၂၀၂၅ စက်တင်ဘာလ ၂၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သံဃသမဂ္ဂ - မန္တလေး ကြေညာ
📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကျင်းပမည်
📌 ၃။ စစ်ဘက်ဆိုင်ရာကျင့်ဝတ်ချိုးဖောက်မှုတွေ ရှိလာခဲ့ရင် ပြည်သူလူထုကနေ တိုင်ကြားနိုင်ဖို့တိုင်ကြားရေးယန္တရားတွေဖွင့်လှစ်ထားကြောင်းNUGလူ့အခွင့်ရေးဝန်ကြီးဌာနအသိပေးကြေညာ
📌 ၄။ ကချင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၇) ဦးနှင့် အမျိုးသား (၉) ဦး စုစုပေါင်း (၁၆) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦး ပါဝင်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ လေးကေ့ကော်မြို့သစ်တိုက်ပွဲမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲ
🚩 ၂။ ခင်ဦး-ရွှေဘိုနယ်အစပ်က တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေ မြေမြုပ်သင်္ဂြိုဟ်ပေး
🚩 ၃။ ကျောက်မဲ ပင်ပေါရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရ
🚩 ၄။ ကျောက်မဲနဲ့သီပေါမြို့ မှာ စစ်တပ် စရဖ နဲ့ စစ်တပ်သတင်းပေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သံဃသမဂ္ဂ - မန္တလေး ကြေညာ
စက်တင်ဘာလ (၂၅ )ရက်
သံဃသမဂ္ဂ - မန္တလေးအဖွဲ့အနေနဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ စိတ်ဓာတ်ကို ဆုပ်ကိုင်ရင်း နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဒီနေ့ စက်တင်ဘာ ၂၅ မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
၂၀၀၇ ကဖြစ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ၁၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သံဃသမဂ္ဂ - မန္တလေးက သူတို့ရဲ့
သဘောထားကို ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ သံဃာတော်တွေနဲ့ ပြည်သူလူထုရဲ့ ရဲဝံ့တဲ့ စိတ်ဓာတ်နဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို ဂုဏ်ပြု အမှတ်ရနေမယ်လို့လည်း မိန့်ဆိုထားပါတယ်။
ဒီ ရွှေဝါရောင်တော်လှန်ရေးဟာ မြန်မာ့သမိုင်းမှာ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီဆန္ဒ စတာတွေ ပြတ်သားစွာ ထုတ်ဖော်ခဲ့တဲ့ မီးရှူးတန်ဆောင်တခုဖြစ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာလက စီးပွားရေးအကျပ်အတည်းနဲ့ မတရားဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ သံဃာတော်တွေ ဦးဆောင်ပြီး ပြည်သူထောင်ပေါင်းများစွာဟာ ပခုက္ကူ၊ မန္တလေး၊ ရန်ကုန်နဲ့ အခြားမြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြခဲ့ရာက ရွှေဝါရောင်တော်လှန်ရေး ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ရွှေဝါရောင်သင်္ကန်းတွေဝတ်ဆင်ထားတဲ့ သံဃာတော်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကို စစ်အာဏာ ရှင်အဖွဲ့တွေက အကြမ်းဖက်ဖြိုခွဲတာကြောင့် သံဃာတော်တွေနဲ့ ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရပြီး ထောင်ပေါင်းများစွာ ဖမ်းဆီးခံခဲ့ရတာတွေ ခုချိန်ထိ စွဲထင်နေဆဲလို့ သံဃသမဂ္ဂ - မန္တလေးအဖွဲ့က မိန့်ပါတယ်။
လက်ရှိ နွေဦးတော်လှန်ရေးဟာလည်း မြန်မာပြည်သူတွေ လွတ်လပ်ရေးနဲ့ တရားမျှတမှုအတွက် ဆက်လက်တိုက်ပွဲဝင်နေ တဲ့ မီးရှူးတန်ဆောင်တခုဖြစ်တဲ့အတွက် သံဃသမဂ္ဂ - မန္တလေး အဖွဲ့အနေနဲ့ ရွှေဝါရောင်စိတ်ဓာတ်ကို ဆုပ်ကိုင်ပြီး နွေဦးတော်လှန်ရေး အောင်မြင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ သံဃာတော်တွေနဲ့ ပြည်သူလူထုရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ အလဟဿမဖြစ်စေ ဖို့နဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဒီမိုကရေစီအစိုးရတရပ် ထူထောင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တာ ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက အားပေးထောက်ခံခဲ့သလို နွေဦး တော်လှန်ရေးမှာလည်း ပံ့ပိုးကူညီပေးဖို့ သံဃသမဂ္ဂ - မန္တလေး အဖွဲ့က တောင်းဆိုထားပါတယ်။
========================
📌📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား ကျင်းပမည်
စက်တင်ဘာလ (၂၅ )ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျရောက်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၃၇ နှစ်မြောက် အထိမ်းအမှတ်အဖြစ် အခမ်းအနားတစ်ရပ်ကို Zoom မှတဆင့် ကျင်းပမည်ဖြစ်ကြောင်းသိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ကြီးမှ ပေါက်ဖွားလာခဲ့သောပါတီ ဖြစ်ပြီး ယခုအခါ ၃၇ နှစ် တိုင်ခဲ့ပြီဖြစ်ပါတယ်။
ယခုနှစ်တွင်ကျရောက်မည့် ၃၇ နှစ်မြောက်အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး အား နိုင်ငံရေးရည်မှန်းချက်ထားပြီးကျင်းပမည်ဖြစ်ကြောင်းသိရှိရပါတယ်။
========================
📌📌 ၃။ စစ်ဘက်ဆိုင်ရာကျင့်ဝတ်ချိုးဖောက်မှုတွေ ရှိလာခဲ့ရင် ပြည်သူလူထုကနေ တိုင်ကြားနိုင်ဖို့တိုင်ကြားရေးယန္တရားတွေဖွင့်လှစ်ထားကြောင်းNUGလူ့အခွင့်ရေးဝန်ကြီးဌာနအသိပေးကြေညာ
စက်တင်ဘာလ (၂၅ )ရက်
စစ်ဘက်ဆိုင်ရာကျင့်ဝတ်ချိုးဖောက်မှုတွေ ရှိလာခဲ့ရင် ပြည်သူလူထုကနေ တိုင်ကြားနိုင်ဖို့တိုင်ကြားရေးယန္တရားတွေ ဖွင့်လှစ်ထားကြောင်း NUGလူ့အခွင့်ရေးဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်တွေလိုက်နာရမယ့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာ အရပ်သားပြည်သူတွေနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက်တွေလည်းပါဝင်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ တိုက်ပွဲဝင်ရတယ့် ရည်ရွယ်ချက်တွေထဲမှာဆိုရင် မတရားမှုကိုလက်မခံလိုခြင်းနဲ့ ကိုယ့်ပြည်သူကို ကာကွယ်ခြင်းတွေဟာ ရေသောက်မြစ်အဖြစ်ပါဝင်တဲ့အချက်တွေဖြစ်ပါတယ်။ အရပ်သားပြည်သူတွေအပေါ် လူသားဆန်မှုနဲ့လေးစားစွာဆက်ဆံရမှာဖြစ်ပြီး အရပ်သားပြည်တွေအပေါ် ဖိနှိပ်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေမလုပ်ဖို့ စတဲ့အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအလေးပေးထည့်သွင်းထားပါတယ်။လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ဒီစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို လိုက်နာနိုင်ဖို့အတွက် မြေပြင်မှာ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ခံတွေကနေ စဉ်ဆက်မပြတ် ပညာပေးပို့ချမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ကျင့်ဝတ်ချိုးဖောက်မှုတွေ ရှိလာခဲ့ရင်လည်း ပြည်သူလူထုကနေ တိုင်ကြားနိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေ တိုင်ကြားနိုင်ဖို့ တိုင်ကြားရေးယန္တရားတွေကိုပါ ဖွင့်လှစ်ထားပါတယ်"လို့ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲက အရပ်သားပြည်သူနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေကို ဝဘ်ဆိုဒ် (link) ကနေတဆင့်အပြည့်အစုံ download ရယူ ကြည့်ရှုနိုင်တဲ့ ပိုစတာတွေရှိတယ်လို့သိရပါတယ်။
========================
📌📌 ၄။ ကချင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၇) ဦးနှင့် အမျိုးသား (၉) ဦး စုစုပေါင်း (၁၆) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦး ပါဝင်
စက်တင်ဘာလ (၂၅ )ရက်
ကချင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၇) ဦးနှင့် အမျိုးသား (၉) ဦး စုစုပေါင်း (၁၆) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦး ပါဝင်တယ်လို့ AAPPက သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ဇူလိုင်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ကချင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၇) ဦးနှင့် အမျိုးသား (၉) ဦး စုစုပေါင်း (၁၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦး ပါဝင်တယ်လို့သိရပါတယ်။
အဆိုပါသေဆုံးသူများအနက် (၁၂) ဦးမှာ စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၄) ဦးမှာ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပါတယ်။
၎င်းဒေသ၌ အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၂၇) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
စက်တင်ဘာလ ၂၂ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်အချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ ကျောက်သွေးတောင်ကျေးရွာကို ဖားကန့်မြို့ဗျုဟာကုန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ Paramotor များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကိုကျော်စိုးနှင့် သားဖြစ်သူ မောင်ထူးထူးစံတို့သားအဖနှစ်ဦးကို ဗုံးစထိမှန်၍ သေဆုံးခဲ့ရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ လေးကေ့ကော်မြို့သစ်တိုက်ပွဲမှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည် ထိုင်းဘက် ကျရောက်ပေါက်ကွဲ
စက်တင်ဘာလ (၂၅ )ရက်
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေရာမှာ စစ်တပ်က ပစ်တဲ့ လက်နက်ကြီးကျည်တလုံး ထိုင်းဘက်ကို စက်တင်ဘာ ၂၄ ရက်နေ့က ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၂ဝ ရက်နေ့ကစပြီး လေးကေကော်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ဒီနေ့ စက်တင်ဘာ ၂၅ အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ စစ်ရေးသတင်းတွေကလည်း ဆိုပါတယ်။
အခုလို တိုက်ပွဲတွေပြင်းထန်နေတာကြောင့် လက်နက်ကြီးပစ်ခတ်သံတွေ နေရော ညပါ ကြားနေရတယ်လို့ မဲဆောက်ကို ရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေက ပြောပါတယ်။
စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုတွေမရှိပေမယ့် အာဏာသိမ်းစစ်တပ်ကို ထိုင်းစစ်တပ်က ကန့်ကွက်စာပို့ထားတယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
မြန်မာဘက်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထိုင်းစစ်တပ်ဟာ နယ်စပ်ဒေသမှာ လုံခြုံရေးတိုးမြင့်ထားပြီး ၂၄ နာရီ ပတ်လုံး စောင့်ကြည့်နေတယ်လို့လည်း သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ လေးကေ့ကော်မြို့ဘက်ကို အကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာ ၂၃ ရက်ကစပြီး စစ်ကြောင်း ၅ ကြောင်း နဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မခေါ်ဆောင်ထားတဲ့ ပြည်သူ့စစ်တပ်သားသစ်တွေကို မူးယစ်ဆေးတွေ ကျွေးပြီး ရှေ့ကနေတိုက်ခိုင်းနေတာကြောင့် သေဆုံးတာနဲ့ ဒဏ်ရာရသူတွေများနေတယ်လို့လည်း စစ်ရေးသတင်းတွေအရ သိရပါတယ်။
========================
🚩🚩 ၂။ ခင်ဦး-ရွှေဘိုနယ်အစပ်က တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေ မြေမြုပ်သင်္ဂြိုဟ်ပေး
စက်တင်ဘာလ (၂၅ )ရက်
စစ်ကိုင်းတိုင်း ခင်ဦး-ရွှေဘိုနယ်အစပ်က တိုက်ပွဲဖြစ်နေရာကို တော်လှန်ရေးအင်အားစုတွေ နယ်မြေရှင်းလင်းရေး လုပ်ချိန်မှာ တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေဘက်က မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ စက်တင်ဘာ ၂၅ မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်လာတဲ့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို စစ်တင်ဘာ ၂၂ ရက်က ခင်ဦး - ရွှေဘို နယ်အစပ်မှာ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး ကြားဖြတ် ပိတ်ဆို့တိုက်ခိုက်ရာမှာ သေဆုံးသွားတဲ့ စစ်သားတွေကို တော်လှန်ရေးအင်အားစုတွေက မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့တာလို့ နားလည်ရပါတယ်။
အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်တပ်ဘက်က ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူနဲ့ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် စစ်သားတွေ အများအပြား သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိသလို ၂ ဦး အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများပေမယ့် တော်လှန်ရေးအင်အားစုတွေဘက်က ထိခိုက်မှုမရှိတဲ့အပြင် ရန်သူ စစ်သားတွေကိုင်တဲ့ လက်နက်တွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေး ထားပါတယ်။
တိုက်ပွဲပြီးတဲ့နောက် တော်လှန်ရေးအင်အားစုတွေဟာ စက်တင်ဘာ ၂၃ ရက်နေ့မှာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်နဲ့ ဗိုလ်ကြီးအဆင့် အပါအဝင် သေဆုံးစစ်သားအလောင်းတွေကို သင့်တော်တဲ့ နေရာတွေမှာ မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့သလို ဒဏ်ရာရထားတဲ့ သုံ့ပန်းတွေကို ဆေးကုသပေးထားပြီး စစ်ဘက်နဲ့ဆိုင်တဲ့ သက်ဆိုင်ရာဌာနတွေမှာ ထိန်းသိမ်းထားတယ်လို့ ခင်ဦးမြို့နယ် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ကျောက်မဲ ပင်ပေါရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်တာကြောင့် အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရ
စက်တင်ဘာလ (၂၅ )ရက်
ရှမ်းမြောက်ဒေသ တအာင်း တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ် ပင်ပေါကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက် ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ် TNLA က ဒီနေ့ စက်တင်ဘာ ၂၅ မှာ ထုတ်ပြန်လာပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ပင်ပေါကျေးရွာအတွင်းကို စက်တင်ဘာ ၂၃ ရက်နေ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးဆန်လွင်ဆိုသူ ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ဇနီးဖြစ်သူ ဒေါ်နီနီနဲ့ သမီးဖြစ်သူ မဆုနဒီလွင်တို့ ဒဏ်ရာရ သွားတယ်လို့ ဆိုပါတယ်။
ထို့အတူ မနေ့ စက်တင်ဘာ ၂၄ မှာလည်း စစ်တပ်က ကျောက်မဲမြို့နယ် မိုင်းတင်းအုပ်စု ပင်တီးကျေးရွာကို လေကြောင်းက နေ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်နဲ့ ဆွမ်းစားဆောင်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် နမ့်ဆော့ကျေးရွာကိုလည်း ပေါင် ၂၅၀ ဗုံး တလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလူထု စိုက်ပျိုးထားတဲ့ ပြောင်းဖူးခြံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က အသိပေးပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေရာမှာ အခု စက်တင်ဘာလအတွင်း ကျောက်မဲ မြို့နယ်ကို ၆ ကြိမ်၊ သီပေါမြိုနယ်ကို တကြိမ်၊ မိုးကုတ်မြို့နယ်ကို ၂ ကြိမ် စုစုပေါင်း ဗုံး ၂၁ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ တာကြောင့် အမျိုးသားတဦးသေဆုံးပြီး အမျိုးသားတဦး၊ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိက အိမ် ၁၉ လုံး၊ စာသင်ကျောင်း တကျောင်း၊ ဘုန်းကြီးကျောင်း တကျောင်းနဲ့ ကားတစီး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိနေဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၄။ ကျောက်မဲနဲ့သီပေါမြို့ မှာ စစ်တပ် စရဖ နဲ့ စစ်တပ်သတင်းပေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA ပြော
စက်တင်ဘာလ (၂၅ )ရက်
ရှမ်းမြောက်ဒေသ ကျောက်မဲနဲ့ သီပေါမြို့တို့မှာ သတင်းယူဖို့လွှတ်ထားတဲ့ အကြမ်းဖက်စစ်တပ် စစ်ဘက်ရေးရာလုံခြုံရေး တပ်ဖွဲ့ - စရဖ နဲ့ စစ်တပ်သတင်းပေး ၁၀ ဦးထက်မနည်း ဖမ်းဆီးရမိထားတယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ စက်တင်ဘာ ၂၅ မှာ ထုတ်ပြန်လာပါတယ်။
အကြမ်းဖက်စစ်တပ်က သတင်းယူဖို့လွှတ်ထားတဲ့ စရဖတွေနဲ့ စစ်တပ်သတင်းပေးတွေကို တအာင်း မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဌာန ဆိုင်ရာအဖွဲ့တွေ ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုတွေ ဆောင်ရွက်ချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
သူတို့ဟာ လားရှိုးမြို့မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ကဖြစ်ပြီး ပလောင်ပြည်နယ်လွတ်မြောက်လွတ်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ မြို့နယ်တွေက TNLA ဂိတ်နေရာတွေ၊ ဂိတ်မှာရှိတဲ့ လူအင်အား၊ လက်နက်အင်အား၊ ဌာနဆိုင်ရာအင်အား၊ တပ်စခန်းနေရာတွေ၊ လူစုလူဝေးတဲ့နေရာတွေအကြောင်း သတင်းရယူတဲ့အပြင် လေကြောင်းတိုက်ခိုက်မှု လုပ်ပြီးနောက် ထိရောက်မှုရှိမရှိ စတာတွေ စုံစမ်းထောက်လှမ်းရယူခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် စရဖနဲ့ စစ်တပ်သတင်းပေးတွေဟာ အကြမ်းဖက်စစ်တပ် စစ်ကြောင်း အလွယ်တကူဝင်ရောက်နိုင်မယ်လမ်းနဲ့ ထောက်ပို့လမ်းကြောင်း အခြေအနေတွေကို အဓိကထောက်လှမ်းပြီး သတင်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။
ဒီ စရဖနဲ့ စစ်တပ်သတင်းပေးတွေဟာ ကျောက်မဲနဲ့ သီပေါမြို့အတွင်းကို လမ်းလျောက်ပြီးဝင်လာတာရှိသလို ဆိုင်ကယ်တွေ လိုင်းကားတွေ အိမ်စီးကားတွေနဲ့ ဝင်လာကြသူတွေဖြစ်ပြီး သူဌေးယောင်ဆောင်တာ၊ သူတောင်းစားယောင်ဆောင်တာ၊ ခရီးသွားယောင်ဆောင်တဲ့ စတဲ့ပုံစံတွေနဲ့ ဝင်ရောက်လာပြီး သတင်းတွေ ထောက်လှမ်းရယူခဲ့တယ်လို့ PSLF/TNLA သတင်း နှင့် ပြန်ကြားရေးဌာန မှတ်တမ်းအရ သိရပါတယ်။
သူတို့ဟာ အချင်းချင်း ဆက်သွယ်ရာမှာ လက်ဟန်အမူအရာအပြင် လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နဲ့ လူရှင်းတဲ့ နေရာတွေမှာ လူချင်းတွေ့ပြီး တဦးနဲ့တဦး အပြန်လှန်သတင်းပေးပြီး စစ်တပ်ကို အွန်းလိုင်းပလက်ဖောင်းတွေဖြစ်တဲ့ Viber၊ Facebook၊ Wechat၊ Telegram ကနေ သတင်းပေးပို့ခဲ့ကြတယ်လို့ ဆိုပါတယ်။
တအာင်းတပ်တွေထိန်းချုပ်သိမ်းပိုက်ထားတဲ့ အခြားမြို့နယ်တွေကိုလည်း အကြမ်းဖက်စစ်တပ်က စစ်ဘက်ရေးရာလုံခြုံရေး အဖွဲ့တွေ စေလွှတ်ထားတယ်လို့ PSLF/TNLA သတင်း နှင့် ပြန်ကြားရေးဌာနက ပြောပါတယ်။
လက်ရှိမှာ ဖမ်းဆီးရမိတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ - စရဖ နဲ့ စစ်တပ်သတင်းပေးတွေကို လုံခြုံစိတ်ချရတဲ့နေရာမှာ ကောင်းမွန်စွာထိန်းသိမ်း စစ်ဆေးနေပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်မယ်ဆိုရင် တအာင်းပြည် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ တအာင်းတပ်မတော် TNLA က ထုတ်ပြန်ကြေညာထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment