၂၀၂၅ စက်တင်ဘာလ ၁၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ စကားကို မယုံဘူးလို့ ဒေါ်အောင်းဆန်းစုကြည်ရဲ့သားဖြစ်သူ တုံ့ပြန်
📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စုံညီအစည်းအဝေးတစ်ရပ်ကျင်းပ
📌 ၃။ ဩဂုတ်လအတွင်းစစ်အုပ်စုရဲ့ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၂၆ အထိသေဆုံးခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း၂၀၀ ကျော်သေဆုံးခဲ့
📌 ၄။ ပဲခူးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၁၉) ဦး စုစုပေါင်း (၂၅) ဦး သေဆုံးခဲ့ပြီးအသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦးပါဝင်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၂ နယ်မြေမှာ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု စစ်သား ၄ ဦးထက်မနည်း သေဆုံး
🚩 ၂။ ဖားကန့်ဒေသတိုက်ပွဲမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ
🚩 ၃။ ဗန်းမော်မြို့တွင်းတိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး တပ်ပြန်ဆုတ်
🚩 ၄။ ကျောက်မဲမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသနေပြည်သူတေရဲ့ စပါးခင်းတွေ ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ စကားကို မယုံဘူးလို့ ဒေါ်အောင်းဆန်းစုကြည်ရဲ့သားဖြစ်သူ တုံ့ပြန်
စက်တင်ဘာလ (၁၀)ရက်
အကြမ်းဖက်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းရဲ့စကားကို မယုံဘူးလို့ ဒေါ်အောင်းဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်းလင်း ခေါ် Kim Aris ကတုံ့ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ကို လွှမ်းမိုးသွားစေဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး သတင်းကို လုပ်ကြံထုတ်လွှင့်တာဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ် ပြောရေးဆိုခွင့်ရှိသူရဲ့ ဇော်မင်းထွန်းက ပြောဆိုခဲ့တာကို ကိုထိန်းလင်း ခေါ် Kim Aris က အခုလို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “မေမေ နေမကောင်းဘူး"ဆိုတာ မမှန်ကန်တဲ့သတင်းလို့ ဆိုတယ်။ ဒါဆိုရင် မေမေ့ ကျန်းမာရေးအခြေအနေ အတိအကျကို အတည်ပြုဖို့ မေမေနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်ကို ကျွန်တော် တောင်းဆိုပါတယ်လို့ ကိုထိန်းလင်း ခေါ် Kim Aris က ဒီနေ့ စက်တင်ဘာ ၁ဝ ရက်မှာ သူရဲ့လူမှုကန်ရက်စာမျက်နှာကနေ အသိပေးထားပါတယ်။
အခုလို ဆက်သွယ်ခွင့်မရှိရင် အကြမ်းဖက်စစ်တပ်ရဲ့ ပြောဆိုချက်ကို လက်ခံယုံကြည်လို့ မရဘူးလို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အထီးကျန်ထားပြီး မိသားစုဝင်တွေ၊ တရားဥပဒေရေးရာဘက်ကသူတွေ၊ ပြင်ပက ဆရာဝန်တွေနဲ့ တွေ့ခွင့်ကို တင်းကျပ်ထားပြီး အခုလို ငြင်းဆိုနေတာကို လုံးဝမလက်ခံနိုင်ဘူးလို့လည်း ကိုထိန်လင်းအပါအဝင် တော်လှန်ရေးအင်အားစုတွေက ဝေဖန်ထောက်ပြထားပါတယ်။
အသက် ၈၀ အရွယ်ရျိနေပြီဖြစ်တဲ့ ကျွန်တော့မေမေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းထောင်အခြေအနေတွေက မေမေ့ရဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ အသေအချာပါ။ မေမေဟာ သူ့ရဲ့အခြေခံ လူ့အခွင့်အရေးတွေကို ပိတ်ဆို့ခံနေရတယ် လို့ ကိုထိန်းလင်းက ဆက်ပြောထားပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှန်တကယ်အခြေအနေကို မြန်မာပြည်သူတွေ မေမေ့ရဲ့ မိသားစုတွေနဲ့ ကမ္ဘာတဝှမ်းက မေမေ့အကြောင်းသိလိုသူတွေ သိခွင့်ရှိတယ်။ မေမေ့မှာလဲ အမှန်တရား၊ လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာနဲ့ နေထိုင်ဖို့ အခွင့်အရေးရှိတယ်။ ဒီအခြေခံအခွင့်အရေးတွေကို ပိတ်ပင်ထားတာဟာ ငြင်းမရတဲ့ ရက်စက်မှုကြီးဖြစ်တယ် လို့လည်း ပြောထားပါတယ်။
ကျွန်တော်ရဲ့ ဖိုးဖိုးက လွတ်လပ်ရေးရဖို့အတွက် သူရဲ့အသက်ကို စွန့်ခဲ့တယ်။ တိုင်းပြည်အတွက် ငြိမ်းချမ်းမှု၊ တိုးတက်မှု၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ ရဖို့ကြိုးစားနေတဲ့ မေမေ့ကို မတရားဖမ်းဆီး ချုပ်နှောင်ထားပြီး ထောင်ထဲမှာ သေဆုံးသွားမှာ မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်းဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်းလင်း ခေါ် Kim Aris က ပြောကြားထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့အသက်အန္တရာယ် အရေးပေါ် စိုးရိမ်တယ်လို့ စက်တင်ဘာ ၅ ရက်နေ့မှာ ကိုထိန်းလင်း ခေါ် Kim Aris က ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက်ပိုင်း တော်လှန်ရေးအသိုင်းအဝိုင်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
========================
📌📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စုံညီအစည်းအဝေးတစ်ရပ်ကျင်းပ
စက်တင်ဘာလ (၁၀)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုံမှန်စုံညီအစည်းအဝေးတစ်ရပ်ကို စက်တင်ဘာလ (၉) ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ နေ့လည် ၁၃:၃၀နာရီအထိ ကျင်းပခဲ့တယ်လို့သိရပါတယ်။
အစည်းအဝေးသို့ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင်များ၊လွှတ်တော်အသီးသီး၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်များစုစုပေါင်း (၁၇၉ ) ဦး တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။
အစည်းအဝေးမှာဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးမှ အဖွဲ့ချုပ်လုပ်ဆောင်နေမှုများကိုရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်သူများမှ အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။
ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပုဗ္ဗသီရိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်တက်ရောက်လာသောကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ လုပ်ဆောင်ချက်အချို့နှင့်စပ်လျဉ်း၍မေးမြန်းချက်များအားဖြေကြားခဲ့ကြောင်းသိရပါတယ်။
========================
📌📌 ၃။ ဩဂုတ်လအတွင်းစစ်အုပ်စုရဲ့ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၂၆ အထိသေဆုံးခဲ့သလို လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း၂၀၀ ကျော်သေဆုံးခဲ့
စက်တင်ဘာလ (၁၀)ရက်
ဩဂုတ်လအတွင်းစစ်အုပ်စုရဲ့ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၂၆ အထိသေဆုံးခဲ့သလို လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၂၂၁ ကြိမ်အထိပြုလုပ်ခဲ့၍ လူပေါင်း၂၀၀ ကျော်သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းစစ်အုပ်စုရဲ့ တရားလက်လွတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၁၂၆ အထိသေဆုံးခဲ့သလို လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၂၂၁ ကြိမ်အထိပြုလုပ်ခဲ့လို့ အပြစ်မဲ့ပြည်သူပေါင်း ၂၈၄ ဦးသေဆုံးခဲ့ပါတယ်။ အလားတူပဲ ပြင်းထန်ဆိုးရွားတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၂၂ ကြိမ်အထိပြုလုပ်ခဲ့ပြီး လူပေါင်း ၂၂၅ ဦးအထိသေဆုံးခဲ့တယ်လို့NUGလူ့အခွင့်ရေးဝန်ကြီးဌာနက စက်တင်ဘာလ(၉)ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လ ဇူလိုင်လမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့တဲ့အပြစ်မဲ့ပြည်သူပေါင်း ၁၂၅ ဦးသေဆုံးခဲ့တာကိုပြန်ကြည့်ရင် တလအတွင်းပြည်သူပေါင်း ၁၀၀ ကို ထပ်မံ အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သက်သေအထောက်အထားတွေနဲ့ အတူ မှတ်တမ်းရယူထားပြီး အရေးယူမှုတွေလုပ်နိုင်ဖို့ တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်နေတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၄။ ပဲခူးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၁၉) ဦး စုစုပေါင်း (၂၅) ဦး သေဆုံးခဲ့ပြီးအသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦးပါဝင်
စက်တင်ဘာလ (၁၀)ရက်
ပဲခူးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၁၉) ဦး စုစုပေါင်း (၂၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦးပါဝင်တယ်လို့ AAPPကထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPမှ ကောက်ယူထားသော သတင်းအချက်အလက် များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ ပဲခူးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၆) ဦးနှင့် အမျိုးသား (၁၉) ဦး စုစုပေါင်း (၂၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် ၁၈ နှစ်အောက်ကလေးငယ် (၆) ဦးပါဝင်တယ်လို့ဆိုပါတယ်။
အဆိုပါ သေဆုံးသူများအနက် (၁၆) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့သည်။ အဆိုပါ ကာလအတွင်း ၎င်းဒေသ၌ အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၅) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။
စက်တင်ဘာလ ၇ ရက်နေ့တွင် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ချင်းစုကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ Paramotor ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကိုချစ်ကောင်းနှင့် Grade-7 ကျောင်းသား မောင်ခန့်ကျော်သူ တို့နှစ်ဦးကို ဗုံးစထိမှန်၍ သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၂ နယ်မြေမှာ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်မှု စစ်သား ၄ ဦးထက်မနည်း သေဆုံး
စက်တင်ဘာလ (၁၀)ရက်
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၂ နယ်မြေမှာ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၄ ဦး ထက်မနည်း သေဆုံးသွားတယ်လို့ KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်အောက်ခံ ကမ်းနီ ကြားဒေကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကမ်းနီ ကြားဒေကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ဩဂုတ်လ ၂၄ မှာတကြိမ် ၂၆နေ့မှာ တကြိမ် Sniper missionအနေနဲ့ အကြမ်းဖက်စစ်သားတွေကို သွားရောက်ပစ်ခတ်ခဲ့ပြီး ဩဂုတ်လ ၃၀ နေ့မှာလဲ ပဒဲကျေးရွာမှာ အခြေချတပ်ဆွဲနေတဲ့ စစ်သားတွေကို Sniper နဲ့ ၉ ချက် သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ စစ်သား ၂ ဦးသေဆုံးပြီးတဦးဒဏ်ရာရသွားတယ်လို့ ကမ်းနီ ကြားဒေကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။
စင်တင်ဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီအချိန်မှာလည်း တောင်ငူ-လိပ်သိုလ် လမ်းမပေါ်မှာရှိတဲ့ သံမိုးတောင်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာမှာ အချိန် ၁ နာရီခန့်ကြာတဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အထိအခိုက်ကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။
ထို့အတူ စက်တင်ဘာလ ၇ ရက်နေ့ကလည်း ဇလဲစခန်းကနေ တောင်ဇလဲရွာဘက် ကင်းလှည့်ထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို ဇလဲစခန်းနဲ့တောင်ဇလဲရွာကြားမှာ ဆီးကြိုတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ သွားတယ်လို့ ကမ်းနီ ကြားဒေကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဖားကန့်ဒေသတိုက်ပွဲမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ
စက်တင်ဘာလ (၁၀)ရက်
ကချင်ပြည်နယ် ဖားကန့်ဒေသမှာဖြစ်နေတဲ့တိုက်ပွဲမှာ အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက် တာတွေလုပ်နေတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ စက်တင်ဘာ ၉ ရက်နေ့က ဖားကန့်မြို့နယ် ရှရော်ခဒေသ ညောင်ပင်ကုန်းကို ချဥ်းကပ်လာတဲ့ အကြမ်းဖက် စစ်တပ်ကို KIA နဲ့ PDF တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို အသိပေးလာတာ ဖြစ်ပါတယ်။
ညောင်ပင်ကုန်းကို ချဥ်းကပ်လာတဲ့ အကြမ်းဖက်စစ်တပ်ကို KIA နဲ့ PDF တွေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက် ချေမှုန်းရာမှာ ရန်သူစစ်သား ၂၀ ခန့် သေဆုံးပြီး ၁၀ ဦးခန့် ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ညောင်ပင်ကုန်းကို ချဥ်းကပ်လာတဲ့ အကြမ်းဖက်စစ်တပ်ကို KIA နဲ့ PDF တွေက လျိုတွေရှိတဲ့နေရာထိ မျှာခေါ်ပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။
အခုလို အထိနာသွားတဲ့အတွက် အကြမ်းဖက်စစ်တပ်ဟာ လေယောဉ်နဲ့ ၂ ကြိမ် ဗုံးကြဲပြီး စစ်သားတွေကို ပစ်ကူးပေးခဲ့တယ် လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
အခုလို လေယာဉ်ပစ်ကူပေးပြီး တိုက်ခိုက်ခဲ့ပေမယ့် သေဆုံးသွားတဲ့ အကြမ်းဖက်စစ်သားအလောင်းတွေကို ဒီနေ့ထိ မကောက်နိုင်သေးဘူးလို့လည်း သိရပါတယ်။
အထိနာနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေရှိတဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဖားကန့်ဒေသက ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
========================
🚩🚩 ၃။ ဗန်းမော်မြို့တွင်းတိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး တပ်ပြန်ဆုတ်
စက်တင်ဘာလ (၁၀)ရက်
ကချင်ပြည်နယ် ဗန်းမော်မြို့တွင်းတိုက်ပွဲမှာ စစ်တပ်ဘက်က တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမော်မြို့မှာရှိတဲ့ သံချပ်ကာတပ်ရင်းဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းကို KIA နဲ့ပူးပေါင်းတပ်တွေ ပူးပေါင်း ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က တပ်ရင်းမှူးတဦးအပါအဝင် သေဆုံးမှုတွေရှိပြီး အခြားတပ်ရင်းမှူးတဦးကတော့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကနေ သီသီလေး လွတ်မြောက်သွားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တဦးက အသိပေးပါတယ်။
အခုရက်ပိုင်း ဗန်းမော်မြို့မှာ တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေတာရှိပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပေမယ့် စစ်တပ်ဘက်က အထိနာသွားကြောင့် စစ်တပ်စစ်ကြောင်းတွေ စကခ ၂၁ ဌာနချုပ်ကို ပြန်လည် ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၈ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲမှာဆိုရင် စစ်တပ်ဘက်က သေဆုံးမှုတွေများပြီး စစ်သားအလောင်းများအပြင် MA Series လက်နက်တွေအပါအဝင် စက်သေနတ်နဲ့ ၇၉ မမ လောင်ချာနဲ့ ကျည်ဆန်တွေ KIA နဲ့ပူးပေါင်းတပ်တွေ သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
KIA နဲ့ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာကစပြီးဖော်ဆောင်ခဲ့ရာ စစ်တပ်ဘက်က မြို့ မကျရေး လေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေတာကြောင့် အခုနှစ် စက်တင်ဘာလအထိ ၁၀ လနီးပါး ကြာတဲ့အထိ မသိမ်းနိုင်သေးဘဲ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။
========================
🚩🚩 ၄။ ကျောက်မဲမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသနေပြည်သူတေရဲ့ စပါးခင်းတွေ ပျက်စီး
စက်တင်ဘာလ (၁၀)ရက်
ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ ၂ နယ်မြေမှာရှိတဲ့ ကျောက်မဲမြို့နယ်ထဲက နမ့်ဟူးတောင်းအုပ်စု လွယ်ခေါ်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၃ လုံးနဲ့ အသေခံဒရုန်းသုံးပြီး ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူတွေရဲ့ လယ်ယာစပါးခင်းတွေ ထိခိုက်ပျက်စီးသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
မနေ့ စက်တင်ဘာ ၉ ရက် မနက်အစောပိုင်း ၁၂ နာရီ ၃၁ မိနစ်အချိန်မှာ လေကြောင်းကနေ ဗုံး ၃ လုံး၊ ၁၂ နာရီ ၅၀ မိနစ် အချိန်မှာ အသေခံဒရုန်းနဲ့ ဗုံး ၂ လုံးအသုံးပြုပြီး စစ်တပ်က လွယ်ခေါ်ကျေးရွာက ပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခဲ့ကြောင့် စပါးခင်းတွေ ထိခိုက်ပျက်စီးခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၆ ရက်နေ့ကလည်း ကျောက်မဲမြို့ မြောက်ကုန်းရပ်ကွက်ကို လေကြောင်းကနေ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်အိမ် ၅ လုံး ဗုံးစထိမှန်ပျက်စီးတယ်လို့ သိရပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် မိဘပြည်သူများအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိနေဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ကြဖို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment