၂၀၂၅ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တရားရေး ဝန်ကြီးဌာနနှင့် မြို့နယ် အကျဉ်းထောင် တာဝန်ခံများ၊ အကျဉ်းသား ထိန်းသိမ်းရေး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒုတိယဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်
📌 ၃။ ဂန့်ဂေါမှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာကွယ်ရေးဆိုင်ရာ (WCP) သင်တန်းများ ပြန်လည်စတင်
📌 ၄။ နတ်မောက်မြို့နယ်တွင် နှစ် ၆၀ အတွင်း ဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားပြီး မိသားစု ၆ ဦး သေဆုံး
📌 ၅။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမေရိကန်အိမ်ဖြူတော်ရှေ့တွင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်တပ်စစ်ကြောင်းထိုးရာ နေရာများနှင့် နီးစပ်သော ကျေးရွာများ လုံခြုံရေးသတိရှိကြရန်နှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် KNDF အသိပေး
🚩 ၂။ သရက်ချောင်း ဒေသခံ အဖွားအို တဦးအား စစ်ကော်မရှင်တပ်က အဓမ္မ ပြုကျင့်ခဲ့
🚩 ၃။ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းရွာက စစ်တပ်ထောက်တိုင် ရာအိမ်မှူး တဦးကို ပစ်ခတ်ရှင်းလင်း
🚩 ၄။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - KKG ရဲဘော် (၂) ဦး CDF KKG Major Operation အတွင်း ကျဆုံးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တရားရေး ဝန်ကြီးဌာနနှင့် မြို့နယ် အကျဉ်းထောင် တာဝန်ခံများ၊ အကျဉ်းသား ထိန်းသိမ်းရေး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး
စက်တင်ဘာလ ၂၈ ရက်၊
Radio NUG
အမျိုးသား ညီညွတ်ရေးအစိုးရ၊ တရားရေး ဝန်ကြီးဌာနနှင့် မြို့နယ် အကျဉ်းထောင် တာဝန်ခံများ၊ အကျဉ်းသား ထိန်သိမ်းရေး တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး (၂/၂၀၂၅) ကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁၅ ရက်၊ မနက် ၁၀ နာရီအချိန်မှာ ကျင်းပခဲ့တဲ့ အဆိုပါ အစည်းအဝေးကို တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ် ဦးအားမာန် ၊ အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးမျိုးအောင်၊ တရားရေး ဝန်ကြီးဌာန၊ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဂျိုးဇက်၊ အကျဥ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသုတ၊ ရုံးအဖွဲ့မှူး ဦးကျော်ကျော်နှင့် ရုံးအဖွဲ့ဝင်များ၊ မြေပြင် ဆက်သွယ်ရေး တာဝန်ခံများ၊ မြို့နယ် (၁၆) မြို့နယ်မှ အကျဉ်းထောင် တာဝန်ခံများ၊ အကျဉ်းသားထိန်းသိမ်းရေး တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးတွင် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် အကျဉ်းထောင် တာဝန်ခံများ၊ အကျဉ်းသားထိန်းသိမ်းရေး တာဝန်ရှိသူများရဲ့ ကြိုတင်မေးမြန်းချက်များ အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်း၊ အထွေထွေ ဆွေးနွေးခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် အစည်းအဝေးဆုံးဖြတ်ချက်များနဲ့ ရှေ့လုပ်ငန်းစဉ်ချမှတ်ခြင်းတို့ကို ပြည်ထောင်စုဝန်ကြီးမှ အတည်ပြုပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးကို မြန်မာစံတော်ချိန် ၁၁ နာရီ ၆ မိနစ်မှာ ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒုတိယဝန်ကြီး ဦးချစ်ထွန်း ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း NUG ထုတ်ပြန်
စက်တင်ဘာ ၂၈
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်း (မာခူးအီချစ်ထွန်း) သည် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်က ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း NUG က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထိုဆုံးရှုံးမှုသည် ကရင်နီပြည်သူများနှင့် တော်လှန်ရေးအင်အားစုများအတွက် ကြီးစွာသော ထိခိုက်မှုတစ်ရပ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဦးချစ်ထွန်းသည် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) ၏ ဗဟိုကော်မတီဝင်တစ်ဦးအဖြစ် ၁၉၉၂ ခုနှစ်မှစတင်ကာ စစ်ရေး၊ နိုင်ငံရေးနှင့် ဆက်ဆံရေးဆိုင်ရာ တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်မှစ၍ NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ဦးဆောင်ဆောင်ရွက်ခဲ့ပါတယ်။
NUG ၏ ထုတ်ပြန်ချက်တွင် ဦးချစ်ထွန်း၏ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ပြုထောပနာပြုထားပြီး၊ ၎င်း၏ ဆုံးရှုံးမှုသည် ကရင်နီပြည်သူများသာမက ဖက်ဒရယ်ပန်းတိုင်ကို ရှေ့ရှုထားသည့် တော်လှန်ရေးအင်အားစုများအားလုံးအတွက် ကြီးလေးသော ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှလည်း ဦးချစ်ထွန်း၏ တော်လှန်ရေးအတွက် ပေးဆပ်မှုများကို လေးမြတ်စွာ မှတ်တမ်းတင်ကာ ၎င်း၏ မပြီးဆုံးသေးသည့် ရည်မှန်းချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် ကတိပြုထားပါတယ်။
ထို့အပြင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကလည်း ဦးချစ်ထွန်း၏ ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရသည် ဦးချစ်ထွန်း၏ ရည်မှန်းချက်ဖြစ်သည့် တရားမျှတ၊ လွတ်လပ်ပြီး တန်းတူညီမျှသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကတိပြုထားပါတယ်။
========================
📌📌 ၃။ ဂန့်ဂေါမှာ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေကို ကာကွယ်ရေးဆိုင်ရာ (WCP) သင်တန်းများ ပြန်လည်စတင်
စက်တင်ဘာလ ၂၈ ရက်၊
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာရှိတဲ့ ဒေသခံ ပြည်သူတွေအတွက် အမျိုးသမီး၊ ကလေးသူငယ်နဲ့ ဂျန်တာအခြေပြု အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုများ ဖော်ဆောင်နိုင်ရန် အသိပညာပေးဆွေးနွေးတဲ့ သင်တန်းကို ယခုနှစ် စက်တင်ဘာလထဲမှာ ပြန်လည်စတင်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ယခုလို သင်တန်းတွေ ပြန်လည်ပို့ချနိုင်ဖို့ မြေပြင်က ရေးရာတာဝန်ခံတွေကို ၂၀၂၄ မှာ တကြိမ်၊ ၂၀၂၅ မှာ တကြိမ် နည်းပြသင်တန်းတွေ ပို့ချပေးခဲ့ပြီး အခုလို နောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေ ပြုလုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်မှာ ပြုလုပ်တဲ့ သင်တန်းကိုတော့ အမျိုးသမီး လူ့အခွင့်အရေး တာဝန်ခံ တဦးက ဦးဆောင်သင်ကြား ဆွေးနွေးခဲ့တာ ဖြစ်ပြီး လူငယ် အမျိုးသား၊ အမျိုးသမီး ၃၄ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သင်တန်းတွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်း နဲ့ မဖွယ်မရာ ပြုခြင်းဆိုင်ရာ အကာအကွယ်ပေးရေး မူဝါဒ (Prevention of Sexual Harassment, Exploitation and Abuse - PSHEA) အပါအဝင် လူ့အခွင့်အရေး အခြေခံအချက်အလက်များ၊ စည်းမျဉ်းစည်းကမ်းများ၊ ကလေးသူငယ် အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများ၊ ဂျန်ဒါတန်းတူညီမျှရေး အကြောင်းအရာများကို အဓိကထား ပို့ချခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ဂျန်ဒါတန်းတူညီမျှမှုရရှိပြီး လိင်အခြေပြုခွဲခြားမှု အကြမ်းဖက်မှုတွေပပျောက်ကာ တန်းတူအခွင့်အရေး ရရှိဖို့၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းတွေ ရရှိဖို့ စတဲ့ အချက်တွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ နတ်မောက်မြို့နယ်တွင် နှစ် ၆၀ အတွင်း ဆိုးရွားဆုံး ရေကြီးမှုဖြစ်ပွားပြီး မိသားစု ၆ ဦး သေဆုံး
စက်တင်ဘာ ၂၈
Radio NUG
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ဆည်ကျိုးပေါက်မှုကြောင့် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ယင်းချောင်းတလျှောက်ရှိ အနိမ့်ပိုင်းဒေသများဖြစ်သည့် နတ်မောက်မြို့ပေါ်ရပ်ကွက်များ၊ လေးအိမ်ရွာ၊ မယ်ဇလီပင်ရွာတို့တွင် ရေကြီးမှုများ ဖြစ်ပွားနေပြီး၊ အထူးသဖြင့် မယ်ဇလီပင်ရွာအနီးရှိ အောင်ပန်းကျွန်းဆည် ကျိုးပေါက်ခဲ့မှုကြောင့် စက်တင်ဘာလ ၂၈ ရက် မနက် ၂ နာရီကျော်ခန့်တွင် ချောင်းဘေးနေအိမ် ၂ လုံး ရေစီးနှင့် မျောပါကာ မိသားစု ၆ ဦး သေဆုံးခဲ့သည်ဟု မယ်ဇလီပင်ရွာမှ ဆရာတော် အရှင်ဂန္ဓမာက ပြောကြားထားပါတယ်။
နတ်မောက်မြို့ပေါ်ရှိ စျေးရပ်ကွက်၊ အောင်ဆန်းရပ်ကွက်၊ ကံကြီးနှင့် ရန်အောင်မြင်ရပ်ကွက်များတွင်လည်း လူတစ်ရပ်နီးပါး ရေမြုပ်နေတယ်လို့ သိရပါတယ်။
ရေကြီးမှုကြောင့် နတ်မောက်မြို့နယ်အတွင်း စပါးစိုက်ခင်း၊ ဝါ၊ နှမ်းကြီး၊ နေကြာနှင့် ပဲနောက်ကျ သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုများ ရှိနေပြီး မိုးသည်းထန်စွာ ရွာသွန်းမှုသည် ၄ ရက်မြောက်သို့ ရောက်ရှိနေပြီး၊ ဆည်ကျိုးမှုနှင့် ချောင်းရေလျှံမှုတို့ ပိုမိုဆိုးရွားနေတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အမေရိကန်အိမ်ဖြူတော်ရှေ့တွင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ
စက်တင်ဘာ ၂၈
Radio NUG
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် စစ်ကောင်စီ၏ အတုယောင်ရွေးကောက်ပွဲကို လက်မခံကြောင်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်ရှေ့နှင့် တရုတ်သံရုံးရှေ့တွင် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများက စက်တင်ဘာလ ၂၆ နှင့် ၂၇ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံထားရပြီး ကျန်းမာရေးမကောင်းဘူးလို့ ကြားရတာကြောင့် စိုးရိမ်မိပြီး အမြန်ဆုံး လွှတ်ပေးဖို့ မြန်မာပြည်သူတွေအတွက် အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြနေတာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီ၏ အတုယောင်ရွေးကောက်ပွဲကို ထောက်ခံကူညီမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ခြင်းသည် ရန်သူဖြစ်သွားပြီဖြစ်ကြောင်း ထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲကို Women For Myanmar, D.C Metro Area အဖွဲ့က ဦးဆောင်ခဲ့ပြီး၊ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများက အိမ်ဖြူတော်ရှေ့တွင် နှစ်ရက်ဆက်တိုက် ဆန္ဒပြခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်၊ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်တပ်စစ်ကြောင်းထိုးရာ နေရာများနှင့် နီးစပ်သော ကျေးရွာများ လုံခြုံရေးသတိရှိကြရန်နှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန် KNDF အသိပေး
စက်တင်ဘာ ၂၈
Radio NUG
စစ်ကောင်စီ စစ်ကြောင်းထိုးရာ နေရာများနှင့်နီးစပ်သော ကျေးရွာများရှိ ပြည်သူများအနေဖြင့် လုံခြုံရေးသတိရှိကြရန်နှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြပါရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFမှ စက်တင်ဘာလ ၂၈ရက်နေ့တွင် အသိပေးထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ် ဒီးမော့ဆိုမြိုနယ်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဩဂုတ်လ မှစတင်ကာ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီး တစ်လျောက် ဆက်လက် စစ်ကြောင်းထိုးသဖြင့် လမ်းကြောင်းတစ်လျှောက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
မိုးဗြဲမြို့တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ လှုပ်ရှားကာ မိုးဗြဲမြို့နှင့် အနီးကျေးရွာများရှိ ပြည်သူများအား ဖမ်းစီး နှိပ်စက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။
ထို့အတူ ဖယ်ခုံမြို့နယ် တောင်းစလုံး ကျေးရွာ ဘက်သို့ PNO နှင့် စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းများ စစ်ကြောင်းဖြန့်လှုပ်ရှားလျက်ရှိတယ်လို့ ဆိုထားပါတယ်။
ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်သို့ စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်သဖြင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး ဒေါငံခါးရပ်ကွက်များနှင့် အနီးတဝိုက်ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီး တိုက်ခိုက်ခြင်းစသည်တို့ကို နေ့စဉ်မပြတ် ပြုလုပ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
ဒီးမော့ဆို-ဖရူဆိုလမ်းမတလျှောက် အကြမ်းဖက် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေရာယူကာ လမ်းမကြီးဘေးဝဲယာရှိ ကျေးရွာများသို့ လက်ကြီးဖြင့် တိုက်ခိုက်ခြင်း စသည်တို့ကို လုပ်ဆောင်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ဒီးမော့ဆိုမှ ဖရူဆိုမြို့နယ်မှ စစ်ကြောင်းထိုးသော စစ်ကြောင်းနှင့်အတူ စစ်ကောင်စီတပ်၏ ယာဉ်တန်းများမှာ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိနေပြီး ထို့မှ တဆင့် ဘောလခဲမြိုနယ်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးရန်ပြင်ဆင်လျက်ရှိကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၂။ သရက်ချောင်း ဒေသခံ အဖွားအို တဦးအား စစ်ကော်မရှင်တပ်က အဓမ္မ ပြုကျင့်ခဲ့
စက်တင်ဘာလ ၂၈ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာက အဖွားအို တဦးအား စစ်ကော်မရှင်တပ် က အဓမ္မ ပြုကျင့်ခဲ့တယ်လို့ “ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ” က သတင်းထုတ်ပြန် ထားပါတယ်။
စက်တင်ဘာလ ၂၇ ရက်၊ ညနေ ၄ နာရီခန့်မှာ ဥတ္တူကျေးရွာတဝိုက် စစ်ကြောင်းထိုးနေတဲ့ သရက်ချောင်းမြို့နယ် အခြေစိုက် စစ်ကော်မရှင် စစ်ကြောင်းမှ စစ်သား တဦးက အသက် (၇၅) နှစ်အရွယ်ရှိ အဖွားအို တဦးကို ယုတ်မာ အောက်တန်းကျစွာ အဓမ္မ ပြုကျင့်သွားခဲ့တာလို့ ဆိုပါတယ်။
အဓမ္မ ပြုကျင့်ခံခဲ့ရတဲ့ အဖွားအိုဟာ ဆီးချိုရောဂါကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက် ထားရတဲ့ ဒုက္ခိတ တဦးလည်း ဖြစ်ပြီး နေအိမ်မှာ တဦးတည်း ရှိနေစဉ် အခုလို အဓမ္မပြုကျင့်ခံခဲ့ရတာလို့ သိရပါတယ်။
အကြမ်းဖက် စစ်ကော်မရှင် တပ်သား တဦးရဲ့ အလွန့်အလွန် လူမဆန်၊ အောက်တန်းကျလွန်းတဲ့ လုပ်ရပ်ကြောင့် အသက်အရွယ် ကြီးမြင့်နေပြီဖြစ်တဲ့ ဒုက္ခိတ အဖွားအို အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကြုံတွေ့ နေရတယ်လို့ အသိပေး ထားပါတယ်။
========================
🚩🚩 ၃။ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းရွာက စစ်တပ်ထောက်တိုင် ရာအိမ်မှူး တဦးကို ပစ်ခတ်ရှင်းလင်း
စက်တင်ဘာလ ၂၈ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းကျေးရွာက စစ်တပ်ထောက်တိုင် ရာအိမ်မှူး ဦးမြင့်အောင်ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း (၃၈ဝ၂) တပ်ခွဲ (၅) Black Tiger က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် အချိန်မှ Black Tiger အဖွဲ့မှ ပြောက်ကျား ရဲဘော်များက ရာအိမ်မှူး မြင့်အောင်ရဲ့ နေအိမ်ကို သွားရောက်ခဲ့ကာ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း ဦးမြင့်အောင်ရဲ့ ရင်ဘက်ကို ကျည် ၃ ချက် ထိမှန်ခဲ့ပြီး နေရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ စစ်မှုထမ်းဟောင်း တဦးဖြစ်သလို စစ်တပ်အမာခံ ထောက်တိုင်ဖြစ်ပြီး ပြည်သူများထံမှ စစ်မှုထမ်းကြေး ဟုဆိုကာ ငွေကြေးအဓမ္မ ကောက်ခံခြင်း၊ မပေးနိုင်သူများအား စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခြင်း၊ လူငယ်များအား အတင်းအကြပ် စစ်မှုထမ်းရန် စုဆောင်းခြင်းများ လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူခဲ့တာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၄။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - KKG ရဲဘော် (၂) ဦး CDF KKG Major Operation အတွင်း ကျဆုံးခဲ့
စက်တင်ဘာလ ၂၈ ရက်၊
Radio NUG
Chinland Defense Force - Kalay Kabaw Gangaw တပ်ရင်း (၂) နဲ့ တပ်ရင်း (၇) တို့မှ ရဲဘော် (၂) ဦး CDF KKG Major Operation အတွင်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကြံသာ တိုက်ပွဲအတွင်း တပ်ရင်း (၇) မှ ရဲဘော် Lal Rin Thang ကျဆုံး သွားခဲ့တာဖြစ်ပြီး တပ်ရင်း (၂) မှ ရဲဘော် Van Ro Thang ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော် Van Ro Thang (ခ) ချင်းလေးဟာ ဆေးကုသမှု ခံယူနေရင်း စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်စနစ်ပပျောက်ရေး၊ ပြည်သူလူထုကာကွယ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တို့အား အထူးလေးစား ဂုဏ်ပြုပါကြောင်း နှင့် မိသားစုနှင့်တကွ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း CDF KKG ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment