ့မှု၊ ကွပ်ကဲမှုအဆင့်ဆင့် တာဝန်ပေးအပ်မှုများဖြင့် အားဖြည့်နေကြောင်း၊ တပြိုင်နက်တည်း ဘဏ္ဍာရန်ပုံငွေနှင့် စစ်လက်နက်ပစ္စည်းများ စုစည်းမှုကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြည်သူများက စစ်အုပ်စုအား “နိုင်ငံတော်၏ရန်သူ” အဖြစ် သတ်မှတ်ထားပြီး၊ အကြမ်းဖက် စစ်ခေါင်းဆောင်များသည် မျိုးချစ်စိတ်အမှန်ရှိသူများ မဟုတ်ဘဲ စစ်ဝါဒ ကြီးစိုးခွင့်သာ ရမည်ဆိုလျှင် တိုင်းတပါးကျွန်ခံရန် ဝန်မလေးသူများဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးကာလတွင် ပြည်သူများသည် “စစ်ကျွန်ခံရသည်ထက် သေရသည်က ပိုမြတ်သည်” ဟူသော ခံယူချက်ဖြင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန် တိုက်ပွဲဝင်နေကြောင်း အသိပေးထားပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များသည် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားပေးမှုကြောင့် ထိုးစစ်များ တွန့်ဆုတ်နေရပြီး ထိုအခွင့်အရေးကို အသုံးပြုကာ စစ်အုပ်စုသည် ဒေသအချို့တွင် တန်ပြန်ထိုးစစ်များ ဆင်နွှဲလာသော်လည်း တော်လှန်ရေးအင်အားစုများက ပျောက်ကြားစစ်၊ လှုပ်ရှားစစ်၊ နေရာယူစစ်နည်းဗျူဟာများဖြင့် ထိရောက်စွာ တုံ့ပြန်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ယခုနှစ်ကုန်တွင် စစ်အုပ်စုက စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲသည် ၎င်းတို့၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းမှုတစ်ရပ်ဖြစ်သော်လည်း ထိုကြိုးပမ်းမှုသည် တော်လှန်ရေးအင်အားစုများကို ပိုမိုညီညွတ်စေပြီး၊ ပြည်သူ့ခုခံတွန်းလှန်စစ်ကို ပိုမိုပြင်းထန်စေလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပြထားပါတယ်။
စနစ်ပြောင်းတော်လှန်ရေးတွင် အခက်အခဲများစွာကို ရင်ဆိုင်ရမည်ဟု မျှော်လင့်ထားပြီး၊ ထိုအခက်အခဲများကို ဉာဏ်ပညာ၊ ဇွဲသတ္တိနှင့် လုံ့လဝီရိယဖြင့် ကျော်လွှားရမှာဖြစ်ကြောင်း၊ အထူးသဖြင့် တော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုနှင့် ဦးဆောင်မှုကို မြှင့်တင်ရန်၊ ရှင်းလင်းပြတ်သားသော တော်လှန်ရေးလမ်းစဉ်ဖြင့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရန် ဦးတည်ချက်ကို ဆက်လက်ထိန်းသိမ်းထားရန် လိုအပ်ကြောင်း ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့်အခါသမယတွင် တော်လှန်ရေးပန်းတိုင်သို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သန္နိဋ္ဌာန်ပြုထားပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
စက်တင်ဘာ ၇
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၉/၂၀၂၅)ကို စက်တင်ဘာလ ၇ရက်နေ့ မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို့နောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ မြန်မာစစ်အုပ်စုနှင့်ဆက်နွှယ်သော လူ့အခွင့်အရေးကော်မရှင်ကို ဖယ်ရှားရန် ကမ္ဘာ့သမဂ္ဂများ တောင်းဆို
စက်တင်ဘာ ၇
Radio NUG
မြန်မာစစ်တပ်၏ သတင်းမီဒီယာလွတ်လပ်ခွင့်ဖိနှိပ်မှုနှင့် လွတ်လပ်သော သတင်းမီဒီယာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကြားတွင်၊ နိုင်ငံတကာ သတင်းထောက်များအဖွဲ့ချုပ် (IFJ) အပါအဝင် ကမ္ဘာ့သမဂ္ဂအဖွဲ့ချုပ် ၇ ခုသည် စစ်အုပ်စုနှင့် ဆက်နွှယ်နေသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) မှ ဖယ်ရှားရန် တောင်းဆိုထားကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၄ ရက်က နိုင်ငံတကာအလုပ်သမဂ္ဂအဖွဲ့ချုပ် - အာရှပစိဖိတ်နှင့် ကမ္ဘာ့သမဂ္ဂအဖွဲ့ချုပ်များ အာရှပစိဖိတ်ဒေသဆိုင်ရာအဖွဲ့များ (GUF-APRO) ၏ ပူးတွဲကြေညာချက်တွင် MNHRC သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှစ၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းရန် ပျက်ကွက်ပြီး စစ်တပ်၏ “ပြောခွင့်ရသူ” အဖြစ် လုပ်ဆောင်နေတယ်လို့ ပြောဆိုထားပါတယ်။
IFJ ၏ မြန်မာသတင်းထောက်များကွန်ရက်အရ အာဏာသိမ်းမှုနောက်ပိုင်း သတင်းထောက် ၇ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး၊ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ သတင်းထောက် ၂၂၃ ဦး ထိန်းသိမ်းခံခဲ့ရသည်။ ၎င်းတို့အနက် ၉၁ ဦးသည် စုစုပေါင်း ထောင်ဒဏ် ၅၁၁ နှစ်ချမှတ်ခံခဲ့ရပြီး ၄၉ ဦးမှာ ထောင်ကျနေဆဲဖြစ်သည်။ စစ်တပ်သည် သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ရန် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၂(က) နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများကို အသုံးပြုနေတယ်လို့ IFJ က ဆိုပါတယ်။
သမဂ္ဂအဖွဲ့ချုပ်များသည် SEANF အား MNHRC ၏ အဖွဲ့ဝင်အဆင့်အတန်းကို ရှင်းလင်းဖော်ပြရန်၊ ပဲရစ်အခြေခံမူများနှင့်အညီ အဖွဲ့ဝင်စံနှုန်းများ ပြုပြင်ရန်နှင့် MNHRC ကို ဖယ်ရှားရန် တောင်းဆိုထားပြီး MNHRC ၏ စစ်တပ်၏ တရားမဝင်သတ်ဖြတ်မှုနှင့် ဖမ်းဆီးမှုများကို တိတ်ဆိတ်နေမှုသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိခိုက်စေပြီး ပြစ်ဒဏ်မှ လွတ်မြောက်မှုကို အားပေးနေတယ်လို့ ဆိုထားပါတယ်။
MNHRC သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကမ္ဘာ့အမျိုးသားလူ့အခွင့်အရေးအဖွဲ့များမဟာမိတ်မှ အသိအမှတ်ပြုမှု ဆုတ်ယုတ်ခံခဲ့ရပြီး၊ ၂၀၂၅ ခုနှစ် မေလတွင် အာရှပစိဖိတ်ဖိုရမ်မှ ဖယ်ရှားခံခဲ့ရကာ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်း (ILO) ကလည်း ၂၀၂၅ ခုနှစ် ဇွန်လတွင် စစ်အုပ်စု၏ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကြောင့် ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
“မြန်မာနိုင်ငံအတွင်းနှင့် ပြည်ပ၌ သတင်းမီဒီယာအသိုင်းအဝိုင်းသည် အကြမ်းဖက်မှု၊ ထောင်ချမှု၊ နှောင့်ယှက်မှုနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရချိန်တွင် SEANF သည် MNHRC ကို ချက်ချင်းဖယ်ရှားရမည်” ဟု IFJ က ပြောကြားထားပါတယ်။
========================
📌📌 ၄။ (၁၂) မိုင်ကျေးရွာတွင် ဒီဇယ်တင်ဆောင်လာသည့် ကားမှ လမ်းမတွင် ပျက်နေသည့် ကားတစ်စီးကို ဆွဲပေးရန်လုပ်စဉ် တိမ်းမှောက်သွားရာမှ နေအိမ် (၂) လုံး မီးလောင်
စက်တင်ဘာ ၇
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၆)နယ်မြေ၊ နမ့်ခမ်းခရိုင်၊ (၁၂)မိုင်ကျေးရွာတွင် ဒီဇယ်တင်ဆောင်လာသည့် ကားမှ လမ်းမတွင် ပျက်နေသည့် ကားတစ်စီးကို ဆွဲပေးရန်ပြုလုပ်စဉ် တိမ်းမှောက်သွားရာမှ နေအိမ် (၂)လုံးနှင့် ကား (၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၄)ရက် နေ့လယ် (၁၂း၅၉)နာရီတွင် နမ့်ဖတ်ကာမှ နမ့်ခမ်းသို့ တင်ပို့ရန် ဒီဇယ်တင်ဆောင်လာသည့် ဦးမော်ကွန်းနောင်သည် (၁၂)မိုင် ကျေးရွာရောက်ချိန် လမ်းမပေါ်တွင် မိုင်းညီသန်းရွှေ၏ ကားသည် ပျက်နေတာကြောင့် ကားဆွဲပေးရန် လုပ်ရာ ဒီဇယ်တင်ကားသည် နောက်ဘီးလိမ့်ပြီး လမ်းမအောက်ရှိ နေအိမ်(၂)အိမ်ပေါ်သို့ တိမ်းမှောက်ခဲ့ကာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ဒီဇယ်ကား တိမ်းမှောက်မှုကြောင့် ဦးလီကျားရှင်နှင့် ဦးအာစာဝ်တို့၏ နေအိမ်(၂)အိမ်နှင့် ကား (၁)စီး စုစုပေါင်း သိန်း ( ၂၄၀) ခန့်နှင့် တရုတ်ငွေ ယွမ် (၁၂၈၀၀၀)ယွမ် မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။
ထိုမီးလောင်မှုကို PSLF/TNLA၏ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြည်သူလူထုတို့မှ မီးသတ်ကားနှင့်အတူ ဝိုင်းဝန်းပြီး မီးငြိမ်းသတ်ရာမှ (၃း၄၅)နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၅။ ရန်ကုန် - စလင်း - ဆင်ဖြူကျွန်း ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီ ကားမှ ခရီးသည် ၃ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံရ
စက်တင်ဘာလ ၇ ရက်၊
Radio NUG
ရန်ကုန် - စလင်း - ဆင်ဖြူကျွန်း ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီ ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းဖြင့် လိုက်ပါလာတဲ့ ခရီးသည် ၃ ဦး ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်သူ့ညီနောင် - စလင်း က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်မှ ထွက်လာတဲ့ မိုးသောက်ရောင်နီ ကားပေါ်မှ စလင်းမြို့နယ် ဆင်မာကျွန်း ရွာသား အသက် (၃၂) နှစ်ဝန်းကျင် အမျိုးသား ၁ ဦးဟာ မကွေးကံပြား စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ထို့အပြင် အသက် (၂၅) နှစ်ဝန်းကျင် အရွယ်ရှိ အမျိုးသမီး (၂) ဦးဟာလည်း တောင်ညိုလမ်း စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူ့ခုခံ တွန်းလှန်စစ် (၄) နှစ်တာကာလမှာ စစ်အုပ်စုက မြို့နယ် စုစုပေါင်းရဲ့ (၃၉) ရာခိုင်နှုန်းခန့်သာ စိုးမိုးထား နိုင်တော့တယ်လို့ MOD ထုတ်ပြန်
စက်တင်ဘာလ ၇ ရက်၊
Radio NUG
ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်တာကာလမှာ အကြမ်းဖက်စစ်အုပ်စုက အခြေစိုက်ဌာနချုပ်စခန်း ၁၈၀ ကျော်ကို လက်လွှတ်ထားရပြီး နိုင်ငံတဝှမ်း မြို့နယ် စုစုပေါင်းရဲ့ ၃၉ ရာခိုင်နှုန်း ခန့်ကိုသာ စိုးမိုးထားနိုင်တော့တယ်လို့ MOD က ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၅ ဩဂုတ်လအထိ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က တနိုင်ငံလုံးရှိ မြို့နယ် စုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းကို အပြည့်အဝ စိုးမိုး ထိန်းချုပ်ထားပြီး၊ ၂၄ ရာခိုင်နှုန်းကို ဝိုင်းပတ်ပိတ်ဆို့ ထိန်းချုပ်ထားကာ၊ ၂၁ ရာခိုင်နှုန်းမှာတော့ တော်လှန်စစ်ပွဲများ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
၂၀၂၄ နှစ်ကုန်အထိ တိုင်းစစ်ဌာနချုပ် ၂ ခု၊ ဒကစ ဌာနချုပ် ၁ ခု၊ စကခ ဌာနချုပ် ၅ ခု၊ စစ်ဗျူဟာ အခြေချစခန်း ၆ ခု၊ လေတပ်ဆွယ် ၂ ခု၊ တိုက်ခိုက်ရေး နောက်တန်းစခန်း ၈၆ ခု၊ လက်ရုံး နောက်တန်းစခန်း ၅၄ ခုနဲ့ နယ်ခြားစောင့် စခန်း ၁၇ ခု၊ စုစုပေါင်း အခြေစိုက် ဌာနချုပ်စခန်း (၁၇၃) ခုကို လက်လွှတ်ထားရပြီး ၂၀၂၅ ခုနှစ် အတွင်းမှာတော့ နောက်တန်း တပ်ရင်းဌာနချုပ် (၁၀) ခုကို ထပ်မံလက်လွှတ်ထားရတယ်လို့ ဆိုပါတယ်။
ထို့အပြင် စစ်အုပ်စုဟာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများနဲ့ ဆက်သွယ်သော နယ်စပ်ကုန်သွယ်ရေး မြို့တွေဖြစ်ကြတဲ့ ကန်ပိုက်တီ၊ လိုင်ဇာ၊ လွယ်ဂျယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း(ကြူကုတ်)၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ မယ်စဲ့၊ မောတောင်၊ မောင်တော နဲ့ ရိဒ်ခေါဒါရ် မြို့တို့ကို လက်လွှတ်ထားရပြီး အိန္ဒိယနယ်စပ်ရှိ တမူးမြို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်လျက် ရှိတယ်လို့ သိရပါတယ်။
ထို့အပြင် မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အရှေ့ဘက် တရုတ်နယ်စပ်မှ အနောက်ဘက် အိန္ဒိယနယ်စပ်အထိ သွားလာနိုင်တဲ့ မဟာဗျူဟာ လမ်းပိုင်းများကို တော်လှန်ရေး တပ်များက ထိန်းချုပ်စိုးမိုးထားသလို၊ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း မြစ်ကြီးများရဲ့ အရေးပါတဲ့ အစိတ်အပိုင်းများကို တော်လှန်ရေး တပ်ဖွဲ့များက စိုးမိုးထားပြီး စစ်အုပ်စုရဲ့ ထောက်ပို့စစ်ရေယာဉ်များကို နှစ်စဉ် ပစ်ခတ်နစ်မြုတ် ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ် (၄) နှစ်တာအတွင်း စစ်အုပ်စုရဲ့ လေယာဉ်မျိုးစုံ အစီး (၂၀) ဟာ ပျက်ကျ / ပစ်ချခံရကာ၊ စစ်သား၊ ရဲ၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင် သေဆုံးမှု ခြောက်သောင်းကျော် ရှိခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိမှု နှစ်သောင်းခွဲကျော် ရှိတယ်လို့ ဆိုပါတယ်။
စစ်သည်အင်အား ရှစ်သောင်းကျော်ထိ ပြုန်းတီးခဲ့တဲ့ စစ်အုပ်စုဟာ အဓမ္မ တပ်သားစုဆောင်းမှုမှ ရရှိတဲ့ အင်အားများဖြင့် အင်အားချိနဲ့နေတဲ့ တပ်ရင်းတပ်ဖွဲ့များကို ပြန်လည်ဖြည့်တင်းနေရပြီး တနိုင်ငံလုံး မြို့နယ် ၃၉ ရာခိုင်နှုန်း ခန့်ကိုသာ လက်နက်ဖြင့် စိုးမိုးဖိနှိပ် အုပ်ချုပ်နိုင်တော့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေးကို ရက်ပေါင်း (၅၀၃) ကျော် ဟန့်တားနိုင်ခဲ့ခြင်းက စိတ်ဓါတ်ရေးရာ အောင်နိုင်ခြင်း အမှတ်သင်္ကေတ ဖြစ်ကြောင်း KNU ထုတ်ပြန်
စက်တင်ဘာလ ၇ ရက်၊
Radio NUG
စစ်ကော်မရှင်တပ်က အရင်းမြစ်အားလုံး ထုတ်သုံးခဲ့ရတဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ဆင်ရေး ကို (၅၀၃) ရက်ကျော်ကြာ ဟန့်တားနိုင်ခဲ့ခြင်းဟာ စိတ်ဓါတ်ရေးရာအရ အောင်နိုင်ခြင်း အမှတ်သင်္ကေတ ဖြစ်ကြောင်း KNU က ထုတ်ပြန်ထားပါတယ်။
၂၀၂၄၊ ဧပြီလ ဒုတိယပတ်မှာ စစ်ကော်မရှင်က အောင်ဇေယျ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ကော့ကရိတ်မြို့ အနီးမှာ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ကာ ၂၀ ရက်နေ့ ညပိုင်းမှာ တောနော်ရေတံခွန်ကို ရောက်ရှိလာခဲ့ကာ သံချပ်ကာကားတန်း နှင့်အတူ နာရီပိုင်းအတွင်း မြဝတီကို ချီတက်ရန် ပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
KNLA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြဝတီတံတား အမှတ် (၂) ကို ထိုးစစ်ဆင်နေရာမှ တပ်ရုပ်လိုက်ပြီး ဧပြီလ ၂၁ ရက်နေ့ မနက်အစောပိုင်းမှာ အဆိုပါ သံချပ်ကာကားတန်းကို စတင်ဟန့်တား တိုက်ခိုက်ခဲ့ရာ ရက်ပေါင်း ၅၀၃ ရက်ကြာ ၂၀၂၅ စက်တင်ဘာလ ၅ ရက်နေ့အထိ ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။
တနိုင်ငံလုံးရှိ မြေထုနဲ့ သံယံဇာတ အရင်းအမြစ်များကို နှစ်ပေါင်း (၇၀) ကျော် စိတ်ကြိုက်စီမံကာ လိုအပ်သမျှကို နိုင်ငံတကာက ပံ့ပိုးမှု ရရှိထားတဲ့ စစ်တပ်ရဲ့ နိုင်ငံတော်အဆင့် စစ်ဆင်ရေး ထိုးစစ်ကို ရက်ပေါင်း (၅၀၃+) ပိတ်ဆို့ နိုင်ခဲ့တာဟာ ခံစစ်ရှင် ပြောက်ကျားနည်းဗျူဟာကို ကျော်လွန်ပြီး စိတ်ဓါတ်ရေးရာမှာ ဆီနဲ့ရေ အသွင် ကွာခြားနေပြီဖြစ်ကာ စစ်အောင်နိုင်ခြင်း အမှတ်သင်္ကောတ တစ်ခုကို ရောက်ရှိနေပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ အမြှောက်၊ မစ်ဇိုင်းဒုံးကျည်၊ ဒရုန်း၊ လေကြောင်းပစ်ကူ၊ သာလွန်လက်နက် တပ်ရဲ့ အရင်းအမြစ်အားလုံး ထုတ်သုံးခဲ့ရတဲ့အပြင် စစ်သား မလုံလောက်တာကြောင့် ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ အကျုံးဝင်တဲ့ တပ်သားသစ်တွေ အစားထိုးကာ ဆေးတိုက်ကြွေးပြီး ဒိုင်းအဖြစ် အသုံးချခဲ့ကြောင်း၊ တော်လှန်ရေး တပ်တွေဆီ ရောက်လာတဲ့ စစ်သားတွေဟာ ရက်သတ္တပတ် တစ်ပတ်အထိ ဆေးအာနိသင် မပြယ်ဘဲ ဦးနှောက် ပုံမှန် မဟုတ်နေတာကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံတော်အဆင့် အော်ဇေယျ ထိုးစစ်ကို ပိတ်ဆို့ဟန့်တား နေချိန်အတွင်း ကော့ကရိတ်မှာ အခြေပြုတဲ့ စကခ ၁၂ နှင့် တပ်ရင်းဌာနချုပ်များကို ဝိုင်းပတ်ပိတ်ဆို့ နိုင်ခဲ့သလို တပ်မဟာ (၆) နဲ့ တပ်မဟာ (၇) နယ်မြေက မဆုတ်တမ်း နယ်စပ်ခြေကုတ်စခန်း (၁၈) လုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ၂၀၂၄ နှစ်ဦးပိုင်းမှ စတင်ကာ ၂၀၂၅ ခုနှစ်အတွင်း ခြေကုတ်ခန်းများကို ကွပ်ကဲတဲ့ နည်းဗျူဟာစခန်း (၃) ခု၊ အခြေချ စစ်ဗျူဟာစခန်း (၁) ခု၊ တပ်ရင်းဌာနချုပ်စခန်း (၈) ခုထိ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
သို့ဖြစ်ပါ၍ အာရှလမ်းမကြီး စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့ KNLA/KNDO/PDF/MLA အစရှိတဲ့ တပ်ဖွဲ့ဝင်များနဲ့ အခြားတပ်ဖွဲ့များကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ဗဟို) KNLA စစ်ဌာနချုပ် က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ မူး(မုန်း) မြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံး
စက်တင်ဘာလ ၇ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခွဲ အချိန်မှာ စစ်ကော်မရှင်ရဲ့ ခမရ (၃၅၁) နဲ့ ခလရ (၆၀) တပ်ရင်းတို့က ဖိုးသောင်းစု ကျေးရွာကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းလက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ဖိုးသောင်းစုရွာနေ စောရွှေလူ (၅၅ နှစ်) နဲ့ စောပွေးပွေး (၅၀ နှစ်) တို့ နှစ်ဦး သေဆုံးခဲ့ပြီး အသက် (၅၈) နှစ်အရွယ် စောခင်လှ ဒဏ်ရာရရှိခဲ့ကာ နွား ၂ ကောင်လည်း ထိမှန်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ သပိတ်ကျင်းမှာ စာသင်ကြားရာ နေအိမ်ကို လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦး သေဆုံး၊ ကလေး ၅ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရ
စက်တင်ဘာလ ၇ ရက်၊
Radio NUG
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူ ကျေးရွာမှာ စာသင်ကြားရာ နေအိမ်ကို စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အသက် (၁၀) နှစ်အရွယ် ကလေးငယ် တစ်ဦး အသက်ဆုံးရှုံး ခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန် ထားပါတယ်။
စက်တင်ဘာလ ၇ ရက်၊ နေ့လယ် ၂ နာရီခန့်က ကျောက်ဖြူ ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ်များ စာသင်ကြားနေတဲ့ နေအိမ် တစ်လုံးကို ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၅ ဦး အပါအဝင် အပြစ်မဲပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကော်မရှင်ဟာ အရပ်သား ပစ်မှတ်များဖြစ်ကြတဲ့ ပြည်သူပိုင် နေအိမ်၊ ဆေးရုံနဲ့ စာသင်ကျောင်းများကို မကြာခဏ ဦးတည်တိုက်ခိုက်မှု ပြုလုပ်နေခြင်းဟာ စစ်ရာဇဝတ်မှုမြောက်ပြီး အလွန်အောက်တန်းကျတဲ့ လုပ်ရပ်များ ဖြစ်တယ်လို့ MDY PDF က အသိပေးထားပါတယ်။
========================
🚩🚩 ၅။ ဩဂုတ်လ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း ၂၂ဦး ရှိ
စက်တင်ဘာ ၇
Radio NUG
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၂ ဦး ရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က သတင်းထုတ်ပြန်ထားပါတယ်။
အလင်းဝင်ပူးပေါင်းလာသူများတွင် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်တို့မှ စစ်သား ၁၁ ဦးရှိပြီး ၁၀ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ထို့အတူ တနင်္သာရီတိုင်းမှ ရဲ ၁ ဦးနှင့် မကွေးတိုင်းမှ ပြည်သူ့စစ် ၁ ဦးတို့ အလင်းဝင်ပူးပေါင်းလာတယ်လို့ သိရပါတယ်။
ထို့အပြင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း စစ်သား ၉ ဦးရှိပြီး စစ်ကိုင်းတိုင်းနှင့် တနင်္သာရီတိုင်း တို့မှ ဖြစ်ကာ ၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင်မှ မိုးလုံးပြည့် မုသာဝါဒများဖြင့် ဘက်ပေါင်းစုံမှနေ၍ ဝါဒဖြန့်နေသော်လည်း စကစတပ်ဖွဲ့ဝင်များ၏ အလင်းဝင်၊ လက်နက်ချ အင်အားသည် ယုတ်လျော့သွားခြင်းမရှိဘဲ တနေ့တခြား တိုးပွားလျက်ရှိခြင်းသည် မင်းအောင်လှိုင် ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲအပေါ် အချင်းချင်းကြား၌ပင် အယုံအကြည်မရှိကြကြောင်း ထင်ရှားစေတယ်လို့ ဆိုထားပါတယ်။
တဖက်တွင်လည်း တတိယအကြိမ်ထိုးစစ်လှိုင်းကြီးအတွက် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြင်ဆင်နေချိန်တွင် စစ်ကော်မရှင်၏ အတုအယောင်ပြကွက်များ နောက်ကွယ်၌ အစစ်အမှန်ဘဝများဖြင့် ရင်း၍ မသေမချင်းပေးဆပ်နေခဲ့ကြရသည့် အနာဂတ်မဲ့အောက်ခြေစစ်သည်များအတွက် ပြည်သူ့ဘက် ရပ်တည်ကူးပြောင်းခြင်းသည် နောက်ဆုံးသော ရှင်သန်ခွင့်မျှော်လင့်ချက်တခု ဖြစ်လာနေကြောင်း ပြည်သူ့ပန်းတိုင်က ထပ်လောင်း သတိပေးထားပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ စတုတ္ထပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၂၀၀၄ ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။









No comments:
Post a Comment